ယွီတောင်တန်း မိစ္ဆာဈေးတန်း…
အန်းလဲ့လမ်းကြား၊ နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း…
မိစ္ဆာသခင်များက တစ်ဖက်တစ်ချက်စီတွင် ထိုင်နေကြပြီး ဖူရှောင်ကွမ်းကတော့ ထိပ်ဆုံးတွင် ထိုင်နေ၏။
ဒဏ်ရာဒဏ်ချက်များဖြင့် ဖူးယောင်နေသော မီးလျှံနီကို ကြည့်ရင်း ဖူရှောင်ကွမ်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး သူ့ကိုယ်စား နာကျင်မိသွားသည်။ ဒဏ်ရာတစ်ချက်လေးမျှ မရှိသည့်အပြင် တည်ငြိမ်အေးဆေးနေသော အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်ကို ပြန်ကြည့်လိုက်ပြီးနောက် သူ ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။
တန်ကွေး၏ ရှင်းပြချက်ကို ကြားပြီးနောက် ဤအရာအားလုံးက နားလည်မှုလွဲမှားခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူ ပို၍ပင် ဆွံ့အသွားတော့သည်။
ဖူရှောင်ကွမ်းက သူ၏ လက်ဖက်ရည်ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး မျက်နှာပန်းလှစေရန် အထူးသုံးသော တိမ်လွှာ ဝိညာဉ်လက်ဖက်ရည် တစ်ငုံကို သောက်လိုက်ရင်း သိလျက်နှင့် မေးလိုက်၏။
“ဒါဆို အဖြူရောင်ဝတ်ရုံ မိစ္ဆာမိတ်ဆွေက မဟာပညာရှိမှတ်တမ်းကို ဆက်ရေးဖို့ ကျွန်တော့်ကို လာတိုက်တွန်းတာပေါ့”
“ဟုတ်ပါတယ်… ကျွန်တော်က ဒီစာအုပ်ကို အတော်လေး နှစ်သက်တာပါ… တစ်နှစ်နီးပါးလောက် အပိုင်းသစ်တွေ ထွက်မလာတာ ဘာကြောင့်လဲ ဆိုတာကိုတော့ မသိပါဘူး… နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာကို တကယ် သိချင်နေမိတယ်…”
“ဆက်ပြီး သည်းမခံနိုင်တော့လို့ ယွီတောင်တန်းကို လာလည်ဖို့ ဆုံးဖြတ်ခဲ့တာပါ… မိစ္ဆာမိတ်ဆွေက ကျွန်တော့်ရဲ့ ရိုးသားမှုကို မြင်ပြီး မိတ်ဆွေရဲ့ လက်ရာမြောက်တဲ့ ကလောင်စွမ်းအားနဲ့ ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်က လွန်စွာ နှိမ့်ချသော အမူအရာဖြင့် ရှိနေ၏။ စကားပြောပြီးနောက် သူက တမင်တကာ မတ်တတ်ရပ်၍ အရိုအသေ ပေးလိုက်သည်။
“ဟန်ဆောင်ကောင်းလိုက်တာ… ဒီသခင် အထင်တော့… အား…”
မီးလျှံနီက စကားအနည်းငယ်ဖြင့် သူ့ကို သရော်လိုက်ချင်ရုံသာ ဖြစ်သော်လည်း ထိုလှုပ်ရှားမှုက သူ၏ နှုတ်ခမ်းထောင့်ရှိ ဒဏ်ရာကို ပိုဆိုးသွားစေသဖြင့် နာကျင်စွာ ညည်းတွားလိုက်ရ၏။
မီးလျှံနီကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဖူရှောင်ကွမ်းက ခပ်တည်တည်ဖြင့် ပြောလိုက်သည်။
“မင်းလက်ဖက်ရည် မင်း သောက်စမ်းပါ”
မီးလျှံနီက နာခံစွာ ပြန်ဖြေလိုက်၏။
“အိုး…”
သူက ခေါင်းမာချင်စိတ် မရှိတော့၍ မဟုတ်ဘဲ အရမ်း နာကျင်နေသောကြောင့်သာ ဖြစ်သည်။ သူက လက်ဖက်ရည် ပန်းကန်လုံးကို ကောက်ကိုင်၍ တစ်ငုံ သောက်လိုက်ရာ သူ၏ မျက်လုံးများက လင်းလက်သွားပြီး ပျော်ရွှင်စွာဖြင့် အရသာခံနေတော့သည်။
မီးလျှံနီကို လျစ်လျူရှုလိုက်ပြီး ဖူရှောင်ကွမ်းက မတ်တတ်ရပ်ကာ ပြန်လည် အရိုအသေ ပေးလိုက်၏။ ပြန်ထိုင်ပြီးနောက် သူက ပြောလိုက်သည်။
“ရိုးရိုးသားသား ပြောရရင်… ဒီသခင်က အချိန်အတိုင်းအတာ တစ်ခုအထိ တံခါးပိတ် ကျင့်ကြံဖို့ လိုအပ်နေတယ်… အဖြူရောင်ဝတ်ရုံ မိစ္ဆာမိတ်ဆွေမှာ တခြား အရေးတကြီး ကိစ္စတွေ မရှိဘူးဆိုရင် ယွီတောင်တန်းမှာ အချိန်တစ်ခုလောက် နေသွားလို့ ရပါတယ်… တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာတာနဲ့ မိတ်ဆွေ စိတ်တိုင်းကျတဲ့အထိ စာလိပ်တွေကို ဖွင့်ပြီး သေချာပေါက် ရေးပေးပါ့မယ်”
“မိစ္ဆာမိတ်ဆွေမှာ တခြား လုပ်စရာကိစ္စတွေ ရှိနေတယ်ဆိုရင်တော့ ဆက်သွယ်ရမယ့် နည်းလမ်းတစ်ခု ချန်ထားခဲ့လို့ ရပါတယ်… အပိုင်းသစ်တွေ ရေးပြီးသွားရင် ကျွန်တော် သေချာပေါက် ဆက်သွယ်လိုက်ပါ့မယ်”
အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်က ပြန်ပြောလိုက်သည်။
“တခြားသူတွေရဲ့ အားသာချက်တွေကို လေ့လာပြီး အဲဒါတွေကို ကျော်လွှားနိုင်တာ… ဧကရီယွီလီရဲ့ အမြင်တွေက ထူးခြားပြီး သူမရဲ့ ကြိုးပမ်းမှုတွေကလည်း ရဲရင့်တယ်… ယွီတောင်တန်း မိစ္ဆာဈေးတန်းက ပတ်ဝန်းကျင် ပြည်နယ်တွေက မိစ္ဆာမျိုးနွယ်စုတွေ ကြားမှာ အတော်လေး နာမည်ကြီးတယ်…”
“ဒီကိုမလာခင်ကတည်းက ယွီတောင်တန်းမှာ အချိန်တစ်ခုလောက် နေသွားဖို့ ရည်ရွယ်ထားပြီးသားပါ… မိစ္ဆာမိတ်ဆွေ ရှောင်ကွမ်း… အေးအေးဆေးဆေး တံခါးပိတ် ကျင့်ကြံပါ… ကျွန်တော်က ဒီအခွင့်အရေးကို အသုံးချပြီး ယွီတောင်တန်းရဲ့ ရှုခင်းတွေကို ခံစားရင်း မိစ္ဆာဈေးတန်းရဲ့ ဓလေ့စရိုက်တွေကို လေ့လာလိုက်ပါ့မယ်”
“နောက်ပြီး ကျွန်တော်က မိစ္ဆာဘုရင်မကြီးကိုလည်း အရိုအသေ သွားပေးချင်သေးတယ်… ဘယ်လိုပဲဖြစ်ဖြစ် စောင့်နေရမှာပါပဲ”
“ဒါဆိုလည်း အရမ်းကောင်းတာပေါ့”
