ကောင်းကင်ထက်တွင် ယွီလီက သူမ၏ အစိမ်းရောင် ဇာထီးလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။
မိုးကြိုးကပ်ဘေး ဖြတ်ကျော်နေသည့် နေရာတစ်ဝိုက်ရှိ လေထုက ချက်ချင်းပင် တင်းမာသွားပြီး မျက်လုံးအစုံစုံက အထက်ကောင်းကင်ယံဆီသို့ စူးစိုက်ကြည့်နေကြသည်။
ဟင်းလင်းပြင် လေပွေကြီးက မည်မျှပင် ကျယ်ပြောကြီးမားစေကာမူ အဆုံးသတ်ဆိုတာတော့ ရှိစမြဲပင်။
မကြာမီမှာပင် ထိုလေပွေကြီးက မိုးကြိုးမီးတောက်များနှင့် လျှပ်စီးမြစ်တို့၏ ထိုးဖောက် ဖျက်ဆီးမှုကို ခံလိုက်ရပြီး လုံးဝ ပျောက်ကွယ်သွားတော့၏။ ကိုးခုမြောက် မိုးကြိုးသွား၏ စွမ်းအားကလည်း ထက်ဝက်နီးပါး လျော့ကျသွားခဲ့ရာ ဧကရီယွီလီ ခံနိုင်ရည်ရှိမည့် အတိုင်းအတာအတွင်းသို့ ရောက်ရှိသွားပေသည်။
သူမက အစိမ်းရောင် ဇာထီးကို အသုံးပြု၍ ခန္ဓာကိုယ်ကို ကာကွယ်လိုက်ပြီး ကိုးခုမြောက် မိုးကြိုးသွား၏ ရိုက်ခတ်မှုကို ကြံ့ကြံ့ခံလိုက်သည်။ သူမ၏ အဝတ်အစားများ စုတ်ပြတ်သတ်သွားပြီး နှင်းပွင့်ကဲ့သို့ ဖြူဝေးနေသော အသားအရေမှာလည်း မီးလောင်ကျွမ်းကာ မည်းတူးသွားခဲ့သော်လည်း အဆုံးတွင်တော့ သူမ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်၏။
ထို့နောက် သူမက ခေါင်းမော့၍ ရယ်မောလိုက်သည်။ ထိုရယ်မောသံက ရဲတင်းပြီး လွတ်လပ်ပေါ့ပါးနေ၏။
မိုးကြိုးကပ်ဘေး ပြီးဆုံးသွားပြီဖြစ်၍ ကောင်းကင်ယံအထက်ရှိ တိမ်မည်းကြီးများ ကွဲလွင့်သွားပြီး ကောင်းကင်ဘုံ၏ မင်္ဂလာအငွေ့အသက်များ ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင် မြေကြီးက အက်ကွဲသွားကာ မြေချီစွမ်းအင်များ ပန်းထွက်လာပြီး ကောင်းကင်နှင့် မြေကြီးစွမ်းအင်များ ပေါင်းဆုံသွားတော့၏။
ယွီလီက ထိုစွမ်းအင်များ အလယ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး မိမိကိုယ်ကိုယ်ပင် မေ့လျော့သွားသည့် အာရုံစူးစိုက်မှု နယ်ပယ်ထဲသို့ ဝင်ရောက်သွားသည်။
ရွှစ်… ရွှစ်…
လေထုကို ခွင်း၍ ဖြတ်သန်းလာသော အသံများ ထွက်ပေါ်လာ၏။
လူရိပ်နှစ်ခု ပေါ်ထွက်လာပြီး ယွီလီထံသို့ သတ်ဖြတ်လိုစွမ်းအင်များဖြင့် အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာကြသည်။
သူတို့နှစ်ဦးစလုံးက ဓမ္မနယ်ပယ်၏ ဆဋ္ဌမမြောက် ကောင်းကင်ဘုံသို့ ရောက်ရှိနေသည့် မဟာကျင့်ကြံသူကြီးများ ဖြစ်ကြ၏။
