“သူ သေသွားပြီ”
လင်းရီက သက်ပြင်းချလျက် ပြောလိုက်သည်။
ကျိုးယွင်က လင်းရီကို စိုက်ကြည့်ကာ “တကယ်လို့ ဖုန်းဟွာက တကယ်ပဲ သေသွားပြီဆိုရင် ရေသူဘုရင်မက ဘာလို့ ဒီလောက်တောင် အားထုတ်ပြီး မှတ်ဉာဏ်တွေကို လိမ်လည်ဖန်တီးခဲ့ရတာလဲ” ဟု မေးလိုက်သည်။
“စီနီယာဖုန်းဟွာက အင်မော်တယ်ပြောင်းပြန်စင်မြင့်ရဲ့ တာအိုမီးတောက်ကြောင့် သုံးနှစ်လုံးလုံး လောင်ကျွမ်းခံခဲ့ရပြီး ပျောက်ကွယ်သွားချိန်မှာ သူမရဲ့ ရုပ်ဆင်းသဏ္ဍာန်က လုံးဝကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ပြီလေ”
“စီနီယာဖုန်းဟွာက မသေခင်မှာ သူမရဲ့ အရုပ်ဆိုးတဲ့ ပုံစံကို ဆရာက ရွံရှာမှာစိုးလို့ မျှော်လင့်ချက်လေးထားခဲ့တယ်လို့ ပြောခဲ့တယ်”
“အဲဒါကြောင့် ရေသူဘုရင်မက ဆရာ့အတွက် အလှပဆုံးဖြစ်တဲ့ ဖုန်းဟွာကိုပဲ ချန်ထားခဲ့ချင်လို့ ဖြစ်နိုင်တယ်”
လင်းရီက စဉ်းစားခန်းဖွင့်ရင်း ပြောလိုက်သည်။
ဤကိစ္စကို ကံကြမ္မာ၏ လှည့်စားမှုဟုသာ ဆိုရမည်ဖြစ်သည်။ ဖုန်းဟွာဖြစ်စေ၊ ကျိုးယွင်ဖြစ်စေ၊ ရေသူဘုရင်မဖြစ်စေ မည်သူမျှ တကယ်တမ်း အမှားလုပ်ခဲ့ခြင်း မဟုတ်ချေ။ အကယ်၍ အပြစ်တင်ရမည်ဆိုလျှင်လည်း ၎င်းမှာ တိုက်ဆိုင်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခြင်းကြောင့်ဟုသာ ဆိုရပေမည်။
“နောက်ဆုံးတော့ သူမ တကယ်ပဲ သေသွားခဲ့တာလား”
ကျိုးယွင်၏ မျက်လုံးများ ချက်ချင်း မှေးမှိန်သွားပြီး သူ့မျက်နှာမှာလည်း အနည်းငယ် ဖြူရော်သွားခဲ့သည်။
“ဒါပေမဲ့ စီနီယာဖုန်းဟွာက ရှင်သန်နိုင်မယ့် အခွင့်အရေး မရှိတော့တာတော့ မဟုတ်လောက်ဘူး”
လင်းရီက သိပ်မသေချာသော်လည်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။
“ရှင်သန်နိုင်မယ့် အခွင့်အရေးဟုတ်လား”
ကျိုးယွင်၏ ခန္ဓာကိုယ် တုန်ယင်သွားပြီးနောက် ခေါင်းယမ်းလိုက်ကာ “လူတစ်ယောက် သေသွားပြီဆိုရင် သူတို့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ်က ကောင်းကင်နဲ့ မြေကြီးဆီကို ပြန်လည်ရောက်ရှိသွားတာလေ။ မြေကမ္ဘာအင်မော်တယ်တစ်ပါးတောင်မှ သူတို့ကို အသက်ပြန်ရှင်အောင် မလုပ်ပေးနိုင်ပါဘူး” ဟု ပြောလိုက်သည်။
ကျိုးယွင်သည် သေလွန်သူများကို ပြန်လည်အသက်ရှင်စေနိုင်သည့် ဒဏ္ဍာရီလာ နည်းလမ်းများကို ရှာဖွေရန်အတွက် ရေတွက်၍မရနိုင်သော ရှေးဟောင်းကျမ်းစာများကို ကြည့်ရှုလေ့လာခဲ့ပြီးဖြစ်သော်လည်း ဖြစ်နိုင်ခြေရှိသော အဖြေကို မတွေ့ခဲ့ရချေ။
“တကယ်တော့ စီနီယာဖုန်းဟွာ ပျောက်ကွယ်သွားတဲ့အချိန်မှာ ရေသူမျက်ရည် ကိုးစက်တည်း ကျန်ခဲ့တာ မဟုတ်ဘူး” ဟု လင်းရီက ဆိုသည်။
