"ဘယ်သူလဲ"
အင်အားကြီးရန်သူကို တွေ့လိုက်ရသကဲ့သို့ ကောင်းကင်မသေမျိုးကိုမော့ကြည့်ပြီး ဓားမျှော်စင်အဓိပဓိ အော်မေးသည်။
ထိုလူ၏စွမ်းအင်ရောင်က သူမသေမျိုးဆင်းရဲမဖြတ်ကျော်မီကထက်ပင် ပိုပြင်းထန်သည်။
မသေမျိုးအစစ်ဖြစ်သည်မှာ သံသယဖြစ်စရာမလို။
ဝင့်ကြွားရိပ်သန်းသည့်လူရိပ်ကို လျိုနင်ရွှမ်းလည်း မော့ကြည့်သည်။ မနှစ်မြို့စရာမှတ်ဉာဏ်များ သူ့စိတ်အာရုံတွင်ပေါ်လာသည်။ အံတင်းတင်းကြိတ်၍ ရေရွတ်လိုက်သည်။
"ယင်ထန်မသေမျိုး..."
ခုနက သူကောင်းကောင်းကြားလိုက်သည်။ မသေမျိုးဓားများသွန်းလုပ်ဖို့ သူတို့ကို ယင်ထန်ကသုံးချင်သည်ဟု ပြောသည်။ မွေခံဓားကို သန့်စင်ခံရလျှင် သူလည်း အသက်ရှင်နိုင်တော့မည်မဟုတ်။
လျှာသရမ်းပြီး ကိုယ့်ဒုက္ခကိုယ်ရှာမိခြင်းလားမသိ။ ယင်ထန်မသေမျိုး သေလောက်ပြီဟု ခုနကသူပြောခဲ့မိသည်။
ယခု ယင်ထန်တကယ်ပေါ်လာသည်။
"ဘာရယ်၊ သူက ဒဏ္ဍာရီမသေမျိုးလေးယောက်ထဲက ယင်ထန်မသေမျိုးဆိုတာလား"
လျိုနင်ရွှမ်းစကားက မကျယ်သော်လည်း ယင်ထန်ရောက်လာကတည်းက ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝတိတ်ဆိတ်ငြိမ်သက်နေသဖြင့် သူ့စကားသံကို အားလုံးက ကြည်လင်ပြတ်သားစွာကြားသည်။ အကြီးအကျယ်အံ့အးသင့်ကုန်ကြသည်။
ယင်ထန်မသေမျိုးထံမှ ထွက်ပေါ်နေသည့် မကောင်းသည့်အငွေ့အသက်ကို သူတို့ခံစားမိသည်။
ကောင်းသောလာခြင်းမဖြစ်နိုင်။
ရှေးဟောင်းမသေမျိုးလေးယောက်သည် ရှေးအကျဆုံးမသေမျိုးများဖြစ်သည်။ ခေတ်ကာလချင်း များစွာကွာခြားနေသဖြင့် ဒဏ္ဍာရီအတော်များများက ပဟေဠိလိုဖြစ်နေသည်။
ထို့ကြောင့်ပင် ရှေးမသေမျိုးလေးယောက်ဟူသည့်နာမည်က ပို၍ကြောက်စရာကောင်းသလိုဖြစ်နေသည်။
"နတ်မယ်၊ အဲဒါ ယင်ထန်မသေမျိုလား"
လုယန် မျက်မှောင်ကျုံ့နေသည်။ ကောင်းကင်လျှပ်စီးကြားတွင် တွေ့ခဲ့ရသည့် ယင်ထန်မသေမျိုး၏ဟန်ပန်နှင့် များစွာကွာခြားနေသည်။
နတ်မယ် ဘာမှပြန်မဖြေ။ အတွေးနစ်နေဟန်တူသည်။
အခြေအနေ ထိန်းချုပ်မရတော့မှန်း လုယန်သိသည်။ ယွမ်ကျိကို ချက်ချင်းဆင့်ခေါ်ရန် ကြိုးစားသည်။ သို့သော် မအောင်မြင်။
ယင်ထန်ရောက်လာချိန်က ဓားမျှော်စင်ကို ခွက်စုတ်တစ်လုံးဖြင့် အုပ်လိုက်သည်။ ထိုခွက်ကြောင့် အပြင်လောကနှင့် အဆက်အသွယ်ပြတ်သွားဟန်တူသည်။
"နတ်မယ်၊ အဲဒါ ဘာခွက်လဲ"
