"မီးနိုင်ငံ..ဟုတ်လား"
ယင်ထန် မျက်မှောင်ကျုံ့သွားသည်။ ထိုနိုင်ငံအကြောင်း သူတစ်ခါမှမကြားဖူး။
လုယန်က ဖြေးဖြေးချင်းပြောသည်။
"ရှေးဟောင်းခေတ်မှာ ရှေးဟောင်းမသေမျိုးလေးယောက်က ကြယ်ကမ္ဘာတွေကို တိုက်နယ်အဖြစ်ဖန်တီးတယ်။ ပြီးတော့ အဓိပဓိူမသေမျိုးစွမ်းအားနဲ့ ယုံကြည်မှုစွမ်းအားကိုစုစည်းပြီး မီးနိုင်ငံကို တည်ထောင်ခဲ့တယ်။
ဒီမသေမျိုးနိုင်ငံရဲ့စွမ်းအားက နောက်ပိုင်းပေါ်လာတဲ့ မဟာချန်၊ မဟာယု၊ မဟာရှားနိုင်ငံတွေထက် အများကြီးသာတယ်။ မီးနိုင်ငံမှာ အုပ်ချုပ်ရေးအဖွဲ့အစည်းနှစ်ခုရှိတယ်။ ကောင်းကင်ရုံးတော်နဲ့ ကိုးငရဲတဲ့။
ကောင်းကင်ရုံးတော်က သက်ရှိလောကကိစ္စတွေကို စီမံတယ်။ ကိုးငရဲက မြေအောက်လောကကို အုပ်ချုပ်တယ်။
ကောင်းကင်ရုံးတော်က အမြင့်ဆုံးအဖွဲ့အစည်းပဲ။ သက်ရှိလောကရဲ့ နယ်ပယ်အားလုံးကို ထိန်းချုပ်တယ်။ မသေမျိုးဖြစ်ဖြစ် သေမျိုးဖြစ်ဖြစ် ဘယ်လိုကျင့်စဉ်အဆင့်ပဲဖြစ်ဖြစ် ကောင်းကင်ဥပဒေစည်းမျဉ်းကို လိုက်နာရတယ်။
ကောင်းကင်ရုံးတော်သခင်က ရှေးဟောင်းခေတ်မသေမျိုးလေးယောက်ထဲကမဟုတ်ဘူး။ ရှေးဟောင်းခေတ်မှာ သေဆုံးခဲ့တဲ့ ပါရမီရှင်မိန်းကလေးမသေမျိုးတစ်ယောက်ပါ။ ပြန်လည်မွေးဖွားခြင်းသဘာဝကို သူဖြတ်ကျော်တယ်။
သေခြင်းရှင်ခြင်း မဟာနိယာမစည်းမျဉ်းတွေကို ဆန့်ကျင်တယ်။ ယုံကြည်မှုစွမ်းအားနဲ့ အဓိပဓိမသေမျိုးခန္ဓာကို တည်ဆောက်ပြီး ကောင်းကင်ရုံးတော်သခင်အဖြစ် ပြန်ရှင်သန်လာတဲ့သူပါ"
"ကောင်းကင်ရုံးတော်သခင်က ပြန်ရှင်သန်တယ်တဲ့လား။ စိတ်ဝင်စားစရာပဲ"
ယင်ထန်မသေမျိုး တဟက်ဟက်ရယ်သည်။ တစ်ချိန်တည်းမှာပင် လုယန်၏ပုံပြင်ထဲမှ ကွယ်ဝှက်ထားသည့် သဲလွန်စများကို စဉ်းစားသည်။
ယင်ထန်မသေမျိုး၏အမွေအနှစ်ရှိမည့်နေရာကို မှန်းဆကြည့်သည်။
ထိုနေရာသည် ယင်ယန်ဆုံမှတ်နေရာတွင် ရှိနေသည်ဟု ဆိုလိုသလော...
ယနေ့ခေတ် ယင်ယန်နှစ်မျိုးနှင့် ပတ်သက်သည့်နေရာများတွင် ရှိနေခြင်းလော...
