"ဦးလေး မသွားဘူးဆိုရင် ဖမ်းဆီးခံထားရတဲ့ လီမိသားစုဝင်တွေ သေရတော့မှာ။ ဒါပေမဲ့ သွားမယ်ဆိုရင်လည်း ရှီမိသားစုဟာ လျှို့ဝှက်ကျောက်တုံးမြို့မှာ ဦးလေးကို ပိုက်ကွန်ဖြန့်ပြီး စောင့်နေကြမှာ သေချာတယ်။"
ထိုစာထဲတွင် လီမိသားစုဝင်များ၏ သွေးအဆီအနှစ်များ ပါဝင်နေသဖြင့် လီစုန့်အနေဖြင့် သူတို့မှာ အပြင်သို့ ကျင့်ကြံရန် ထွက်သွားကြသော မိသားစု၏ လက်ရွေးစင် တပည့်များမှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
"သခင်လေးစူး... သခင်လေး စွမ်းအားကြီးပါတယ်။ ရှီမိသားစုရဲ့ လက်ရွေးစင် နှစ်ယောက်ကိုတောင် လွယ်လွယ်ကူကူ သတ်နိုင်ခဲ့တာပဲ။ ဦးလေးတို့ တောင်းဆိုပါတယ်.. ကူညီပေးပါဦး။"
လီစုန့်သည် ထိုင်ရာမှထ၍ စူးချန်ခုန်းကို အရိုအသေပေးကာ တောင်းဆိုလိုက်သည်။
လီစုန့်သည် သူ၏ မိသားစုဝင်များကို ရာဇဝတ်သားများကဲ့သို့ လူအများရှေ့တွင် ခေါင်းဖြတ်သတ်ခံရမည့် အဖြစ်မျိုးကို အဖြစ်မခံနိုင်တော့ဘဲ ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။ စူးချန်ခုန်းသည် ရှီမိသားစုဝင် နှစ်ဦးကို အလွယ်တကူ နှိမ်နင်းနိုင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသဖြင့် ယခုအခါ သူ့ကို အကူအညီ တောင်းခံနေခြင်း ဖြစ်သည်။
"အကယ်၍ ကျွန်တော် ငြင်းခဲ့ရင် အဲဒီ ပန်းချီကားတွေကို ကြည့်ခွင့် မရတော့ဘူးလား။" စူးချန်ခုန်းက မေးလိုက်သည်။
လီစုန့်က အလောတကြီး ငြင်းဆိုလိုက်သည် "သခင်လေးစူး... နားလည်မှုလွဲနေပါပြီ။ သခင်လေးက ဦးလေးတို့ ဘိုးဘေးရဲ့ ပန်းချီကားတွေကို ပြန်ပေးခဲ့တာပါ။ အချိန်မရွေး လာကြည့်လို့ ရပါတယ်။ ဒါကို အကျပ်ကိုင်ဖို့ မလုပ်ပါဘူး... အကယ်၍ သခင်လေး ကူညီမယ်ဆိုရင် ဦးလေးတို့က ကျေးဇူးတင်တဲ့အနေနဲ့ 'ရွှေပန်းဆေးလုံး' တစ်လုံး ပေးပါ့မယ်။"
"ဒီရွှေပန်းဆေးလုံးဟာ အရမ်း အစွမ်းထက်တယ်။ သခင်လေးက အခု ကောင်းကင်သွေးကြော ရှစ်ခုအဆင့်ကို ရောက်နေတာ ကျွန်တော် သတိထားမိပါတယ်။ ဒီဆေးလုံးက သခင်းလေးကို 'ကောင်းကင်ပန်း' ပွင့်လန်းစေပြီး ကောင်းကင်ပန်းပွင့်နယ်ပယ်ကို ရောက်အောင် ကူညီပေးနိုင်မှာပါ။ ပြီးတော့ ဦးလေးကိုယ်တိုင်လည်း သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်ရှိတဲ့ မိသားစုဝင်တွေနဲ့အတူ တိုက်ပွဲမှာ ပါဝင်မှာပါ။ သခင်လေးကို တစ်ယောက်တည်း အန္တရာယ်ကြားထဲ ပစ်ထားမှာ မဟုတ်ဘူး။"
