ပဲပြာအရှင်ချန်ခဲ့သည့်စာကိုကိုင်ရင်း ယွမ်ကျိ အတွေးနစ်နေသည်။
"ပဲပြာမသေမျိုးက သူ့အကြောင်းသိလူတွေကို ချက်ချင်းသတ်တယ်။ ဒါပေမယ့် အောင်းလင်းနဲ့ ရှောင်လုကို သတ်ဖို့မကြိုးစားတော့ဘူး။ အောင်းလင်းကိစ္စကတော့ ရှင်းတယ်။ မီးနိုင်ငံမှာ ပဲပြာက သူ့ကိုသတ်ဖို့ကြိုးစားတော့ နဂါးလက်ကောက်က ခုခံကာကွယ်ခဲ့တယ်။
အခု လက်ကောက်က စွမ်းအားပြည့်သွင်းထားတယ်။ လေဟာနယ်ကို ကူးဖြတ်နိုင်တယ်။ အလစ်တိုက်ခိုက်တာပဲဖြစ်ဖြစ် ထောင်ချောက်ဆင်တာပဲဖြစ်ဖြစ် အောင်းလင်းကိုသတ်ဖို့ခက်ခဲမှန်း သူသိလို့ပဲ။
ဒါပေမယ့် ဘာလို့ရှောင်လုကို ဆက်ဒုက္ခမပေးတာလဲ။ သူ့ကို တန်ပြန်တိုက်ခိုက်ခံရမယ်ဆိုတာ သိနေလို့လား"
ယွမ်ကျိ ခဏစဉ်းစားပြီးနောက် ထိုစိတ်ကူးကို ပယ်လိုက်သည်။ ရှောင်လုသာ အန္တရာယ်များမှန်းသိလျှင် ဓားမျှော်စင်တွင် သူလှုပ်ရှားခဲ့မည်မဟုတ်။
"အရင်က နတ်မယ်ရဲ့ကံကြမ္မာကို အမွေခံထားလို့ အန္တရာယ်ကို အလိုလိုရှောင်နိုင်တဲ့သဘောလား။ ဓားမျှော်စင်မှာတုန်းက သူသာ ရှောင်လုကိုအရင်ခေါ်ထုတ်ပြီး ယင်ထန်ကိုအလောင်းကို နောက်မှစာရင်းရင် သူကံဆိုးခဲ့မှာ။
ဟုတ်တယ်၊ အဲဒါပဲဖြစ်မယ်။ အတိတ်ကနတ်မယ်ရဲ့ ကံကြမ္မာကို သူရထားတာ။ ဒါဟာ သာမန်ကိစ္စမဟုတ်ဘူး"
သူ့ခန့်မှန်းချက်ကို စမ်းသပ်ရန် လေးယောက်မြောက်အကျဉ်းသားကို ခေါ်လာပြီး သူ့ဘေးတွင် လျှို့ဝှက်ကမ္ဘာငယ်တစ်ခု ဖန်တီး၍ ပုန်းနေလိုက်သည်။
ပုံမှန်သဘောအရ ပဲပြာအရှင်သည် သူရှိနေသည်ကို အာရုံခံနိုင်မည်မဟုတ်။ သို့သော် သူကမ္ဘာငယ်ထဲ ပုန်းနေချိန်တစ်လျှောက်လုံး ပဲပြာအရှင်က လုံးဝမလှုပ်ရှား။
ကမ္ဘာငယ်မှထွက်၍ အဝေးတစ်နေရာသို့ရောက်မှသာ ပဲပြာက အကျဉ်းသားကိုသတ်သည်။
"ဒါက ကံကြမ္မာနဲ့ဆိုင်တဲ့ ကိစ္စပဲ"
ယွမ်ကျိ ကောက်ချက်ချလိုက်သည်။
"ပဲပြာအရှင်ကို ရှင်းထုတ်ချင်ရင် သူ့ထက်ကံကြမ္မာပိုအားကောင်းတဲ့လူကို အားကိုးဖို့ပဲရှိတယ်"
ယွမ်ကျိ ပဲပြာအရှင်ကိစ္စ အရေးမစိုက်တော့ဘဲ တောင်တန်းမှထွက်သွားသည်။
နေစွမ်းအားမြင့်တက်လာသည်ကိုသာ လောကကြီးကသိကြသည်။ သို့သော် အကြောင်းရင်းကို သိသူရှားသည်။
ထို'ရှား'သူများထဲတွင် နေမင်းဂိုဏ်းလည်းပါသည်။
"နေစွမ်းအားမြင့်တက်လာတာ မှော်စက်ဝန်းတစ်ခု ပွင့်သွားလို့ပဲဖြစ်ရမယ်"
နေမင်းဂိုဏ်းအကြီးအကဲများ ဝမ်းသာနေကြသည်။ သို့ဆိုလျှင် နေမင်းက သူတို့အားထုတ်နေသည့် နေစွမ်းအင်လုပ်ငန်းကို အသိအမှတ်ပြုသည့်သဘောဖြစ်သည်။
