လျိုနင်ရွှမ်း၏ မှတ်ဉာဏ်ကိုရပြီးနောက် ယင်ထန်၏ဟန်ပန်က ပိုခံ့ညားထည်ဝါလာသည်။ ဓားမျှော်စင်ပတ်လည်မှ လေထုလည်း အေးစက်မှုလျော့ပါးသွားသည်။
သူ့ခန္ဓာကိုယ်၏ မူလပိုင်ရှင်အကြောင်း နားလည်လိုသဖြင့် ရှေးဟောင်းခေတ်နှင့်ပတ်သက်သည် အချက်အလက်များကို သူစုစည်းနေခဲ့သည်။
သို့သော် ရှေးဟောင်းခေတ်သမိုင်းက ရှုပ်ထွေးကျယ်ပြန့်လွန်းသည်။ ရယူဖို့ အလွန်တရာခက်ခဲသည်။
လျိုနင်ရွှမ်း၏ ရှေးဟောင်းသမိုင်းမှတ်ဉာဏ်ဖြင့် သူ့စိတ်နှလုံးထဲမှ ဟာကွက်တစ်ချို့ကို ဖြည့်နိုင်ခဲ့သည်။
ထိုစဉ် နောက်ကျောဘက်မှ ပြင်းထန်သည့် တိုက်ခိုက်မှုနှစ်ခုကို အာရုံခံမိသည်။
သူလှည့်ကြည့်ချိန်တွင် တိုက်ခိုက်မှုများက သူ့နဖူးနှင့် သုံးလက်မအကွာသို့ ရောက်လာသည်။
"မူလဝိညာဉ်ဓား"
"မိုးကြိုးလက်ဝါး"
လျိုနင်ရွှမ်း၏မှတ်ဉာဏ်ကို ထုတ်ယူချေိန်တွင် ယင်ထန်ကို ဓားမျှော်စင်အဓိပဓိနှင့် ယွမ်မုန်မုန်တို့က နောက်တစ်ကြိမ်တိုက်ခိုက်ကြသည်။
ယင်ထန်မသေမျိုး တစ်ခြားသို့အာရုံရောက်နေသဖြင့် သူတို့တိုက်ခိုက်ခွင့်ရခြင်းဖြစ်သည်။
မျှော်စင်အဓိပဓိ ဆွဲယူလိုက်သည့် ဓားချီအလင်းများ နေရာစုံမှ ထွက်ပေါ်လာသည်။ ကောင်းကင်တခွင် ကြယ်မိုးရွာသလို တောက်ပထွန်းလင်းနေသည်။ အလင်းဓားနှင့်ပေါင်းစပ်၍ စွမ်းအားမြင့်လာသည်။
သူ့ခြေထောက်အောက်တွင် ဝိညာဉ်ဓားနယ်မြေပေါ်လာသည်။ ဓားချီနတ်ဆိုးရိပ်များ အလင်းဓားထဲသို့ ပေါင်းစပ်သွားသည်။ သူ့မျက်လုံးတွင် ပြတ်သားသည့်အရိပ်အယောင်များ ပေါ်လာသည်။ အစက ထိုဓားချက်ကို လျိုနင်ရွှမ်းအတွက် ပြင်ဆင်ထားခဲ့သည်။
ယခု သူ့ထက်ပိုစွမ်းအားကြီးသည့် ယင်ထန်မသေမျိုးကိုတိုက်ခိုက်ဖို့ ထုတ်သုံးသည်။
ယွမ်မုန်မုန်လက်ဝါးမှ တောက်ပသည့်အလင်းတစ်ခု ထွက်လာသည်။ မိုးခြုန်းသံများ နားကွဲမတတ်ပေါ်လာသည်။ မိုးကြိုးစွမ်းအားကို ကြိုးစားထိန်းချုပ်၍ တစ်နေရာတည်းတွင် စုစည်းသည်။
ထိုမြင်ကွင်းကိုကြည့်၍ ယင်ထန်မသေမျိုး ခေါင်းကိုနောက်သို့လှန်အားယူပြီး ရှေ့သို့နဖူးဖြင့်ဆောင့်ချလိုက်သည်။ ဓားမျှော်စင်အဓိပဓိနှင့် ယွမ်မုန်မုန်တို့ လွင့်ထွက်သွားသည်။