လီစုန့်က ထိုသို့ ပြောလိုက်သည်။
စူးချန်ခုန်း ကူညီလာစေရန်အတွက် လီစုန့်သည် ပိုင်ရှင်းကျစ်၏ ပန်းချီကားများကို အလဲအလှယ်အဖြစ် အသုံးမပြုဘဲ အခြားသော ဆုလာဘ်ကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ လီမိသားစု၏ လက်ရှိ အခြေအနေအရ ရွှေပန်းဆေးလုံးမှာ သူတို့ ပေးနိုင်သည့် အကောင်းဆုံး ဆုလာဘ် ဖြစ်သည်။
"ကျွန်တော်တို့မှာ အချိန် ဘယ်လောက်ရှိသေးလဲ။" စူးချန်ခုန်းက စဉ်းစားလိုက်သည်။
"နောက်ထပ် နှစ်လပါပဲ။" ရှီမိသားစုက ပို့လိုက်သောစာတွင် လီမိသားစုဝင် သုံးဦးကို နောက်ထပ် နှစ်လအကြာတွင် ကွပ်မျက်မည်ဟု ဖော်ပြထားသည်။
"ကောင်းပါပြီ... ကျွန်တော် အတတ်နိုင်ဆုံး ကူညီပါ့မယ်။"
နောက်ဆုံးတွင် စူးချန်ခုန်းက ခေါင်းညိတ် လက်ခံလိုက်သည်။
"ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်။" လီစုန့်က ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုနေတော့သည်။
စာပေရနံ့တောင်ပေါ်တွင် စူးချန်ခုန်း ပြုမူသမျှကို စောင့်ကြည့်နေခဲ့သဖြင့် ဤလူငယ်တွင် ထူးခြားသောအစွမ်းများ ရှိကြောင်း လီစုန့် သိထားသည်။ ဓားဝိညာဉ်ကို အသုံးပြုနိုင်ရုံသာမက ရှီမိသားစု၏ လက်ရွေးစင်များကိုလည်း အသာလေး သတ်ဖြတ်နိုင်ခဲ့သူ မဟုတ်ပါလား။
စူးချန်ခုန်း ကျင့်ကြံနေစဉ် ဖြစ်ပေါ်ခဲ့သော လှုပ်ရှားမှုများကလည်း လီစုန့်ကို အံ့အားသင့်စေခဲ့သည်။ နှစ်လကျော်အတွင်းမှာတင် ကောင်းကင်သွေးကြော သုံးခုကို ဆက်တိုက် ဖွင့်နိုင်ခဲ့ခြင်းမှာ အရင်းအမြစ်များစွာ ရှိလျှင်ပင် အလွန် ထူးခြားလှပြီး မိသားစုကြီးများမှ ပါရမီရှင်များထက်ပင် ပို၍ နားလည်ရခက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပေသည်။ သူ၏ အကူအညီပါက လီမိသားစုဝင်များကို ကယ်တင်နိုင်မည့် အခွင့်အလမ်း ပိုများလာမည် ဖြစ်သည်။
စူးချန်ခုန်းက လက်ခံလိုက်ခြင်းမှာ ဆေးလုံးကို မက်မော၍ မဟုတ်ပေ။ သူ၏ အဂ္ဂိရတ်ပညာနှင့် အခြေခံအရ ကောင်းကင်ပန်းပွင့် နယ်ပယ်သို့ ရောက်ရန် ဝိညာဉ်ဆေးလုံး ဖော်စပ်ခြင်းမှာ သူ့အတွက် မခက်ခဲလှပေ။
