ယွမ်မုန်မုန်နှင့် ထာဝရအရှင်တို့ တစ်ယောက်တစ်လှည့် ခန္ဓာကိုယ်ဖောက်ခွဲနေသံများက ကျယ်လောင်လွန်းသဖြင့် လုယန်စိတ်ပျက်လက်ပျက် အော်ဟစ်သံကို သူတို့မကြားကြ။ စိတ်လွတ်ကိုယ်လွတ် လေ့ကျင့်နေကြသည်။
နတ်မယ်ထံမှ လေ့လာရသည်မှာ ကိုယ့်ဘာသာစမ်းတဝါးဝါး နည်းလမ်းရှာနေသည်ထက် ပိုကောင်းသည်ဟု ထာဝရအရှင်ခံစားရသည်။ နတ်မယ်က စကားလုံးနည်းနည်းဖြင့် သူ့ကိုဉာဏ်အလင်းပြနိုင်သည်။
စောစောစီးစီးသာ သင်ခွင့်ရခဲ့လျှင် မဟာယုဒုတိယနိုင်ငံ့ဆရာနှင့် အသေအကြေနွှဲခဲ့စရာမလို။ တိုက်ပွဲစကတည်းက သူသတ်နိုင်ခဲ့လိမ့်မည်။
"ဝုန်း ဝုန်း ဝုန်း"
မသေမျိုးတစ်ဝက်နှစ်ယောက် ခန္ဓာကိုယ်ဖောက်ခွဲပညာကို တဖြေးဖြေးကျွမ်းကျင်လာသလို အဆက်မပြတ်ပေါက်ကွဲမှုကြောင့် ကမ္ဘာငယ်လည်း တုန်ခါလာသည်။
ဖောက်ခွဲမှုများ ငါးရက်ဆက်တိုက်ကြာခဲ့ပြီဖြစ်သည်။
ထိုငါးရက်အတွင်း လုယန်လည်း ခုနစ်စဉ်ကြယ်ဓားစုကို အကြောင်းပြု၍ မွေခံဓားပေါ်တွင် သခင်တံဆိပ်ခတ်နှိပ်နိုင်ခဲ့သည်။
သစ်သားကိုယ်ပွားတစ်ခုဖန်တီးပြီး မွေခံဓားကိုပေးသည်။ သူကိုယ်တိုင်က ချင်ဖုန်းဓားကိုကိုင်၍ ဓားရေးလေ့ကျင့်ကြသည်။ မွေခံဓား၏ခံစားချက်နှင့် ရင်းနှီးလာစေရန် ကြိုးစားသည်။
မိုင်ငါးဆယ်အကွာတွင် ခန္ဓာကိုယ်ဖောက်ခွဲလေ့ကျင့်နေသည့် မသေမျိုးတစ်ဝက်နှစ်ယောက်နှင့်ယှဉ်လျှင် လုယန်၏ ဓားသိုင်းဟန်များက ပိုကြည့်ကောင်းသည်။
မိန်ယွဲ့ဓားနှင့်ယှဉ်လျှင် မွေခံဓားက ပိုပေါ့ပါးသည်။ ပိုထက်မြက်သည်။ သိစိတ်ဝိညာဉ်နည်းသဖြင့် ထိန်းချုပ်ကိုင်တွယ်ရ ပိုလွယ်ကူသည်။
"တကယ်ကောင်းတဲ့ဓားပဲ"
လုယန် ပြုံးပျော်နေသည်။ ဓားကျင့်ကြံသူဖြစ်၍ ဓားကိုသူနှစ်ခြိုက်သည်။ အထူးသဖြင့် အရည်အသွေးမြင့်သည် မွေခံဓားလို ဓားမျိုးကိုသဘောကျသည်။
မသေမျိုးလက်နက်များအပေါ် လုယန်မီခိုစိတ်ဝင်မလာစေရန် မွေခံဓားကိုလည်း ယွမ်ကျိက အလွှာလိုက်ချိတ်ပိတ်ထားသည်။ လက်ရှိမွေခံဓားသည် လုယန်နှင့် သင့်တော်သည့်အဆင့်မျိုးဖြစ်သည်။
ယွမ်မုန်မုန်နှင့် ထာဝရအရှင်တို့လည်း ပညာလေ့လာကြပြီးနောက် ကမ္ဘာငယ်ကို မူလအနေအထားတိုင်းဖြစ်အောင် မြေကိုပြင်၍ သစ်ပင်များစိုက်ကြသည်။
ယွမ်မုန်မုန်က မကြာခဏ သစ်ပင်များလှဲချမိတတ်သဖြင့် ဇာတိမြေတွင် သစ်ပင်စိုက်ပညာကို သင်ထားပြီးဖြစ်သည်။
ထာဝရအရှင်ကလည်း ထာဝရဂိုဏ်းဝင်အားလုံး၏မှတ်ဉာဏ်များ ပိုင်ဆိုင်သူဖြစ်၍ ထိုပညာကိုတတ်ကျွမ်းသည်။
