ယွီတောင်တန်းတွင် ဝါးလုံးတစ်လုံးက ထပ်မံ လှုပ်ရှားလာပြန်၏။ ထိုဝါးလုံးက ကောင်းကင်ယံအပြည့်ရှိနေသော ဓမ္မဓားများကို ရိုက်ခွဲပစ်လိုက်ပြီး သက်လတ်ပိုင်း ဓားသိုင်းကျင့်ကြံသူကို ပြင်းထန်စွာ ဒဏ်ရာရရှိစေကာ လွင့်စင်သွားစေသည်။
ထိုသို့တိုင်အောင် သူက ဒူးထောက်ရန် ငြင်းဆန်နေပြီး သူ၏ နောက်ဆုံးထွက်သက်ဖြင့် ကြံ့ကြံ့ခံ ရပ်တည်နေ၏။
“မင်းမှာ ကျောရိုးရှိသားပဲ”
“ငါတို့ ဓားသိုင်းကျင့်ကြံသူတွေက အရှုံးပေးတာထက် သေရတာကို ပိုသဘောကျတယ်… မကောင်းဆိုးဝါးတွေရှေ့မှာ ဘယ်တော့မှ ဒူးမထောက်ဘူး”
“ကောင်းပြီလေ… ယင်ဆန်းဂိုဏ်းက ခွေးတစ်ကောင်က မင်းကို ဖိတ်ခေါ်ခဲ့တာလား”
“မိစ္ဆာတွေကို သတ်ဖြတ်တာက ငါတို့ရဲ့ တာဝန်ပဲ… ဘယ်သူ့ရဲ့ ဖိတ်ခေါ်မှုမှ မလိုအပ်ဘူး”
“ဒါဆို မင်းကိုယ်တိုင် လာခဲ့တာပေါ့”
“ဟုတ်တယ်”
“ဒီဘုရင်က အဆင့်တက်တော့မယ်ဆိုတာ မင်း ဘယ်လို သိတာလဲ”
“သတင်းကြားလို့ အမြန် လာခဲ့တာ”
“ဘယ်ကနေ ကြားတာလဲ… ဘယ်သူ့ဆီကလဲ”
“လမ်းမှာ ကြားခဲ့တာပေါ့… တခြားလူ လာပြောဖို့ လိုလို့လား… လူသားမျိုးနွယ်စုဝင်တိုင်းက မင်းတို့လို မကောင်းဆိုးဝါး မိစ္ဆာတွေလို ကောက်ကျစ်စဉ်းလဲနေမယ်လို့ ထင်နေတာလား”
“မင်းက ဘယ်ဂိုဏ်းကလဲ”
“ဘာလဲ… ဝါးမိစ္ဆာမ… လက်စားချေဖို့ စီစဉ်နေတာလား”
“အင်းပေါ့… ဒီဘုရင်က လက်စားချေမယ်… ဘာဖြစ်လဲ… ပြောရမှာ ကြောက်နေတာလား… တွေဝေနေတဲ့ ဓားသိုင်းကျင့်ကြံသူဆိုတာ ဘာမှ ထူးခြားတာ မဟုတ်ပါဘူး… မင်း မပြောရင်လည်း ငါ အတင်းအကျပ် မမေးပါဘူး… မင်းရဲ့ ဂိုဏ်းက သာမန်ဂိုဏ်းတစ်ခုသာဖြစ်ပြီး အားနည်းသူကို အနိုင်ကျင့်၊ အားကြီးသူကို ကြောက်တဲ့သူတွေချည်းပဲ ဆိုတာ သက်သေပြနေတာပဲ”
“ရိုင်းစိုင်းလိုက်တာ… မကောင်းဆိုးဝါး တစ်ကောင်ကများ ဓားနတ်ဘုရားတောင်တန်းကို စော်ကားရဲတယ်ပေါ့… ငါ့ဂိုဏ်းမှာ နတ်ဘုရားသခင် တစ်ပါး ရှိတယ်… မင်း အဲဒီကို ခြေချရဲရင် ဘယ်တော့မှ ပြန်လာရမှာ မဟုတ်ဘူး”
မေးမြန်းစစ်ဆေးမှု အချို့ ပြုလုပ်ပြီးနောက် ယွီလီက သူမ သိလိုသည်များကို သိရှိသွားပြီး ဓားသိုင်းကျင့်ကြံသူကလည်း ပွင့်လင်းစွာ ဖြေဆိုခဲ့သည်ကို မြင်သောအခါ သူမက လက်ကိုမြှောက်၍ သူ့ကို မြန်ဆန်သော သေဆုံးမှုတစ်ခု ပေးအပ်လိုက်သည်။