လုယန် ဆက်ပြောသည်။
"ကောင်းကင်ရုံးတော်သခင်က မိုးမြေကိုဖျက်ဆီးနိုင်တဲ့စွမ်းအားရှိတယ်။ ဖြစ်တည်မှုအားလုံးကို ဖျက်ဆီးပြီး အသစ်ကပြန်စနိုင်တယ်။ ယင်ထန်မသေမျိုးတို့ကတောင် ဦးညွှတ်ရိုသေရတယ်။
တစ်နေ့ကျတော့ ဘာကြောင့်မှန်းမသိဘဲ ကောင်းကင်ရုံးတော်သခင်က ကောင်းကင်ရုံးတော်၊ ကိုးငရဲနဲ့ ကျယ်ပြန့်တဲ့မီးနိုင်ငံကို ဖျက်ဆီးဖို့ ရုတ်တရက်ဆုံးဖြတ်ခဲ့တယ်။
ရှေးဟောင်းမသေမျိုးလေးယောက်က မီးနိုင်ငံခေတ်မှာ အဆင့်တက်ခဲ့တဲ့ သမိုင်းမသေမျိုးနဲ့အတူ သူ့ကိုတားဆီးဖို့ကြိုးစားတယ်။ ဒါပေမယ့် အဲဒီ့အချိန်မှာပဲ အချိန်မသေမျိုး ရုတ်တရက်သေသွားတယ်။ ဘယ်သူ့ချလက်ချက်မှန်း မသိရဘူး။
ကျန်တဲ့မသေမျိုးလေးယောက်က အချင်းချင်းမပူးပေါင်းတော့ဘဲ တစ်ယောက်ချင်းစီပဲ တိုက်ခိုက်ကြတယ်။ နောက်ဆုံးတော့ ကောင်းကင်ရုံးတော်သခင်ကို သူတို့အနိုင်မယူနိုင်ခဲ့ဘူး။
ချီလင်မသေမျိုးတောင် နဂါးဘိုးဘေးကိုကာကွယ်ဖို့ ရုံးတော်သခင်နဲ့တိုက်ခိုက်လို့ ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ ယင်ထန်မသေမျိုးလည်း ကောင်းကင်ရုံးတော်သခင်နဲ့ တိုက်ခိုက်ခဲ့တယ်..."
ထိုနေရာတွင် လုယန်ခဏစကားရပ်သည်။
"တိုက်ပွဲက ဘယ်လိုအဆုံးသတ်သွားလဲ"
ယင်ထန် အလောတကြီးမေးလိုက်သည်။ ထိုဇာတ်လမ်းပိုင်းသည် အမွေအနှစ်ရှိသည့်နေရာ၏ သော့ချက်ဖြစ်မည်ဟု သူယူဆသည်။
"ဟုတ်တယ်၊ တိုက်ပွဲက ဘယ်လိုအဆုံးသတ်သွားလဲ"
လုယန်က မပွင့်တပွင့်ပြုံး၍ တမင်တကာ တန်ပြန်မေးခွန်းထုတ်သည်။
နတ်မယ်အော်ပြောသံကို သူတစ်ယောက်သာ ကြားနိုင်သည်။
"ရှောင်ယန်၊ လူတစ်ယောက်လာနေပြီ"
လုယန်က အချက်အလက်ကို တမင်လျှိုထားသဖြင့် ယင်ထန်ဒေါသထွက်သွားပြီး တိုက်ခိုက်ရန်ပြင်သည်။ သို့သော် ရုတ်တရက် သူ့စိတ်ထဲတွင် ပြင်းထန်သည့်အန္တရာယ်အငွေ့အသက်ကို အာရုံခံမိလိုက်သည်။
ကောင်းကင်သို့ ဖျတ်ခနဲမော့ကြည့်သည်။ အနက်ရောင်အလင်းတန်းတစ်ခု ထိုးဆင်းလာသည်။ ကမ္ဘာဖျက်စွမ်းအားမျိုးကို သယ်ဆောင်လာသည်။ ချန်ခွန်အကာအကွယ်ကို ချက်ချင်းထိုးဖောက်သည်။
ထို့နောက် အလင်းတန်းက ရပ်မသွားသေးဘဲ ဆက်၍ထိုးဆင်းလာသည်။
ယင်ထန်နှင့်လုယန်ရှိရာဆီ တည့်တည့်ထိုးဆင်းလာခြင်းဖြစ်သည်။
လုယန်မျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။ ယင်ထန်ကို ခပ်လှောင်လှောင်ကြည့်၍ တီးတိုးပြောသည်။