နတ်မယ်က မျက်မှောင်ကျုံ့လျက် ခွက်စုတ်၏ဇစ်မြစ်ကို ပြန်စဉ်းစားနေသည်။
"ယင်ထန်မသေမျိုး သွန်းလုပ်ခဲ့တဲ့ ချန်ခွန်ခွက်နဲ့တူတယ်။ ဒါပေမယ့် ဒီခွက်က ချန်ခွန်ခွက်ထက် အရည်အသွေးညံ့တယ်။ ပြန်ပုံသွန်းထားသလိုမျိုးပဲ။ ဒီကနေ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ ဘာသတင်းမှ ပို့လို့မရဘူး။
ဒီခွက်က မြေသွေးကြောကို အာရုံမခံနိုင်အောင် လှည့်စားထားတာ။ ဒီနေရာမှာ အရာအားလုံး ပုံမှန်ဘဲလို့ထင်အောင် ပုံရိပ်တစ်ခု ဖန်တီးထားတယ်။ ကျန်းမျိုးရိုးနဲ့ မုန်မျိုးရိုးတို့နှစ်ယောက် သတိထားမိမှာကို သူစိုးရိမ်လို့ဖြစ်မယ်"
ယင်ထန်မသေမျိုး တစ်ခုခုမူမှန်ဟု နတ်မယ်လည်းခံစားနေရသည်။ ထို့ကြောင့် အလောတကြီးထွက်မတွေ့သေး။
ထို့နောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ဟန်ဖြင့် သူစိတ်အားထက်သန်စွာပြောသည်။
"ရှောင်ယန်၊ စိတ်မပူနဲ့။ ငါရှိနေရင် နင်ဘာမှမဖြစ်နိုင်ပါဘူး"
လျိုနင်ရွှမ်းက သူ့နာမည်ခေါ်သံကြားသဖြင့် ယင်ထန်မသေမျိုး နည်းနည်းစိတ်ဝင်စားဟန်ဖြင့် လှည့်ကြည့်လာသည်။
"ဪ...စိတ်ဝင်စားစရာပဲ။ ဓားဝိညာဉ်လေးတစ်ခုက ငါ့ကိုမှတ်မိမယ်လို့ ထင်မထားဘူး"
လုယန် တွေးရကြပ်သွားသည်။ ယင်ထန်မသေမျိုးက လျိုနင်ရွှမ်းကို မှတ်မိဟန်မတူ။
လုယန် ချက်ချင်းမေးသည်။
"နတ်မယ်၊ ယင်ထန်မသေမျိုးက လျိုနင်ရွှမ်းနဲ့ တစ်ခါမှမတွေ့ဖူးဘူးလား"
နတ်မယ်လည်း စဉ်းစားမရ။ မသေမျိုးအာရုံဖြင့် ယင်ထန်ကို အနီးကပ်ကြည့်ချင်စိတ်ပေါက်လာသည်။ သို့သော် ယင်ထန်ရိပ်မိသွားလျှင် လုယန်အား ဒုက္ခပေးမည်ကို သူစိုးရိမ်သည်။
"ဘယ်မတွေ့ဖူးဘဲ နေမလဲ။ တိုက်ခိုက်ခဲ့တာတောင် အကြိမ်ပေါင်းမနည်းဘူး"
လုယန် ပို၍တွေးရကြပ်လာသည်။
"ဒါဆို ယင်ထန်က မှတ်ဉာဏ်ပျောက်သွားတာလား။ ဒါမှမဟုတ် သူက ယင်ထန်မသေမျိုးမဟုတ်ဘဲ ယင်ထန်ခန္ဓာကိုယ်ကို တစ်ခြားဝိညာဉ်တစ်ခု ပူးကပ်နေတာလား"
ရုတ်တရက်ပေါ်လာသည့် ဤယင်ထန်မသေမျိုးက အတော်ထေူးဆန်းနေသည်။ ရက်စက်သည့်ဟန်ပန် အပြည့်ရှိသည်။
ထို့ပြင် နောက်ထပ်သံသယဖြစ်စရာတစ်ခုလည်းရှိသည်။
မဟာချန်ခေတ်မှစရေတွက်လျှင် နှစ်သုံးသိန်းကြာခဲ့ပြီဖြစ်သည်။ ယင်ထန် လုံးဝပေါမလာခဲ့။ ယခု ပထမဆုံးအကြိမ် ပေါ်လာခြင်းဖြစ်သည်။
တိုက်ဆိုင်လွန်းနေသည်။
အရင်က ယင်ထန်မသေမျိုးအကြောင်း ဘာကြောင့်သတင်းမကြားခဲ့ရသည်မသိ...