နောင်တစ်ချိန်တွင် ပြဿနာရှာတတ်သော သရဲကျင့်ကြံသူ တစ်ဦး ဖြစ်လာမည်ကို စိုးရိမ်သဖြင့် သူမက ခန္ဓာကိုယ်ရော၊ ဝိညာဉ်ကိုပါ တစ်စမျှ မကျန်အောင် ရှင်းလင်းပစ်လိုက်၏။
စုရုံးနေသော မိစ္ဆာများက ကြည့်ရုံသာ ကြည့်နေကြပြီး မည်သူကမျှ သက်ညှာပေးရန် မတောင်းဆိုကြပေ။
ဓားနတ်ဘုရားတောင်တန်းက အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ ၎င်းက နတ်ဘုရားသခင် နှစ်ပါးရှိသော ရှေးဟောင်း ဓားနတ်ဘုရား မျိုးဆက်တစ်ခု ဖြစ်သော်လည်း ယခုလက်ရှိ ယွီတောင်တန်းကလည်း အလွယ်တကူ အနိုင်ကျင့်၍ ရမည့် နေရာမျိုး မဟုတ်တော့ချေ။
ကျူးကျော်သူကို ရှင်းလင်းပြီးနောက် မိစ္ဆာသခင် လေးပါးက ဦးစွာ အရိုအသေပေးလိုက်ကြသည်။
“သခင်မလေး မိစ္ဆာဘုရင် ဖြစ်လာတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်”
နဂါးနှင့် ရွှေဖားပြုတ် မဟာမိစ္ဆာကြီးတို့ကလည်း အရိုအသေ ပေးလိုက်ကြ၏။
“ယွီတောင်တန်း မိစ္ဆာဘုရင်မကြီး သက်တော်ရာကျော် ရှည်ပါစေ”
“အားလုံး ထကြပါ”
တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်၏။
ယွီလီက နဂါးနှင့် ရွှေဖားပြုတ် မဟာမိစ္ဆာကြီးတို့အတွက် မိစ္ဆာဈေးတန်းတွင် စားသောက်ပွဲ တစ်ခု တည်ခင်းဧည့်ခံလိုက်သည်။ မိစ္ဆာသခင် လေးပါးကလည်း ဤတိုက်ပွဲတွင် စွမ်းဆောင်ရည် ပြသနိုင်ခဲ့သဖြင့် တက်ရောက်ခွင့် ရကြ၏။
ပန်းတစ်ရာစံအိမ်အတွင်းတွင် ခွက်ချင်း ရိုက်ခတ်သံများက ပျော်ရွှင်ရယ်မောသံများနှင့်အတူ ထွက်ပေါ်နေသည်။
…
မိစ္ဆာများ အောင်ပွဲခံနေချိန်တွင် အရပ်လေးမျက်နှာ၌ တိမ်တိုက်များ လှုပ်ရှားလာ၏။
ဖျင်ပြည်နယ်၊ ဓားနတ်ဘုရားတောင်တန်း…
သူရဲကောင်းများ စုဝေးရာ ခန်းမအတွင်းရှိ ဒုတိယတန်းမှ ဝိညာဉ်ကျောက်ပြားတစ်ခု ရုတ်တရက် အက်ကွဲသွားသည်။ တာဝန်ကျ တပည့်လေးမှာ လန့်နိုးသွားပြီး မည်သူ့၏ ကျောက်ပြားဖြစ်ကြောင်း မြင်လိုက်ရသောအခါ မျက်နှာဖြူရော်သွားကာ ကျယ်လောင်စွာ အော်ဟစ်လျက် အပြင်သို့ ပြေးထွက်သွားတော့၏။
“ဒုက္ခပါပဲ… ဦးလေးငယ် ကျဆုံးသွားပြီ”
ခဏအကြာတွင် ဓားအလင်းတန်း အချို့ ဆင်းသက်လာသည်။ ဓားနတ်ဘုရားတောင်တန်း၏ ထိပ်တန်း အကြီးအကဲများနှင့် နတ်ဘုရားသခင်များက ခန်းမအတွင်း၌ ပြည့်နှက်သွားကြ၏။