နတ်မယ်ပင် သင်ပေးစရာမလို။
နောက်ထပ်နေ့တစ်ပိုင်းကြာအောင် ကမ္ဘာငယ်ကို ပြုပြင်ရှင်းလင်းကြသည်။ သူတို့လက်ရှိကျင့်စဉ်အဆင့်အရ ထိုအလုပ်များကို မြန်မြန်ပြီးအောင်လုပ်နိုင်သည်။ သို့သော် ဒုခေါင်းဆောင်က ခပ်တင်းတင်းကြည့်နေသဖြင့် သေချာစစ်ဆေးပြီး ပြုပြင်ကြရခြင်းဖြစ်သည်။
ကမ္ဘာငယ် မူလအတိုင်းပြန်ဖြစ်ပြီးနောက် လုယန်စိတ်ကျေနပ်သွားသည်။
"လောလောဆယ် ဒီလောက်ပဲနားရအောင်။ နင်တို့က အခြေခံအဆင့်ပဲရှိသေးတော့ စိတ်ရှိသလို ခန္ဓာမဖောက်ခွဲနိုင်သေးဘူး။ တစ်ကြိမ်နဲ့တစ်ကြိမ် ဖောက်ခွဲတဲ့ကြားမှာ အချိန်နည်းနည်းယူရသေးတယ်။
တိုက်ပွဲအတွေ့အကြုံများတဲ့ ရန်သူမျိုးနဲ့ကြုံရင် နင်တို့အခက်တွေ့နိုင်သေးတယ်"
လေ့ကျင့်မှု မလွန်ကဲသင့်ကြောင့်း ဆက်တိုက်ဖောက်ခွဲနေ၍လည်း သိပ်အကျိုးမရှိကြောင်း နတ်မယ်ကရှင်းပြသည်။
"ဟုတ်ကဲ့"
ကမ္ဘာငယ်မှ ပြန်ထွက်လာပြီးနောက် ထာဝရအရှင်က အသားကင်ဆိုင်တွင် နေခဲ့သည်။ လုယန်နှင့်ယွမ်မုန်မုန်က ဆိုင်မှထွက်ခဲ့ကြသည်။
ညနေချိန်ဖြစ်၍ ဈေးလမ်းတွင် လူအစည်ဆုံးအချိန်ဖြစ်သည်။ ဈေးဆိုင်ျားဆီမှလွင့်ပျံလာသည့် အစားအသောက်နံ့ကြောင့် ယွမ်မုန်မုန်မျက်လုံးများ အရောင်လက်လာသည်။
ယွမ်မုန်မုန်တွင် ကျိုးဆောင်မှတ်များမရှိသဖြင့် ရှုပြည်နယ်မှာကဲ့သို့ပင် လုယန်ကသာ သူ့ကိုအဖော်ပြု၍ အစားအသောက်များ ဝယ်ပေးရသည်။
သူတို့နှစ်ယောက်ကို ဈေးလမ်းလမ်းမှ လူအတော်များများ အာရုံစိုက်နေကြသည်။ ယွမ်မုန်မုန်ကို တစ်ခါမှမမြင်ဖူးကြသောကြောင့်ဖြစ်သည်။
"လောင်လု၊ မင်းဒီမှာ ဘာတွေလုပ်..."
မုန်ကျင်းကျိုးက လမ်းတစ်ဘက်မှလျှောက်လာပြီး နှုတ်ဆက်ရန်ပြင်ချိန်တွင် လုယန်နှင့်ပြောဆိုရယ်မောနေသည့် မိန်းမလှကိုသတိထားမိသွားသည်။
...ငါနေ့တိုင်း ဘိုးဘေးရဲ့လမ်းညွှန်မှုနဲ့ ပင်ပင်ပန်းပန်းလေ့ကျင့်နေတဲ့အချိန်မှာ မင်းကမိန်းမလှတွေနဲ့ တစ်နေကုန်လျှောက်သွားနေတယ်ပေါ့..
"ဟေ့ လောင်မုန်၊ ပြန်ရောက်ပြီလား။ မင်းလည်း ဝိညာဉ်ပြောင်းအဆင့်ကို ရောက်နေပြီပေါ့"
လုယန်လည်း မုန်ကျင်းကျိုးကိုမြင်သဖြင့် ပုံမှန်အတိုင်း နှုတ်ဆကလိုက်သည်။
မုန်ကျင်းကျိုးက ခပ်ကြွားကြွားပြုံး၍
"ဝိညာဉ်ပြောင်းအဆင့်ဆိုတာ အေးဆေးပါကွာ။ ဒါနဲ့ သူကဘယ်သူလဲ"
"ယွမ်မုန်မုန်တဲ့။ အမယွမ်ရဲ့သူငယ်ချင်းပါ"
မုန်ကျင်းကျိုး ခဏမင်သက်မိသွားသည်။
ယွမ်မုန်မုန်...
