ဤရွှေပန်းဆေးလုံးကို အခြားသော ကောင်းကင်သွေးကြော ရှစ်ခုပိုင်ရှင် ကျင့်ကြံသူများ သောက်သုံးပါက အပြည့်အဝ စုပ်ယူနိုင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်မည် ဖြစ်သော်လည်း ဧရာမဝေလငါး ကျင့်စဉ်ကို ဒသမအဆင့်အထိ တတ်မြောက်ထားသော စူးချန်ခုန်းအဖို့မှာမူ လူသားအသွင်ဆောင်ထားသော ဝေလငါးကြီးတစ်ကောင်ကဲ့သို့ပင်။ နှစ်လအတွင်းမှာတင် သူသည် ဆေးအာနိသင်ကို အကုန်အစင် စုပ်ယူနိုင်ခဲ့သည်။
အချိန်များ ကုန်ဆုံးသွားပြီးနောက် ရက်ပေါင်း ငါးဆယ်ကျော် ကြာသောအခါ စာပေနိဗ္ဗာန်ဘုံရှိ လီမိသားစု အိမ်တော်အထက်တွင် များပြားလှသော ဝိညာဉ်စွမ်းအင်များမှာ ဝဲဂယက်တစ်ခုသဖွယ် စုစည်းလာပြီး ဟိန်းဟောက်နေသော လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ အံ့ဩဖွယ်ရာ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေတော့သည်။
"အဲ့ဒါသခင်လေးစူးပဲ... သူ ရွှေပန်းဆေးလုံးကို အပြည့်အဝ စုပ်ယူပြီး အောင်အောင်မြင်မြင် အဆင့်တက်နိုင်ခဲ့ပြီ။"
"ဒီလောက် မြန်ဆန်တဲ့ စွမ်းဆောင်ရည်က ကြောက်စရာကောင်းလိုက်တာ... ဒီလို ပါရမီရှင်မျိုး ဘယ်က ရောက်လာတာလဲဆိုတာ ငါ တကယ်ကို စဉ်းစားလို့ မရတော့ဘူး။"
ဤအခြင်းအရာကြောင့် လီစုန့်နှင့် အခြားသူများမှာ ထိတ်လန့်သွားကြရသည်။ စူးချန်ခုန်းသည် ကိုးခုမြောက် ကောင်းကင်သွေးကြောကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး 'ကောင်းကင်ပန်း' ကို စုစည်းနေပြီ ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။ သူ၏ ထူးခြားလှသော ပါရမီကို ကြည့်ကာ သာမန်လူသားတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီး အလွန် နက်နဲသော နောက်ခံရှိသူတစ်ဦး ဖြစ်ရမည်ဟု တိတ်တဆိတ် အံ့ဩနေကြတော့သည်။
တိတ်ဆိတ်သော အခန်းအတွင်း၌ စူးချန်ခုန်းသည် ငြိမ်သက်စွာ ထိုင်၍ တရားမှတ်နေသည်။ သူ၏ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ ကိုးခုမြောက် ကြည်လင်တောက်ပသော ကောင်းကင်သွေးကြောမှာ လင်းလက်နေသည်။ စူးချန်ခုန်း၏ ဦးခေါင်းထက်တွင် အစိမ်းရောင် 'လူသားပန်း' နှင့် ငွေရောင် 'မြေကမ္ဘာပန်း' တို့အပြင် ရွှေရောင် အဖူးအပွင့်လေးတစ်ခု ပွင့်လန်းလာသည်။ ၎င်း၏ ပွင့်ချပ်များမှာ တောက်ပပြီး ခန့်ညားလှကာ တစ်ခန်းလုံးတွင်လည်း မွှေးရနံ့များဖြင့် ပြည့်နှက်သွားတော့သည်။