စွမ်းအားမြင့်သူတစ်ယောက်က နေမှော်စက်ဝန်းကို ချိုးဖျက်လိုက်သည်က သေချာသည်။ သို့သော် ပြဿနာလည်းရှိသည်။ ဘာကြောင့် မှော်စက်ဝန်းကို သူတို့နေစွမ်းအင်ထုတ်ကုန်လုပ်ငန်း အရှိန်မြှင့်ချိန်တွင် ဖွင့်လိုက်သနည်း။
လောကတွင် တိုက်ဆိုင်မှုဆိုသည်မှာမရှိ။ ကောင်းကင်ဆန္ဒတစ်ခုတော့ အမြဲပါသည်။
"ဒါဟာ ကောင်းကင်ဆန္ဒပဲ။ နေစွမ်းအင်လုပ်ငန်းကို စိတ်နှစ်ကိုယ်နှစ်လုပ်ဖို့ နေမင်းက ငါတို့ကိုပြောနေတာ"
မြို့တ်ောထဲတွင် ဈေးကွက်စုံစမ်းမှုများ ချောမွေ့စွာပြီးသွားပြီး အသက်အန္တရာယ်များ ရင်ဆိုင်ခဲ့ရသော်လည်း မူပိုင်ယိ၏ဆွဲဆောင်မှုကြောင့် ဂိုဏ်းနှစ်ခု နေစွမ်းအင်ပစ္စည်းများ စတင်ထုတ်လုပ်ရန် သဘောတူညီချက်ရလာသည်။ နန်းမြို့တော်တွင် ဈေးကွက်စဖြန့်ကြမည်ဖြစ်သည်။
ယခုသူတို့ထုတ်လုပ်သည့် ပစ္စည်းများကြားတွင် နေစွမ်းအင်မီးအိမ်များ၊ နေစွမ်းအင်ရေနွေးစက်များ များစွာပေါ်ပြူလာဖြစ်သည်။
"ပြန်စဉ်းစားကြည့်ရင် နေမီးအိမ်တွေ အောင်အောင်မြင်မြင့်ဈေးကွက်ဖြန့်နိုင်တာ ဖယောင်းတိုင်တွေအများကြီး ထူးထူးဆန်းဆန်းဝယ်သွားတဲ့လူရဲ့ ကျေးဇူးကြောင့်ပဲ။ ဈေးကွက်လိုအပ်ချက် အများကြီးမြင့်တက်လာတယ်။ ဒါကြောင့် သာမန်လူတွေက စမ်းသုံးတဲ့အနေဖြင့် နေစွမ်းအင်ထုတ်ကုန်တွေကို ဝယ်ကြတာ"
နေမင်းဂိုဏ်းအဆင့်မြင့်ဂိုဏ်းဝင်တစ်ယောက်က သုံးသပ်သည်။ သူတို့လုပ်ငန်း တကယ်အချိန်အခါကိုက်ဖြစ်နေသည်။
အရင်က နေမင်းဆီရောက်ဖို့ နေ့စဉ်ကြိုးစားရင်း ဂိုဏ်းဝင်များစွာ သေဆုံးခဲ့ကြရသည်။ ယခု နေစွမ်းအင်လုပ်ငန်းဖွံ့ဖြိုးလာသဖြင့် အရာအားလုံးတိုးတက်လာသည်။
"ပြီးတော့ ကိုးငရဲဂိုဏ်းကလည်း ငါတို့နဲ့အလေးအနက်ထားပြီး ပူးပေါင်းတယ်။ ငါတို့ထုတ်ကုန်တွေကို ဈေးကွက်မြှင့်ဖို့ ကြိုးစားကြတယ်"
ဂိုဏ်းချုပ် ချီတာဖန်းက ပြောသည်။ အထူးသဖြင့် မူပိုင်ယိနှင့် ကျောက်ရိုးတို့က ဈေးကွက်ကို မနားတမ်းလေ့လာခဲ့သည်။ အိပ်မက်ရေပွက်ကိုသုံး၍ အမြန်နှုန်းမြှင့် ကြော်ငြာပေးခဲ့သည်။
နတ်ဆိုးဂိုဏ်းနှစ်ခုကြား စိတ်ရင်းဖြင့်ပူးပေါင်းမှုမျိုး အရင်ကလုံးဝမရှိခဲ့ဖူး။
'နေမင်းမှော်စက်ဝန်းပွင့်တဲ့ကိစ္စက ရှေးဟောင်းကောင်းကင်ရုံးတော်နဲ့များ ပတ်သက်နေမလား'
ဂိုဏ်းချုပ်ချီစိတ်ထဲ ထိုအတွေး ရုတ်တရက်ဝင်လာသည်။
