မဟာအကြီးအကဲသည် တာအိုရှင်ဝစီပိတ်ထက်ပို၍ လူခင်လူမင်ပေါ်များသည်။ သူ့အဆင့်တက်ပွဲကို ဂိုဏ်းတစ်ခုလုံး ပျော်ရွှင်စွာအောင်ပွဲခံကြသည်။
သုံးရက်ကြာပြီးနောက် ဂုဏ်ပြုပွဲက မှေးမှိန်သွားသည်။
"ဒါဆို ဒဏ္ဍာရီမွေခံဓားဆိုတာ အဲဒါလား"
ဝစီပိတ်က မွေခံဓားကိုပွတ်သပ်ရင်း လက်ကမချနိုင်အောင်ဖြစ်နေသည်။ သူ့တပည့်သည် တကယ်စွမ်းဆောင်ရည်ကောင်းသည်။ အရင်က ဓားရတနာတိုက်တွင် မွေခံဓား၏အသိအမှတ်ပြုမှုရဖို့ သူကြိုးစားခဲ့ဖူးသည်။ သို့သော် မအောင်မြင်ခဲ့။ ထိုထက်အဆင့်နိမ့်သည့် ဝိညာဉ်ဓားကိုသာ ရခဲ့သည်။
ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုရှိသည့် လုယန်၏ချင်ဖုန်ဓားကိုလည်း သူအလွန်လိုချင်ခဲ့သည်။
သူ့ဝိညာဉ်ဓားသည်လည်း သာမန်ပစ္စည်းမဟုတ်ပါ။ အဆင့်တက်နိုင်သည့် ဝိညာဉ်ဓားမျိုးဖြစ်သည်။ သူ့ကျင့်စဉ်အဆင့်တက်သည်နှင့် ဝိညာဉ်ဓားလည်း စွမ်းအားကြီးလာသည်။ လုံလောက်သည့်အထောက်အပံ့မျိုး ရင်းနှီးလိုက်လျှင် ပထမအဆင့်'မသေမျိုး'ရတနာအဆင့်သို့ ရောက်နိုင်ခြေရှိသည်။
"လျိုနင်ရွှမ်း မသေမျိုးတစ်ဝက်အဆင့်မရောက်ခင်မှာတောင် ဒီဓားက မသေမျိုးဓားအဆင့်ရောက်နေပြီလို့ ပြောကြတယ်။ တကယ်ထူးခြားတာပဲ"
ဝစီပိတ် နောင်တနည်းနည်းရမိသည်။ လျိုနင်ရွှမ်း ဓားမျှော်စင်သေသွားကြောင်း ကြားရသောကြောင့်ဖြစ်သည်။ ဒဏ္ဍာရီဓားသမားနှင့် သူလက်ရည်စမ်းခွင့်မရလိုက်။
သို့သော် ဓားမျှော်စင်အဓိပဓိ ပြန်ရှင်သန်လာပြီဖြစ်၍ သူလက်ရည်စမ်းခွင့်ရနိုင်သည်။
ယခုလောလောဆယ်တော့ မဖြစ်နိုင်သေး။ သူ့ကျင့်စဉ်အဆင့်က မလုံလောက်သေး။ သူ့ဓားအရည်အသွေးကလည်း အဆင့်မမီသေး။ ယခုထက်ပို၍ သူစွမ်းအားကြီးလာဖို့လိုသည်။
"ဓားပြိုင်ပွဲမှာ မင်းက ဓားတစ်သောင်းဌာနေပြန်ပညာကို ထုတ်သုံးခဲ့တယ်လို့ကြားသလားလို့"
"ဟုတ်ပါတယ်"
ဝစီပိတ် လုယန်ကို ကျေနပ်စွာကြည့်သည်။ သူမသင်ရဘဲ လုယန်ထိုပညာတတ်သွားမည်ဟု ထင်မထား။
"လုပ်ပါ၊ ငါ့ကိုတစ်ခါလောက် သရုပ်ပြပါဦး"
လုယန် ဓားနယ်မြေသန္ဓေကို ဖြန့်ကျက်လိုက်သည်။ ထို့နောက် အဆုံးစမဲ့ဓားရိပ်များ မြေပြင်နှင့်ကောင်းကင်တွင် ပေါ်လာသည်။ ငရဲတွင်းတစ်ခုလို ကြောက်စရာကောင်းသည်။