"ထိပ်သီးပန်းသုံးပွင့်... နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ။"
စူးချန်ခုန်းသည် ကျေနပ်စွာဖြင့် သက်ပြင်းချလိုက်သည်။
ကောင်းကင်၊ မြေကမ္ဘာနှင့် လူသား ဟူသော ပန်းသုံးပွင့်မှာ လူသားခန္ဓာကိုယ်၏ အနှစ်သာရ၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ် ဟူသော လျှို့ဝှက်ချက် သုံးပါးမှ စုစည်းထားခြင်း ဖြစ်သည်။ ဤနယ်ပယ်သို့ ရောက်ရှိခြင်းမှာ အနှစ်သာရ၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်တို့၏ သန့်စင် မြင့်မားလာမှု ဖြစ်ပြီး အန္တရာယ်ကို ကြိုတင် သိမြင်နိုင်စွမ်းကိုလည်း ရရှိစေသည်။
"တိုးတက်မှုက တကယ့်ကို သိသာတယ်။ သဘာဝရဲ့ ဝိညာဉ်စွမ်းအင်တွေကို ထိန်းချုပ်နိုင်စွမ်းဟာ အရင်က ပေခြောက်ဆယ် ပတ်လည်ကနေ အခု ပေသုံးရာ အကွာအဝေးအထိ သိသိသာသာ တိုးလာခဲ့ပြီ"
သူ၏ ပြောင်းလဲမှုကို ဂုဏ်ယူနေရင်း ဝိညာဉ်စွမ်းအင်ကြောင့် သန့်စင်သွားသော ခန္ဓာကိုယ်မှာ ယခင်ကထက် ပိုမို သန်မာလာရုံသာမက သဘာဝစွမ်းအင်များကို ထိန်းချုပ်နိုင်စွမ်းမှာလည်း များစွာ မြင့်မားလာသည်။ လောကကြီးရှိ အရာအားလုံးမှာ သူ့အတွက် ပိုမို ကြည်လင်လာပြီး အကွာအဝေး အရဆိုလျှင် သူသည် ယခင်က မူလဓာတ်ငါးပါးသိုင်းပညာရှင်ဖြစ်သူ ချီကန်းနှင့် တန်းတူ ဖြစ်လာလေပြီ။
"ဒါပေမဲ့ အသက်ခြွေအဖွဲ့က အကြီးအကဲ ထန်ယို့နဲ့ ယှဉ်ရင်တော့ ကွာဟချက် ရှိနေသေးတယ်..."
စူးချန်ခုန်းသည် သူ၏ အင်အားမှာ များစွာ တိုးတက်လာပြီး ယခင်ကထက် ပိုမို သန်မာလာသည်ကို ခံစားရသည်။ သို့သော်လည်း 'ထိပ်သီးပန်းသုံးပွင့်' နယ်ပယ်သို့ ရောက်ရှိခဲ့လျှင်ပင် အကယ်၍ ထန်ယို့နှင့် ထပ်မံ ရင်ဆိုင်ရပါက သူသည် အနိုင်ရရန် အခွင့်အလမ်း မရှိသေးပေ။ ထန်ယို့သည် အစွမ်းကုန် မသုံးဘဲနှင့် စူးချန်ခုန်းကို ခြေမှုန်းနိုင်ခဲ့သူ ဖြစ်ရာ ယခုအခါတွင်မူ အလွန်ဆုံး တိုက်ကွက် အနည်းငယ် ပို၍ ခံနိုင်ရုံသာ ရှိပေလိမ့်မည်။
ထန်ယို့သည် အစောပိုင်းကတည်းက မူလဓာတ်ငါးပါး သိုင်းပညာရှင်အဆင့်သို့ ရောက်ရှိခဲ့သူ ဖြစ်ရုံသာမက ထူးကဲသော နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသူ ဖြစ်ရာ သာမန် မူလဓာတ်ငါးပါး သိုင်းပညာရှင်တစ်ဦးအပေါ်တွင်ပင် ပြတ်သားသော အင်အားဖြင့် ဖိနှိပ်ထားနိုင်သူ ဖြစ်သည်။