တစ်ဦးက လျှော်တေကြိုး အင်္ကျီကို ဝတ်ဆင်ထားပြီး ကျောတွင် ဓားသေတ္တာတစ်လုံး လွယ်ထားသော သက်လတ်ပိုင်း အမျိုးသား ဖြစ်သည်။ သူက အသက်သုံးဆယ်အရွယ်ခန့် ရှိဟန်ပေါ်ပြီး အိုမင်းရင့်ရော်နေသော်လည်း ခန့်ညားသော မျက်နှာသွင်ပြင် ရှိ၏။
သူ၏ ညာဘက်ပါးပြင်ပေါ်တွင် မျက်ထောင့်မှ အောက်ဘက်သို့ ဆင်းသွားသော တစ်လက်မခန့် ရှည်သည့် အမာရွတ်တစ်ခု ရှိနေသည်။ ထိုအမာရွတ်က သူ့ကို အရုပ်ဆိုးသွားစေခြင်း မရှိသည့်အပြင် ယောက်ျားပီသသော အသွင်ကိုသာ ပို၍ ပေါ်လွင်စေသည်။
သူက ဓားခြေလှမ်းကွက်များကို ဖော်ထုတ်လိုက်ပြီး ခြေထောက်ထဲသို့ ဓမ္မစွမ်းအားများ စီးဆင်းစေကာ သူ့ကို ကောင်းကင်ယံသို့ ပင့်တင်ပေးမည့် အတုအယောင် ဓားရှည်တစ်လက်အဖြစ် ပုံဖော်လိုက်သည်။ တစ်ချိန်တည်းမှာ သူက လက်နှစ်ဖက်စလုံးကို ဓားပုံစံ လက်ဟန် ပြုလုပ်ထား၏။ ထို့နောက် ပန်းပွင့်ခတ် လက်ချောင်းဟန် တစ်ခုကို ပြုလုပ်ပြီးနောက် ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။
ထိုအခါ သူ၏ ကျောပေါ်ရှိ ဓားသေတ္တာကြီးမှာ တုန်ခါသွားပြီး ဓမ္မစွမ်းအားဖြင့် ဖန်တီးထားသော ဓားအလက် တစ်ရာကျော်က အပြင်သို့ ထွက်ပေါ်လာကာ ဓားတစ်လက်လျှင် ဆယ်လက်အဖြစ် ထပ်မံ ပွားများသွား၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားတစ်ထောင်က တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး ထက်မြက်လှသော ဓားအနှစ်သာရများဖြင့် ဟင်းလင်းပြင်နယ်ပယ်ကို ဖြတ်သန်းကာ ယွီလီထံသို့ တည့်မတ်စွာ ဝင်ရောက်သွားတော့သည်။
အခြားတစ်ဦးကလည်း အလျော့ပေးမည် မဟုတ်ပေ။ သူက ရိုးရှင်းသော အဖြူရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်များက မီးခိုးရောင် သန်းနေကာ စူးရှသော မျက်လုံးအစုံ ရှိ၏။ သူက လက်ကိုမြှောက်၍ အဖြူရောင်နောက်ခံတွင် အမည်းရောင် စာလုံးများ ရေးသားထားသော ဝိညာဉ်အဆောင် တစ်ထောင်ကျော်ကို ပစ်လွှတ်လိုက်သည်။
ထိုအဆောင်များက လေထဲတွင် လောင်ကျွမ်းသွားပြီး ၎င်းတို့၏ စွမ်းအားများ တစ်ခုနှင့်တစ်ခု ထပ်တူကျ ပေါင်းစပ်သွားကာ ကျယ်ပြောလှသော မရဏမြစ်ကြီးအဖြစ် ပြောင်းလဲသွား၏။ ထိုမြစ်ကြီးက ဟင်းလင်းပြင်ထဲတွင် အစစ်အမှန်သဖွယ် ပေါ်ပေါက်လာပြီး ယွီလီထံသို့ တန်းတန်းမတ်မတ် တိုးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် သူက ဂါထာများကို တတွတ်တွတ်ရွတ်ဆို၍ လက်စွပ်ကို ဝှေ့ယမ်းကာ ကျောရိုးဆစ်တစ်ခုကို ထုတ်လိုက်၏။ ထိုအခါ သေမင်းတမန်ကဲ့သို့သော အရိုးဖြူကြီးက မရဏမြစ်ထဲသို့ ထိုးဆင်းသွားပြီး ရေပြင်ကို ခွဲ၍ ပြန်ထွက်လာချိန်တွင် ကြီးမားလှသော ဦးချိုများနှင့် အရိုးနဂါးကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ထိုအရိုးနဂါးကြီးက မြစ်ရေကို မွှေနှောက်လိုက်သဖြင့် မရဏမြစ်၏ စွမ်းအားက အခြားအဆင့်တစ်ခုသို့ ထပ်မံ မြင့်တက်သွားတော့သည်။
ထိုအချိန်မှာပင် တာအိုဘုန်းကြီးက သူ၏ လက်ဝါးကို ဖြန့်လိုက်ရာ စက္ကူရုပ်များနှင့် တူသော ရွှံ့ရုပ်လေးခုက သူ၏ လက်ထဲတွင် ပေါ်လာ၏။ တာအိုဘုန်းကြီးက ယင်ချီစွမ်းအင် အချို့ကို မှုတ်ထုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်း၍ ပစ်လွှတ်လိုက်သောအခါ ရွှံ့ရုပ်များက လေထဲတွင် အသက်ဝင်လာပြီး လူရိပ်လေးခုအဖြစ် ပြောင်းလဲကာ မိစ္ဆာသခင် လေးပါးထံသို့ တိုက်ရိုက် ပြေးဝင်သွားကြသည်။
ထိုရုပ်ခန္ဓာ အသီးသီးတွင် ဓမ္မနယ်ပယ်၏ စတုတ္ထမြောက် ကောင်းကင်ဘုံ အဆင့်ရှိ စွမ်းအားများ ကိုယ်စီ ရှိနေကြ၏။
သူတို့က တခစ်ခစ် ရယ်မောနေကြပြီး အေးစက်လှသော ယင်လေပြင်းများကို သယ်ဆောင်ကာ လက်နက်မျိုးစုံကို ကိုင်ဆောင်ထားကြသည်။ ကြက်သီးထဖွယ် အငွေ့အသက်တစ်ခုက တောင်တန်းသစ်တောအတွင်းသို့ ရုတ်တရက် လွှမ်းခြုံသွား၏။
ကောင်းကင်ယံ၌ မိုးခြိမ်းသံများ မြည်ဟည်းသွားပြီး မုန်တိုင်းကြီးတစ်ခု စတင် တိုက်ခတ်လာသည်။
ပေတစ်ထောင်ခန့် ရှည်လျားသော ရေနဂါးကြီးတစ်ကောင်က ရုတ်တရက် ပေါ်ထွက်လာပြီး အဆုံးမရှိသော လေပြင်း၊ မိုးသက်မုန်တိုင်း၊ မိုးကြိုးနှင့် လျှပ်စီးတန်းများကို သယ်ဆောင်လာ၏။ ထိုရေနဂါးကြီးက မရဏမြစ်ထဲမှ အရိုးနဂါးကြီးကို ဝင်တိုက်လိုက်ပြီး ဧကရီယွီလီ၏ ရှေ့တွင် ရပ်တန့်ကာကွယ်ပေးလိုက်သည်။
လျှပ်စီးတန်းများက နဂါး၏ အရိုးများကို ရိုက်ခွဲပစ်လိုက်ပြီး မရဏမြစ်ကြီးကို ဆွဲဖြဲပစ်လိုက်၏။ ထိုသူကား အခြားသူမဟုတ်ဘဲ နဂါးသခင် အောက်ရွေ့ပင် ဖြစ်သည်။
သူက နဖူးတွင် ဦးချိုတစ်ချောင်း ပါရှိပြီး ခမ်းနားထည်ဝါသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် အသွင်သို့ ပြောင်းလဲသွား၏။ သူက ချောမောသော ရုပ်ရည်ရှိပြီး အရပ်ကိုးပေခန့် မြင့်မားကာ လက်ထဲတွင် အရပ်လေးမျက်နှာ ကောင်းကင်ရတနာ လှံရှည်ကို ကိုင်ဆောင်ထားသည်။ သူ့ထံမှနေ၍လည်း လူတစ်သောင်းကို တစ်ယောက်တည်း ရင်ဆိုင်နိုင်သည့် သူရဲကောင်းတစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေ၏။
