နောက်တစ်နေ့ ညနေခင်း…
အန်းလဲ့လမ်းကြား၊ နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း...
တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ၏။
ဖူရှောင်ကွမ်းက တံခါးကို ဖွင့်လိုက်သောအခါ အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်နှင့် မျက်လုံးချင်း ဆုံသွားသည်။
သူ့ကို အတွင်းသို့ ဖိတ်ခေါ်ပြီးနောက် ဖူရှောင်ကွမ်းက ဘာမှပင် မမေးရသေးမီ ဧည့်သည်ဖြစ်သူက လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်၏။
“ပွင့်ပွင့်လင်းလင်း ပြောရရင် မနေ့ညက မိစ္ဆာမိတ်ဆွေရဲ့ မဟာပညာရှိမှတ်တမ်း အပိုင်းသစ်ကို ဖတ်ပြီးကတည်းက ကျွန်တော် နောက်ဆက်တွဲ သိချင်စိတ်တွေကို သည်းမခံနိုင်တော့ဘဲ အိပ်လို့တောင် မပျော်ဘူးဗျာ… အဲဒါကြောင့် မိစ္ဆာမိတ်ဆွေကို နောက်ထပ် အပိုင်းသစ်တစ်ခု ရေးပေးဖို့ တောင်းဆိုချင်လို့ ဖိတ်မထားဘဲ လာခဲ့တာပါ”
စကားပြောနေစဉ်တွင် သူက ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထုတ်ယူကာ စားပွဲပေါ်သို့ တင်လိုက်သည်။
“ဒါက မိတ်ဆွေကို ဖိအားပေးရာ ရောက်မှန်း သိပါတယ်… ဒါပေမဲ့ ဒါက ပြောပလောက်တဲ့ လက်ဆောင် မဟုတ်ပါဘူး”
ခဏတာ ရပ်တန့်ပြီးနောက် အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်က ဆက်ပြောလိုက်၏။
“ပုံပြင်တွေ ဖန်တီးဖို့ဆိုတာ ဉာဏ်ကွန့်မြူးဖို့နဲ့ အချိန် လိုအပ်တယ်ဆိုတာကို ကျွန်တော် နားလည်ပါတယ်… ကျွန်တော် မိစ္ဆာဈေးတန်းမှာ နောက်ထပ် သီတင်းနှစ်ပတ်လောက် ဆက်နေပါဦးမယ်… ကျွန်တော် မထွက်ခွာခင် အပိုင်းသစ်လေး ဖတ်သွားရမယ်ဆိုရင် ပိုင်ယီက တစ်သက်လုံး ကျေးဇူးတင်နေမှာပါ”
ဤမျှ ပွင့်လင်းစွာ တောင်းဆိုလာသောအခါ ဖူရှောင်ကွမ်းအနေဖြင့် ငြင်းဆန်ရန် ခက်ခဲသွားတော့သည်။
“မိတ်ဆွေရဲ့ ရိုးသားမှုကို မြင်တွေ့ရတဲ့အတွက် ရှောင်ကွမ်း အကောင်းဆုံး ကြိုးစားပေးပါ့မယ်”
အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်မှာ ဝမ်းသာသွား၏။
မိစ္ဆာနှစ်ကောင်က မဟာပညာရှိမှတ်တမ်း အကြောင်းကို အတန်ကြာ ဆက်လက် စကားပြောပြီးနောက် ဧည့်သည်ဖြစ်သူက နှုတ်ဆက် ထွက်ခွာသွားသည်။
သူ အပြင်သို့ ခြေချလိုက်သည်နှင့် ဧကရီယွီလီက သူ့အနောက်မှ ချက်ချင်း ရောက်လာ၏။
သူမက အတွင်းသို့ ဝင်လာပြီး ဝါးသေတ္တာတစ်လုံးကို စားပွဲပေါ်သို့ ပစ်ချလိုက်သည်။ သူမကလည်း နောက်အပိုင်းသစ်အတွက် လာရောက် တိုက်တွန်းခြင်းပင် ဖြစ်၏။
