ရှီမိသားစု၏ မိသားစုခေါင်းဆောင်သည် လူသူမရှိတော့သော စာပေရနံ့တောင်သို့ အဘယ်ကြောင့် စာလာပို့ခိုင်းသနည်းဆိုသည်ကို စူးချန်ခုန်း အကြမ်းဖျင်း နားလည်သွားခဲ့လေပြီ။
အကြောင်းမှာ ရှီမိသားစု ခေါင်းဆောင်သည် လီမိသားစုမှာ စာပေရနံ့တောင်မှ ထွက်ခွာသွားခြင်း မဟုတ်ဘဲ အပြင်လူများ ဝင်ရောက်ရန် ခက်ခဲသော "စာပေနိဗ္ဗာန်ဘုံ" အတွင်း၌ ရှိနေသည်ကို သိထားသောကြောင့် ဖြစ်သည်။
"ကျွန်တော်က စူးထိုက်လိုင်ပါ။"
စူးချန်ခုန်းသည် ဦးညွှတ်ကာ ပြန်လည် နှုတ်ဆက်လိုက်သည်။ သူ၏ စိတ်ထဲတွင် သံသယများစွာ ရှိနေသော်လည်း လောလောဆယ်တွင် ထိုစိတ်ကို ထိန်းချုပ်ထားလိုက်သည်။
"ဪ...သခင်လေးစူးကိုး။ အဝေးကနေ ရောက်လာတာဆိုတော့ ဦးလေးတို့ လီမိသားစု အိမ်တော်ကို ကြွပြီး စကားစမြည် ပြောရအောင် ကြွခဲ့ပါလား။"
ထိုလူလတ်ပိုင်း အမျိုးသား လီစုန့်သည် သူ၏ မှတ်ဉာဏ်ထဲတွင် ထိုအမည်မျိုးကို ရှာဖွေကြည့်သော်လည်း မကြားဖူးပေ။ သို့သော်လည်း သူသည် စူးချန်ခုန်းကို လှေပေါ်သို့ တက်ရန် ဖိတ်ခေါ်လိုက်သည်။
ထို့ကြောင့် စူးချန်ခုန်းသည်လည်း အားနာမနေတော့ဘဲ မြစ်ကမ်းနားသို့ သွားကာ သစ်သားလှေပေါ်သို့ တက်လိုက်သည်။
အဖြူရောင်ဝတ်စုံနှင့် လူငယ်နှစ်ဦးက လှေလှော်ခတ်လိုက်ရာ သစ်သားလှေလေးမှာ မင်ရောင်မြစ်တစ်လျှောက် ရှေ့သို့ ရွေ့လျားသွားတော့သည်။
မင်ပန်းချီကားတစ်ချပ်ကဲ့သို့သော မြစ်အတွင်း၌ မင်ရောင်ငါးများ ကူးခတ်နေကြပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင်လည်း မင်ဖြင့် ရေးဆွဲထားသော တောင်တန်းများနှင့် သစ်ပင်များကို တွေ့ရသဖြင့် အခြားကမ္ဘာတစ်ခုရှိ နိဗ္ဗာန်ဘုံသို့ ရောက်ရှိနေသကဲ့သို့ စူးချန်ခုန်း ခံစားလိုက်ရသည်။
စူးချန်ခုန်းက မေးလိုက်သည် "ဒီနေရာက ဒဏ္ဍာရီထဲက ဂူနန်းတော်နဲ့ မင်္ဂလာနယ်မြေလား။"
ဒါကို ကြားလိုက်ရသောအခါ လီစုန့်က ခါးသက်သက် ပြုံးလိုက်ပြီး "ဂူနန်းတော်နဲ့ မင်္ဂလာနယ်မြေ... အဲဒီလောက်အထိတော့ မဟုတ်ပါဘူးဗျာ။ စစ်မှန်တဲ့ ဂူနန်းတော်ဆိုတာ ဝိညာဉ်ဆေးဝါးတွေနဲ့ ပြည့်နှက်နေပြီး ဝိညာဉ်မြက်ပင်တွေ နေရာတိုင်းမှာ ရှိနေတာပါ။ အဲဒီမှာ နေထိုင်တဲ့ သာမန်လူတွေတောင် အသက် တစ်ရာကျော်အထိ အသာလေး နေနိုင်ကြတယ်။
ဒီစာပေနိဗ္ဗာန်ဘုံ ဆိုတာကတော့ 'ဂူနန်းတော်အတု' တစ်ခုပါ။ ကျွန်တော်တို့ရဲ့ ဘိုးဘေးက ဂူနန်းတော်ကို အတုယူပြီး ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ပါ။"