“သောက်ကောင်လေး မင်း သေသင့်တယ်…”
အဖြူရောင်ဝတ်ရုံနှင့် တာအိုဘုန်းကြီးက အကြီးအကျယ် ဒေါသထွက်သွား၏။ သူက လက်ကိုမြှောက်၍ အရိုးတောင်ဝှေးတစ်ခုကို ထုတ်ဖော်လိုက်ပြီး ရှေ့သို့ ရုတ်တရက် တိုးဝင်သွားသည်။ အေးစက်သော ယင်လေပြင်းများက တဝီဝီ တိုက်ခတ်လာပြီး လမ်းတစ်လျှောက်တွင် မြူခိုးမည်းများ ပျံ့နှံ့သွားကာ သရဲတစ္ဆေများ၏ ငိုကြွေးသံများနှင့် ဝံပုလွေများ၏ အူသံများပါ တွဲဖက် ထွက်ပေါ်လာသည်။
နဂါးအရိုးများကို မြင်လိုက်ရသဖြင့် အောက်ရွေ့မှာလည်း ဒေါသမီးများ လျှံတက်သွား၏။ သူက အရပ်လေးမျက်နှာ ကောင်းကင်ရတနာ လှံရှည်ကို လွှဲယမ်းလိုက်ပြီး လေပြင်းနှင့် မိုးကြိုးများကို သယ်ဆောင်ကာ တာအိုဘုန်းကြီးထံသို့ ပြေးဝင်သွားသည်။
“အဘိုးကြီးစုတ် သွားသေလိုက်…”
လူနှင့် နဂါးတို့ ချက်ချင်းပင် ရင်ဆိုင်မိသွားကြပြီး ကောင်းကင်နှင့် မြေကြီးကိုပင် မှောင်မိုက်သွားစေလောက်သည့် ခွဲခြား၍မရသော တိုက်ပွဲကြီးတစ်ခု ဆင်နွှဲလိုက်ကြတော့သည်။
ထိုစဉ် ဖားအော်သံ တစ်သံ ထွက်ပေါ်လာပြီး ရွှေဖားပြုတ်တစ်ကောင်က စမ်းချောင်းထဲမှ ခုန်ထွက်လာသည်။ သူ၏ တစ်ကိုယ်လုံးက ရွှေရောင်လွှမ်းနေပြီး ညဉ့်ယံကောင်းကင်အောက်တွင် တောက်ပစွာ လင်းလက်နေ၏။ သူက ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပါးစပ်ကို ဟ၍ ရွှေရောင်သစ်ရွက် အမြောက်အမြားကို ထွေးထုတ်လိုက်ရာ လေထဲတွင် ရွှေရောင်ဓားမကြီးများအဖြစ် ပေါင်းစပ်သွားပြီး ဓားတစ်ထောင်ထံသို့ ခုတ်ချလိုက်သည်။
သတ္တုချင်း ရိုက်ခတ်သံများက နားကွဲလုမတတ် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တိမ်လွှာများကြားအထိ ပဲ့တင်ထပ်သွား၏။ ထို့နောက် ဓားတစ်ထောင်က လမ်းကြောင်းပြောင်းကာ သူတို့၏ သခင်ကို ကာကွယ်ရန် ပြန်လည် ဆုတ်ခွာသွားကြသည်။
“မိစ္ဆာကောင် မင်း သေရမယ်…”
သူ့ရှေ့ရှိ ကြီးမားလှသော ရွှေဖားပြုတ်မိစ္ဆာကြီးကို ကြည့်ရင်း သက်လတ်ပိုင်း ဓားသိုင်းကျင့်ကြံသူက ဒေါသထွက်သွားပြီး ချက်ချင်းပင် တိုက်ခိုက်လိုက်၏။ သူက ဓားများကို အမိန့်ပေးရန် လက်ညှိုးညွှန်လိုက်ရာ ဓားတစ်ထောင်က တစ်လက်တည်းအဖြစ် ပေါင်းစပ်သွားပြီး စွမ်းအားများလည်း မြင့်တက်လာကာ ဓားအနှစ်သာရက ကောင်းကင်သို့တိုင် ထိုးတက်သွားသည်။