စကားအနည်းငယ် ထပ်ပြောပြီးနောက် ဖူရှောင်ကွမ်းက သူ၏ လက်ဖက်ရည်ခွက်ကို မြှောက်ကာ ဧည့်တွေ့ခြင်း ပြီးဆုံးပြီဖြစ်ကြောင်း အချက်ပြလိုက်ရာ အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်ကလည်း ပါးနပ်စွာဖြင့် နှုတ်ဆက် ထွက်ခွာသွား၏။
မီးလျှံနီ ထွက်သွားချိန်တွင် သူ၏ မျက်လုံးများက ကလယ်ကလယ် ဖြစ်နေပြီး လက်ဖက်ရည်အိုး တစ်ဝက်ကိုပါ တိုက်ရိုက် သယ်ယူသွားတော့သည်။ ရှက်စရာကောင်းသည် မကောင်းသည် ဆိုသည်မှာတော့ သူနှင့် လုံးဝ မသက်ဆိုင်ပေ။
ခွေးသခင်က ဘယ်သူ့ရဲ့ လက်ဖက်ရည်ကိုပဲ ကြိုက်ကြိုက်၊ အဲဒါက သူတို့ကို မျက်နှာသာ ပေးလိုက်တာပဲလေ။ ပြီးတော့ သူက မိစ္ဆာသခင် တစ်ပါး ဖြစ်၏။ ဘယ်မိစ္ဆာလေးကများ သူ့ကို လှောင်ရဲမှာလဲ။
ပိုးကောင်သေက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ မီးလျှံနီက ပါးစပ်ဖြဲပြီး ပြုံးပြလိုက်ရာ သူ၏ ထက်မြက်ပြီး ဖြူဖွေးနေသော အစွယ်များက နေရောင်အောက်တွင် လင်းလက်သွားပြီး အတင်းအကျပ် ရှင်းပြလိုက်သည်။
“ငါ… နည်းနည်း ရေဆာနေလို့…”
ဖူရှောင်ကွမ်း “…”
သိပ်ကို ရင်းနှီးနေတဲ့ ဆင်ခြေပါလား…
ဖူရှောင်ကွမ်းက မိစ္ဆာများကို နှုတ်ဆက်ပြီးနောက် တံခါးပိတ်ကျင့်ကြံမည့် ဆိုင်းဘုတ်ကို ချိတ်ဆွဲကာ ဂူတံခါးကို ပိတ်လိုက်ပြီး မြေအောက်ဂူထဲသို့ ပြန်ဝင်လာခဲ့သည်။ အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်၏ မေးခွန်းကို ပြန်တွေးမိပြီး သူက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။
လွန်ခဲ့သည့် တစ်နှစ်အတွင်း သူက ကျင့်ကြံခြင်းဖြင့်သာ အလုပ်များနေခဲ့ပြီး ပိုက်ဆံလည်း မလိုသဖြင့် မဟာပညာရှိမှတ်တမ်း၏ ဇာတ်လမ်းက ပီမာဝန် ရာထူး၏ အမှန်တရားကို သိရှိသွားပြီးနောက် ဒေါသတကြီးဖြင့် ရာထူးတံဆိပ်ကို ဆွဲဖြုတ်ကာ ကောင်းကင်ဘုံမှ ထွက်ခွာသွားသည့် မျောက်ဝံကြီး၏ အရေးကြီးသော အခိုက်အတန့်တွင် ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။
‘နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်မလဲ…’
‘ကောင်းကင်တရားရုံးက ဘယ်လို တုံ့ပြန်မလဲ…’
‘နှစ်ဖက်ကြားမှာ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလာမလား…’