ချင်ဖုန်းဓားအစစ်ကို သူမြှောက်လိုက်သည်။ ထို့နောက် မြေပြင်နှင့်ကောင်းကင်မှ ဓားရိပ်များ ဓားနယ်မြေမှထွက်လာပြီး ချင်ဖုန်းဓားအစစ်နှင့် ပေါင်းစပ်သွားသည်။ ဓားစွမ်းအင်ရောင်က သုံးပေကျော်ထိုးထွက်လာသည်။
"ဓားနယ်မြေသန္ဓေနဲ့ ဓားတစ်သောင်းဌာနေပြန်ပညာလား။ လာပါ၊ ငါ့ကို ဒီဓားနဲ့တိုက်ခိုက်ပါ"
ဝစီပိတ်မျက်လုံးများ တောက်ပလာသည်။ ထိုဓားစွမ်းအားကို ကြုံဖူးချင်သည်။
လုယန်က ချက်ချင်းမာန်သွင်းအော်ဟစ်လိုက်သည်။ ဓားချီများက နဂါးတစ်ကောင်လို ထိုးထွက်လာသည်။ ရုတ်တရက် ချင်ဖုန်းဓားအစစ်အဖြစ်ပြောင်းပြီး ဝစီပိတ်ကိုခုတ်လိုက်သည်။
ဝစီပိတ်က လက်နှစ်ချောင်းကို ခပ်အေးအေးဆန့်ထုတ်ပြီး ချင်ဖုန်းဓားကိုညှပ်ဖမ်းလိုက်သည်။ အရှန်ပြင်းလာသည့်ဓားက ရုတ်တရက်ငြိမ်သွားသည်။ လုံးဝကျမလာတော့။
"ဟုတ်တယ်၊ ဒါက ဓားတစ်သောင်းပညာပါပဲ။ ငါသုံးတာကိုကြည့်ပြီး မင်းသင်ထားတာဖြစ်မယ်။ ဒါပေမယ့်ဒါက ဖြတ်လမ်းနည်းပါ"
လုယန်ရှေ့တွင် ထိုဓားပညာကို သူတစ်ကြိမ်သာသုံးဖူးသည်။ နှလုံးမဲ့ဂိုဏ်းနှင့် တိုက်ခိုက်စဉ်ကဖြစ်သည်။
တစ်ကြိမ်ကြည့်ရုံဖြင့် လုယန်က ထိုပညာကို အပြည့်အဝနားလည်သည်။ ဓားပါရမီတကယ်ထူးခြားလှသည်။
"ဖြတ်လမ်းနည်းလား..."
"ထိုင်ပါ၊ ငါဖြေးဖြေးချင်းရှင်းပြမယ်"
ကောင်းကင်ဂိတ်တောင်ထိပ်တွင် လုယန်နှင့်သူသာရှိသည်။
ယွမ်မုန်မုန်နှင့်ကန်ထန်က ဓားပညာကို စိတ်မဝင်စား။ ကန်ထန်က နေရာကောင်းတစ်ခုရွေး၍ ဗျတ်စောင်းတီးနေသည်။ ယွမ်မုန်မုန်က ဈေးတန်းမှယူလာသည့် စားစရာထုပ်ကိုဖြေ၍ မြစ်ဘေးကျောက်တုံးပေါ်တွင်လှဲပြီး ကန်ထန်၏ဗျတ်စောင်းသံစဉ်ကို နားထောင်နေသည်။
ဈေးတန်းမှ မုန့်ပေါင်းများကို လက်နက်အဖြစ်လည်းသုံးနိုင်သည်။ သို့သော် ယွမ်မုန်မုန်ကလည်း သက်သက်လွတ်သမားမဟုတ်။ ကူးဖြတ်ခြင်းအဆင့်တစ်ယောက်၏ မေးရိုးအင်အားက သာမန်မုန့်ပေါင်းကဲ့သို့ပင် စားနိုင်သည်။
ယွမ်ကျိကလည်း ဓားပညာကို စိတ်မဝင်စားသဖြင့် မြစ်ဘေးသို့သွား၍ ဗျတ်စောင်းသံကို နားထောင်သည်။
......