"နှုတ်ဆက်ပါတယ် ငတုံးရေ"
ယင်ထန်ဒေါသထွက်သွားပြီး လုယန်ကို ချက်ချင်းသတ်ရန်တွေးလိုက်သည်။ သို့သော် အဖျက်စွမ်းအားက မထင်မှတ်ဘဲကျလာသဖြင့် ထိုအတွေးကို အကောင်အထည်မဖော်အားသေးဘဲ စွမ်းအားကုန်သုံး၍ ခုခံကာကွယ်ရသည်။
"ဝင်ခဲ့တော့ ရှောင်ယန်"
နတ်မယ်က လုယန်ကို ချင်ဖုန်းဓားထဲသို့ အမြန်ဆွဲခေါ်သည်။
"ဘုန်း"
အနက်ရောင်အလင်းတန်းက မိုးနှင့်မြေကို ဖျက်ဆီးသည်။ ဖြတ်သွားရာလမ်းတလျှောက် အရာအားလုံး ပျက်စီးပျောက်ကွယ်သွားသည်။ ယင်ထန်ကို တည့်တည့်ထိသည်။ မြေကြီးထဲထိ ကျွံဝင်သွားသည်။ မြေအောက်သို့ မိုင်ပေါင်းထောင်ချီ ထိုးဖောက်သွားသည်။ အောက်ခြေကိုမမြင်ရသည့် တွင်းနက်တစ်ခုဖြစ်ပေါ်လာသည်။
ယင်ထန်မသေမျိုး၏ ဦးခေါင်းထက်တွင် ရွှေရောင်တစ်လုံးပေါ်လာသည်။ ထိုခမောက်လည်း အနက်ရောင်အလင်းတန်းထိသည်။ ခမောက်အနားသပ်များ မည်းနက်သွားသည်။ ကြောက်စရာအဖျက်စွမ်းအားက ဆက်၍ပျံ့နှံ့လာပြီး ရွှေခမောက်တစ်ခုလုံး မျက်တောင်တစ်ခတ်အတွင်း လုံးဝပျောက်ကွယ်သွားသည်။
ဘယ်သူမှမကြုံဖူးသည့် တိုက်ခိုက်စွမ်းအားမျိုးဖြစ်သည်။ ထိုတိုက်ခိုက်မှု ဘယ်ကလာသည်၊ ဘာကြောင့်ယင်ထန်ကို ပစ်မှတ်ထားသည်မသိ။
"လုယန်က ဒီလိုတိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိပါ့မလား"
ဓားကျင့်ကြံသူတစ်ယောက် တီးတိုးရေရွတ်နေသည်။
အားလုံး အသံတိတ်သွားသည်။ ထိုတိုက်ခိုက်စွမ်းအားသည် ကူးဖြတ်ခြင်းအဆင့်ကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသည်။ လုယန်လို ဝိညာဉ်ပြောင်းအဆင့်ဆိုလျှင် ပြောစရာပင်မလိုတော့။
ယင်ထန် အသက်ကိုဝအောင်ရှူရိုက်၍ တွင်းနက်ထဲမှ ပျံထွက်လာသည်။ စူးရဲသည့်မျက်လုံးအစုံဖြင့် ကောင်းာကင်ကိုမေ့ာကြည့်၍ အော်ဟစ်လိုက်သည်။
"မင်းဘယ်သူလဲကွ"
ချန်ခွန်ခွက်၏ အထက်တွင် မြူဆိုင်းနေသည့် သဏ္ဌာန်တစ်ခု ပေါ်လာသည်။ မျက်နှာကို သဲသဲကွဲကွဲမမြင်ရ။ သက်ရှိအားလုံး၏ကံကြမ္မာကို သူ့စိတ်ကြိုက် ဆုံးဖြတ်နိုင်သည့်ဟန်ပန်မျိုးရှိသည်။ သူ့အသံက အေးစက်တင်းမာသည်။
"ငါ့အကြောင်းသိတဲ့လူမှန်သမျှ သေရမယ်"
ဒေါသထွက်နေခဲ့သည့် ယင်ထန် ကြောင်တက်တက်ဖြစ်သွားသည်။
...မင်းက ဘယ်သူလဲ။ ငါဘယ်တုန်းက မင်းအကြောင်းစုံစမ်းခဲ့လို့လဲ...မင်းဘယ်သူမှန်းသိရင် ငါဒီလိုမေးနေပါ့မလား...