ဤချိတ်ဆက်မှုက စာဖတ်သူ အများအပြားကို အမှန်တကယ်ပင် ထင်ကြေးပေးမှု အမျိုးမျိုး ဖြစ်ပေါ်စေခဲ့ပြီး ညဘက်များတွင်ပင် ဟိုလူးဒီလွန့် ဖြစ်ကာ စိုးရိမ်ပူပန်မှုများဖြင့် ခေါင်းကုတ်နေစေခဲ့မည် ဖြစ်သည်။
သူ မမျှော်လင့်ထားခဲ့သည်က မိစ္ဆာသခင်တစ်ပါးက ဤအရာအတွက် အဝေးကြီးမှ ခရီးနှင်လာလိမ့်မည် ဆိုသည်ကိုပင်။
ဤအကြောင်းကို ပထမဆုံး သိလိုက်ရချိန်တွင် ဖူရှောင်ကွမ်းမှာ စာရေးရန်အတွက် အမှောင်ခန်းလေးတစ်ခုထဲတွင် ပိတ်လှောင်ခံရမည်ကို စိုးရိမ်နေခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အလဟဿ ခြောက်လှန့်ရုံ သက်သက်သာ ဖြစ်ခဲ့၏။
ယခု ပြန်တွေးကြည့်မှ ထိုခံစားချက်က မဆိုးလှပေ။
ခဏတာ တွေးတောပြီးနောက် ဖူရှောင်ကွမ်းက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ကွေ့ယွမ်ဇီသာကို ထုတ်ယူကာ ကြိုးများကို ခတ်၍ ‘စိတ်ကို သန့်စင်စေခြင်း’ ဟု အမည်ရသော သံစဉ်တစ်ခုကို တီးခတ်လိုက်သည်။ သူ၏ အာရုံပျံ့လွင့်စေသော အတွေးများ ကင်းစင်သွားပြီး စိတ်ကို စုစည်းနိုင်သွားသည်နှင့် ကွေ့ယွမ်ဇီသာကို ပြုစုပျိုးထောင်ရန်အတွက် သူ၏ အောက်ပိုင်း သွေးကြောစုံမှတ် အတွင်းသို့ သိမ်းဆည်းလိုက်၏။
ထို့နောက် သူ၏ ကိုယ်ပိုင် မိစ္ဆာလက်နက်ဖြစ်သော အာရုဏ်ဦးအလင်းစက်ကို ထုတ်ယူကာ မူလအသွင်သဏ္ဌာန်သို့ ပြောင်းလဲပြီး အတွင်းသို့ ပျံသန်းဝင်ရောက်သွားသည်။
အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်၏ စကားများက အမှန်လား၊ အမှားလား သို့မဟုတ် သူ၏ အစစ်အမှန် ရည်ရွယ်ချက်က ဘာလဲဆိုသည်ကိုတော့ ကျောင်းအုပ်ကြီး ဂျီမိုနှင့် မိစ္ဆာသခင်မ ကျိုကွမ်းတို့ကသာ ပူပန်ရလိမ့်မည် ဖြစ်၏။
စွမ်းဆောင်နိုင်သူတွေက ပိုလုပ်သင့်တယ်လေ။ သူကတော့ ဝင်ပါမည် မဟုတ်ပေ။
…
ဖူရှောင်ကွမ်း မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်၏။
ကျောင်းအုပ်ကြီး ဂျီမိုနှင့် မိစ္ဆာသခင်မ ကျိုကွမ်းတို့က ဖိတ်ခေါ်မထားဘဲ ရောက်လာသော ဤအဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်ကို စပ်စုချင်စိတ်များ ဖြစ်ပေါ်နေသကဲ့သို့ သတိလည်း ထားနေကြပြီး နည်းလမ်းမျိုးစုံဖြင့် သူ့ကို ဆက်ဆံနေကြသည်။