သူက တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ကာ ဤရွှေဖားပြုတ်ကို ပြင်းထန်စွာ ဒဏ်ရာရစေပြီး ဝါးမိစ္ဆာမကို သွားသတ်ရန် ရည်ရွယ်ထား၏။ ထိုသို့မဟုတ်ပါက သူမ တကယ့် မိစ္ဆာဘုရင်မ ဖြစ်လာပြီး လူ့လောကကို ဘေးဒုက္ခပေးလာမည်ကို စိုးရိမ်နေသည်။
ရွှေဖားပြုတ်ကလည်း အလျော့ပေးခြင်း မရှိဘဲ သူ၏ ခန္ဓာကိုယ်မှ စူးရှသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။ သူက ပါးစပ်ကို ဟ၍ ထွေးထုတ်လိုက်ရာ သူ၏ ရှည်လျားလှသော လျှာကြီးက ရွှေရောင်အလင်းများနှင့် ပေါင်းစပ်သွားပြီး ဧရာမ ရွှေရောင်ဓားမကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ထိုဓားမကြီးက တလိပ်လိပ် တက်နေသော မိစ္ဆာချီစွမ်းအင်များနှင့်အတူ ဧရာမဓားရှည်ကြီးထံသို့ တိုးဝင်သွားတော့သည်။
ဆဋ္ဌမမြောက် ကောင်းကင်ဘုံမှ သိုင်းပညာရှင်များမှာ ပြင်းထန်သော တိုက်ပွဲထဲသို့ နစ်မြုပ်နေကြ၏။
မိစ္ဆာသခင် လေးပါးမှာလည်း ကိုယ်စီ စစ်မြေပြင်အသီးသီး ရှိနေကြသည်။
သူတို့ထံ ပြေးဝင်လာသော လူရိပ်လေးခုကို ရင်ဆိုင်ရန် မီးလျှံနီက ပထမဆုံး စတင် လှုပ်ရှားလိုက်၏။ ခွေးဟောင်သံတစ်သံနှင့်အတူ သူက မူလအသွင်သဏ္ဌာန်ဖြစ်သော ရှေးဟောင်း မီးလျှံသားရဲ အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။ သူ၏ တစ်ကိုယ်လုံးတွင် ကြမ်းတမ်းလှသော မိစ္ဆာမီးတောက်များ လောင်ကျွမ်းနေ၏။
ထို့နောက် သူက သွားများကို ဖြဲပြကာ ခြေသည်းလေးဖက်တွင် လေပြင်းများ ရစ်ပတ်လျက် ဝင်ရောက်လာသော ရန်သူများထံသို့ ရုတ်တရက် ပြေးဝင်သွားတော့သည်။
ရွှံ့ရုပ်ကလည်း အလျော့ပေးခြင်း မရှိဘဲ လက်ထဲရှိ ခက်ရင်းခွနှစ်လက်ကို လွှဲယမ်းကာ အဆိပ်သဲများကို ထွေးထုတ်လိုက်သည်။
မီးလျှံနီက မီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဆိပ်သဲများကြားမှ တိုးထွက်ကာ ဘယ်ညာရှောင်တိမ်းရင်း အထက်အောက် ခုန်ပေါက်နေ၏။ တစ်ခါတစ်ရံ ကွေ့ကောက်ကာ သွားလိုက်၊ တစ်ခါတစ်ရံ တည့်တည့် တိုးဝင်သွားလိုက်ဖြင့် ရွှံ့ရုပ်အနီးသို့ ချဉ်းကပ်သွားပြီး သူ၏ ခြေသည်းများဖြင့် ခက်ရင်းခွများကို ရိုက်ခတ်လိုက်ရာ မျက်စိကျိန်းမတတ် မီးပွင့်များ ထွက်ပေါ်လာသည်။
ထိုအချိန်မှာပင် မိစ္ဆာသခင်မ ကျိုကွမ်းကလည်း ငှက်အော်သံ တစ်သံနှင့်အတူ လှုပ်ရှားလာ၏။ သူမ၏ ကျောဘက်မှ အတောင်ပံများ ထွက်ပေါ်လာပြီး လေထဲသို့ ပျံတက်သွားကာ သူမ၏ ခေါင်းပေါ်ရှိ အမွေးတောင်တစ်ခုက ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွား၏။