သူ့စိတ်ထဲ မေးခွန်းများစွာဝင်လာသည်။ သို့သော် အဖြေတစ်ခုမှ ထွက်မလာ။
"ကောင်းပြီလေ။ သိပ်ကောင်းတာပေါ့။ ငါ့ကိုတစ်ခါအလစ်တိုက်ခိုက်နိုင်ရုံနဲ့ ကိုယ့်ကိုယ်ကိုအဟုတ်ကြီးထင်နေတာလား။ မင်းသေချင်နေပြီနဲ့တူတယ်"
သူအံ့ဩမိသလို ဒေါသလည်းထွက်လာသည်။ ခုနက ရွှေခမောက်ကိုသာ အချိန်မီထုတ်၍ မကာကွယ်ခဲ့လျှင် သူသေသွားနိုင်သည်။ ထို့ကြောင့် သူအံ့ဩသည်။
တစ်ဘက်လူက လုံးဝဆင်ခြင်ဉာဏ်မရှိ။ ဘာအကြောင်းမှလည်းမရှိဘဲ သူ့ကိုတိုက်ခိုက်သည်။ ထို့ကြောင့် သူဒေါသထွက်သည်။
"သန့်စင်ခြင်းတစ်ရာ တင်းပုတ်"
"ကောင်းကင်ဆက်သံချပ်ကာ"
"ဝိညာဉ်ဖျက်လှံရှည်"
မသေမျိုးရတနာများ တစ်ခုပြီးတစ်ခု သူဆင့်ခေါ်သည်။ အရိယဖလမရှိသဖြင့် သူ့ချိုယွင်းချက်များကို အဆင့်မြင့်ရတနာများဖြင့် အစားထိုးဖြည့်ဆည်းသည်။
အစက ထိုရတနာများကို ယင်ထန်မသေမျိုးအစစ်နှင့် တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။ ယခု မြူခိုးကြားမှ မောက်မာနေသည့် ဤမသေမျိုးကို တိုက်ခိုက်ရန် အသုံးဝင်လာသည်။
ယင်ထန်က အကာအကွယ်အပြည့်အစုံ ထုတ်သုံးနေသဖြင့် ပဲပြာအရှင် လှောင်ပြုံးပြုံးလိုက်သည်။
"အတော်ရယ်ရတဲ့ အရူးပဲ"
ဤယင်ထန်မသေမျိုးနှင့် ယင်ထန်အစစ်ကြားတွင် ဘယ်လိုပတ်သက်နေသည်ကို သူမသိ။ သို့သော် ကိစ္စမရှိ။ သူ့အကြောင်းသိသူမှန်သမျှ သေရမည်။
သူ့အကြောင်း ဖော်ကောင်လုပ်ခဲ့သည့်ကောင်လေးလည်း ယခုဘယ်ကိုပျောက်သွာသည်မသိ။ လုံးဝအာရုံခံ၍မရ။ ထူးဆန်းသည်။
"လုယန်"
ယွမ်မုန်မုန်နှင့် ဓားကျင့်ကြံသူများ လုယန်ကို ချက်ချင်းရှာဖွေကြသည်။
ချင်းဖုန်းဓားကမ္ဘာငယ်ထဲရောက်နေသည့်လုယန် သက်ပြင်းတစ်ချက်ချလိုက်သည်။ မြေပေါ်တွင်ထိုင်၍ အသက်ကိုဝအောင်ရှူနေသည်။ အပြင်ဘက်တွင် ယင်ထန်မသေမျိုးကို ပဲပြာအရှင်က နှိပ်ကွပ်နိုင်သည်ကို မြင်ရသဖြင့် သူအတော်စိတ်သက်သာရာရသွားသည်။