"မိန်ထိုက်နဲ့တိုက်ပွဲမှာ ဓားချီနဲ့ရင်ဆိုင်ရတဲ့အဆင့်ကို ရောက်သွားတယ်လို့ ငါကြားတယ်။ တိုက်ကွက်တွေအများကြီး ရင်ဆိုင်ကြပြီးတာတောင် အသာစီးမရကြဘူး။ နောက်ဆုံး ဓားတစ်သောင်းဌာနေပြန်တိုက်ကွက်နဲ့မှ မင်းနိုင်သွားတယ်တဲ့။
အဲဒီမှာ ပြဿနာတစ်ခုပေါ်လာတယ်။ မင်းရောမိန်ထိုက်ရော ဓားချီကိုအဆုံးစွန်ထိ ထုတ်သုံးထားကြတယ်။ ဒါပေမယ့် ဖန်တီးထားတဲ့ ဓားချီတွေရဲ့အဆုံးစွန်အင်အားပဲ။ ကိုယ့်အဆုံးစွန်အင်အားမဟုတ်ဘူး။ ကိုယ်ပိုင်အင်အားဆိုရင် တစ်ကြိမ်သုံးပြီးတာနဲ့ စွမ်းအားကုန်သွားမှာ။
မင်းရဲ့ ဓားတစ်သောင်းဌာနေပြန်ပညာမှာ ဖန်တီးထားတဲ့ဓားရိပ်တစ်သောင်းကို ချင်ဖုန်းဓားထဲပြန်ဆွဲခေါ်တယ်။ အဲဒီ့အချိန်ကျမှ မင်းရဲ့အဆုံးစွန်ဓားချီအဆင့်ကို ရောက်သွားတာ"
ဝစီပိတ်ပြောသည့် အဓိပ္ပါယ်ကို လုယန်နားလည်သည်။ ဓားတစ်သောင်းဌာနေပြန်ပညာက အမြင့်ဆုံးစွန်းအားအဆင့်သို့ တိုးမြင့်ပေးခြင်းဖြစ်သည်။
ထို့နောက် ဝစီပိတ်လေသံက ချက်ချင်းပြောင်းသွားသည်။
"ဒါပေမယ့် ဒါဟာလည်း ဓားတစ်သောင်းပညာရဲ့ စစ်မှန်တဲ့အနှစ်သာရမဟုတ်သေးဘူး။ ဓားတစ်သောင်းဌာနေပြန်ပညာဆိုတာ ဓားအမျိုးမျိုးရဲ့စွမ်းအားကို တစ်ခုတည်းစုစည်းရတာ။ ဒါမှအကန့်အသတ်ကျော်လွန်တဲ့ ဓားစွမ်းအားကို ထုတ်သုံးနိုင်တာ"
လုယန် ဓားမျှော်စင်အဓိပဓိနှင့် ယင်ထန်တို့တိုက်ပွဲကို ပြန်စဉ်းစားသည်။ ဓားရတနာတိုက်မှ ဝိညာဉ်ဓားအားလုံး အလင်းဓားထဲသို့ ပေါင်းစည်းသွားသည်။ ဝစီပိတ်ရှင်းပြနေသည်က ထိုအချက်ဖြစ်သည်။
"ဓားတစ်သောင်းဌာနေပြန်ပညာရဲ့ စွမ်းအားဆိုတာကို မင်းနားလည်အောင် ဆရာပြောပြမယ်။ ဓားတစ်သောင်းပညာက တစ်ခြားဓားတွေနဲ့ သဟဇာတဖြစ်အောင် အရင်လုပ်ရတယ်။ မင်းတိုက်ပွဲမှာ မင်းထုတ်သုံးတုန်းက ဒီအချက်ကို ကျော်သွားတယ်။ ဒါကြောင့် ဖြတ်လမ်းလို့ပြောတာ။