သို့ဆိုလျှင် ယွမ်ကျိက သူ့သူငယ်ချင်းနာမည်ကို နာမည်တုအဖြစ် သုံးနေခြင်းဖြစ်သည်။
"အကိုကြီး၊ ဒါကဘယ်သူလဲ"
"ငါ့ညီပါ၊ မုန်ကျင်းကျိုးတဲ့"
မုန်ကျင်းကျိုး နောက်တစ်ကြိမ်ဆွံ့အသွားပြန်သည်။ ယွမ်မုန်မုန်က အကိုကြီးဟု ခေါ်နေသည်။ ထိုနှစ်ယောက် ဘယ်လိုပတ်သက်နေသည်မသိ။
သို့မဟုတ် ထိုယွမ်မုန်မုန်သည် အသက်နှစ်ဆယ်ပင်မပြည့်သေးခြင်းလော...
တစ်နှစ်ကျော်လောက်သာ ဂိုဏ်းမှသူထွက်သွားခဲ့သော်လည်း အခြေအနေအားလုံးက ပြောင်းလဲသွားသယောင်ထင်ရသည်။
သုံးယောက်သား စားသောက်ဆိုင်တစ်ခုတွင် ဝင်ထိုင်ကြသည်။ အစားအသောက်ကောင်းတစ်ချို့မှာ၍ မုန်ကျင်းကျိုးက ဧည့်ခံသည်။
"ဓားမျှော်စင် ပျက်စီးသွားတဲ့သတင်း ငါကြားတယ်။ အဲဒါ မင်းနဲ့ပတ်သက်နေတယ်မဟုတ်လား"
"ပေါက်တတ်ကရတွေမပြောစမ်းပါနဲ့။ ငါက ဓားပွဲတော်တက်ဖို့သွားတာပါ။ ဓားမျှော်စင်ပျက်စီးတာက မသေမျိုးတွေ တိုက်ခိုက်ကြလို့ပါ။ အဲဒါငါနဲ့ဘာဆိုင်လို့လဲ"
လုယန်က အခိုင်အမာပြန်ပြောသည်။
မုန်ကျင်းကျိုး နှာခေါင်းရှုံ့သည်။ လုယန်စကားကို သူမယုံ။ မသေမျိုးနှစ်ယောက် ဓားမျှော်စင်တွင် တိုက်ခိုက်ကြသည့်သတင်း၊ လုယန်က ဓားမေးမြန်းပွဲတွင် အနိုင်ရခဲ့သည့်သတင်းများ အပြင်လောကတွင် ပျံ့နှံ့နေသည်။
ထိုအခြေအနေနှစ်ခု အဆက်အစပ်မရှိသယောင် ထင်ရသော်လည်း လုယန်နှင့် သေချာပေါက်ပတ်သက်ကြောင်း သူကောင်းကောင်းသိသည်။
ဟန်လုပ်၍ သူရယ်လိုက်သည်။
"ဒီတစ်ခါ ရွှေစီးပွားကုန်သည်အသင်း ဘယ်လောက်အထိနာသွားလဲ မင်းမသိဘူးမဟုတ်လား"
"ကုန်သည်အသင်း..."
လုယန် တွေးရကြပ်သွားသည်။ ထိုကိစ္စနဲ့ ကုန်သည်အသင်းဘာဆိုင်သနည်း..