လုယန်နဖူးတွင် ချွေးစေးများထွက်လာသည်။ ယင်ထန်ယခုမှပေါ်လာခြင်းဖြစ်ပါစေဟု သူဆုတောင်းသည်။ ထိုသို့မဟုတ်လျှင် အခြေအနေမကောင်း။
ယင်ထန်က လျိုနင်ရွှမ်းနှင့်ဓားအဓိပဓိတို့ သတိဖြင့်စောင့်ကြည့်နေသည်ကို မသိကျိုးကျွံပြု၍ ပုံမှန်လေသံဖြင့်မေးသည်။
"အဲဒီ့ဓားနှစ်လက်ကို မင်းတို့ဘာသာအပ်မလား။ ဒါမှမဟုတ် ငါကိုယ်တိုင်လာယူရမလား"
"စိတ်ကူးယဉ်မနေနဲ့"
"လဲသေလိုက်လေ"
လျိုနင်ရွှမ်းရော ဓားအဓိပဓိပါ သူတို့ဓားများကိုလက်လွှဲပေးမည်မဟုတ်။ မွေခံဓားသည် လျိုနင်ရွှမ်း၏ စွမ်းအားအခြေခံဖြစ်သည်။ အလင်းဓားက မိန်ထိုက်၏အသက်သွေးကြောဖြစ်သည်။
သူတို့ငြင်းပယ်သည်ကို ယင်ထန်က အရေးမစိုက်ဘဲ ရယ်မောနေသည်။
သို့သော် ထိုရယ်သံကြောင့် ပတ်ဝန်းကျင်၏အေးစိမ့်မှုက လျော့ပါးမသွား။
"အဲလိုမှပေါ့။ မပေးချင်တာကို ယူရမှ စိတ်ဝင်စားစရာကောင်းတာ"
ယင်ထန် အောက်ဘက်မှ ကျင့်ကြံသူများကိုကြည့်၍ ပို၍ပျော်ရွှင်လာသည်။
"ဒီနေ့ ငါအတော်ကံကောင်းတာပဲ။ မသေမျိုးဓားတစ်လက်သွန်းဖို့ သုံးလို့ရတဲ့ ဓားနှစ်လက်ကို အာရုံခံမိတယ်။ ပြီးတော့ ဓားကျင့်ကြံသူတွေလည်း အများကြီးတွေ့ရတယ်။
မင်းတို့အားလုံးကို ဝိညာဉ်တစ်ခုတည်းဖြစ်အောင် သန့်စင်လိုက်ရင် ပြည့်စုံသွားပြီ။ ဒါဆို ငါ့မသေမျိုးဓားအတွက် ဓားဝိညာဉ်ဖန်တီးဖို့ လုံလောက်မှာပါ"
ယင်ထန်မသေမျိုးပြောသည့် မသေမျိုးဓားဆိုသည်က အလင်းဓားလို မသေမျိုးတစ်ဝက်ရတနာကို မဆိုလို။ ချင်ဖုန်းဓားလို စံချိန်မီမသေမျိုးဓားအဆင့်ကို ရည်ညွှန်းခြင်းဖြစ်သည်။
ထိုသို့သာမဟုတ်လျှင် ဓားနှစ်လက်ကို ကုန်ကြမ်းလုပ်ဖို့ သုံးမည်မဟုတ်။
အောက်ဘက်မှလူများ စိတ်ဓာတ်အကြီးအကျယ် ကျသွားကြသည်။ ယင်ထန်က သူတို့အားလုံးကို သန့်စင်မည်ဟု ပြောနေသည်။ သူတို့ အသက်ရှင်ဖို့လမ်း မမြင်တော့။
အတ်ောများများက ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော် အသုံးမဝင်။ ချန်ခွန်ခွက်ကို အဆင့်နိမ့်ကျင့်စဉ်စွမ်းအားလောက်ဖြင့် ချိုးဖျက်၍မရနိုင်။