စစ်မှန်သော ဂူနန်းတော်နှင့် မင်္ဂလာနယ်မြေများကို ထိပ်တန်းဂိုဏ်းကြီးများနှင့် မျိုးရိုးမြင့် မိသားစုများကသာ ပိုင်ဆိုင်ကြပြီး ၎င်းမှာ သူတို့၏ အခြေခံအုတ်မြစ် ဖြစ်သည်။ မိသားစု တစ်ခုခု ဆုတ်ယုတ်သွားလျှင်ပင် ထိုဂူနန်းတော်အတွင်း၌ နောက်ဆုံး ခိုလှုံရာအဖြစ် နေထိုင်ရင်း ပြန်လည် အင်အားစုစည်းနိုင်ကြသည်။
"ဂူနန်းတော်ကို အတုယူပြီး ဆွဲထားတဲ့ ပန်းချီကားလား။ ဒါဆိုရင်..."
စူးချန်ခုန်းတွင် ခန့်မှန်းချက်အချို့ ရှိနေသော်လည်း သူ၏ စူးစမ်းလိုစိတ်ကို ခေတ္တ ထိန်းထားလိုက်သည်။
နာရီဝက်ခန့် ကြာသောအခါ လှေကလေးသည် ကမ်းကပ်သွားသည်။ စူးချန်ခုန်းသည် သိပ်မဝေးလှသော နေရာတွင် စံအိမ်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
စံအိမ်၏ အဝင်ဝတွင် လီမိသားစုဝင် တပည့်များမှာ အပြင်လူဖြစ်သော စူးချန်ခုန်းကို စူးစမ်းလိုစိတ်ရော၊ သတိထားသည့် စိတ်ဖြင့်ပါ ကြည့်နေကြသည်။
နှစ်ပေါင်းများစွာအတွင်း စူးချန်ခုန်းသည် စာပေနိဗ္ဗာန်ဘုံအတွင်းသို့ ဝင်ရောက်ခွင့်ရသော ပထမဆုံးသော အပြင်လူ ဖြစ်သည်။
လီမိသားစုတွင် လူဦးရေ အလွန်နည်းပါးပြီး စုစုပေါင်း ဒါဇင်အနည်းငယ်သာ ရှိသည်ကို စူးချန်ခုန်း သတိပြုမိလိုက်သည်။ ၎င်းမှာ သာမန် မိသားစုငယ်လေးတစ်ခုနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။
လီစုန့်၏ ဖိတ်ခေါ်မှုအရ သူတို့နှစ်ဦးမှာ စံအိမ်အတွင်းရှိ ဧည့်ခန်းမသို့ ရောက်သွားကြသည်။
ထိုင်မိကြသောအခါ လီစုန့်က ပြောလိုက်သည် "သခင်လေးစူး... လွန်ခဲ့တဲ့ သုံးလက စာပေရနံ့တောင်ကို ရောက်လာကတည်းက ဦးလေးတို့ သတိထားမိပါတယ်။ ဒါပေမဲ့ ရန်သူလား၊ မိတ်ဆွေလား မသေချာလို့ အပြင်ကို ထွက်မပြရဲခဲ့တာပါ။"
"ဪ... ဒါကြောင့်ကိုး။"
စူးချန်ခုန်း ရုတ်တရက် နားလည်သွားသည်။
စာပေနိဗ္ဗာန်ဘုံအတွင်းမှနေ၍ လီမိသားစုဝင်များသည် စာပေရနံ့တောင်ပေါ်တွင် ဖြစ်ပျက်သမျှကို အကုန်မြင်နိုင်ကြသည်။ စူးချန်ခုန်း ထိုနေရာတွင် နေထိုင်ခဲ့သည့် နှစ်လ၊ သုံးလအတွင်း ပြုလုပ်ခဲ့သမျှကို သူတို့ စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။
သို့သော် စူးချန်ခုန်းက မည်သူမှန်း မသိသဖြင့် လီမိသားစုဝင်များမှာ ပေါ်မလာခဲ့ကြပေ။ ယခုမှ ပေါ်လာပြီး သူ့ကို အထဲသို့ ဖိတ်ခေါ်ရခြင်း၏ အကြောင်းရင်းမှာ စူးချန်ခုန်းနှင့် ရှီမိသားစုဝင်များ၏ တိုက်ပွဲကြောင့် ဖြစ်သည်ဟု သူ ခန့်မှန်းလိုက်သည်။