"မင်းမသိဘူးမဟုတ်လား။ ဓားမျှော်စင်သခင်က မျှော်စင်အတွက် ကုန်သည်အသင်းကနေ အာမခံစာချုပ်တစ်ခုဝယ်ထားတာလေ။ ဓားမျှော်စင်ပျက်စီးတော့ ကုန်သည်အသင်းက အာမခံလျော်ကြေးထုတ်ပေးရတာပေါ့။
လျှော်ကြေးက အရမ်းများတာ။ ရှုပြည်နယ်က ကုန်သည်အသင်းခွဲဥက္ကဌ စိတ်သောကရောက်ပြီး အိပ်ရေးပျက်လို့ ပိန်ကျသွားတယ်တဲ့။
စာချုပ်စည်းမျဉ်းအရ လူသားတွေကြောင့် မျှော်စင်ပြိုကျတာဆိုတော့ သူတို့အာမခံကြေးထုတ်ပေးရတယ။ ပြီးမှ လျော်ကြေးပြန်တောင်းဖို့ တာဝန်ရှိတဲ့လူကို သွားရှာရမှာ။ ဒီတစ်ခါ သူတို့သွားရှာရဲမလား ကြည့်ရဦးမှာပေါ့"
ကုန်သည်အသင်းအနေဖြင့် ပဲပြာအရှင်ကိုသွားတွေ့လျှင် ရူးနေ၍သာဖြစ်မည်။
"ဒါနဲ့ ဓားမျှော်စင်ပြဿနာထဲမှာ ဒီယွမ်မုန်မုန်..အဲ..ဒီအမရောပါလား"
ယွမ်မုန်မုန်ကို မုန်ကျင်းကျိုး ဘယ်လိုခေါ်ရမှန်းမသိဖြစ်နေသည်။
"ပါတယ်လေ"
မုန်ကျင်းကျိုး နားလည်သွားသည်။
"ဒါဆိုသူက ယွမ်ကျိဆိုတဲ့နာမည်ပြောပြီး လျိုနင်ရွှမ်းနဲ့ တိုက်ခိုက်ခဲ့တာပေါ့။ အခု အပြင်လောကမှာ အမယွမ်က ကူးဖြတ်ခြင်းအဆင့် ဒါမှမဟုတ် မသေမျိုးတစ်ဝက်အဆင့်ရောက်နေပြီလိလု့ ပြောနေကြတာ မဆန်းတော့ပါဘူး"
ဓားမျှော်စင်တိုက်ပွဲကြောင့် လျှို့ဝှက်သတင်းများစွာ ပေါ်လာသည်။ လူအမျိုးမျိုးလက်ဆင့်ကမ်းပြောပြီးမှ မုန်ကျင်းကျိုး ကြားခဲ့ရသဖြင့် ဇာတ်လမ်းကလည်း ကွဲပြားနေသည်။ တကယ်ပါဝင်ပတ်သက်သူကို မေးမှသာ အဖြစ်အပျက်ကို အမှန်အတိုင်းသိနိုင်မည်။
"ဘိုးဘေးမုန်ကျန်းဇီက မင်းကို ဘယ်လိုတွေလေ့ကျင့်ပေးလဲ"
လုယန် မေးလိုက်သည်။
မုန်ကျင်းကျိုးမျက်နှာတွင် ထိတ်လန့်ရိပ်ပေါ်လာသည်။ မနှစ်မြို့စရာအတိတ်အကြောင်းကို ပြန်ပြောချင်ပုံမပေါ်။
ခဏစကားပြောကြပြီးနောက် လုယန်နှင့်ယွမ်မုန်မုန်တို့ ကောင်းကင်ဂိတ်တောင်ထိပ်သို့ပြန်သည်။
"ပြန်လာပြီလား"
ယွမ်ကျိက အင်ပါယာထိုင်ခုံတွင် ထိုင်နေသည်။ သူတို့ကို စောင့်နေဟန်ရှိသည်။
"အမယွမ်က...ကျုပ်တို့ကိုစောင့်နေတာလား"
"ဝူယော်က နေကိုဘယ်လိုချိတ်ပိတ်ခဲ့သလဲဆိုတာ ကွမ်းရှန်ဟိုင်က ငါ့ကိုရှင်းပြပြီးပြီ။ ချိတ်ပိတ်မှော်စက်ဝန်းကို ဘယ်လိုချိုးဖျက်ရမယ်ဆိုတာလည်း ပြောပြတယ်။ ငါအခု အဲဒီ့မှော်စက်ဝန်းကို သွားဖျက်မလို့။ မင်းလိုက်ကြည့်ချင်လား"
တစ်နှစ်ကျော်နှိပ်စက်ခံရပြီးနောက် ကွယ်ရှန်ဟိုင် ဆက်တင်းမခံနိုင်တော့ဘဲ အရေးကြီးသည့် သတင်းအချက်အလက်အလက်တစ်ချို့ကို ထုတ်ပြောလာသည်။ ထိုသို့ထုတ်မပြောလျှင် ယွမ်ကျိက ဝိညာဉ်မှတ်ဉာဏ်ရှာဖွေတော့မည်ကို သူနားလည်သည်။
လုယန်မျက်လုံးများ အရောင်လက်သွားသည်။ နှစ်ပေါင်းသိန်းချီအတွင်း မြင်ရခဲသည့် မြင်ကွင်းမျိုးဖြစ်၍ သူကြည့်ချင်သည်။
"သွားကြမယ်လေ"
"ကျွန်မလည်း အကိုကြီးနဲ့အတူလိုက်မယ်"
ယွမ်မုန်မုန်က ဝင်ပြောသည်။
***