"ငါ့ရဲ့ သက်တမ်းနဲ့ စွမ်းရည်တွေကို ကြည့်ရအောင်။ တော်တော်လေး တိုးလာတယ်လို့ ခံစားရတယ်။"
စူးချန်ခုန်း၏ သက်တမ်းနှင့် စွမ်းရည်တန်ဖိုးများသည် မိုးကောင်းကင်ပန်းကို အခြေပြု၍ 'ထိပ်သီးပန်းသုံးပွင့်' နယ်ပယ်သို့ ရောက်ရှိခဲ့သဖြင့် ကြီးမားသော အသွင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်။
အမည် - စူးချန်ခုန်း (အသက် ၂၆ နှစ်)
သက်တမ်း - ၃၇၀ နှစ်
စွမ်းရည်တန်ဖိုး - ၆၅ မှတ်
အမှန်ပင် စူးချန်ခုန်းသည် သူ၏ အရည်အချင်းပြ ဘောင်ထဲတွင် သက်တမ်းမှာ နှစ် ၃၀ အထိ ခုန်တက်သွားသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ပထမဆုံးသော မိစ္ဆာအသက်ဆေးလုံးကို သောက်သုံးစဉ်က ရရှိခဲ့သော တိုးတက်မှုထက်ပင် ပို၍ များပြားလှသည်။
စွမ်းရည်တန်ဖိုးမှာလည်း ၅ မှတ် တိုးလာခဲ့သည်။ စူးချန်ခုန်းသည် ယခုအခါ သားရဲစစ် ပန်းချီကားကို ယခင်ကထက် ပိုမို လွယ်ကူ ချောမွေ့စွာ နားလည်နိုင်စွမ်း ရှိလာသည်ဟု ခံစားရသည်။
"အချိန်မီသွားတာ ကံကောင်းတယ်။ နောက်ထပ် လေးရက်နေရင် လီမိသားစုရဲ့ လူငယ် သုံးယောက်ကို လူအများရှေ့မှာ ကွပ်မျက်တော့မှာ။ ငါတို့ ကြိုတင် ထွက်ခွာဖို့ လိုတယ်။"
အဆင့်တက်လှမ်းခြင်း ပြီးဆုံးသွားသော်လည်း စူးချန်ခုန်းသည် လီမိသားစု၏ ကိစ္စကို မေ့လျော့မထားပေ။ အဆင့်တက်ပြီးနောက် အခြေအနေကို အနည်းငယ် ပြန်လည် ထိန်းညှိပြီးနောက် သူသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့သည်။
လီစုန့်နှင့် အခြားသူများမှာ စောင့်ဆိုင်းနေကြသည်။ စူးချန်ခုန်း ထွက်လာသည်ကို မြင်သောအခါ အချိန်မီမည် မဟုတ်မှာကို စိုးရိမ်နေသော လီစုန့်မှာ သက်ပြင်းချကာ စိတ်အေးသွားတော့သည်။
အခန်းတစ်ခုအတွင်း၌ လီစုန့်က မိတ်ဆက်ပေးလိုက်သည် "သခင်လေးစူး... ဒီလူနှစ်ယောက်ကတော့ ဦးလေးတို့ လီမိသားစုက အကြီးအကဲ လီမော့နဲ့ အကြီးအကဲ လီရွှယ်ပါ။ နှစ်ယောက်လုံးက ဦးလေးတို့ မိသားစုရဲ့ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ ဝါရင့်ပုဂ္ဂိုလ်တွေပါ။"