လက်ထဲတွင် ဓားကို ကိုင်ဆောင်လိုက်သည်နှင့် သူမ၏ အရှိန်အဝါက ရုတ်တရက် စူးရှထက်မြက်လာပြီး အရာအားလုံးကို ဖောက်ထွင်းသိမြင်နိုင်စွမ်း ရှိလာဟန်ပေါ်သည်။ သူမက အထက်မှနေ၍ ဆယ်ပေခန့်ရှည်သော ဓားအလင်းတန်း တစ်ခုကို ခုတ်ချလိုက်၏။
တစ်ချိန်တည်းမှာပင် သူမက အတောင်ပံများကို ခတ်လိုက်သည့်အခါ အမွေးအတောင် အမြောက်အမြား ပျံထွက်လာပြီး လေဓားသွားများအဖြစ် ပြောင်းလဲသွားကာ လေဓားရှည်၏ စွမ်းအားကို မြှင့်တင်ပေးလိုက်သည်။
သူမကို တိုက်ခိုက်နေသည့် ရွှံ့ရုပ်က လေးနှင့်မြှားများကို ကိုင်ဆောင်ထား၏။ သူက မြှားသုံးစင်းကို တစ်ပြိုင်နက် ပစ်လွှတ်လိုက်ရာ အနက်ရောင် အလင်းတန်းသုံးခု ထွက်ပေါ်လာပြီး တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ သတ်ဖြတ်လိုသည့် စွမ်းအင်များဖြင့် ပြင်းထန်စွာ တောက်လောင်နေသည်။
ရွှံ့ရုပ်က လေဓားရှည်၏ စွမ်းအားကို အာရုံခံမိသောအခါ ထိုမျှနှင့် မလုံလောက်ဟု ခံစားလိုက်ရသဖြင့် လက်ကို ဆက်မြှောက်ကာ လေးကြိုးကို ဆွဲ၍ မြှားများကို အဆက်မပြတ် ပစ်လွှတ်လိုက်သည်။
ကျောင်းအုပ်ကြီး ဂျီမိုကလည်း လက်ကိုမြှောက်၍ ဇီးပန်းပွင့်ကိုင်းတစ်ခုကို ဝှေ့ယမ်းလိုက်သည်။ တောင်းတစ်လုံး အရွယ်ခန့်ရှိသော မင်ရည် ဇီးပန်းငုံတစ်ခုက သစ်ကိုင်းပေါ်တွင် ထွက်ပေါ်လာပြီး ဇီးပန်းပွင့်ကိုင်း၏ စွမ်းအားက ရုတ်ချည်း မြင့်တက်သွား၏။ သူမက သစ်ကိုင်းကို ဝှေ့ယမ်းလိုက်သောအခါ လေပြင်းတစ်ခု ဖြစ်ပေါ်လာသော်လည်း ၎င်းလေက အေးစိမ့်ခြင်း သို့မဟုတ် အရိုးကွဲမတတ် အေးခဲခြင်းမျိုး မရှိဘဲ နူးညံ့သော လေပြေတစ်ခုနှင့်သာ တူလေသည်။
သူမနှင့် ရင်ဆိုင်နေရသော ရွှံ့ရုပ်က လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး ရွှေရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ သိုင်းကွက်များက ကျယ်ပြန့်ပြီး ရှင်းလင်းလှကာ လှံကို လွှဲယမ်းလိုက်တိုင်း ရွှေရောင်အလင်းများ လက်ခနဲ ဖြစ်သွားပြီး သစ်သားဓာတ်ကို သတ္တုဓာတ်ဖြင့် နှိမ်နင်းရန် ကြိုးစားနေသည်။
သို့သော်လည်း နူးညံ့သော လေပြေက ဖြတ်သန်း တိုက်ခတ်သွားသောအခါ ရွှံ့ရုပ်မှာ ရွှံ့ညွန်ထဲ နစ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ကြမ်းတမ်းသော ခွန်အားအများစုမှာလည်း လွင့်စင်ပျောက်ကွယ်သွား၏။ ကျောင်းအုပ်ကြီး ဂျီမိုကလည်း ဓာတ်ပြိုင်သဘောတရားကို အသုံးချရန် ကြံစည်ထားသဖြင့် ဇီးပန်းပွင့် နတ်ဘုရားစွမ်းရည်၏ ပထမလှုပ်ရှားမှုကို ဖော်ထုတ်ကာ နူးညံ့မှုဖြင့် မာကျောမှုကို နှိမ်နင်းရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