ဒီတော့ ချင်ဖုန်းဓားကို အဓိကဗဟိုအဖြစ်ထားပြီး တစ်ခြားဓားတွေရဲ့အသံနဲ့ တစ်သားတည်းဖြစ်အောင် ထိန်းညှိရတယ်။ ချင်ဖုန်းဓား စွမ်းအားအမြင့်ဆုံးအခြေအနေကိုရောက်မှ ထိန်းညှိနိုင်ရင် အကောင်းဆုံးပဲ.."
ဝစီပိတ်ပြောသည့်စကားက ရိုးရှင်းသည်။ သို့သော် နတ်မယ်လို တစ်ခြားလူတစ်ယောက်သာဆိုလျှင် နားရှုပ်သွားမည်။ သို့သော် လုယန်က ရှင်းလင်းစွာနားလည်သည်။
သူ့မျက်လုံးများအရောင်တောက်လာသည်။ ဓားတစ်သောင်းပညာ၏ အဓိပ္ပါယ်အစစ်ကို ထပ်ကာထပ်ကာသုံးသပ်နေသည်။
"ကျုပ်စမ်းကြည့်မယ်"
မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားစုများကို ဆက်တိုက်ထုတ်လိုက်သည်။ ဝစီပိတ်က ထိုမြင်ကွင်းကိုကြည့်၍ မနာလိုဖြစ်နေသည်။
ခြေခိုင်ခိုင်ရပ်လျက်သည်နှင့် လုယန်အောက်ဘက်မှမြက်ပင်များ ဓားချီရိုက်ခတ်သကဲ့သို့ လှိုင်းတွန့်များပေါ်လာသည်။ မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားလည်း အဆက်မပြတ်တုန်ခါနေသည်။ နောက်ဆုံးတွင် သူတို့တုန်ခါနှုန်းက ချင်ဖုန်းဓားနှင့်တူညီလာသည်။ ထို့နောက် တစ်သားတည်းပေါင်းစည်းသွားသည်။
"ယား"
လုယန် ဝစီပိတ်ဆီ ဓားတစ်ချက်ခုတ်လိုက်သည်။ ဓားချီက ရေတံခွန်လို ထိုးကျလာသည်။ ငွေရောင်အလင်းဖြတ်ခနဲလက်သွားပြီး ဝစီပိတ်က လက်နှစ်ချောင်းဖြင့် ထပ်ဖမ်းလိုက်သည်။
"သိပ်ကောင်းတယ်ကွာ"
ဝစီပိတ် တဟားဟားအော်ရယ်နေသည်။ နည်းနည်းသင်ပြရုံဖြင့် ဓားတစ်သောင်းပညာ၏ အနှစ်သာရကို လုယန်နားလည်သွားသည်။
သူ့လက်ကောက်ဝတ်ကို ဖျတ်ခနဲခါလိုက်သည်။ လုယန်နှင့်ချင်ဖုန်းဓား လွင့်ပျံသွားသည်။ သူ့ညာလက်ကို နောက်ပစ်လိုက်ပြီး လက်ညှိုးနှင့်လက်ခလယ်ကို ပွတ်နေသည်။
ဤဓားချက်၏စွမ်းအားက သူထင်ထားသည်ထက် ကျော်လွန်နေသည်။