လီမိုနှင့် လီရွှယ်မှာ ညီအစ်ကိုများ ဖြစ်ပုံရပြီး လီစုန့်ထက် အသက်ကြီးကာ ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်ခန့် ရှိကြသည်။ သူတို့တွင် စာပေနှံ့စပ်သော ပညာရှင်များ၏ အမူအရာနှင့် သိမ်မွေ့သော ပညာတတ်ကြီးများ၏ ပုံစံရှိသည်။
"သခင်လေးစူး။" နှစ်ယောက်လုံးက စူးချန်ခုန်းကို ခေါင်းညိတ် နှုတ်ဆက်လိုက်ကြသည်။
လီစုန့်၊ လီမော့နှင့် လီရွှယ်တို့မှာ လီမိသားစု စုစည်းနိုင်သမျှ အမြင့်ဆုံးသော အင်အားစုများ ဖြစ်ကြသည်။
လက်ရှိ လီမိသားစုမှာ လူဦးရေ ကျဲပါးလှပြီး ဒါဇင်အနည်းငယ်သာ ရှိရာ အများစုမှာ ပန်းချီနတ်ဘုရား၏ သွေးမျိုးဆက် အားနည်းနေသူများ ဖြစ်ကြသည်။ ထို့ကြောင့် အပြင်သို့ ထွက်၍ ကျင့်ကြံနေသော လက်ရွေးစင် အနွယ်ဝင် သုံးဦးမှာ မိသားစုအတွက် အလွန် အရေးကြီးသော အင်အားစုများ ဖြစ်သဖြင့် သူတို့အပေါ် များစွာ တန်ဖိုးထားကြခြင်း ဖြစ်သည်။
"အင်း..အချိန်မဆွဲဘဲ အခုပဲ ထွက်ကြရအောင်။ အချိန်တန်ရင် လီမိသားစုရဲ့ မျိုးနွယ်ဝင်တွေကို ခေါ်ဆောင်ဖို့ ဦးလေးတို့ သုံးယောက်မှာ တာဝန်ရှိပါတယ်။"
စူးချန်ခုန်းက ခေါင်းညိတ်လိုက်သည်။ သူသည် အမြဲတမ်း ပြတ်သားပြီး ခိုင်မာသူ ဖြစ်သည်။ သူတို့ဘက်မှ ကူညီရန် ဆုံးဖြတ်ပြီးကတည်းက ပြောစရာ စကားများစွာ မရှိတော့ပေ။
"ကောင်းပါပြီ။"
သုံးယောက်လုံးက အောင်မြင်သော ခရီးစဉ် ဖြစ်ပါစေဟု မျှော်လင့်ရင်း ခေါင်းညိတ်လိုက်ကြသည်။
"ဟုဒ်"
လီစုန့်သည် ပန်းချီလိပ်တစ်ခုကို ထုတ်ယူ၍ ဖြန့်လိုက်ရာ ထိုအထဲတွင် ဖြူဖွေးသော ကြိုးကြာငှက်တစ်ကောင် ရှိနေသည်။ သူက ကြိုးကြာငှက်၏ မျက်လုံးကို တစ်ချက် ပုတ်လိုက်သောအခါ ပန်းချီထဲမှ ကြိုးကြာဖြူမှာ အော်ဟစ်ကာ ပန်းချီထဲမှ ရုန်းထွက်လာပြီး အတောင်ပံ ခြောက်ပေကျော် ကျယ်သော အသက်ရှင်နေသည့် ကြိုးကြာဖြူကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
"ဒါက လီမိသားစုရဲ့ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည် 'ပန်းချီကားကို အစစ်အမှန် ဖြစ်စေခြင်း' လား။"
စူးချန်ခုန်းမှာ အနီးကပ် မစူးစမ်းဘဲ မနေနိုင်ခဲ့။
ပိုင်ရှင်းကျစ်၏ ဤစွမ်းရည်မှာ အလွန်ပင် ဆန်းကြယ်လှပြီး အံ့ဖွယ်ဆေးလုံးများကိုပင် ဖန်တီးနိုင်သည်ဟု ပြောစမှတ် ရှိသည်။ ပိုင်ရှင်းကျစ်၏ အနွယ်ဝင်များ ဖြစ်သည့်အတိုင်း လီမိသားစုဝင်များသည် သူ၏ သွေးမျိုးဆက်ကို အမွေဆက်ခံထားကြပြီး ဤနတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်သည်။ ပိုင်ရှင်းကျစ်၏ အစွမ်းလောက် မကြီးမားသော်လည်း တကယ့်ကို ထူးခြားလှပေသည်။