သူတို့က စားသောက်ပွဲများ တည်ခင်းဧည့်ခံခြင်း၊ တာအိုနှင့် နည်းစနစ်များ အကြောင်း ဆွေးနွေးခြင်း၊ ယွီတောင်တန်း၏ လှပသော ရှုခင်းများကို ပြသရန် ခေါ်ဆောင်သွားခြင်း၊ မိစ္ဆာဈေးတန်း၏ ထူးခြားသော ဓလေ့စရိုက်များကို လမ်းညွှန်ပြသပေးခြင်း၊ သူ၏ မေးခွန်းများကို ဖြေကြားပေးခြင်း သို့မဟုတ် သူ့ထံမှ တောင်တန်းများ ပြင်ပရှိ ကမ္ဘာလောကအကြောင်း လေ့လာခြင်း အစရှိသည်တို့ကို ပြုလုပ်ကြ၏။
သူက ခရီးသွားရသည်ကို နှစ်သက်ပြီး ကျယ်ပြန့်သော ဗဟုသုတများ ရှိသဖြင့် ကျောင်းအုပ်ကြီး ဂျီမိုနှင့် မိစ္ဆာသခင်မ ကျိုကွမ်းတို့ကို ပြင်ပကမ္ဘာအကြောင်း ပိုမို သိရှိနားလည်လာစေခဲ့သည်။
လဝက်ခန့် ထိတွေ့ဆက်ဆံပြီးနောက် အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်က အမှန်တကယ်ပင် မြင့်မြတ်ပြီး တောက်ပသူဖြစ်ကြောင်း မြင်တွေ့ရသောအခါ မိစ္ဆာသခင် နှစ်ပါးက တဖြည်းဖြည်း သတိလျှော့လာကြ၏။
အထူးသဖြင့် သူက မိစ္ဆာသခင် နှစ်ပါးအား လက်ဆောင်ပေးရန်အတွက် သူ၏ ခရီးသွားမှတ်တမ်းများကို ရက်အတော်ကြာ အချိန်ယူ၍ စုစည်းပေးခဲ့ပြီး ယွီတောင်တန်း မိစ္ဆာဈေးတန်းအတွက် သူ၏ ကိုယ်ပိုင် ခရီးသွားလမ်းကြောင်းများကို အခြေခံ၍ ရိုးရှင်းသော ပထဝီဝင်မြေပုံ တစ်ခုကို ဖန်တီးပေးခဲ့သည်။
ထို့အပြင် သူက ဝါးစာလိပ်မှ အသွင်ပြောင်းလာသူဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအတွက် ပုံပြင်များကို စုဆောင်းလေ့ရှိကြောင်း မရည်ရွယ်ဘဲ ဖွင့်ဟလိုက်သောအခါ ကျောင်းအုပ်ကြီး ဂျီမိုနှင့် မိစ္ဆာသခင်မ ကျိုကွမ်းတို့၏ သူ့အပေါ် နှစ်သက်သဘောကျမှုက ကြီးမားစွာ တိုးတက်သွားတော့သည်။
မီးလျှံနီကတော့ အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်ကို အရင်ကလိုပင် မုန်းတီးနေဆဲ ဖြစ်၏။
အထူးသဖြင့် သူက မိစ္ဆာသခင် နှစ်ပါး၏ မျက်နှာသာပေးမှုကို ရရှိသွားပြီးနောက် မီးလျှံနီ၏ မျက်နှာအမူအရာက ပို၍ပင် ရှုံ့မဲ့သွားတော့သည်။ အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်နှင့် ဆုံတွေ့ရတိုင်း သူ့ကို နှုတ်ဖြင့် စကားများခြင်း သို့မဟုတ် ကိုယ်ထိလက်ရောက် ရန်ဖြစ်ခြင်းများဖြင့် ရန်စလေ့ရှိ၏။ အကြိမ်တိုင်းတွင် အရိုက်ခံရသော်လည်း သူက လုံးဝ ပြုပြင်ပြောင်းလဲခြင်း မရှိပေ။
ဤအရာများ အားလုံးကို ဖူရှောင်ကွမ်းက တစ်စက်လေးမျှ မသိခဲ့ချေ။
နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း၏ မြေအောက်ဂူအတွင်း၌…