“နောက်ထပ် ဘာကျန်သေးလို့လဲ” ကျိုးယွင်က အမြန် မေးလိုက်သည်။
“မြက်ပင်တစ်ပင်”
လင်းရီက တိုးညင်းစွာ ပြောလိုက်သည်။
“စီနီယာဖုန်းဟွာ ပျောက်ကွယ်သွားပြီးနောက်မှာ အရွက်တွေက ပိုးသားငါးကြင်းတွေလို လှပနေတဲ့ မြက်ပင်တစ်ပင်ကျန်ရစ်ခဲ့ပြီး ဟင်းလင်းပြင်နယ်ပယ်ထဲမှာ အမြစ်တွယ်နေခဲ့တယ်။ အဲ့ဒါက မှတ်ဉာဏ်တစ်ခုပဲဆိုပေမဲ့ ဒီတပည့်ကတော့ အဲဒီမြက်ပင်ထဲမှာ လူတစ်ယောက်ရဲ့ အသက်စွမ်းအင်မျိုး ပါဝင်နေတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်”
“မြက်ပင်တစ်ပင်ဆိုတာ သေချာလား၊ အရွက်တစ်ရွက်တည်း မဟုတ်ဘူးမလား”
ကျိုးယွင်က လှည့်ကာ လင်းရီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“သေချာပါတယ်၊ မြက်တစ်ပင်ပါပဲ”
လင်းရီက အလွန်သေချာစွာ ပြောလိုက်သည်။
“မြက်ပင်တစ်ပင်... ဒါဆိုရင် မြက်ပင်တစ်ပင်ပေါ့”
ကျိုးယွင်သည် လင်းရီကိုကြည့်ကာ ကလေးတစ်ယောက်အလား အားရပါးရ ပြုံးလိုက်မိသည်။ လင်းရီသည် မိန်းမောနေသော ကျိုးယွင်ကို ကြည့်ပြီးနောက် သူ့အကြည့်များကို ဖာတောင်သခင်ထံသို့ ပြောင်းရွှေ့လိုက်ရာ ဖာတောင်သခင်မှာလည်း ထိုနည်းတူ တွေဝေနေကြောင်း တွေ့လိုက်ရ၏။
“လင်းရီ... ကျေးဇူးတင်ပါတယ်”
ဤအခိုက်အတန့်တွင် ကျိုးယွင်က လှည့်လာပြီး လင်းရီကို နက်နဲစွာ ဦးညွှတ်လိုက်ကာ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
“ဆရာ လင်းရီကို ပြန်ခေါ်သွားဖို့ ဆရာ့ကိုပဲ လွှဲလိုက်တော့မယ် ”
“ဆရာ ဘာဖြစ်သွားတာလဲ”
လင်းရီက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသော ကျိုးယွင်ကို ကြည့်ရင်း ဖာတောင်သခင်ကို သံသယဖြင့် မေးလိုက်သည်။
“သူ တစ်ခုခုကို သတိရသွားလို့ဖြစ်မယ်”
ဖာတောင်သခင်က မျက်မှောင်ကြုတ်လိုက်သည်။ ကျိုးယွင်သည် အင်မော်တယ်ပြောင်းပြန် အဆင့်သုံးဆင့်နှင့် တာအိုပြောင်းလဲခြင်းအကြောင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူဖြစ်ရာ အချက်အလက်အချို့ကို ဆက်စပ်မိသွားခြင်း ဖြစ်နိုင်ပေသည်။
“ငါ မင်းကို ပြန်ပို့ပေးမယ်”
ဖာတောင်သခင်က စကားပြောရင်း လင်းရီကို အတွင်းစည်းမှ ခေါ်ထုတ်လာကာ ဝိုင်တောင်ဆီသို့ အေးအေးဆေးဆေး ဦးတည်လာခဲ့သည်။
“ဒါလေး ယူထားလိုက်”
ဝိုင်တောင်သို့ ရောက်သောအခါ ဖာတောင်သခင်က သူမ၏ ကျောက်စိမ်းလက်ကလေးကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းစာလိပ်တစ်ခု လင်းရီ၏ အရှေ့သို့ ပျံသန်းလာခဲ့သည်။