"သူရောက်လာလို့ တော်သေးတယ်။ အင်း...ဟုတ်တာပေါ့။ သူဒီနေရာကို ရှာမတွေ့နိုင်လောက်ဘူး"
ပဲပြာအရှင် သူ့ကိုသတ်ရန်ကြိုးစားခဲ့သည့်အဖြစ်ကို သူပြန်စဉ်းစားသည်။ ပဲပြာအရှင် လှုပ်ရှားသည့်ပုံစံကို သူအကြမ်းဖျင်းခန့်မှန်းမိသည်။
သူနှင့်အောင်းလင်း နဂါးပုလဲထဲတွင် ရက်အတော်ကြာ နေခဲ့သည်။ ပဲပြာအရှင် လုံးဝမလှုပ်ရှားခဲ့။ နဂါးပုလဲထဲမှထွက်ပြီး သိပ်မကြာမီ ပဲပြာအရှင်ရောက်လာသည်။
ကမ္ဘာငယ်တစ်ခုခုတွင် ပုန်းနေသူကို ပဲဝါအရှင် အာရုံမခံနိုင်သည့်သဘောဖြစ်သည်။
သူ့ချင်ဖုန်းဓားတွင် ထိုကမ္ဘာငယ်မျိုးရှိနေသည်။
"ချင်ဖုန်းဓားကို ကျေးဇူးတင်ရမှာပဲ"
ချင်ဖုန်းဓားသာမရှိလျှင် ကြောက်စရာကောင်းသည့် အနက်ရောင်အလင်းတန်းကို သူလုံးဝခုခံနိုင်မည်မဟုတ်။ ယခုအချိန် အပြင်ဘက်တွင် သူရှိနေလျှင် ပဲပြာအရှင်က တိုက်ခိုက်နေရင်းတန်းလန်းမှာပင် လက်တစ်ချောင်းလှုပ်လိုက်ရုံဖြင့် သူ့ကိုသတ်ပစ်နိုင်လောက်သည်။
အမှန်တော့ ယင်ထန်၏အမွေအနှစ်ရှိသည့်နေရာကို သူလုံးဝမသိ။ သူသာသိလျှင် အစောကြီးကတည်းကသွားပြီးဖြစ်မည်။
ဆင်ခြေတစ်ခုပြ၍ ယင်ထန်ကို စိတ်ငြိမ်အောင်ထိန်းပြီး ပဲပြာအရှင်ဇာတ်လမ်းကို အချိန်ဆွဲ၍ သူပြောပြခဲ့ခြင်းဖြစ်သည်။
မည်သို့ဆိုစေ ပဲပြာအရှင်ရောက်လာဖို့ အချိန်နည်းနည်းတော့ကြာမည်။ ယင်ထန်ကို ပဲပြာအရှင်အကြောင်း အသိပေးဖို့လိုသလို အချိန်ဆွဲထားဖို့လည်းလိုသည်။
ပဲပြာအရှင်က သူ့အကြောင်းသိသူမှန်သမျှ သတ်ဖြတ်မည်ဖြစ်၍ တစ်ခြားကျင့်ကြံသူများ ထိုဇာတ်လမ်းကိုကြားသွား၍မဖြစ်။
"ကဲ ယင်ထန်အရှင်။ ခင်ဗျားတတ်နိုင်သမျှ အချိန်ကြာကြာတောင့်ခံထားနိုင်ပါစေ"
လုယန် အသံတိတ်ဆုတောင်းလိုက်သည်။
***