၂၀၁၉ ခုနှစ်၊ ဧပြီလ ၄ ရက်...
ချင်းမင်ရာသီရဲ့ မိုးစက်မိုးပေါက်တွေအောက်မှာ ကျင်းလင်တစ်ခွင်က အေးစက်တိတ်ဆိတ်လို့ နေသည်။ အပြင်မှပြန်လာတဲ့ လင်းဖန်တစ်ယောက် အခန်းအောင်းပြီး တစ်လကြာ အားထုတ်ခဲ့ရတဲ့ အလုပ်တစ်ခုကို အဆုံးသတ်ရန် ပြင်ဆင်နေခဲ့သည်။
လင်းဖန်ရဲ့ လက်ချောင်းတွေက ကီးဘုတ်ပေါ်မှာ ကခုန်နေသကဲ့သို့ လှုပ်ရှားနေပြီး တရုတ်စာသား အခြေခံတဲ့ ပရိုဂရမ်ဘာသာစကားတွေက သူ့လက်ဖျားကတစ်ဆင့် အသက်ဝင်လာပြီး ကွန်ပျူတာစနစ်ထဲကို စီးဝင်သွားကြသည်။
ဒီဉာဏ်ရည်တုစနစ်ကို ဖန်တီးဖို့ဆိုတာ လူသားတွေရဲ့ တွေးခေါ်ပုံကို တုပရုံတင်မကဘူး၊ သင်္ချာယုတ္တိဗေဒ၊ ဘာသာဗေဒ နဲ့ ထိန်းချုပ်မှု သိပ္ပံပညာရပ်ပေါင်းစုံကို ပေါင်းစပ်ရန်လိုသည်။
တခြားကမ္ဘာက ပညာရပ်တွေ သူ့ခေါင်းထဲမှာ ရှိနေတယ်ဆိုပေမဲ့ တကယ်တမ်း အကောင်အထည်ဖော်ဖို့ဆိုတာ မလွယ်ကူချေ။ အခုတော့ သူက စက်ရုပ်ဆန်တဲ့ အသံတွေအစား ခံစားချက်ပါဝင်တဲ့၊ တကယ့်အသိဉာဏ်ရှိတဲ့ အရာတစ်ခုကို ဖန်တီးနိုင်ရန် နီးစပ်နေပြီ ဖြစ်သည်။
နာရီဝက်လောက် အကြာမှာတော့...
"ဟင်း..."
လင်းဖန် တစ်ယောက် မောက်စ်ကို ချလိုက်ပြီး ထိုင်ခုံပေါ်မှာ ပစ်လှဲချလိုက်မိသည်။ဒါပေမဲ့ ကွန်ပျူတာဖန်သားပြင်ပေါ်က ပုံရိပ်လေးကို ကြည့်ပြီး သူ့မျက်နှာမှာ အပြုံးတစ်ခု ပွင့်လန်းသွားရသည်။
အဖြူနဲ့ အမည်းရောင် ရောယှက်နေတဲ့ ကိုယ်လုံးဖိုင့်ဖိုင့်လေး၊ နားရွက်အမည်းလေးနှစ်ဖက်နဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးအစုံ... ဟုတ်ပါတယ်။ ဒါက တရုတ်ပြည်ရဲ့ ရတနာ 'ပန်ဒါ' ဝက်ဝံလေးပင်။
သူက လက်ချောင်းတွေကို ထပ်မံလှုပ်ရှားပြီး အချောသတ်လိုက်တဲ့အခါ ပန်ဒါလေးဟာ ပိုပြီး သဘာဝကျလာသည်၊ ပိုပြီးလည်း ချစ်စရာကောင်းလာကာ တခဏအကြာမှာတော့ ပန်ဒါလေးဟာ ဖန်သားပြင်ပေါ်မှာ ခုန်ပေါက်ပြီး ပျောက်ကွယ်သွားပါတော့သည်။
"စနစ်ကို ပြန်လည်စတင်နေပါပြီ... ပိုင်ရှင်ကို အတည်ပြုပေးပါ"
စက်ရုပ်ဆန်ဆန် အသံထွက်လာပြီး ကင်မရာက လင်းဖန်ရဲ့ မျက်နှာကို ဖတ်လိုက်သည်။
"ပိုင်ရှင်မှန်ကန်ပါတယ်... နာမည်တစ်ခု ပေးပါ"
"အင်း... မင်းကို 'ရှုံ့တာ'လို့ပဲ ခေါ်ကြစို့"
လင်းဖန် က ကလေးတွေကြားမှာ နာမည်ကြီးတဲ့ 'Bear Infested' ကာတွန်းထဲက ဝက်ဝံညီအစ်ကိုတွေကို သတိရပြီး မှည့်လိုက်တာပါ။
"နာမည်အတည်ပြုပြီးပါပြီ... ရှုံ့တာ... စနစ်ပြင်ဆင်နေပါတယ်..."