"သခင်လေးစူး... သွားကြစို့။" လီစုန့်က ကြိုးကြာငှက်၏ ကျောပေါ်သို့ ခုန်တက်ကာ စူးချန်ခုန်းကို ပြောလိုက်သည်။
စူးချန်ခုန်းသည်လည်း အခက်အခဲ မရှိဘဲ လူနှစ်ဦး တင်ဆောင်နိုင်လောက်အောင် ကြီးမားသော ကြိုးကြာဖြူကြီး၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
ကြိုးကြာဖြူကြီးမှာ အော်ဟစ်ကာ အတောင်ပံများကို ဖြန့်၍ ကောင်းကင်ယံသို့ ပျံတက်သွားပြီး တိမ်တိုက်များရှိရာသို့ ဦးတည်သွားတော့သည်။
လီမော့နှင့် လီရွှယ်တို့သည်လည်း ပန်းချီလိပ် တစ်ခုစီကို ထုတ်ယူကာ ပန်းချီကားကို အစစ်အမှန် ဖြစ်စေခြင်း အစွမ်းဖြင့် ကြိုးကြာဖြူ နှစ်ကောင်ကို ဆင့်ခေါ်ကာ နောက်မှ ကပ်၍ လိုက်ပါလာကြသည်။
စာပေနိဗ္ဗာန်ဘုံအတွင်း၌ တံခါးပေါက်တစ်ခု ပေါ်လာပြီး ကြိုးကြာဖြူ သုံးကောင်မှာ တစ်ကောင်ပြီးတစ်ကောင် ပျံထွက်ကာ လျှို့ဝှက်ကျောက်တုံးမြို့သို့ ဦးတည်သွားကြတော့သည်။ လီမိသားစု၏ သွေးမျိုးဆက် နတ်ဘုရားစွမ်းရည်မှာ အလွန်ပင် အသုံးဝင်လှပြီး လူတိုင်းတွင် ကိုယ်ပိုင် ပျံသန်းနိုင်သော တိရစ္ဆာန်များ ရှိနေကြသကဲ့သို့ပင်။
"ဒီ ကြိုးကြာဖြူက ဘယ်လောက်အထိ မြင့်အောင် ပျံနိုင်လဲ။"
စူးချန်ခုန်းသည် ဘေးနှစ်ဖက်မှ တိုက်ခတ်လာသော လေပြင်းများကို ခံစားရင်း လီစုန့်ကို မေးလိုက်သည်။
"အလွန်ဆုံး မီတာ လေးငါးရာပေါ့။ ဒီထက် ပိုမြင့်သွားရင်တော့ လေပြင်းတွေကြောင့် ပျက်စီးသွားပါလိမ့်မယ်။" လီစုန့်က ပြန်ဖြေသည်။
"နှမြောစရာပဲ..."
ဒါကို ကြားလိုက်ရသောအခါ စူးချန်ခုန်း အနည်းငယ် စိတ်ပျက်သွားမိသည်။ အကယ်၍ ဤနတ်ဘုရားစွမ်းရည်ဖြင့် ဆင့်ခေါ်ထားသော ကြိုးကြာငှက်မှာ မီတာ ထောင်ချီ မြင့်အောင် ပျံသန်းနိုင်ပါက သူ၏ မြားပစ်အတတ်နှင့် ပေါင်းစပ်လိုက်လျှင် ကောင်းကင်ယံမှ မြားများဖြင့် ဗုံးကြဲသကဲ့သို့ ဖြစ်နေမည်ဖြစ်ပြီး အောက်တွင် ရှိနေသူများမှာ ခံရရုံသာ ရှိတော့မည်။ အကယ်၍ သူသည် ထန်ယို့နှင့် ထပ်မံ တွေ့ဆုံခဲ့လျှင်ပင် ထန်ယို့မှာ ဒေါသတကြီး ကြည့်နေရုံမှအပ သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်တော့ပေ။
***