ကိုယ့်ရဲ့ ကျောထောက်နောက်ခံက တောင်းဆိုလာသောအခါ ဖူရှောင်ကွမ်းက သဘာဝကျကျပင် လိုက်လျောရမည် ဖြစ်သည်။ အထူးသဖြင့် အခကြေးငွေလည်း ပါလာသလို အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်ကိုလည်း ကတိပေးထားပြီးပြီ မဟုတ်ပါလား။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ခါတည်း ရေးရမည်ဖြစ်ရာ သူက ပျော်ရွှင်စွာဖြင့် သဘောတူလိုက်၏။
ထို့ပြင် သူက ဤအခွင့်အရေးကို အသုံးချ၍ ဧကရီယွီလီထံမှ ကျင့်ကြံခြင်းအကြောင်းများ မေးမြန်းကာ သူ၏ သံသယများစွာကို ရှင်းလင်းလိုက်ပြီး ရှေ့ဆက်ရမည့် လမ်းကြောင်းကိုပါ လေ့လာလိုက်သည်။ ဥပမာအားဖြင့် စတုတ္ထမြောက် ကောင်းကင်ဘုံမှ ပဉ္စမမြောက် ကောင်းကင်ဘုံသို့ အဆင့်တက်ရန် အဓိကအချက်များနှင့် သတိထားရမည့် အချက်များ ဖြစ်၏။
သူမကို နှုတ်ဆက်ပြီးနောက် ဖူရှောင်ကွမ်းက လက်ဆောင်များကို ဖွင့်ကြည့်ရန် အလျင်မလိုသေးဘဲ အချုပ်ထောင်သို့ သွားရောက်ကာ စုပုံနေသော ကိစ္စရပ်များကို ဖြေရှင်းလိုက်သည်။
ထို့နောက် မိတ်ဆွေများကို တွေ့ဆုံပြီး ဧကရီယွီလီ၏ ယွီတောင်တန်း နယ်မြေခွဲဝေမှုအကြောင်း ပြောပြလိုက်ရာ သူတို့အနေဖြင့် သူ၏ နောက်သို့ လိုက်မည်လား၊ အခြား မိစ္ဆာသခင် တစ်ပါးနောက်သို့ လိုက်မည်လား သို့မဟုတ် မိစ္ဆာဈေးတန်းတွင် ဆက်နေမည်လား ဆိုသည်ကို ဆုံးဖြတ်နိုင်စေရန် ဖြစ်၏။
ထို့နောက်မှသာ သူက သူ၏ နတ်ဘုရားဂူသို့ ပြန်လာခဲ့သည်။
......
သူ အိမ်ပြန်ရောက်သောအခါ သန်းခေါင်ယံ အချိန်သို့ပင် ရောက်လုနီးပါး ရှိနေပြီ ဖြစ်၏။
လရောင်ကို စုဆောင်းပြီးနောက် ဖူရှောင်ကွမ်းက သေတ္တာနှစ်လုံးကို ဖွင့်လိုက်သည်။
ပထမဆုံးအနေဖြင့် အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်ထံမှ ရရှိသော ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်၏။ အဖုံးပွင့်သွားသည်နှင့် ဝိညာဉ်ချီစွမ်းအင်များ လျှံထွက်လာသည်။ သူက အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ရာ မွေးညင်းပေါက်များ ပွင့်ဟသွားပြီး ခန္ဓာကိုယ်က ပေါ့ပါးလာကာ ကိုယ်တွင်း ဓမ္မစွမ်းအားများ လည်ပတ်မှုကလည်း မြန်ဆန်လာ၏။
ချီစွမ်းအင်များက သူ၏ မျက်စိရှေ့တွင် အေးမြသော မြူခိုးများအဖြစ် စုစည်းသွားသည်။
သူက မြူခိုးများကို ရှူသွင်းလိုက်သောအခါ အတွင်းရှိ ဝိညာဉ်ပစ္စည်းက ရှင်းလင်းစွာ ပေါ်လာ၏။ ထိုအရာမှာ ပန်းသီးတစ်လုံး အရွယ်အစားခန့်ရှိပြီး ဖန်သားကဲ့သို့ ကြည်လင်နေသော အပြာရောင် သစ်သီးတစ်လုံး ဖြစ်သည်။ ရှင်းလင်းချက် မှတ်စုလေးတစ်ခုလည်း အတွင်းတွင် ပါရှိ၏။