လုယန် ကျွမ်းနှစ်ပတ်ပစ်ပြီး ကိုယ်ရှိန်သတ်လိုက်သည်။ မွေခံဓားနှင့် ခုနစ်စဉ်ကြယ်ဓားစုက အောက်တွင်ကျနေသည်။
ဝစီပိတ်က အပျော်ရိပ်သန်းနေသည့်မျက်နှာဖြင့် ရှေ့တိုးလာသည်။
"ကောင်းတယ်။ မင်းဇွဲကောင်းကောင်းနဲ့လေ့ကျင့်ရင် ဒီပညာကို တကယ်ကျွမ်းကျင်လာမှာ...ဟ ရှောင်လု"
မြေပေါ်ကျနေသည့် ဓားရှစ်လက်ကိုစိုက်ကြည့်၍ လုယန်အတွေးနစ်နေသည်ကို ဝစီပိတ်သတိထားမိသည်။
ခဏအကြာတွင် လုယန် ပြန်အသိဝင်လာပြီးမေးသည်။
"ဆရာ၊ ဒီပညာကိုသုံးရတာ နည်းနည်းမြင်သာထင်သာမဖြစ်လွန်းဘူးလား"
ဝစီပိတ်ခေါင်းငြိမ့်သည်။ ဓားတစ်သောင်းဌာနေပြန်ပညာသည် တကယ်ခမ်းနားထည်ဝါသည်။ အထူးသဖြင့် ဓားအမျိုးမျိုးကို ထိန်းညှိထားသည့်အချိန်ဖြစ်သည်။
တကယ်ကြည့်ကောင်းသည်။ ထို့ကြောင့်လည်း ဓားကျင့်ကြံသူများ နှစ်သက်ကြခြင်းဖြစ်သည်။
လုယန် ထပ်မေးသည်။
"ဒါပေမယ့် မြင်သာထင်သာဖြစ်လွန်းရင် ရန်သူကလည်း ဒီပညာသုံးတော့မယ်ဆိုတာကြိုသိပြီး တုန့်ပြန်ချိန်ရတဲ့သဘောပဲမဟုတ်လား"
"ဟုတ်တယ်။ ဒီပညာရဲ့ချို့ယွင်းချက်က အဲဒါပဲ"
ရန်သူကို ရှောင်တိမ်းချိန် တန်ပြန်တိုက်ခိုက်ချိန် ပေးထားသလိုဖြစ်နေသည်။
လုယန်စိတ်ထဲ အတွေးတစ်ခုပေါ်လာသည်။
"မွေခံဓားနဲ့ ခုနစ်စဉ်ကြယ်ဓားတွေကို ချင်ဖုန်းဓားရဲ့ ကမ္ဘာငယ်ထဲမှာ ဝှက်ထားလိုက်ရင် ဘယ်လိုနေမလဲ။ ဒီပညာထုတ်သုံးတဲ့အချိန်ကျရင် ဓားကိုးလက်က ဘယ်သူမှမမြင်ရဘဲ ပေါင်းစပ်သွားမယ်လေ။
ဓားဆိုဒီပညာထုတ်သုံးမယ်ဆိုတာ ရန်သူမသိအောင်။ အငိုက်ဖမ်းလို့ရတယ်မဟုတ်လား"
ဝစီပိတ်က ဘာမှပြန်မပြောဘဲ လုယန်ပုခုံးကို အသံတိတ်ပုတ်လိုက်သည်။
"မှတ်ထားပါ။ နောက်ဆို ဒီဓားပညာအကြောင်း တစ်ခြားလူတွေကို မင်းပြောတဲ့အခါ မင်းဆရာငါနဲ့ ဘာမှမဆိုင်ဘဲ ကိုယ့်ဘာသာနားလည်ခဲ့တာလို့ပြောပါ"
***