ညီလေး လီရှူ အမှန်တကယ်ပင် ကျဆုံးသွားကြောင်း မြင်လိုက်ရသဖြင့် အားလုံး၏ မျက်နှာများက တင်းမာသွားကြသည်။ အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်နီနှင့် နှုတ်ခမ်းမွေး စုတ်ဖွားဖြစ်နေသော အရပ်ရှည်ရှည် အဘိုးအိုတစ်ဦးက အထူးသဖြင့် ဒေါသထွက်နေ၏။
“သောက်လူယုတ်မာကောင်တွေ… ချက်ချင်း စုံစမ်းစမ်း… ဘယ်သူက ငါ့တပည့်ကို သတ်ရဲတာလဲ”
သူက လီရှူ၏ ဆရာဖြစ်ပြီး ဤခေတ်ကာလ ဓားနတ်ဘုရားတောင်တန်း၏ နတ်ဘုရားသခင် နှစ်ပါးထဲမှ တစ်ပါးဖြစ်သော ဟန်ကွမ် နတ်ဘုရားသခင် ဖြစ်သည်။ ဓားနတ်ဘုရား ဟန်ကွမ်ဟုလည်း ရိုသေလေးစားစွာ ခေါ်ဆိုကြပြီး မဟာယုံ တစ်ခွင်လုံးတွင် ကြီးမားလှသော သြဇာလွှမ်းမိုးမှု ရှိသူ ဖြစ်၏။
သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဂိုဏ်းချုပ်ကြီးက အချိန်ဆွဲမနေရဲဘဲ အပြည့်အဝ စုံစမ်းစစ်ဆေးရန် ချက်ချင်း အမိန့်ပေးလိုက်၏။ ဟန်ကွမ် နတ်ဘုရားသခင်ကို အဖြေတစ်ခု ပေးရန်သာမက ဓားနတ်ဘုရားတောင်တန်း၏ ဂုဏ်သိက္ခာအတွက်ပါ ဖြစ်သည်။ ဆဋ္ဌမမြောက် ကောင်းကင်ဘုံ အဆင့်ရှိ အကြီးအကဲ တစ်ဦးက အကြောင်းရင်း မသိရဘဲ သေဆုံးသွား၍ မဖြစ်ပေ။
ကျောက်ဆန်းခရိုင်မြို့တော်…
ညမထွက်ရ အမိန့် ရုပ်သိမ်းလိုက်သဖြင့် ယခုတိုင် စည်ကားနေဆဲဖြစ်သော ကျောက်ဆန်းခရိုင်မြို့တော်ရျှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်အတွင်း၌ ပုံပြင်ပြောသူက ဇာတ်လမ်းကို အားပါးတရ ပြောပြနေ၏။
ပုံပြင်ကို နားထောင်နေသော အဖြူရောင် ဝတ်ရုံနှင့် လူငယ်လေးက ယွီတောင်တန်းဆီသို့ ရုတ်တရက် အကြည့်ပို့ကာ ပြုံးလိုက်သည်။ မိစ္ဆာမျိုးနွယ်စုက နောက်ထပ် မိစ္ဆာဘုရင် တစ်ပါး ထပ်မံ ရရှိသွားပြီ ဖြစ်၏။
ယုံပြည်နယ်၊ မဟာယုံ၏ မြို့တော် - ဖုန်းယွမ်မြို့။
တော်ဝင် နက္ခတ္တဗေဒဌာန၏ အထပ်ကိုးထပ်ရှိ ကြယ်ကြည့်မျှော်စင် အထက်တွင် တရားထိုင်ကာ ကြယ်စွမ်းအားများကို စုစည်းနေသော ဌာနမှူးက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
တောင်ဘက်ကောင်းကင်ယံတွင် မိစ္ဆာကြယ်သစ်တစ်ပွင့် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် သူ၏ ကြယ်ကဲ့သို့ တောက်ပသော မျက်ဝန်းများက လက်ခနဲ ဖြစ်သွား၏။ သူက အင်ပါယာ၏ ပထဝီဝင်မြေပုံကို ဆင့်ခေါ်လိုက်ပြီး မြင်းမြီးယပ်ကို ဝှေ့ယမ်းကာ လက်ချောင်းများဖြင့် လျင်မြန်စွာ တွက်ချက်လိုက်သည်။
ခဏအကြာတွင် သူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။