သူ လက်ခံရခြင်း၏ ပထမအကြောင်းရင်းမှာ လီမိသားစုသည် အားနည်းသူကို မနှိပ်ကွက်ဘဲ သူ့အပေါ် စိတ်ရင်းမှန်ဖြင့် ဆက်ဆံသော ရှားပါးသည့် မျိုးရိုးမြင့်မိသားစုဝင်များ ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ပန်းချီနတ်ဘုရား ပိုင်ရှင်းကျစ်၏ ပန်းချီကားများမှာ သူ၏သိုင်းပညာအတွက် များစွာ အထောက်အကူ ဖြစ်ခဲ့ဖူးသဖြင့် ကျေးဇူးဆပ်သည့် အနေဖြင့်လည်း ပါဝင်သည်။
စူးချန်ခုန်းအနေဖြင့် ဝင်ရောက် ကူညီမည် ဖြစ်သော်လည်း သူ မယှဉ်နိုင်သော ရန်သူနှင့် တွေ့ပါက မိမိကိုယ်ကို ကာကွယ်ရေးကိုသာ ဦးစားပေးမည် ဖြစ်သည်။ ရှီမိသားစုသည် မြင့်မြတ်သော မျိုးရိုးဖြစ်သဖြင့် သေချာပေါက် နက်နဲသော အင်အားများ ရှိမည်ဖြစ်ရာ ပေါ့ပေါ့တန်တန် သဘောမထားဘဲ အခြေအနေအရ ဆောင်ရွက်မည် ဖြစ်သည်။
"သခင်လေးစူး... လောလောဆယ် ဦးလေးတို့ရဲ့ အိမ်တော်မှာပဲ ခဏ နားနေပါ။ အချိန်တန်ရင် ကျွန်တော် လာအကြောင်းကြားပါ့မယ်။ အခုတော့ မိသားစုဝင်တွေနဲ့ တိုင်ပင်ရဦးမယ်။" လီစုန့်က ပြောလိုက်သည်။
သဘောတူပြီးနောက် စူးချန်ခုန်းသည် အိမ်တော်တွင် အခြေချလိုက်သည်။
"ဒီစာပေနိဗ္ဗာန်ဘုံက... တကယ့်ကို အံ့ဩစရာပဲ။ ဒါက ပန်းချီနတ်ဘုရားရဲ့ ပန်းချီကားတစ်ချပ်ထဲမှာတဲ့လား။ သိုင်းဝိဇ္ဇာသူတော်စင်တွေက တကယ့်ကို သာမန်ထက် ထူးကဲကြတာပဲ။"
ညဉ့်နက်ချိန်တွင် စူးချန်ခုန်းသည် ကောင်းကင်ယံရှိ မင်ရောင် လပြည့်ဝန်းကြီးကို ကြည့်ကာ အံ့ဩနေမိသည်။
ဒဏ္ဍာရီများအရ ပိုင်ရှင်းကျစ်သည် 'ပန်းချီကားကို အစစ်အမှန် ဖြစ်စေခြင်း' ဟူသော နတ်ဘုရားစွမ်းရည်ကို ကျွမ်းကျင်သည့် သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦး ဖြစ်သည်။ ယနေ့ သူ ရောက်နေသော နိဗ္ဗာန်ဘုံမှာ ထိုသူတော်စင်၏ ပန်းချီကားများအနက် တစ်ချပ်သာ ဖြစ်သော်လည်း လူပေါင်း ထောင်ချီ နေထိုင်နိုင်သော နယ်မြေတုတစ်ခု ဖြစ်နေသည်။ ရှီမိသားစုကဲ့သို့ အင်အားကြီးသူများပင် အတင်းဝင်ရန် ခက်ခဲသဖြင့် ယုတ်ညံ့သော နည်းလမ်းကို သုံး၍ မျှားခေါ်နေရခြင်း ဖြစ်သည်။ အသက်ရှင်နေသော သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး၏ အစွမ်းမှာ မည်မျှ ကြီးမားမည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