လီမိသားစုနှင့် ရှီမိသားစုမှာ ရန်ငြိုးကြီးမားလှသည်။ စူးချန်ခုန်းက ရှီမိသားစုဝင်များကို သတ်ဖြတ်ရာတွင် ညှာတာမှု မရှိခဲ့ပေ။ ရန်သူ၏ ရန်သူသည် မိတ်ဆွေ ဖြစ်သဖြင့် လီစုန့်က စူးချန်ခုန်းကို ရန်သူမဟုတ်ဟု ယုံကြည်ကာ နိဗ္ဗာန်ဘုံ၏ တံခါးကို ဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စူးချန်ခုန်းက မေးလိုက်သည် "ခုနက ရှီမိသားစုက လူနှစ်ယောက်က စာလာပို့တာပါ။ ဦးလေးတို့ မိသားစုနဲ့ ရှီမိသားစုကြားမှာ ရန်ငြိုးရှိလို့လား။"
လီစုန့်က သက်ပြင်းချကာ "ဦးလေးတို့ မိသားစုက ရှီမိသားစုနဲ့ ရန်ငြိုးရှိတာ မဟုတ်ပါဘူး။ ရှီမိသားစုက လီမိသားစုကို အားနည်းတယ်လို့ ထင်ပြီး ဦးလေးတို့ရဲ့ သွေးမျိုးဆက်ကို မျိုးတုံးအောင် လုပ်ပြီး ဝါးမျိုချင်နေတာပါ။ လီမိသားစုက တခြားသူတွေအပေါ် အမြဲ ကြင်နာခဲ့ပြီး ဘယ်သူ့ကိုမှ ရန်မစခဲ့ဖူးဘူး။ အားနည်းနေတာက... တကယ့်ကို အပြစ်တစ်ခုပဲ။"
ဤသို့ ပြောပြီးနောက် လီစုန့်က စူးချန်ခုန်းဘက်သို့ လှည့်ကာ "ခုနက အဲဒီလူနှစ်ယောက် ယူလာတဲ့ စာကို ကြည့်လို့ ရမလား။"
ရှီမိသားစုဝင်များသည် လီမိသားစုထံ စာပို့ရန် လာခဲ့ခြင်း ဖြစ်သော်လည်း စူးချန်ခုန်းမှာမူ ထိုစာထဲမှ ဘာကိုမှ ဖတ်၍ မရခဲ့ပေ။
"ရပါတယ်၊ ရတာပေါ့။"
စူးချန်ခုန်းက တွန့်ဆုတ်မနေဘဲ စာကို လီစုန့်ထံ ကမ်းပေးလိုက်သည်။
လီစုန့်က စာပေါ်တွင် လက်ဖြင့် တစ်ချက် ပွတ်လိုက်သောအခါ ဘာမှမရှိသော စက္ကူပေါ်တွင် စာလုံးများ ပေါ်လာသည်။ လီစုန့်သည် ထိုစာကို သေချာဖတ်ပြီးနောက် သူ၏ မျက်လုံးများတွင် ဒေါသနှင့် လေးနက်မှုများ ပြည့်နှက်သွားသည်။ အတန်ကြာမှ စိတ်ကို ထိန်းချုပ်ကာ စာကို သိမ်းဆည်းလိုက်သည်။
"သခင်လေးက... ဦးလေးတို့ကို ရှာဖို့ အဝေးကြီးကနေ လာခဲ့တာဆိုတော့ ပြောစရာ ကိစ္စရှိလို့လား။"
ထို့နောက် လီစုန့်က စူးချန်ခုန်း လာရခြင်း၏ ရည်ရွယ်ချက်ကို မေးမြန်းလိုက်သည်။ စူးချန်ခုန်းသည် သူတို့ကို ရှာရန် စာပေရနံ့တောင်သို့ ရောက်လာပြီး အကြာကြီး စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ရာ အကြောင်းရင်း တစ်ခုခု ရှိမည်မှာ သေချာသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် စူးချန်ခုန်းသည် သူ၏ ရည်ရွယ်ချက်ကို