ဖူရှောင်ကွမ်းက သူ၏ ငွေရောင် မျက်ဝန်းများဖြင့် အကြမ်းဖျင်း ဖတ်ရှုလိုက်ရာ သူ၏ မျက်လုံးများက ရုတ်တရက် လင်းလက်သွားတော့သည်။
ထိုသစ်သီးက အမှန်တကယ်ပင် မဟာယုံမင်းဆက် အတွင်းရှိ ကျန်းနန်၏ မြူနှင်းများ ဖုံးလွှမ်းနေသော ရွှံ့ညွန်အိုင်များတွင် တွေ့ရှိရသည့် လင်းကျယ်သစ်သီးဟု အမည်ရသော အဆင့်မြင့် မြေအဆင့် ဝိညာဉ်သစ်သီး တစ်လုံး ဖြစ်နေ၏။
ဤသစ်သီးက ဓမ္မနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ဓမ္မစွမ်းအားများကို တိုးပွားစေနိုင်ပြီး ရေဓာတ် နည်းစနစ်များကို နတ်ဘုရားစွမ်းရည်များအဖြစ် ပြောင်းလဲနိုင်သည့် အခွင့်အရေးကိုလည်း မြှင့်တင်ပေးနိုင်သည်။ ဤသစ်သီး ပေါ်ထွက်လာတိုင်း စွမ်းအားကြီးမားသော ရေမိစ္ဆာများက အမြဲတမ်း လုယက် တိုက်ခိုက်လေ့ ရှိကြ၏။
လက်ဆောင်က သူ၏ ရင်ဘတ်တည့်တည့်ကို ထိမှန်သွားသည်။ ဤသစ်သီးဖြင့်ဆိုလျှင် ပဉ္စမမြောက် ကောင်းကင်ဘုံသို့ ဖောက်ထွက်ရန် သူ၏ ကြိုးပမ်းမှုက နှစ်ဆခန့် ပိုမို လွယ်ကူသွားမည် ဖြစ်၏။
သစ်သီးကို လေ့လာပြီးနောက် သူက ကျောက်စိမ်းသေတ္တာကို တားမြစ်ကန့်သတ်ချက် တစ်ခုဖြင့် ချိတ်ပိတ်ကာ သေချာစွာ သိမ်းဆည်းလိုက်ပြီး ဝါးသေတ္တာဆီသို့ လှည့်လိုက်သည်။ ထို့နောက် ဝါးသေတ္တာ၏ တားမြစ်ကန့်သတ်ချက်ကို ဖြေဖျောက်လိုက်ရာ အတွင်းတွင် ဝါးစာလိပ် တစ်ခုကို တွေ့လိုက်ရ၏။
သူက စာလိပ်ကို ဖြေချပြီး တစ်ကြောင်းချင်း ဖတ်ရှုလိုက်သောအခါ စာလုံးများက သူ၏ မျက်လုံးထဲသို့ ဝင်ရောက်လာသည်။ သူ၏ မျက်လုံးများမှာ တုန်ခါသွားပြီး အလွန်အမင်း ဝမ်းသာသွား၏။
ထိုစာလိပ်တွင် အင်းဆက် မဟာမိစ္ဆာကြီးများ၏ အမွေအနှစ်ဖြစ်သော မြေဓာတ် နည်းစနစ် နှစ်ခုကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်ရုံဖြင့် သူ ချက်ချင်း ကျင့်ကြံနိုင်မည် ဖြစ်၏။
လက်အောက်ငယ်သားများအပေါ် အမှန်တကယ် ဂရုစိုက်မှုနှင့် ပတ်သက်လာလျှင် ဧကရီယွီလီကို မည်သူကမျှ ယှဉ်နိုင်မည် မဟုတ်ချေ။
သူ့တွင် မြေဓာတ် ပါဝင်နေကြောင်း သူမ မည်သို့ သိရှိသွားသည်ကိုတော့ သူ ချက်ချင်း သဘောပေါက်သွား၏။ နည်းစနစ်နယ်ပယ်တွင် သူက အချိန်တာအို လမ်းစဉ်နှင့် ရေဓာတ် နည်းစနစ်များကိုသာ အဓိကထားခဲ့သော်လည်း မဟာမိစ္ဆာ ဖြစ်လာပြီးနောက် လေလွင့်သဲ ပညာရပ်ကို လေ့လာရန် သူ အချိန်ယူခဲ့သည်။
ပထမအချက်က သူ၏ မြေဓာတ် ပါရမီကို အလဟဿ မဖြစ်စေရန် ဖြစ်၏။