လဝက်ကြာပြီးနောက် အာရုဏ်ဦးအလင်းစက်က နောက်ဆုံးတွင် လှုပ်ရှားလာပြီး စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်လိုက်ရာ ငွေရောင်အလင်းတန်းများက ရေကဲ့သို့ စီးဆင်းလှိုင်းထသွား၏။
ခုနစ်လက်မအရွယ် တစ်နေ့တာပိုးကောင်လေး တစ်ကောင်က အတွင်းမှ ပျံသန်းထွက်လာပြီး ငွေရောင်အလင်းများကို ထုတ်လွှတ်နေသည်။ သူ၏ မိစ္ဆာခန္ဓာကိုယ်တွင် ယခုအခါ ပိုမို သေးသွယ်သော ပုံစံများ ထပ်မံ ပါရှိနေပြီး နက်နဲဆန်းကြယ်လှ၏။
ဤအရာများက အချိန်ပုံစံများ ဖြစ်ပြီး ဖူရှောင်ကွမ်း၏ မိစ္ဆာခန္ဓာကိုယ်က အချိန်၏ သွင်ပြင်လက္ခဏာ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်လာပြီဖြစ်ကြောင်း ပြသနေသော လက္ခဏာတစ်ခု ဖြစ်သည်။
အလင်းတန်းများ လက်ခနဲ ဖြစ်သွားပြီး ဖူရှောင်ကွမ်းက လူသားအသွင်သို့ ပြောင်းလဲသွားရာ သူ၏ အရပ်က တစ်ပေခန့် ပိုရှည်လာပြီး ခုနစ်ပေအထိ ရောက်ရှိလာ၏။
သူက အာရုဏ်ဦးအလင်းစက်ထဲမှ ခွာချထားသော အခွံဟောင်းကို ထုတ်ယူလိုက်ပြီး အာရုဏ်ဦးအလင်းစက်ကို သိမ်းဆည်းကာ ကွေ့ယွမ်ဇီသာကို ထုတ်ယူလိုက်သည်။ သူ၏ ချီစွမ်းအင်များကို လည်ပတ်၍ ဇီသာကို လွှမ်းခြုံလိုက်ပြီး အခွံဟောင်းကို သန့်စင်ကာ တူရိယာအတွင်းသို့ ပေါင်းစပ်လိုက်၏။
အချိန်များက မြန်ဆန်စွာ ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် လဝက် ကြာသွားခဲ့ပြီ ဖြစ်သည်။
မြေအောက်ဂူထဲတွင် ဖူရှောင်ကွမ်း နိုးလာ၏။
ကွေ့ယွမ်ဇီသာ၏ ကိုယ်ထည်ပေါ်တွင် သေးသွယ်သော ပုံစံတစ်ခု ထပ်မံ ပါဝင်လာပြီး ဇီသာ၏ စွမ်းအားများက ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်ကို မြင်သောအခါ သူက ပျော်ရွှင်စွာ ပြုံးလိုက်သည်။
ဤရတနာတွင် ကြိုးခုနစ်ချောင်း ပါရှိပြီး မှော်ရတနာတစ်ခုအဖြစ် ပြောင်းလဲရန် သူ၏ အခွံဟောင်းကို ခုနစ်ကြိမ်တိုင်တိုင် စုပ်ယူရန် လိုအပ်၏။ လက်ရှိတွင် သုံးကြိမ် စုပ်ယူပြီးပြီ ဖြစ်ရာ မှော်ရတနာတစ်ခု ဖြစ်လာရန် လေးကြိမ်သာ လိုအပ်တော့သည်။
သူ၏ ကိုယ်ပိုင် မိစ္ဆာလက်နက်ဖြစ်သော အာရုဏ်ဦးအလင်းစက်နှင့် ပတ်သက်၍မူ ထိုလက်နက်က သူ နားလည်သဘောပေါက်ထားသော အမှန်တရားများနှင့် အဓိက သက်ဆိုင်၏။ အမှန်တရားများကို သူ ပိုမို နားလည်လေလေ၊ ကိုယ်ပိုင် မိစ္ဆာလက်နက်၏ အလားအလာနှင့် စွမ်းအားများက ပိုမို ကြီးမားလေလေ ဖြစ်သည်။