"ဟားဟား၊ မဆိုးဘူး။ မင်းတို့က အစွမ်းအစနည်းနည်းတော့ ရှိသားပဲ။ ဒီခန္ဓာက မင်းတို့ကို တမင်တိုက်ခိုက်ခွင့်ပေးခဲ့တာ အချည်းအနှီးမဖြစ်တော့ဘူးပေါ့"
"သူ့မှာ လျှပ်စီးအရိယဖလမရှိဘူး"
နတ်မယ်က ရုတ်တရက်ပြောသည်။
"ဘာလို့လဲ"
လုယန် မေးသည်။
"လျှပ်စီးအရိယဖလရှိရင် မိုးကြိုးလက်ဝါးက သူ့နားကိုမကပ်ရဲဘူး။ ခုနကလက်ဝါးချက်ကို သူတိုက်ရိုက်ခုခံလိုက်တာ။ အရိယဖလမရှိဘူး။ ရှေးဟောင်းမှတ်ဉာဏ်လည်းမရှိဘူး။ သူ့ကိုယ်သူလည်း "ဒီခန္ဓာ"လို့ ပြောတယ်။
...ယင်ထန်မသေမျိုးက အလောင်းခွဲပညာ ဒါမှမဟုတ် အလောင်းခွာပညာသုံးခဲ့တာများလား"
"အလောင်းခွဲပညာနဲ့ အလောင်းခွာပညာ...ဟုတ်လား"
လုယန် ပထမဆုံးကြားဖူးခြင်းဖြစ်သည်။
"အလောင်းခွဲပညာကို ငါသုံးဖူးတယ်။ ဖျက်ဆီးခြင်းအရိယဖလသန္ဓေပိုင်ရှင်ဖြစ်တဲ့ ငါ့ကိုယ်ပွားကို သတ်တုန်းကပေါ့။ အလောင်းခွာပညာဆိုတာက ရုပ်ခန္ဓာကို ချန်ထားပြီး မသေမျိုးဝိညာဉ်ကို ခွဲထုတ်တာ။
ဒီနည်းလမ်းတွေသုံးလိုက်ရင် စွမ်းအားပိုတိုးလာတယ်။ ဒါပေမယ့် အန္တရာယ်လည်းများတယ်။ တကယ်လို့မအောင်မြင်ရင် ဖြစ်လာမယ့်အကျိုးဆက်ကတော့ အခုနင့်ရှေ့မှာ မြင်တဲ့အတိုင်းပဲ။ မသေမျိုးအလောင်းက ကျန်ခဲ့တယ်လေ။
မသေမျိုးအလောင်း ပြန်ရှင်သန်လာရင် သူ့အရင်ဘဝကိုမေ့သွားပြီး ဖြစ်တည်မှုအသစ်စလာတယ်။ ယင်ထန်က ဘယ်နည်းလမ်းသုံးပြီး ကျရှုံးခဲ့တာလဲတော့ သေချာမသိဘူး။ ဒါပေမယ့် ဒီမသေမျိုးအလောင်းမှာ လျှပ်စီးအရိယဖလမရှိဘူးဆိုတော့ ယင်ထန်က မသေသေးတဲ့သဘောပဲ။
ယင်ထန်သာသေရင် လျှပ်စီးအရိယဖလက ဒီမသေမျိုးအလောင်းဆီ ရောက်လာမှာ"
"မသေမျိုးအလောင်းက သိစိဝိညာဉ်ဖွံ့ဖြိုးလာတာမျိုးလား"
လက်ရှိယင်ထန်မသေမျိုး၏ အခြေအနေက ထိုဖြစ်ရပ်နှင့်သာ ကိုက်ညီသည်ဟု လုယန်ခံစားရသည်။
နတ်မယ်ပြောဖူးသည့် အချိန်မသေမျိုး၏မူလခန္ဓာ လောကသစ်ပင်အကြောင်း သူပြန်သတိရလာသည်။ တစ်ချိန်က သေဆုံးခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သစ်ပင်ဟောင်းမှ လောကသစ်ပင်အသစ် ပြန်ပေါက်လာသည်။ အသိဉာဏ်သစ်ဖွံ့ဖြိုးလာသည်။ ထို့နောက် အချိန်မသေမျိုးဟု ဖြစ်လာသည်။