လုယန် ရင်လေးလာသည်။ သူအကြောက်ဆုံးအခြေအနေ တကယ်ဖြစ်လာသည်။ ယင်ထန်က သူတို့အားလုံးကို နှုတ်ပိတ်သတ်ဖြတ်ဖို့ ရည်ရွယ်ထားသည်။ ထို့ကြောင့်လည်း ရှေးဟောင်းခေတ်မှ ယနေ့ခေတ်အထိ သူ့အကြောင်း သတင်းလုံးဝမကြားခဲ့ရခြင်းဖြစ်မည်။
သူပေါ်လာသည့်နေရာတိုင်း မရဏသင်္ချိုင်းအသွင် ပြောင်းသွားသောကြောင့်ဖြစ်မည်။
အထူးသဖြင့် မဟာချန်နှင့် မဟာယုခေတ်တို့တွင် မြို့တော်တစ်ခုလုံး အစုအပြုံလိုက် သတ်ဖြတ်သည့်အဖြစ်မျိုး ရှိခဲ့သည်မှာ ဘာမှမဆန်းလှ။
ယင်ထန်လှုပ်ရှားသည့် လုပ်ရပ်များကိုလည်း ဘယ်သူမှသိနိုင်မည်မဟုတ်။
မဟာရှားခေတ်တွင် သူနည်းနည်းဆင်ခြင်နေဟန်ရှိသည်။ တစ်ဂိုဏ်းလုံးသုတ်သင်ခံရသည့် တစ်ချို့အဖြစ်အပျက်များသည် နတ်ဆိုးဂိုဏ်းလက်ချက်မဟုတ်ဘဲ ယင်ထန်လက်ချက်ဖြစ်မည်ဟု လုယန်ယူဆသည်။
အရှေ့ပင်လယ်နှင့် နတ်ဆိုးနယ်မြေလိုနေရာများသည် နှစ်သုံးသိန်းကြာအောင် တစ်ကွဲတစ်ပြားရပ်တည်ခဲ့သည်။ လူတစ်ယောက်အသတ်ခံရလျှင်ပင် ဘယ်သူမှ သေချာစုံစမ်းစစ်ဆေးနေမည်မဟုတ်။
"အဖျက်ဓားနယ်မြေ"
"ဝိညာဉ်ဓားနယ်မြေ"
"မိုးမြေဓား"
"လှိုင်းဖြန့်ဓား"
အမြင့်ဆုံးဓားကျင့်ကြံသူနှစ်ယောက်ပူးပေါင်း၍ ရန်သူကို ရင်ဆိုင်သည်။ စတိုက်သည်နှင့် အသေသတ်တိုက်ကွက်များကို သုံးသည်။
သူတို့ရင်ဆိုင်နေရသည်က မသေမျိုးတစ်ယောက်ဖြစ်သည်။ ယခုလိုအချိန်မျိုးတွင် စွမ်းအားပြည့်ထုတ်မသုံးလျှင် မြေမြှုပ်စရာအလောင်းပင် ကျန်မည်မဟုတ်။
"တိမ်ဆင်းလက်ဝါး"
ယွမ်မုန်မုန်လည်း အရဲစွန့်၍ ဝင်တိုက်ခိုက်သည်။
သူ့အဘွားပြောသည့်စကား မှန်သည်။ အပြင်လောကသည် တကယ်အန္တရာယ်များသည်။ မသေမျိုးတစ်ယောက်ရှေ့တွင် သူ့စွမ်းအားသည် ဘာမှမထင်ရှားလှ။
သုံးယောက်ပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ယင်ထန်ရှောင်တိမ်းခြင်းမရှိ။ ထွက်လည်းမပြေး။ နေရာတွင်သာရပ်နေသည်။ တိုက်ခိုက်မှုအားလုံး သူ့ကိုယ်ပေါ်ကျလာသည်။
ဖုန်မှုန့်နှင့်မီးခိုးများ လိမ့်တက်လာပြီး အရာအားလုံးကို ဖုံးလွှမ်းသွားသည်။
စွမ်းအားကြီးသည့် သုံးယောက်ပေါင်းတိုက်ခိုက်မှုကိုကြည့်၍ အောက်ဘက်မှလူများ မျှော်လင့်ချက်ရေးရေးပေါ်လာသည်။