ဒုတိယအချက်က မတူညီသော ပညာရပ်များကို လေ့လာခြင်းက သူ၏ ရေဓာတ် ဂါထာများနှင့် အချိန် နတ်ဘုရားစွမ်းရည်များအတွက် ဉာဏ်ကွန့်မြူးမှုများ ရရှိလာစေရန် မျှော်လင့်၍ ဖြစ်သည်။
ဖူရှောင်ကွမ်းက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားခဲ့ပေ။ သူက လေလွင့်သဲ ပညာရပ်ကို ဓမ္မပို့ချရာ ရေကန်မှ လဲလှယ်ခဲ့ခြင်း ဖြစ်၏။
ဧကရီယွီလီအတွက်တော့ ဤအချက်ကို သိရှိရန် လွယ်ကူလွန်းလှသည်။
သူက စာလိပ်ကို ဖတ်ရှုပြီးနောက် သိမ်းဆည်းလိုက်ကာ မြေအောက်ဂူထဲသို့ ပျံသန်းသွားပြီး ပုံမှန်အတိုင်း မရဏဝိညာဉ်အမှုန်များကို သောက်သုံးလိုက်သည်။ ထို့နောက် သူက မူလအသွင်သဏ္ဌာန်သို့ ပြောင်းလဲ၍ အာရုဏ်ဦးအလင်းစက်ထဲသို့ ဝင်ရောက်သွားပြီး လျှို့ဝှက်သိုင်းကျင့်စဉ်များကို လည်ပတ်ကာ ဝိညာဉ်အာရုံကို ပုံသွင်းလျက် အိပ်စက်ခြင်းထဲသို့ ဝင်ရောက်သွားတော့၏။
အိပ်မက်ကဲ့သို့သော အငွေ့အသက်တစ်ခုက အာရုဏ်ဦးအလင်းစက်၏ အတွင်းမှနေ၍ အပြင်ဘက်သို့ ပြန့်နှံ့သွားသည်။
...
နံနက်ခင်းတွင် ငှက်ကလေးများ တေးသီနေကြ၏။
ဖူရှောင်ကွမ်းမှာ နိုးလာပြီးနောက် ထပ်မံ၍ အိပ်ပျော်သွားပြန်သည်။
ညနေစောင်းမှသာ သူ ထလာခဲ့၏။
ဝိညာဉ်အစားအစာများကို စားသုံးပြီးနောက် သူက ထင်းရှူးပင်အိုကြီးအောက်ရှိ လွှဲကုလားထိုင်ပေါ်တွင် လှဲလျောင်းကာ နေဝင်ချိန် ရှုခင်းကို ခံစားလျက် အပူအအေး မျှတအောင် နေလိုက်သည်။ လွှဲကုလားထိုင်က ယိမ်းနွဲ့နေရင်း ရုတ်တရက် ရပ်တန့်သွား၏။ သူက ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီး ဟာကွက်တစ်ခုကို တွေ့သွားသည်။
အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်က ဝါးစာလိပ်မှ မိစ္ဆာအဖြစ်သို့ ပြောင်းလဲလာသူ ဖြစ်စေကာမူ၊ သူက ပုံပြင်များကို နှစ်သက်သူ ဖြစ်စေကာမူ၊ မဟာပညာရှိမှတ်တမ်း ကို ရူးသွပ်နေသူ ဖြစ်စေကာမူ အပိုင်းတစ်ပိုင်းတည်းအတွက် အဆင့်မြင့် မြေအဆင့် ဝိညာဉ်သစ်သီး တစ်လုံးကို ပေးအပ်ခြင်းက လွန်လွန်းနေသည် မဟုတ်လော။
မည်သို့ပင်ဆိုစေ ထိုမိစ္ဆာသခင်က စတုတ္ထမြောက် ကောင်းကင်ဘုံ မိစ္ဆာတစ်ကောင်သာ ဖြစ်၏။ သူက အမှန်တကယ်ပဲ ထိုမျှလောက် ရက်ရောတာလား။ ဒါမှမဟုတ် တခြား ရည်ရွယ်ချက် တစ်ခုခုများ ရှိနေတာလား။
ထိုအကြောင်းကို တွေးမိသည်နှင့် ဖူရှောင်ကွမ်းက ကျောက်စိမ်းသေတ္တာကို ယူ၍ နတ်ဘုရားဂူ ထဲမှ ပျံသန်းထွက်ခွာလာပြီး ဝါးတောဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