နတ်မယ် ခေါင်းခါသည်။
"မဖြစ်နိုင်ဘူး။ မသေမျိုးအလောင်းတွေ ဝိညာဉ်သိစိတ်ဖွံ့ဖြိုးဖို့ဆို အချိန်အရမ်းကြာတယ်။ နှစ်သုံးသိန်းနဲ့ မလုံလောက်ဘူး"
ယင်ထန်မသေမျိုး၏ မူလဇစ်မြစ်ကို နားလည်ရုံဖြင့် လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မည်မဟုတ်။ လုယန်တို့အားလုံး အန္တရာယ်စက်ကွင်းမှ မလွတ်သေး။
ဓားမျှော်စင်အဓိပဓိနှင့် ယွမ်မုန်မုန်တို့ ရှုံးသွားလျှင် တခြားဘယ်သူမှ ယင်ထန်ကို တားနိုင်စွမ်းမရှိ။ အားလုံး၏ အဆုံးသတ်ဖြစ်လာမည်။
"ကမ္ဘာတုန်နတ်ဓား"
ရုတ်တရက် ဓားမျှော်စင်အဓိပဓိ စူးရှစွာအော်ဟစ်လိုက်သည်။ ဘယ်လိုပညာသုံးလိုက်သည်တော့မသိ။ ပထမဓားချက်ထက်ပင် အဆများစွာပိုစွမ်းအားကြီးသည်။
"မလုပ်နဲ့"
မိန်ထိုက် အော်ဟစ်လိုက်သည်။ ထိုဓားပညာအကြောင်း သူကောင်းကောင်းသိသည်။ ဝိညာဉ်ကိုစတေးသည့် အဆုံးသတ်ဓားပညာဖြစ်သည်။ တစ်ကြိမ်သုံးလိုက်သည်နှင့် သူ့ဆရာ၏လက်ကျန်ဝိညာဉ် ပျောက်ကွယ်သွားတော့မည်။
မိန်ထိုက်အော်သံကြောင့် ဓားမျှော်စင်အဓိပဓိ မျက်ရည်ကျလာသည်။ သို့သော် ပြတ်သားစွာဆုံးဖြတ်၍ သူ့ဓားကို ယင်ထန်မသေမျိုးဆီ ထိုးသွင်းသည်။
ယင်ထန်မသေမျိုးက သိပ်အရေးမစိုက်။ ထိုဓားဘယ်လောက်စွမ်းအားကြီးသည်ကို သူမြင်လိုသည်။
ခမ်းနားသည့်ဓားရောင်အလင်းကြားတွင် ယင်ထန်၏နဖူးမှ မသေမျိုးသွေးစက် အတော်များများကျလာသည်။
ဓားမျှော်စင်အဓိပဓိ၏ အသက်စွန့်တိုက်ကွက်ကြောင့် ယင်ထန်မသေမျိုး ဒဏ်ရာရသွားသည်။
မျှော်စင်အဓီပဓိ၏ ဝိညာဉ်ခန္ဓာလည်း ထိုးဖောက်မြင်ရမတတ် အရောင်မှိန်သွားသည်။ အလင်းဓားက မြေပြင်ပေါ်ပြုတ်ကျလာသည်။ ဓားကိုပင် ကိုင်မထားနိုင်တော့။
ယင်ထန်မသေမျိုးက သူ့နဖူးပြင်သို့ လက်ဖြင့်စမ်းကြည့်ရင်း ဒေါသအကြီးအကျယ် ပေါက်ကွဲသွားသည်။
"အစက မင်းတို့ကို နည်းနည်းအချိန်ဆွဲကစားပြီးမှ သတ်မလိုပဲ။ ဒါပေမယ့် စေတနာကို မင်းတို့တန်ဖိုးမထားဘူး"
တိုက်ခိုက်မှုများကို သူတမင်တကာ မခုခံခဲ့ခြင်းဖြစ်သည်။ သူသာတကယ်တမ်း တိုက်ခိုက်လိုလျှင် ချက်ချင်းအနိုင်ပိုင်းနိုင်သည်။