မဖုံးကွယ်တော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည် "ကျွန်တော် အရင်က ပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ် ချန်ထားခဲ့တဲ့ ပန်းချီကားအချို့ကို ရခဲ့ဖူးပြီး အဲဒါတွေကို အရမ်း စိတ်ဝင်စားပါတယ်။ ဒါကြောင့် ကျွန်တော် အတော်များများ စုဆောင်းထားခဲ့ပါတယ်။ ဒါပေမဲ့ လီမိသားစုကလည်း ဒီပန်းချီကားတွေကို စုဆောင်းနေပြီး အများစုက ဦးလေးတို့ လက်ထဲမှာ ရှိနေတယ်လို့ ကြားခဲ့ရပါတယ်။ ဒါကြောင့် ဒီပန်းချီကားတွေကို လေ့လာကြည့်ရှုချင်လို့ လီမိသားစုဆီ လာခဲ့တာပါ။
ကျွန်တော် စုဆောင်းထားတဲ့ ပန်းချီကားတွေ အားလုံးကိုလည်း ခင်ဗျားတို့ကို ပေးဖို့ အဆင်သင့်ပါပဲ။"
ဤသို့ ပြောပြီးနောက် စူးချန်ခုန်းသည် သူ၏ အထုပ်အတွင်းမှ ပန်းချီကား ရှစ်လိပ်ကို ထုတ်ယူ၍ စားပွဲပေါ်သို့ တင်လိုက်သည်။
"တကယ်ကို... ဘိုးဘေးရဲ့ ပန်းချီကားတွေပဲ... ဒီလောက်တောင် များတာလား။"
ပန်းချီကားတစ်ချပ်ကို ဖြန့်ကြည့်လိုက်သောအခါ လီစုန့်မှာ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်မိသည်။
လီမိသားစုသည်လည်း ပိုင်ရှင်းကျစ်၏ ပန်းချီကားများကို စုဆောင်းရန် မဟာမီးလျှံအင်ပါယာသို့ သွားရောက်ခဲ့ဖူးသော်လည်း ထိုနေရာတွင် လီမိသားစု၌ အဆက်အသွယ် သို့မဟုတ် အာဏာ မရှိပေ။
စူးချန်ခုန်းအနေဖြင့် ဤမျှအထိ စုဆောင်းနိုင်ခဲ့ခြင်းမှာ မိစ္ဆာနှိမ်နင်းရေးဌာန၏ အကြီးအကဲ ထွမ်မုထောင်၏ ကူညီမှုကြောင့် ဖြစ်သည်။ သူ၏ အဆင့်အတန်းဖြင့် အခြားသူများ မလုပ်နိုင်သောအရာကို အလွယ်တကူ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အချို့သော မိသားစုများမှာ သူ့ကို မျက်နှာသာရရန် ပန်းချီကားများကို အလကားပင် ပေးခဲ့ကြသည်။
လီစုန့်သည် စူးချန်ခုန်းကို ကျေးဇူးတင်ရှိစွာဖြင့် ကြည့်လိုက်ပြီး "သခင်လေးစူး... တကယ်ကို ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်း ပြောရရင် ပိုင်ရှင်းကျစ် ဦးလေးတို့ လီမိသားစုရဲ့ ဘိုးဘေးပါ။ ပိုင်မိသားစုဟာ တစ်ချိန်က ဘေးဒုက္ခကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရပါတယ်။ ပြဿနာတွေကို ရှောင်ရှားနိုင်ဖို့ မျိုးရိုးအမည်ကို လီလို့ ပြောင်းလဲခဲ့ရတာပါ။ အခြေအနေ အနည်းငယ် ပြန်လည် တည်ငြိမ်လာတော့မှ ဘိုးဘေးရဲ့ ပြန့်ကျဲနေတဲ့ ပန်းချီကားတွေကို ပြန်လည် စုဆောင်းနိုင်ဖို့ ကြိုးစားခဲ့ရတာ..."