“ဖျင်ပြည်နယ်မှာ မိစ္ဆာဘုရင်အသစ်တစ်ပါး မွေးဖွားလာတယ်… ဧကရာဇ်မင်းမြတ် ဆုံးဖြတ်ချက်ချနိုင်ဖို့ ဒါကို ချက်ချင်း သတင်းပို့ရမယ်”
ထိုသို့ပြောပြီးနောက် ဌာနမှူးက မျှော်စင်ပေါ်မှ ဆင်းကာ နန်းတော်ဆီသို့ တန်းတန်းမတ်မတ် အမြန်သွားတော့သည်။
ယီပြည်နယ် - ကောင်းကင်ယံသို့ ထိုးတက်နေသော သစ်ပင်ကြီးများနှင့် မြစိမ်းရောင် တောင်တန်းများ။
တောင်တန်းများ၏ အနက်ရှိုင်းဆုံးနေရာတွင် ပေတစ်သောင်းခန့် မြင့်မားသော သစ်ပင်ကြီးတစ်ပင် ရှိပြီး ၎င်း၏ ပင်စည်က အဖုအထစ်များဖြင့် ပြည့်နှက်နေကာ သစ်ရွက်အုပ်ကြီးက ထီးတစ်လက်ကဲ့သို့ ဖြန့်ကျက်နေ၏။ သစ်ရွက်များကြားတွင် သစ်ပင်အိမ် အမြောက်အမြား တည်ရှိနေသည်။
ထိုစဉ် သစ်ပင်ကြီးက အနည်းငယ် တုန်ခါသွားပြီး သစ်ရွက်တစ်ရွက်က အစိမ်းရင့်ရောင်မှ ရွှေရောင်ဖျော့ဖျော့သို့ ပြောင်းလဲကာ တောက်ပလာ၏။
ဧရာမ သစ်ပင်အိမ်ကြီးတစ်ခု အတွင်းတွင် ပန်းပင်များကို ရေလောင်းနေသော အစိမ်းရောင်ဝတ်ရုံနှင့် နူးညံ့သိမ်မွေ့သည့် အလှပန်းလေးတစ်ပွင့်က ရပ်တန့်သွားသည်။ သူမက သစ်ရွက်အုပ်ကြီးဆီသို့ မော့ကြည့်လိုက်ပြီး မည်သူ့၏ သစ်ရွက်က ရွှေရောင်ဖျော့ဖျော့ ပြောင်းသွားသည်ကို မြင်လိုက်ရသောအခါ သူမ၏ အစိမ်းရောင် မျက်ဝန်းများက အံ့ဩသွားဟန်ပေါ်၏။
“အဲဒီ ကလေးလေးက ဒီလောက်ထိ ကြိုးစားပြီး မိစ္ဆာဘုရင် ဖြစ်လာလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး”
ခဏအကြာတွင် သူမက သုံးလက်မအရွယ် သစ်ပင်နတ်သမီးလေး နှစ်ပါးကို လက်ယပ်ခေါ်၍ ညွှန်ကြားချက် အချို့ ပေးလိုက်သည်။
နတ်သမီးလေးများက ခေါင်းညိတ်လိုက်ပြီး သစ်ရွက်အတောင်ပံများကို ခတ်ကာ သစ်ပင်အိမ်ထဲမှ ပျံထွက်သွားကြ၏။
သူတို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကြင်နာတတ်သော အမျိုးသမီးက တီးတိုးရေရွတ်လိုက်သည်။
“နှစ်ကာလတွေက ရှည်လျားပါတယ်… ဘာလို့ ကိုယ့်ကိုယ်ကိုယ် အကျဉ်းချထားရမှာလဲ… နင်တို့ နှစ်ယောက်စလုံး ရင်ထဲက အမုန်းအာဃာတတွေကို ဖြေဖျောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
အရပ်လေးမျက်နှာရှိ ဤတုံ့ပြန်မှုများကို ဖူရှောင်ကွမ်း တစ်စက်လေးမျှ မသိခဲ့ပေ။