“ဒါက ဘာလဲ”
လင်းရီက ကျောက်စိမ်းစာလိပ်ကို စပ်စုစွာ ကြည့်လိုက်သည်။
“အရင်တုန်းက ဝိညာဉ်နယ်မြေမှာ ဝိုင်တာအိုဆိုတာ ရှိခဲ့ဖူးတယ်။ အဲဒါက ခဏတာပဲဆိုပေမဲ့ ဝိုင်အတွက် ဆေးညွှန်း တချို့တော့ ကျန်ရစ်ခဲ့တယ်လေ” ဟု ဖာတောင်သခင်က အေးဆေးစွာ ပြောလိုက်သည်။
လင်းရီ၏ မျက်လုံးများ တောက်ပသွားပြီး ကျောက်စိမ်းစာလိပ်ကို အမြန် ယူလိုက်သည်။ လင်းရီ၏ နတ်ဘုရားစိတ်အာရုံက ကျောက်စိမ်းစာလိပ်ကို ဖြတ်သန်းသွားသောအခါ သတင်းအချက်အလက်များစွာ ပေါ်ထွက်လာခဲ့၏။ ကျောက်စိမ်းစာလိပ်အတွင်း၌ ဝိုင်အတွက် ဆေးညွှန်း အမျိုးအစား ၁၃ မျိုးကို မှတ်တမ်းတင်ထားပေသည်။ ထိုအထဲတွင် ဆေးညွှန်းသုံးမျိုးမှာ အတော်လေး ပြည့်စုံသော်လည်း ကျန်ဆယ်မျိုးမှာမူ အားနည်းချက်များစွာရှိနေခဲ့သည်။ သို့သော် လင်းရီအတွက်တော့ ဤမျှနှင့်ပင် လုံလောက်နေပြီ ဖြစ်၏။
“တကယ်လို့ မင်းအားရင် ဖာတောင်ကို အလည်လာခဲ့လို့ ရတယ်နော်”
ကျောက်စိမ်းစာလိပ်ကို ပေးပြီးနောက် ဖာတောင်သခင်က လေထဲသို့ ပျံတက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။
“ဆရာဘိုးဘေး.. ခဏလောက် နေပါဦး”
လင်းရီက ဖာတောင်သခင်ကို အမြန် တားလိုက်ပြီး အလွန်ရိုသေလေးစားစွာ ခေါ်ဆိုလိုက်သည်။
“ပြောလေ”
ဖာတောင်သခင်က ရပ်တန့်လိုက်ပြီး လင်းရီကို ယခင်ကထက် ပိုမို ကျေနပ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဒီတပည့်က ဆရာဘိုးဘေးကို လန်ခဲဘုရားကျောင်းဆီသွားပြီး ချန်ကြေးမုံမှန်ကို ယူပေးဖို့ တောင်းဆိုချင်လို့ပါ” ဟု လင်းရီက ပြုံးလျက် ပြောလိုက်သည်။
“အဲ့ဒါကတော့ ခက်တယ်”
ဖာတောင်သခင်က မျက်မှောင်ကြုတ်လိုက်သည်။
“အဆင့်လွန်ဂိုဏ်းအောက်က ဘာပဲဖြစ်ဖြစ် မင်းလိုချင်တာ မှန်သမျှကို ငါ သွားလုပေးလို့ရတယ်။ ဒါပေမဲ့ လန်ခဲဘုရားကျောင်းအတွက်ကတော့... ငါ သွားလုလို့ရပေမဲ့ လူတချို့တော့ သေသွားလိမ့်မယ်”
လင်းရီ၏ နှလုံးသားမှာ ခုန်ပေါက်သွားခဲ့သည်။ ဖာတောင်သခင် ပြောသော လူတချို့ သေသွားလိမ့်မယ် ဆိုသည်မှာ လန်ခဲဘုရားကျောင်းမှ လူများ ဖြစ်မည်ဆိုတာ သေချာပေါက် သူ နားလည်လိုက်၏။
“ဒါပေမဲ့ ရပါတယ်။ ငါ မျက်နှာဖုံးတပ်သွားလို့ ရတယ်။ လန်ခဲဘုရားကျောင်းက ငါ့ကို မှတ်မိမှာ မဟုတ်ပါဘူး။ တကယ်လို့ သူတို့ မှတ်မိသွားရင်တောင် သက်သေမရှိဘဲနဲ့ ငါ့ကို ဘာမှ လုပ်လို့ မရပါဘူး။ မင်း စောင့်နေလိုက်”
ဖာတောင်သခင်က စကားပြောပြီးနောက် ထွက်ခွာရန် ပြင်လိုက်ပြန်သည်။
“ဆရာဘိုးဘေး... ခဏစောင့်ပါဦး”