သက်သေတော့မရှိ။ သို့သော် ထိုအတွေးက သူ့ခေါင်းထဲ တဖြေးဖြေးခိုင်မာလာသည်။
ကောင်းကင်ရုံးတော်နှင့် စောစောပူးပေါင်းခဲ့ခြင်းသည် တကယ်ကံကောင်းသည်ဟု တွေးမိသည်။ ကောင်းကင်ရုံးတော်အကူအညီကြောင့် နေမင်းဂိုဏ်းအပေါ် သူ့လွှမ်းမိုးနိုင်မှုလည်း တဖြေးဖြေးကြီးထွားလာသည်။
ယခု နေမင်း၏ပထမမှော်စက်ဝန်းပွင့်သွားသဖြင့် နေမင်းဂိုဏ်းတပည့်အားလုံး၏စွမ်းအားလည်း များစွာတိုးပွားလာသည်။ သူသည်ပင် ကူးဖြတ်ခြင်းအဆင့်သို့ တက်နိုင်တော့မည်ဟု ခံစားနေရသည်။
"နင်က အမယွမ်နေတဲ့ ဇာတိမြေကပဲလား"
ကန်ထန်က ယွမ်မုန်မုန်ကို လှည့်ပတ်ကြည့်၍ စိတ်ဝင်တစားမေးသည်။ မျက်လုံးကို အဝတ်နက်ဖုံးထားသဖြင့် ဘာမှမမြင်နိုင်သော်လည်း မြင်ရသည်နှင့် ဘာမှမခြား။
ဂီတတာအိုတွင် ဉာဏ်အလင်းရှာရန် သူအပြင်လောကသို့ ထွက်ခဲ့သည်။ ယခုသူပြန်ရောက်ချိန်တွင် ကောင်းကင်ဂိတ်တောင်ထိပ်၌ လူသစ်တစ်ယောက် ရောက်နေသည်ကို တွေ့ရသည်။
သေချာမေးကြည့်မှ အမှန်တကယ် အမယွမ်နှင့်ဇာတိမြေအတူတူဖြစ်ကြောင်း သိရသည်။
အမယွမ်က သူ့ဇာတိမြေအကြောင်း ပြောလေ့မရှိ။ လျှို့ဝှက်မြေတစ်ခုတွင် မွေးဖွားခဲ့ပြီး သူ့ဆရာဝစီပိတ်က ခေါ်ထုတ်လာကြောင်းသာ သူသိထားသည်။ ထို့ပြင် ဘာမှမသိ။
"ကဲ ပြောပြပါဦး။ အမယွမ်ရဲ့ဇာတိမြေက ဘယ်မှာလဲ။ ဘယ်လိုနေရာမျိုးလဲ"
ကန်ထန်က မေးသည်။ သူ့လေသံက ဗျတ်စောင်းတီးနေချိန်လို တည်ငြိမ်မှုမရှိ။
လုယန်လည်း ဘာမှမပြောဘဲ ဘေးမှရပ်ကြည့်နေသည်။ သူလည်း အမယွမ်၏ နောက်ခံအကြောင်းကို သိချင်သည်။
သို့သော် အမယွမ်ဒေါသဖြစ်မည့် အရှက်ရစရာကိစ္စများကိုတော့ မသိချင်။
ယွမ်မုန်မုန်က ခေါင်းခါသည်။ ပြောလိုဟန်တူသော်လည်း ပါးစပ်အတင်းပိတ်ထားသည်။ လျှို့ဝှက်မြေအကြောင်း ဘယ်သူ့ကိုမှမပြောရဟု ရှောင်ကျိက သတိပေးထားသည်။ အထူးသဖြင့် နတ်မယ်နှင့် ရှောင်လုကိုမပြောရဟုဆိုသည်။
"ကဲပါ ညီမမုန်မုန်၊ ပြောပြလိုက်ပါ"
လုယန်က ညင်သာစွာတိုက်တွန်းသည့်စကားကြောင့် ယွမ်မုန်မုန် တစ်ချက်တွေသွားသည်။ သို့သော် သူ့စိတ်ဓာတ်က ခိုင်မာသည်။ ဘာမှမပြော။ လုယန်နှင့်ကန်ထန် အကြပ်ရိုက်သွားသည်။
"ရှောင်လု၊ ဓားမျှော်စင်မှာ ပြဿနာဖြစ်ခဲ့တယ်လို့ကြားတယ်။ မင်းတို့အဆင်ပြေရဲ့လား"
ရုတ်တရက် အချိန်အတော်ကြာမကြားခဲ့ရသည့် စကားသံတစ်ခု ပေါ်လာသဖြင့် လုယန်ရောကန်ထန်ပါ လန့်ဖျတ်သွားကြသည်။
သူတို့ဆရာ တာအိုရှင်ဝစီပိတ်...