စားသောက်ပွဲ ပြီးဆုံး၍ မိစ္ဆာများ လူစုကွဲသွားသောအခါ သူက အောက်ရွေ့ကို သီးသန့် သွားတွေ့လိုက်သည်။ ပထမဆုံး ‘နဂါးကဗျာ’ တစ်ပုဒ်ကို ဆက်သလိုက်ပြီး နဂါးကြီး ဝမ်းသာအားရ ဖြစ်နေချိန်တွင် သူ၏ ရည်ရွယ်ချက်ကို ပြောပြလိုက်၏။
“မိစ္ဆာမိတ်ဆွေကို မေးပါရစေ… သက်တမ်းတိုးစေတဲ့ သိုင်းကျင့်စဉ် တစ်ခုခုကိုများ သိပါသလား”
အောက်ရွေ့မှာ ကဗျာဆီမှ အကြည့်ကို ခွာလိုက်ပြီး ဤတစ်နေ့တာပိုးမိစ္ဆာက နည်းစနစ်နယ်ပယ်မှာတင် ကိုးကြိမ်တိုင်တိုင် သက်တမ်းတိုးခဲ့သည်ကို ပြန်တွေးမိသွားသဖြင့် ဤမေးခွန်းက အံ့ဩစရာ မဟုတ်ဟု ခံစားလိုက်ရသည်။ ခဏတာ တုံ့ဆိုင်းနေပြီးမှ သူက ပြောလိုက်၏။
“ဒီသခင်က… နဂါးမျိုးနွယ်စု ပြင်ပက ဓမ္မနယ်ပယ် ကျင့်ကြံသူတွေအတွက်ပါ အသုံးဝင်တဲ့ သက်တမ်းတိုး သိုင်းကျင့်စဉ် တစ်ခုကို တကယ် သိထားပါတယ်”
ထိုနေရာအရောက်တွင် အောက်ရွေ့က ပြန်မေးလိုက်သည်။
“တန်ရှီး စမ်းရေကိုးပေါက် အကြောင်း ကြားဖူးလား”
ဖူရှောင်ကွမ်းက ခေါင်းညိတ်လိုက်၏။
“မိစ္ဆာအကယ်ဒမီရဲ့ စာကြည့်တိုက်က ကျယ်ဝန်းပြီး မိစ္ဆာသခင်တွေ ဖတ်ရှုနိုင်တဲ့ ရှေးဟောင်း စာအုပ်စာတမ်းတွေ အများကြီး ရှိတယ်… တချို့ဆို သခင်မလေး ကိုယ်တိုင် ရေးထားတာတွေတောင် ပါသေးတယ်… ကျွန်တော် အဲဒါတွေကို မကြာခဏ ဖတ်လေ့ရှိတော့ စမ်းရေကိုးပေါက် အကြောင်းကို သေချာပေါက် သိတာပေါ့… မွှေးပျံ့အေးစက် စမ်းရေ၊ တောင်ဖော် စမ်းရေ၊ နွေးထွေး စမ်းရေ၊ အရှေ့ပိုင်းပေါင်းစပ် စမ်းရေ၊ တောင်တစ်ခွင် စမ်းရေ၊ ငြိမ်းချမ်းမှု စမ်းရေ၊ ကျယ်ပြန့် စမ်းရေ၊ ပွက်ပွက်ဆူ စမ်းရေ နဲ့ အညစ်အကြေးဆေးကြော စမ်းရေ တွေလေ”
အောက်ရွေ့က ခေါင်းညိတ်၍ ဆက်ပြောလိုက်၏။
“ရှေးပဝေသဏီက ကမ္ဘာလောကကြီးကို တုန်လှုပ်စေခဲ့တဲ့ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့တယ်… အကြောင်းရင်းကတော့ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ရှေးဟောင်း သက်ရှိတချို့ပဲ သိကောင်း သိနိုင်လိမ့်မယ်…”
“ဒဏ္ဍာရီတွေအရတော့ ဒီစမ်းရေကိုးပေါက်က ကမ္ဘာလောကရဲ့ တန်ရှီး ချီစွမ်းအင်တွေကို အုပ်စိုးတဲ့ ရှေးဟောင်း နတ်ဘုရား ကိုးပါးရဲ့ ရုပ်ကြွင်းတွေကနေ ပြောင်းလဲလာတာလို့ ဆိုကြတယ်… တစ်ခုစီတိုင်းမှာ ကိုယ်ပိုင် အံ့ဖွယ်စွမ်းအားတွေ ရှိကြပြီး သီးခြား လျှို့ဝှက်နယ်မြေ တစ်ခုစီထဲမှာ တည်ရှိနေကြတယ်…”