လင်းရီက သူမကို ထပ်မံ တားလိုက်ရသည်။ သူ၏ ဆရာဘိုးဘေးကတော့ တကယ့်ကို အားကိုးရတာပဲ။ ပြဿနာတစ်ခု ရှိလာရင် တကယ်ကို ကူညီပေးတာပဲလေ။
“အကုန်လုံးတစ်ခါတည်း ပြောစမ်းပါ”
ဖာတောင်သခင်က ထပ်မံ ရပ်တန့်လိုက်ပြီး သူမ၏ လေသံမှာ အနည်းငယ် စိတ်မရှည်သလို ဖြစ်နေခဲ့သည်။
“ဆရာဘိုးဘေး... သွားလုစရာ မလိုပါဘူး”
ဆရာဘိုးဘေးမှာ အလွန်ပင် လက်မြန်ခြေမြန်နိုင်လွန်းလှပေသည်။ ဤအခိုက်အတန့်တွင် သူမ တကယ်ပင် ဓားတစ်လက်ကို ဆွဲပြီး တိုက်ရိုက် သွားလုမည်ကို လင်းရီ စိုးရိမ်သွားခဲ့သည်။ သို့သော်လည်း စဉ်းစားကြည့်ပြန်တော့ ကျိုးယွင်၏ အတိတ်ထဲတွင် ဖာတောင်သခင်သည် စကားတစ်ခွန်းမှ မဆိုဘဲ ဓားတစ်ချက်တည်းနှင့် ပင်လယ်ကို ဖြတ်တောက်ကာ ရေသူသလင်းကျောက်နန်းတော်ကို တိုက်ရိုက် ဖော်ထုတ်ခဲ့သည် မဟုတ်လော။ သူမသည် စကားပြောခြင်းထက် လက်တွေ့လုပ်ပြမည့်သူမျိုး သေချာပေါက် ဖြစ်ပေသည်။
“သွားလုစရာမလိုဘူး ဟုတ်လား”
ဖာတောင်သခင်က လင်းရီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ဆရာဘိုးဘေး... ဆရာက ဒီစာပိုဒ်လေးကိုပဲ မှတ်ထားဖို့ လိုတယ်၊ ဒါဆိုရင် မဟာယနဗုဒ္ဓဘာသာဂိုဏ်းဆီကနေ ချန်ကြေးမုံမှန် ကို သဘာဝကျကျ ပြန်ယူလာနိုင်ပါလိမ့်မယ်”
လင်းရီက ကပ်သွားပြီး ဖာတောင်သခင်ကို တီးတိုး ပြောပြလိုက်သည်။
“ဒီနည်းက အလုပ်ဖြစ်မယ်ဆိုတာ မင်း သေချာလား”
ဖာတောင်သခင်က သံသယဖြင့် မေးလိုက်သည်။ လင်းရီ ပြောပြသောအရာမှာ သူမအတွက် အလွန် နားလည်ရခက်နေပြီး သူမကို လှုပ်ခတ်စေနိုင်ခြင်း မရှိခဲ့ချေ။
“ဆရာတော်ချန်ရဲ့ နောက်ဆုံးဆန္ဒက တရားဝင်တယ်ဆိုရင်တော့ အလုပ်ဖြစ်မှာပါ”
လင်းရီက သေချာပေါက် ပြောလိုက်သည်။
“ကောင်းပြီလေ။ ဒါဆိုရင်တော့ သံတမန်နည်းလမ်းကို အရင် သုံးကြည့်ကြတာပေါ့၊ တကယ်လို့ အလုပ်မဖြစ်ရင်တော့ ငါတို့ သွားလုကြမယ်”
ဖာတောင်သခင် ထွက်ခွာသွားခဲ့သည်။ သို့သော် သူမ မထွက်ခွာမီ ဖာတောင်သခင်၏ မျက်လုံးများထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်တစ်ခုကို လင်းရီ ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ သူမက တိုက်ရိုက် သွားလုခွင့်မရလို့ စိတ်ပျက်သွားတာလား။
“အင်အားသုံးစရာ မလိုပါစေနဲ့လို့ပဲ... မျှော်လင့်ရတာပေါ့”
လင်းရီက သက်ပြင်းချလိုက်ပြီးနောက် လှည့်ကာ သူ၏ အင်မော်တယ်လိုဏ်ဂူသို့ ပြန်သွားခဲ့သည်။
အင်မော်တယ်လိုဏ်ဂူသို့ ပြန်ရောက်ပြီးနောက် လင်းရီသည် ဖာတောင်သခင် ချန်ထားခဲ့သော ဝိုင်ဆေးညွှန်းများကို ထုတ်ယူကာ လေ့လာလိုက်သည်။