မိစ္ဆာနှင့် ရုပ်သေးရုပ်ကြား မည်သူက မည်သူ့ကို အနိုင်ယူမည်ဆိုသည်မှာ ယှဉ်ပြိုင်ကြည့်ပြီးမှသာ သိနိုင်မည် ဖြစ်၏။
အခြားတစ်ဖက်တွင် ဖူရှောင်ကွမ်းက သူ့ထံသို့ ပြေးဝင်လာသော ရွှံ့ရုပ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး စိတ်ကို စုစည်းကာ အချိန်ရေစီးကြောင်း နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်လိုက်သည်။ မိုးကြိုး၏ အကြွင်းအကျန် စွမ်းအားများကြောင့် ပုန်းအောင်းရာမှ ထွက်ပေါ်လာခဲ့ရသော သူ၏ ကိုယ်ရိပ်မှာ ထပ်မံ၍ ကိုယ်ပျောက်သွားပြန်၏။
ရွှံ့ရုပ်က တခစ်ခစ် ရယ်မောလိုက်ပြီး သူကိုယ်တိုင်လည်း ကိုယ်ပျောက်သွားသည်။ သို့သော် သူက ရုတ်တရက် ရပ်တန့်သွားပြီး ပါးနီဆိုးထားသော သူ၏ မျက်နှာပေါ်တွင်လည်း အံ့ဩထိတ်လန့်မှုများဖြင့် ပြည့်နှက်သွား၏။ သူက ထိုငွေရောင်ဆံပင်နှင့် မိစ္ဆာသခင်ကို အမှန်တကယ်ပင် ရှာမတွေ့တော့ချေ။
သူ သုံးတာက သာမန် ကိုယ်ပျောက်နည်းစနစ် မဟုတ်ဘူးလား…
ရွှံ့ရုပ်မှာ အထိတ်တလန့် ဖြစ်သွားပြီး လက်ထဲရှိ အာဟူတယောကြိုးများကို ဆွဲတီးလိုက်၏။ စူးရှပြီး ဆွေးမြေ့ဖွယ်ကောင်းသော အသံများ ပျံ့လွင့်လာကာ အသံလှိုင်းများက ဝိညာဉ်အာရုံကို တိုက်ခိုက်ရန် လှိုင်းထနေသည်။ သို့သော်လည်း ထိုငွေရောင်ဆံပင်နှင့် မိစ္ဆာသခင်က လုံးဝ ပျောက်ကွယ်သွားသည့်အလား ပေါ်မလာခဲ့ပေ။
သူ၏ ရင်ထဲတွင် သခင်ဖြစ်သူထံမှ ရုပ်ခန္ဓာကိုယ် ဖျက်ဆီးခံရစဉ်က ကြုံတွေ့ခဲ့ရသော ထိတ်လန့်ကြောက်ရွံ့မှုမျိုး လှိုက်တက်လာ၏။ ငွေရောင်ဆံပင်နှင့် မိစ္ဆာသခင်ကို အတင်းအကျပ် ထွက်ပေါ်လာစေရန် အားကုန်သုံး၍ တယောကြိုးများကို ဆွဲတီးလိုက်သော်လည်း အားလုံးက အချည်းနှီးသာ ဖြစ်ခဲ့သည်။
ရွှံ့ရုပ်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် ဇီသာအသံတစ်သံက သူ၏ နားထဲတွင် မိုးခြိမ်းသံတစ်ခုလို ပေါက်ကွဲထွက်လာပြီး ဝိညာဉ်အာရုံ၏ အနက်ရှိုင်းဆုံး နေရာထိ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ရွှံ့ရုပ်၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပေါ်ထွက်လာပြီးနောက် ဝိညာဉ်မှာ ပေါက်ကွဲထွက်သွား၏။ စူးရှသော အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာပြီးနောက် သူ၏ မျက်လုံးများက အသက်ကင်းမဲ့သွားကာ ခုနစ်ပေအရွယ် ရွှံ့ရုပ်ကြီးမှသည် တစ်လက်မအရွယ် ရွှံ့ရုပ်သေးသေးလေးအဖြစ်သို့ ပြန်လည် ပြောင်းလဲသွားသည်။