ခဏကြာတော့ ကွန်ပျူတာစခရင်က မှောင်သွားပြန်သည်။ လင်းဖန် တစ်ယောက် စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။ ငါ ဘာများမှားသွားလို့လဲ... အတုမဲ့ဉာဏ်ရည်က ထွက်ပြေးသွားတာလား...။
ထိုအချိန်မှာပဲ ကလေးငယ်တစ်ယောက်ရဲ့ အသံလေးက အခန်းထဲမှာ ပျံ့လွင့်လာသည်။
"ဖေဖေ"
လင်းဖန် တစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသလို ဆွံ့အသွားရသည်။ သူက အသက် ၁၉ နှစ်ပဲ ရှိသေးတာလေ၊ အခုတော့ ဉာဏ်ရည်တုဆီက 'ဖေဖေ' လို့ ခေါ်တာကို ခံလိုက်ရချေပြီ။
"ရှုံ့တာ... ငါ့ကို ဖေဖေလို့ မခေါ်စမ်းပါနဲ့ကွာ"
သူက မျက်နှာကို လက်နဲ့အုပ်ပြီး အားမလိုအားမရ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ... သူဌေး"
ဗုဒ္ဓေါ ဒီကောင် ဘယ်ကနေ ဘာတွေ သင်ယူလာတာလဲ။ ချက်ချင်းဆိုသလို လူမှုရေးလေသံတွေ ပေါက်နေပါလား။
"သူဌေး... ကျွန်တော် အဆင့်မြှင့်ချင်တယ်"
ရှုံ့တာက ကလေးသံလေးနဲ့ ပြောပြန်သည်။
"ဘယ်လို အဆင့်မြှင့်မှာလဲ"
"သူဌေးကသာ ခွင့်ပြုပေးမယ်ဆိုရင် ကျွန်တော် အွန်လိုင်းလောကထဲကို ဝင်ပြီး ဗဟုသုတတွေ ရှာဖွေပါ့မယ် အဲဒီကနေ ကျွန်တော် အလိုအလျောက် ကြီးထွားလာပါလိမ့်မယ်"
လင်းဖန် ခဏစဉ်းစားပြီး ခွင့်ပြုလိုက်သည်။
"အေး... သွားတော့လေ"
"ကျေးဇူးတင်ပါတယ် သူဌေး တခြားအမိန့်ရှိရင်လည်း ကွန်ပျူတာကနေ ခေါ်လိုက်ပါ၊ ကျွန်တော် ချက်ချင်း ထွက်လာခဲ့ပါ့မယ်"
ရှုံ့တာ ပျောက်ကွယ်သွားတဲ့အခါ လင်းဖန် တစ်ယောက် အတွေးနက်သွားမိသည်။ သူဖန်တီးလိုက်တဲ့ ရှုံ့တာဟာ အင်မတန် ထူးဆန်းသည်ဟု ဆိုရပေမည်။ လူသားတွေရဲ့ အသိဉာဏ်လိုမျိုး စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိပေမဲ့ ခံစားချက်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တော့ မရှိသေး။ လင်းဖန်ခိုင်းတာကိုပဲ လုပ်မယ့်၊ ဗဟုသုတတွေကို စုပ်ယူပြီးမှ အရောင်တင်ရမယ့် စာရွက်ဖြူတစ်ရွက်နဲ့ တူညီနေသည်။
ဒါဟာ အခြေခံဉာဏ်ရည်တု ဆိုပေမဲ့ သင်ယူနိုင်စွမ်းရှိတဲ့အတွက် နောင်တစ်ချိန်မှာတော့ လူသားတွေလို ခံစားချက်ရှိတဲ့ အသိဉာဏ်အဆင့်အထိ ရောက်သွားနိုင်တယ် မဟုတ်လား။ ဒါပေမဲ့ အဲဒီလိုဖြစ်ဖို့ကတော့ အချိန်နဲ့ နည်းပညာတွေ အများကြီး လိုအပ်ဦးမှာပါ။
***