ဝိညာဉ်နယ်မြေ၏ ဝိုင်ဆေးညွှန်းများမှာ ဆေးဖော်စပ်ခြင်းနှင့် ပိုတူနေခဲ့၏။ မတူညီသော ရှားပါးပန်းများနှင့် ထူးဆန်းသော ဆေးပင်များကို ဝိုင်ဆေးလုံးများအဖြစ် သန့်စင်ပြီး ဝိုင်ထဲသို့ ပေါင်းစပ်ထည့်သွင်းခြင်းအပေါ် အဓိက အာရုံစိုက်ထားခြင်း ဖြစ်ပေသည်။
“ဝိုင်တာအို ပျောက်ကွယ်သွားတာ မဆန်းပါဘူး။ ဝိညာဉ်နယ်မြေက အရင်တုန်းက ဝိုင်တာအိုဆိုတာ ဝိုင်တာအိုလို့ နာမည်တပ်ထားပေမဲ့ တကယ်တမ်းကျတော့ ဆေးလုံးတစ်မျိုးသာသာပဲလေ။ အဲဒါကြောင့်မလို့ ဆေးတာအိုက တိုက်ရိုက် ဝါးမြိုသွားတာပေါ့” ဟု လင်းရီက ဆိုလိုက်သည်။
လင်းရီသည် ဝိညာဉ်နယ်မြေ၏ ဝိုင်ဆေးညွှန်းများ၏ ပြဿနာကို လျင်မြန်စွာ တွေ့ရှိသွားခဲ့သည်။ ထိုစာလိပ်ပါ အချက်အလက်များမှာ ဝိုင်ဆေးညွှန်းများဟု ထင်ရသော်လည်း အနှစ်သာရအားဖြင့် ဆေးညွှန်းများသာ ဖြစ်ပြီး စစ်မှန်သော ဆေးဖော်စပ်ခြင်းလောက်ပင် နက်နဲမှု မရှိခဲ့ချေ။ ဤအရာများကို အားကိုးပြီး ဆေးတာအို၏ အဆင့်အတန်းကို တုန်လှုပ်စေရန်နှင့် သီးခြားတာအိုတစ်ခု တည်ထောင်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
“ဒါပေမဲ့ အထဲမှာပါတဲ့ သီအိုရီတချို့ကတော့ အတော်လေး ကောင်းမွန်ပြီး မှီငြမ်းလို့ ရပါတယ်။ အားစိုက်ထုတ်ရတာ တော်တော်လေး သက်သာသွားစေနိုင်တယ်”
လင်းရီက ပြုံးလိုက်ပြီး ထိုကျမ်းစာများအတွင်းရှိ ဆေးဝါးဗေဒ နိယာမများ ကို စတင် နားလည်အောင် ကြိုးစားတော့သည်။
ထို့ကြောင့် ရက်အတော်ကြာသည်အထိ လင်းရီ၏ ဘဝမှာ အလွန်ပြည့်စုံနေခဲ့၏။ နေ့ခင်းဘက်များတွင် လင်းရီသည် ဆေးတောင်သို့ သွား၍ ဆေးဖော်စပ်ခြင်း ဗဟုသုတများကို သင်ယူသည်။ ညနေပိုင်းများတွင်မူ ဝိုင်တောင်၌ ဝိုင်ချက်လုပ်ပေသည်။ သူ၏ သိုလှောင်ထားမှုများ ပိုမို များပြားလာသည်ကို ကြည့်ရင်း ပစ္စည်းစုဆောင်းတတ်သည့် အကျင့်ရှိသော လင်းရီမှာ အလွန် ကျေနပ်နေခဲ့၏။
သုံးရက်အကြာတွင် ဝိညာဉ်နယ်မြေတစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။
နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်။
တောင်နှင့်ပင်လယ်အင်မော်တယ်ဂိုဏ်း၏ နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက်ကို အသစ်ပြင်ဆင်လိုက်ပြီး ဂိုဏ်းအသီးသီးဆီသို့ ပေးပို့လိုက်ပြီ ဖြစ်သည်။
[လင်းရီ]
[တာအိုတစ်ရာအထက်မှာ ပြိုင်ဘက်ကင်းတဲ့ အရိုးတည်ဆောက်ပုံ]
ဤရိုးရှင်းသော စကားလုံး အနည်းငယ်ကပင် ကျင့်ကြံသူအားလုံး၏ နှလုံးသားထဲသို့ ချွန်ထက်သော ဓားတစ်လက်အလား ထိုးဖောက်ဝင်ရောက်သွားခဲ့တော့သည်။
***