ကွေ့ယွမ်ဇီသာကို သိမ်းဆည်းလိုက်ပြီးနောက် ဖူရှောင်ကွမ်းက ဂူထဲမှ ထွက်ကာ မီးဖိုချောင်သို့ သွား၍ ဝိညာဉ်အစားအစာ တစ်နပ်ကို ပြင်ဆင်လိုက်သည်။ ဗိုက်ဝသွားပြီးနောက် သူက လွှဲကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ မနက်မှ ညနေအထိ အနားယူလိုက်၏။
သူ၏ စိတ်စွမ်းအားများ အနည်းငယ် ပြန်လည် ကောင်းမွန်လာသောအခါ စားပွဲတွင် ထိုင်၍ စုတ်တံနှင့် ဝါးစာလိပ်ကို ကောက်ကိုင်ကာ မဟာပညာရှိမှတ်တမ်း ၏ အပိုင်းသစ်ကို စတင် ရေးသားတော့သည်။
ဤအခန်း၏ ခေါင်းစဉ်မှာ - ‘ကောင်းကင်ဘုံနှင့် တန်းတူ မဟာပညာရှိ’
မျောက်ဝံကြီး၏ အကြောက်အလန့်မရှိသော၊ ပုန်ကန်တတ်သော စိတ်ဓာတ်က သူ့ကို ဆွဲဆောင်မှု ရှိစေသော အဓိက အချက်ပင် ဖြစ်၏။ ဤအခန်းကို ရေးရသည်မှာ ဖူရှောင်ကွမ်း၏ သွေးများကို စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်လာစေပြီး အလွန်အမင်း တက်ကြွလာစေသည်။
ရေးပြီးသွားသောအခါ သူက ဝါးစာလိပ်ပေါ်မှ သစ်သားမှုန်များကို မှုတ်ထုတ်လိုက်ပြီး ဝါးစာလိပ်ပေါ်တွင် ရေးသားထားသော စာလုံးများကို ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။
ယခုတော့ သူ၏ စာဖတ်သူများကို ဖြေရှင်းချက်တစ်ခု ပေးနိုင်ပြီ ဖြစ်သည်။
ဧကရီယွီလီကလည်း ဤစာအုပ်ကို သဘောကျကြောင်း သူ မှတ်မိ၏။ သူမ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် သူ့ကို အပိုင်းသစ်တွေ လာတောင်းမည့်အကြောင်း စိုးရိမ်စရာ မလိုတော့ပေ။
ဝါးစာလိပ်များကို သိမ်းဆည်းလိုက်ပြီးနောက် ဖူရှောင်ကွမ်းက ဆက်လက် အိပ်စက်လိုက်သည်။ ကွေ့ယွမ်ဇီသာကို လဝက်ကြာအောင် အားဖြည့်ပေးခဲ့ရသဖြင့် သူ၏ ခွန်အားများစွာ ကုန်ဆုံးသွားခဲ့ရာ ပိုမို အနားယူရန် လိုအပ်နေ၏။
ဤအိပ်စက်ခြင်းက တစ်နေ့နှင့် တစ်ည အပြည့် ကြာမြင့်ခဲ့သည်။
နောက်တစ်နေ့ ညနေခင်း…
တောက်ပနေသော တိမ်တိုက်များက ဆည်းဆာနေရောင်ကို ဝင်ရောက် ဖုံးလွှမ်းလာပြီး သိပ်သည်းလှသော သစ်ရွက်များက ပုစဉ်းရင်ကွဲများ၏ အော်သံများကို ဝါးမျိုသွားကြ၏။
ဖူရှောင်ကွမ်းက လန်းဆန်းတက်ကြွစွာဖြင့် နိုးလာသည်။ ဝိညာဉ်အစားအစာများကို စားသုံးပြီးသွားသည်နှင့် သူ၏ ခါးဆွဲတံဆိပ်ပြားက တုန်ခါလာ၏။ ကျောင်းအုပ်ကြီး ဂျီမိုထံမှ မက်ဆေ့ချ်တစ်ခု ရရှိခဲ့ခြင်း ဖြစ်သည်။
*