သို့သော် ဖုန်မှုန့်များရှင်းသွားချိန်တွင် ယင်ထန်မသေမျိုး အကောင်းပကတိအတိုင်းရှိနေသည်ကို မြင်ကြရသည်။
"မသေမျိုးရတနာဝိညာဉ်၊ မသေမျိုးတစ်ဝက်ရဲ့ လက်ကျန်ဝိညာဉ်။ ကူးဖြတ်ခြင်းအခြေခံအဆင့်။ ဒီလောက်နဲ့ ငါ့ကိုထိခိုက်အောင်လုပ်နိုင်မယ်ထင်လား"
ဓားမျှော်စင်အဓိပဓိ အံတင်းတင်းကြိတ်သည်။ သူ့အရင်ကစွမ်းအားမျိုးဖြင့် အသေအကြေတိုက်ခိုက်လျှင် ယင်ထန်ကို အနိုင်ယူနိုင်ခြေ နည်းနည်းရှိသေးသည်။ သို့သော်ယခု လက်ကျန်ဝိညာဉ်ဘဝသာဖြစ်၍ သူဘာမှတတ်နိုင်မည်မဟုတ်။
"ထပ်တိုက်"
သုံးယောက်လုံး နောက်တစ်ကြိမ်ထပ်တိုက်ခိုက်သည်။
သို့သ်ော လျိုနင်ရွှမ်းက ယင်ထန်မသေမျိုးကို မတိုက်ခိုက်ဘဲ ချန်ခွန်ခွက်ကို တိုက်ခိုက်လိုက်သည်။
"ဘုန်း၊"
တည်ငြိမ်သည်ကန်ရေပြင်ထဲ ကျောက်တုံးတစ်လုံး ကျသွားသကဲ့သို့ ချန်ခွန်ခွက်၏ မျက်နှာပြင်ပေါ်တွင် လှိုင်းတွန့်များထလာသည်။ လျိုနင်ရွှမ်း၏ ဓားစွမ်းအားကို စုပ်ယူသည်။
"ထွက်ပြေးချင်သေးတယ်ပေါ့"
ယင်ထန်မသေမျိုး ခြေတစ်ချက်လှမ်းလိုက်သည်။ သူ့ခြေထောက်အောက်မှလေဟာနယ် ကျုံ့သွားသည်။ လျိုနင်ရွှမ်းရှေ့သို့ ဖျတ်ခနဲရောက်လာပြီး မွေခံဓားကို ဆွဲယူသည်။
"ငါ့မှာ ရှေးဟောင်းခေတ်ကမှတ်ဉာဏ်တွေမရှိဘူး။ ဒီတော့ မင်းတို့မှတ်ဉာဏ်တွေကိုပဲ စစ်ဆေးရတော့မှာပေါ့"
ယင်ထန်က လျိုနင်ရွှမ်းဦးခေါင်းပေါ် လက်တင်လိုက်သည်။ လျိုနင်ရွှမ်း စူးစူးရှရှတစ်ချက်အော်လိုက်ပြီးနောက် မျက်ဖြူလန်၍ သတိလစ်သွားသည်။ ယင်ထန်က သူ့ဝိညာဉ်မှတ်ဉာဏ်ကို ဆက်ရှာဖွေသည်။
လျိုနင်ရွှမ်း ပြန်သတိရလာလျှင် ရူးသွပ်ပြီး ဝိညာဉ်ပျောက်ပြီး ရူးသွပ်သလိုဖြစ်နေလိမ့်မည်။
လျိုနင်ရွှမ်းမှတ်ဉာဏ်ကိုရပြီးနောက် ယင်ထန် နားလည်လာသည်။
"ဪ လျိုနင်ရွှမ်းဆိုတာ ရှေးဟောင်းခေတ်က ထိပ်တန်းဓားကျင့်ကြံသူပဲ။ ငါနဲ့လည်း ကမ္ဘာ့ရန်ဖက်တွေပဲ။ နောက်ဆုံးတိုက်ပွဲတုန်းက လူနဲ့ဓားတစ်သားတည်းပညာကိုသုံးပြီး ထွက်ပြေးခဲ့တာလား။
ဘယ်လိုလဲ။ အခုလည်း ငါ့လက်ထဲကို မင်းရောက်လာတာပဲမဟုတ်လား"
***