"ထင်တဲ့အတိုင်းပဲ.. ဒီလီမိသားစုက ပိုင်ရှင်းကျစ်ရဲ့ အနွယ်ဝင်တွေ မျိုးရိုင်းမြင့်မိသားစုပဲ..."
စာပေနိဗ္ဗာန်ဘုံသို့ ဝင်ရောက်ပြီးနောက် စူးချန်ခုန်းသည် လီမိသားစု၏ မူလ ဇစ်မြစ်ကို အကြမ်းဖျင်း ခန့်မှန်းမိခဲ့သည်။
ပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ်တွင် မျိုးနွယ်ဝင်များ ရှိသော်လည်း အချိန်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ မည်မျှပင် ဘုန်းတန်ခိုးကြီးသော မိသားစု ဖြစ်စေကာမူ ဆုတ်ယုတ်တတ်စမြဲ ဖြစ်ရာ ပိုင်မိသားစုမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။ သူတို့သည် မျိုးရိုးအမည်ကိုပင် တိုက်ရိုက် ပြောင်းလဲခဲ့ကြသည်။ ပိုင်ရှင်းကျစ်၏ ပန်းချီကားများကို ပြန်လည် စုဆောင်းခြင်းမှာလည်း သဘာဝကျလှသည်။
"ဘိုးဘေးရဲ့ တခြား ပန်းချီကားတွေကို လေ့လာကြည့်ရှုချင်တယ်ဆိုရင်တော့ ရတာပေါ့ဗျာ။ အပြင်ကို ယူမသွားဘူးဆိုရင် အဆင်ပြေပါတယ်။"
စူးချန်ခုန်း၏ တောင်းဆိုချက်ကို လီစုန့်က လွယ်လင့်တကူ သဘောတူလိုက်သည်။
စူးချန်ခုန်းသည် ပန်းချီကား ရှစ်ချပ်ကို ယူဆောင်လာခဲ့ပြီး အခြား ပန်းချီကားများကို ကြည့်ရှုရန်သာ တောင်းဆိုခြင်း ဖြစ်ရာ လီမိသားစုအတွက် ဘာမှ ဆုံးရှုံးမှု မရှိပေ။ လီစုန့်က မမိုက်မဲသည်ဖြစ်ရာ ချက်ချင်း သဘောတူလိုက်ခြင်း ဖြစ်သည်။
"ကောင်းလိုက်တာ။"
စူးချန်ခုန်းလည်း ဝမ်းသာသွားသည်။ ပိုင်ရှင်းကျစ်၏ ပန်းချီကား အများစုမှာ လီမိသားစုထံတွင် ရှိနေရာ ၎င်းတို့အနက်မှ အတော်များများမှာ ဝူချင်းရှီနှင့် ဆက်စပ်နေသော အခြားသော သားရဲစစ်စစ် ပန်းချီကားများ ဖြစ်နိုင်ခြေ ရှိသည်။ စူးချန်ခုန်းအနေဖြင့် ၎င်းတို့ကို နားလည်သဘောပေါက်ဖို့ အချိန်ယူရုံသာ လိုအပ်သည်။ အချိန်တစ်ခု ပေးလိုက်ပါက သူသည် များစွာသော အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ပြီး ဝူချင်းရှီကို ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ မြှင့်တင်နိုင်မည်မှာ သေချာလှပေသည်။
***