"မင်းတို့က သေချင်နေကြတာပဲ"
ယင်ထန်မသေမျိုးထံမှ ဒေါသရိပ်ပြည့်နေသည့် လက်ဝါးရိပ်တစ်ခု လွင့်ပျံလာသည်။ လေပြင်းများ ပေါ်လာသည်။ မိုးမြေအရောင်ပြောင်းသွားသည်။ ထိုဖိအားကြောင့် အားလုံးအသက်ရှူကြပ်လာသည်။
ယွမ်မုန်မုန် ဖျတ်ခနဲပေါ်လာသည်။ ဓားမျှော်စင်အဓိပဓိရှေ့မှ ကာကွယ်သည်။
"ဘုန်း"
ယွမ်မုန်မုန်လွင့်ထွက်သွားသည်။ သို့သော် မသေမျိုးအရိယဖသန္ဓေပိုင်ရှင်ဖြစ်၍ ဒဏ်ရာများ ချက်ချင်းပြန်ကောင်းသွားသည်။
ယင်ထန် အေးစက်စက်ပြုံးလိုက်သည်။ ယွမ်မုန်မုန်သည် သာမန်ကူးဖြတ်ခြင်းအခြေခံအဆင့်မဟုတ်ဘဲ ဒဏ်ရာကုစားနိုင်သည့် အရိယဖလသန္ဓေတစ်မျိုး ပိုင်ထားသည့် မသေမျိုးတစ်ဝက်ဖြစ်ကြောင်း နားလည်လာသည်။
သို့သော် သူအရေးမစိုက်။
"မင်းက သူနဲ့အတူသေချင်တာလား။ ဒါဆိုလည်း မင်းဆန္ဒကို ငါဖြည့်ဆည်းပေးရမှာပေါ့"
ယင်ထန် သူ့စွမ်းအားကို နောက်တစ်ကြိမ်ထပ်အသက်သွင်းသည်။
ဤတစ်ကြိမ်တွင် သူဘယ်သူ့ကိုမှ အရှင်ထားမည်မဟုတ်။
"နေဦး၊ ခင်ဗျားသူတို့ကို သတ်လို့မရဘူး"
တင်းမာပြတ်သားသည့် စကားသံတစ်ခု ပေါ်လာသည်။
"ဘယ်သူလဲကွ"
ချန်ခွန်ခွက်အား တစ်ယောက်ယောက်လာထိုးဖောက်ဖို့ ကြိုးစားသည်ကို သူမခံစားခဲ့ရ။ ခွက်အတွင်းထဲမှ လူတစ်ယောက်သာဖြစ်သည်။
သူ့အကြည့်က လုယန်ဆီချက်ချင်းရောက်လာသည်။
လျိုနင်ရွမ်းမှတ်ဉာဏ်ကြောင့် လုယန်အကြောင်း ယင်ထန်သိနေသည်။
ဤခန္ဓာပိုင်ရှင်၏ ပညာအမွေခံ။
လုယန် ရှေ့သို့လျှောက်သွားသည်။ လုယန်သည် ယင်ထန်မသေမျိုး၏ ပညာအမွေခံဖြစ်ကြောင်း ယခုမှ အားလုံးပြန်သတိရလာသည်။
ထိုမျက်နှာကိုထောက်၍ ယင်ထန်မသေမျိုးက သူတို့အားလုံးကို ချမ်းသာပေးကောင်းပေးနိုင်သည်။
"ယင်ထန်မသေမျိုးရဲ့ ပညာအမွေကို ကျုပ်ရထားတယ်။ ယင်ထန်ကို ကျုပ်ဘယ်နေရာမှာတွေ့ပြီး သူ့အမွေကိုဘယ်လိုရခဲ့တယ်ဆိုတာ ခင်ဗျားမသိချင်ဘူးလား။
သူတို့နှစ်ယောက်ကိုသတ်ရင် အဲဒီ့နေရာအကြောင်း ကျုပ်ခင်ဗျားကို လုံးဝမပြောပြဘူး"
ယင်ထန်နှုတ်ခမ်းပေါ်တွင် အေးစက်စက်အပြုံးတစ်ခုပေါ်လာသည်။ လုယန်ရှေ့သို့ ချက်ချင်းရောက်လာပြီး ဦးခေါင်းပေါ်လက်ဖြင့်ဖိလိုက်သည်။