"တစ်နေ့မှာ ငါလည်း ဒီနယ်ပယ်ကို ရောက်အောင် သွားမယ်။" စူးချန်ခုန်းသည် လက်သီးကို တင်းတင်းဆုပ်ကာ ရည်မှန်းချက်များ ပြင်းထန်လာခဲ့သည်။ ထာဝရရှင်သန်ခြင်းမှာ သူ၏ ရည်မှန်းချက် ဖြစ်သော်လည်း သိုင်းဝိဇ္ဇာသူတော်စင် ဖြစ်လာခြင်းမှာ လက်ရှိ သူ၏ ပန်းတိုင်ပင် ဖြစ်သည်။
"သခင်လေးစူး... ဒါကတော့ ရွှေပန်းဆေးလုံး ပါ။"
ထိုနေ့ ညနေခင်းတွင် လီစုန့်သည် စူးချန်ခုန်းထံသို့ ကျောက်စိမ်းသေတ္တာတစ်လုံး ယူဆောင်လာပြီး ကတိပေးထားသော ဆေးလုံးကို ပေးအပ်ခဲ့သည်။ ဤဆေးလုံးမှာ လီမိသားစု၏ အဖိုးတန်ဆုံး ဆေးလုံးများအနက် တစ်ခုဖြစ်ပြီး သူတို့ မိသားစုဝင်များပင် အသုံးမပြုရက်လောက်အောင် ရှားပါးလှသည်။
စူးချန်ခုန်းသည် တွန့်ဆုတ်မနေဘဲ လက်ခံလိုက်သည်။ သူသည် ကောင်းကင်သွေးကြော ရှစ်ခုကို ဖွင့်ထားပြီး ဖြစ်ကာ ဝိညာဉ်ဆေးလုံးများလည်း ကုန်ဆုံးနေပြီ ဖြစ်ရာ ဤရွှေပန်းဆေးလုံးသည် သူ့ကို ကိုးခုမြောက် သွေးကြော ဖွင့်နိုင်ရန်နှင့် 'ထိပ်သီးပန်းသုံးပွင့်'အဆင့်သို့ ရောက်ရန် ကူညီပေးနိုင်မည် ဖြစ်သည်။
"နှစ်လ အချိန်ရှိသေးတယ်... သားရဲစစ် ပန်းချီကားကို လေ့လာရင်တောင် တစ်ချပ်ထက် ပိုနားလည်ဖို့ မလွယ်ဘူး။ အဲဒီအစား ဒီအချိန်ကို သုံးပြီး ရွှေပန်းဆေးလုံးကို စုပ်ယူပြီး အဆင့်တက်တာ ပိုကောင်းမယ်။ ငါ့ရဲ့ သက်တမ်းနဲ့ အလားအလာတွေ တိုးလာရင် နောက်ပိုင်းမှာ ပန်းချီကားတွေကို ပိုမြန်မြန် နားလည်နိုင်မှာပဲ။"
စူးချန်ခုန်း ဆုံးဖြတ်ချက်ချပြီးနောက် အဆင့်တက်ရန် စတင်လိုက်သည်။
စံအိမ်အတွင်းရှိ တိတ်ဆိတ်သော အခန်းတစ်ခုတွင် စူးချန်ခုန်းသည် ဆေးလုံးကို ထုတ်ယူလိုက်သည်။ ဤဆေးလုံးမှာ ထူးခြားလှပြီး တစ်ခုလုံး ရွှေရောင် တောက်ပနေ၏။ အနီးကပ် ကြည့်လျှင် ဝိညာဉ်စွမ်းအင်များ စီးဆင်းနေပြီး ဆေးလုံးပတ်ပတ်လည်တွင် ရွှေရောင် ပန်းပွင့်လေးများသဖွယ် ဖြစ်ပေါ်နေသည်။
အားလုံး စစ်ဆေးပြီးနောက် စူးချန်ခုန်းသည် ဆေးလုံးကို မျိုချလိုက်ပြီး ဧရာမဝေလငါး ကျင့်စဉ်ကို အသုံးပြု၍ အာနိသင်ကို စတင် စုပ်ယူလိုက်တော့သည်။
"ဝုန်း"
ဧရာမဝေလငါးချီစွမ်းအင်များမှာ ဟိန်းဟောက် စီးဆင်းသွားပြီး စူးချန်ခုန်း၏ ခန္ဓာကိုယ်မှာ အောက်ခြေမရှိသော ကျင်းကြီးတစ်ခုကဲ့သို့ ဆေးလုံး၏ အာနိသင်များကို လျင်မြန်စွာ စုပ်ယူကာ ကြွက်သားများနှင့် အကြောများကို သန်မာလာစေတော့သည်။
***