ပြန်မလာသည်မှာ နှစ်နှစ်ကြာပြီဖြစ်သည်။
နတ်ဆိုးနယ်မြေတွင် ဝစီပိတ်နေခဲ့သည်။ ဓားမျှော်စင်သတင်းကို ကြားသည်။ လုယန်က ယင်ထန်မသေမျိုးကို အချိန်ဆွဲ၍ ထိန်းထားခဲ့ကြောင်းကြားသည်။ နောက်ပိုင်း မသေမျိုးနှစ်ယောက် တိုက်ခိုက်ကြသည်။ ထို့နောက် လုယန် သတိလစ်လဲကျသွားသည်ဟု ဆိုသည်။ ထို့ကြောင့် သူချက်ချင်း ပြန်လာခဲ့သည်။
သူယခု ကူးဖြတ်ခြင်းအဆင့်ရောက်နေပြီဖြစ်၍ အရင်က သူ့ကိုတိုက်ခိုက်လိုသည့် လူအတော်များများ လာမရှာကြတော့။ အပြန်ခရီးက ချောမွေ့သည်။
ချုန်းချီခေါင်းဆောင်ကျင်းချွဲ့လည်း သူနှင့်အတူမနေတော့။ နေစွမ်းအင်မီးအိမ်များ ခေတ်စားလာသဖြင့် သူတို့ဝယ်ထားသည့် ဖယောင်းတိုင်များကို လျှော့ဈေးဖြင့်သာ ရောင်းရသည်။ အကြီးအကျယ် အရှုံးပေါ်သည်။
ထိုကိစ္စဖြေရှင်းဖို့ ကျင်းချွဲ့က သူနှင့်အတူမနေနိုင်တော့ဘဲ ချုန်းချီမျိုးနွယ်ဆီ အမြန်ပြန်သွားရသည်။
ဝစီပိတ်ကောင်းကင်ဂိတ်တောင်ထိပ်တစ်ဝက်သို့ ရောက်ချိန်တွင် ရုပ်သွင်ကိုမမြင်ရသေးသောလည်း တောင်ထိပ်တွင် လုယန်၏စွမ်းအင်ရောင် လှုပ်ရှားနေသည်ကို အာရုံခံမိသည်။ ထို့ကြောင့် စိတ်သက်သာရာရသွားသည်။
"ရှောင်လု၊ မင်းအဆင်ပြေတာမြင်ရတာ ဝမ်းသာပါတယ်ကွာ"
ဝစီပိတ် တောင်ထိပ်သို့ရောက်လာသည်။ သို့သော် နောက်ထပ်စကားမပြောနိုင်မီ မြန်ဆန်သည့်တိုက်ခိုက်မှုတစ်ခု သူ့ဆီပြေးဝင်လာသဖြင့် အမြန်ရှောင်တိမ်းလိုက်ရသည်။
"ရှောင်ကျိကိုခေါ်သွားတာ ရှင်ပဲ။ ဒါတောင် ရှင်ကမျက်နှာလာပြရဲသေးတယ်ပေါ့"
ဝစီပိတ်ကိုမြင်သည်နှင့် ယွမ်မုန်မုန် ဒေါသမထိန်းနိုင်တော့ဘဲ ချက်ချင်းတိုက်ခိုက်သည်။
ဝစီပိတ်သာ ပေါ်မလာလျှင်၊ ရှောင်ကျိကို အပြင်လောက၏ဆန်းကျယ်မှုများကိုသာ ပြောမပြခဲ့လျှင်၊ လျှို့ဝှက်မြေမှ ရှောင်ကျိထွက်သွားမည်မဟုတ်။ သူနှင့်ရှောင်ကျိ နှစ်ပေါင်းရာချီ ခွဲခဲ့ရမည်မဟုတ်။
မုန်စရာကောင်းသည့်လူ...
ဝစီပိတ် အခြေအနေကို သေချာနားမလည်တော့။ ဘာကြောင့် ကိုယ်မြေပေါ်ပြန်ရောက်မှ အလစ်တိုက်ခိုက်ခံရသည်မသိ။
ကောင်းကင်ဂိတ်တောင်ထိပ်တွင် သူ့ကိုအလစ်တိုက်ခိုက်ရလောက်အောင် ဘယ်သူအတင့်ရဲနေသနည်း...
***