"မင်းပြောနေဖို့လိုသေးလို့လား။ ဝိညာဉ်မှတ်ဉာဏ်ထဲရှာလိုက်ရင် ရတာပဲလေ"
လုယန်က ထိတ်လန့်ဟန်မရှိ။ ယင်ထန်မသေမျိုး၏ မျက်လုံးကိုစိုက်ကြည့်၍
"အမွေခံတဲ့အချိန်မှာ ယင်ထန်မသေမျိုးက ကျုပ်မှတ်ဉာဏ်ထဲကိုလည်း အတားအဆီးတစ်ခု ထည့်ခဲ့တယ်။ ခင်ဗျားမှတ်ဉာဏ်ရာဖွေဖို့ ကြိုးစားရင် ဒီအတားအဆီးက အလိုလိုအသက်ဝင်လာမယ်။
သူ့အမွေအနှစ်တွေရှိတဲ့နေရာ လုံခြုံဘေးကင်းအောင် သိစိတ်နယ်မြေကို ဖျက်ဆီးလိမ့်မယ်။ ကျုပ်ပြောတာမယုံရင်လည်း ခင်ဗျားစမ်းကြည့်လို့ရတယ်"
ယင်ထန် တုံ့ဆိုင်းသွားသည်။ ထိုစကားမှန်မမှန် သူသေချာမပြောနိုင်။
ယင်ထန်မသေမျိုး၏ တည်နေရာကို သူတကယ်သိချင်သည်။
"မင်းငါ့ကို အမွေအနှစ်တွေရှိတဲ့နေရာ ပြောပြတယ်ဆိုရင် အဲဒီ့အတားအဆီးက အသက်မဝင်တော့ဘူးပေါ့"
လုယန်ခေါင်းခါသည်။
"အသက်ဝင်မှာပါ"
ယင်ထန်ဒေါသထွက်သွားသည်။
"မင်းငါ့ကို လာကစားနေတာပဲ"
လုယန် ဆက်ခေါင်းခါသည်။
"ကျုပ်တိုက်ရိုက်ထုတ်ပြောလို့မရပေမယ့် ပုံပြင်ထဲကနေတစ်ဆင့် အရိပ်အမြွက်ပြလို့ရပါတယ်။ အဲဒါဆို အတားအဆီးအသက်မဝင်အောင် ရှောင်နိုင်တယ်"
ယင်ထန်မျက်လုံးများ အရောင်တောက်လာသည်။ ထိုစကား ယုတ္တိကျသည်။
"ကောင်းပြီလေ။ ငါသူတို့နှစ်ယောက်ကို မသတ်ဘူး။ ကျန်တဲ့လူတွေကိုလည်းမသတ်ဘူး။ ငါ့ကို ပုံပြင်ပြောပြပါ"
"ခင်ဗျားကတိတည်မတည် ကျုပ်ဘယ်လိုသိနိုင်မှာလဲ"
ယင်ထန် နှာခေါင်းတစ်ချက်ရှုံ့သည်။
"ကောင်လေး။ မင်းမှာတစ်ခြားရွေးစရာရှိလို့လား"
လုယန် အံတင်းတင်းကြိတ်လိုက်သည်။ သူ့ဘက်တွင် ယင်ထန်ကိုယုံကြည်ရုံမှလွဲ၍ တစ်ခြားရွေးချယ်စရာမရှိ။
"မှော်စက်ဝန်းတစ်ခုကာပေးပါ။ ဒါမှ ကျုပ်ပြောတဲ့စကားတွေ သူတို့မကြားမှာ"
ပုံပြင်ဆုံးသွားလျှင် ထိုအကြောင်းသိသူအားလုံး အသတ်ခံရမည်ကို လုယန်စိုးရိမ်နေခြင်းဖြစ်ကြောင်း ယင်ထန်ရိပ်မိသည်။ သူ့ကတိကို လုယန်ယုံကြည်စေရန် မှော်စက်ဝန်းတစ်ခု ဖန်တီးပေးသည်။
"အခုမင်းကျေနပ်ပြီလား"
လုယန် ခေါင်းငြိမ့်၍ ဖြေးဖြေးချင်းစပြောသည်။
"ဒီပုံပြင်က မီးနိုင်ငံလို့ ခေါ်တဲ့နေရာမှာ စခဲ့တာ"
***