ညလေပြင်း တိုက်ခတ်လာသောအခါ ထိုရွှံ့ရုပ်က ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပြီး လွင့်စင်ပျောက်ကွယ်သွားတော့သည်။
“ဒီလိုကိုး…”
ဖူရှောင်ကွမ်းက ရွှံ့ရုပ်များ၏ လျှို့ဝှက်ချက်ကို ဖောက်ထွင်း သိမြင်သွား၏။
ရွှံ့ရုပ် တစ်ရုပ်ချင်းစီ၏ အတွင်းတွင် ဓမ္မနယ်ပယ်၏ စတုတ္ထမြောက် ကောင်းကင်ဘုံ အဆင့်ရှိ လူသားကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ကို ပိတ်လှောင်ထားခြင်း ဖြစ်သည်။ ရွှံ့ရုပ်က ခန္ဓာကိုယ်ကိုသာ ထောက်ပံ့ပေးပြီး အတွင်းမှ ဝိညာဉ်က အဓိက အနှစ်သာရ ဖြစ်၏။ ထိုဝိညာဉ်ကို ချေမှုန်းနိုင်သမျှ ကာလပတ်လုံး ရွှံ့ရုပ်ကလည်း သဘာဝအတိုင်း ပျက်စီးသွားမည် ဖြစ်သည်။
ဤအချက်ကို တွေးမိသောအခါ သူ၏ ယုံကြည်မှုက ကြီးမားစွာ မြင့်တက်လာ၏။
ဓမ္မနယ်ပယ်၏ ဆဋ္ဌမမြောက် ကောင်းကင်ဘုံအောက်တွင် ဝိညာဉ်အာရုံ စွမ်းအားနှင့် ပတ်သက်လာလျှင် သူက သေချာပေါက် အကောင်းဆုံး စာရင်းဝင် ဖြစ်၏။ ယနေ့ သူ ကြီးမားသော စွမ်းဆောင်မှုတစ်ခု ပြုလုပ်သင့်သည်မှာ သေချာပေသည်။
ဖူရှောင်ကွမ်းက အတောင်ပံများကို ဖြန့်၍ ပျံသန်းလျက် မီးလျှံနီနှင့် တိုက်ခိုက်နေသော ရွှံ့ရုပ်၏ အနောက်သို့ ရုတ်တရက် ရွှေ့ပြောင်းသွားသည်။ ထို့နောက် သူ၏ လက်ချောင်းများက ကြိုးများကို တီးခတ်လိုက်၏။ ရာသီလေးခု မိုးခြိမ်းသံကိုပင် အသုံးပြုရန် မလိုဘဲ ရိုးရှင်းသော မိုးခြိမ်းသံ တစ်သံနှင့် သူ၏ ဆယ့်လေးပေခန့်ရှိသော ဝိညာဉ်အာရုံ၏ ထက်ဝက်ကိုသာ အသုံးပြုကာ ဤရွှံ့ရုပ်ကို မူလအသွင်သို့ ပြန်ရောက်သွားအောင် ရိုက်ချနိုင်ခဲ့သည်။
သူက ကိုယ်ထင်ပြခြင်းနှင့် အချိန်ဆွဲနေခြင်း မရှိဘဲ နောက်ထပ် တစ်နေရာသို့ ရွှေ့ပြောင်းရန် လှည့်ထွက်သွား၏။
ထိုအဖြစ်က လက်သည်းများကို ဝှေ့ယမ်းနေဆဲ ဖြစ်သော မီးလျှံနီကို နေရာမှာတင် မှင်တက်သွားစေသည်။ မီးလျှံနီက လူသားအသွင်သို့ ပြောင်းလဲလိုက်ပြီး သူ၏ ကိုယ်ပိုင် လက်ဝါးကို ကြည့်လိုက်၊ လေထဲတွင် လွင့်စင်သွားသော ဖုန်မှုန့်များကို ကြည့်လိုက်နှင့် မယုံကြည်နိုင်စွာ ပြောလိုက်သည်။
“ငါက ဒီလောက်တောင် စွမ်းအားကြီးနေပြီလား…”
…
*