“အထွတ်အထိပ် ယန်ဓာတ်ကနေ ယင်ဓာတ်ကို မွေးဖွားပေးတဲ့ အကောင်းဆုံး နွေးထွေး စမ်းရေက ဝိညာဉ်နဲ့ ရုပ်ခန္ဓာကို ပြုစုပျိုးထောင်ပေးနိုင်ပြီး သက်တမ်းကိုလည်း တိုးစေနိုင်တယ်… အရင်တုန်းက မိစ္ဆာဘုရင်တွေတောင် သူတို့ရဲ့ သက်တမ်းကို ရှည်စေဖို့ အဲဒီထဲမှာ စိမ်ခဲ့ကြဖူးတယ်… အခုအချိန်မှာ သူ့ရဲ့ အံ့ဖွယ်စွမ်းအားတွေက လျော့ကျသွားပြီ ဆိုပေမဲ့ ဓမ္မနယ်ပယ် ကျင့်ကြံသူတွေအတွက်တော့ အသုံးဝင်နေဆဲပါပဲ…”
“အဲဒီ နတ်ဘုရားစမ်းရေက နှစ်သုံးဆယ်ကို တစ်ကြိမ် ပွင့်တဲ့ တန်ယန် လျှို့ဝှက်နယ်မြေထဲမှာ တည်ရှိတယ်… နောက်တစ်ကြိမ် ပွင့်ဖို့က ငါးနှစ် လိုသေးတယ်… အချိန်ကျလာရင် ငါလည်း အဲဒီကို ဝင်မှာပဲ… မိစ္ဆာမိတ်ဆွေ သဘောတူမယ်ဆိုရင် ငါတို့ အတူတူ သွားလို့ ရပါတယ်”
ဖူရှောင်ကွမ်းက မတ်တတ်ရပ်၍ ကျေးဇူးတင်စကား ဆိုလိုက်၏။
“အသေးစိတ် ရှင်းပြပေးပြီး ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်… မိတ်ဆွေရဲ့ ကြီးမားကျယ်ပြန့်တဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့ဆိုတော့ မိတ်ဆွေနဲ့ အတူခရီးသွားရတာက ကျွန်တော့်အတွက် ကြီးမားတဲ့ ဂုဏ်ကျေးဇူးပါ… ကျွန်တော် လိုက်ခဲ့ပါ့မယ်”
အောက်ရွေ့က ပြုံးလိုက်သည်။
“မင်းက မင်းရဲ့ အင်းဆက်မျိုးနွယ်စုရဲ့ အားနည်းတဲ့ သွေးဆက်ခံမှုကို ကျော်လွှားနိုင်ခဲ့ပြီး သုံးနှစ်မပြည့်ခင်မှာတင် မိစ္ဆာသခင် ဖြစ်လာခဲ့တယ်… ပြီးတော့ ဒီညမှာလည်း ကြီးမားတဲ့ နတ်ဘုရားစွမ်းအားကို ပြသနိုင်ခဲ့ပြီး အဆင့်တူတွေကို ချေမှုန်းပြီး ရွှံ့ရုပ်သုံးရုပ်ကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့တယ်…”
“အချိန်တစ်ခု ပေးလိုက်ရင် မင်းက သေချာပေါက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရလာမှာပဲ… ငါက ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခု တည်ဆောက်ဖို့အတွက် ကြိုတင် ရင်းနှီးမြှုပ်နှံထားတာပါ”
နဂါးကြီးက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။
ဖူရှောင်ကွမ်းကလည်း ထိုနည်းတူ တိုက်ရိုက်ပင် တုံ့ပြန်လိုက်သည်။ သူက ဝိုင်အစား လက်ဖက်ရည်ခွက်ကို မြှောက်ကာ ပြောလိုက်၏။
“ဒါဆိုရင်လည်း မိစ္ဆာမိတ်ဆွေကိုပဲ အားကိုးရတော့မှာပေါ့”
အောက်ရွေ့ကလည်း သူ၏ ခွက်ကို မြှောက်လိုက်သည်။
“ရပါတယ်ဗျာ… ရပါတယ်…”
*