နောင်တရတာထက် ကြိုတင်ကာကွယ်တာက ပိုကောင်းသည် မဟုတ်ပါလား။ ပေါ့ဆမှုကြောင့် သူ့ကိုယ်သူနှင့် ယွီတောင်တန်းကို ဒုက္ခရောက်စေမည်ထက် သံသယလွန်ကဲနေခြင်းက ပို၍ ကောင်းမွန်ပေသည်။
အထူးသဖြင့် ဧကရီက မိစ္ဆာဘုရင် ဖြစ်လာပြီးနောက် ယွီတောင်တန်း၏ အဆင့်အတန်းက မြင့်တက်လာကာ မျက်လုံးပေါင်းများစွာ၏ အာရုံစိုက်မှုကို ခံနေရချိန်တွင် မည်သည့် အန္တရာယ်ကိုမဆို အမြစ်ကတည်းက ဖြတ်တောက်ရမည် ဖြစ်၏။ သူက ပဉ္စမမြောက် ကောင်းကင်ဘုံသို့ တည်တည်ငြိမ်ငြိမ်ဖြင့် အဆင့်တက်လိုရုံသာဖြစ်ပြီး မလိုအပ်သော ပြဿနာများကို မလိုချင်ပေ။
ဖူရှောင်ကွမ်းက ဝါးတဲအပြင်ဘက်တွင် ရပ်ကာ အရိုအသေပေး၍ တွေ့ခွင့်တောင်းလိုက်သည်။
အထဲမှ ပျင်းရိပြီး မူးယစ်နေသော အသံတစ်ခုက ထွက်ပေါ်လာ၏။
“ဝင်ခဲ့”
တံခါးက သူ့အလိုလို ပွင့်သွားကာ ဝိုင်အိုးတစ်အိုးက တံခါးဝသို့ လိမ့်လာ၏။
ဖူရှောင်ကွမ်းက မျက်မှောင်ကြုတ်လျက် အတွင်းသို့ ဝင်သွားသည်။ ကြမ်းပြင်ပေါ်တွင် ဝိုင်အိုးများ ပြန့်ကျဲနေပြီး လေထုထဲတွင်လည်း အရက်နံ့များ လှိုင်နေ၏။
သူမ ဘယ်လောက်တောင် သောက်ထားတာလဲ…
ဧကရီယွီလီက သူ့ကို တစ်ချက် လှမ်းကြည့်ပြီးနောက် တစ်ဖက်သို့ လှည့်ကာ ဆက်အိပ်နေသည်ကို မြင်လိုက်ရသည်။ ပေါ့ပေါ့ပါးပါး ပက်လက်လန်နေပြီး ယောက်ျားလေးများထက်ပင် ပို၍ လွတ်လပ်နေကာ နွေဦး၏ အလှတရား တစ်စိတ်တစ်ပိုင်းကိုပင် ဖော်ပြနေသဖြင့် ဖူရှောင်ကွမ်းက အမြန် ခေါင်းငုံ့လိုက်ရ၏။
စွမ်းအားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး အိပ်စက်နေသည်ဖြစ်ရာ သူ မနှောင့်ယှက်ရဲပေ။
သူက အခန်းကို ရှင်းလင်းရန်သာ ဆုံးဖြတ်လိုက်သည်။ မိတ်ကပ်လိမ်းရန် မှန်တင်ခုံလေး တစ်ခုပင် မရှိသော ရိုးရှင်းသည့် အပြင်အဆင်များကို ကြည့်ရင်း အရင်က အတွေ့အကြုံများ ရှိထားသော်လည်း ဖူရှောင်ကွမ်းမှာ မကျေမချမ်း ညည်းတွားမိသွား၏။
“မိန်းကလေး တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် ကြမ်းကြမ်းတမ်းတမ်း နေနိုင်ရတာလဲ”
သဘာဝအလှတရားတွေ ရှိနေပြီး အမျိုးသမီး မိစ္ဆာတစ်ကောင်သာ မဟုတ်ပါက သူမကို ကြည့်ရတာ အတော်လေး ဆိုးရွားနေပေလိမ့်မည်။ သို့သော် သူမက သူ၏ ကျောထောက်နောက်ခံ ဖြစ်နေသည် မဟုတ်ပါလား။ သူ ဘာလုပ်နိုင်မည်နည်း။
သေချာပေါက် သူမကို အလုပ်အကျွေး ပြုရမှာပေါ့။
ဖူရှောင်ကွမ်း အခန်းကို ရှင်းလင်းပြီးသွားသောအခါ ပျင်းရိသော သမ်းဝေသည့် အသံတစ်ခုက ဧကရီယွီလီ နိုးလာကြောင်း အချက်ပြလိုက်၏။ သူမက မသိစိတ်ဖြင့် ဝိုင်အိုးတစ်အိုးကို စမ်းရှာလိုက်သော်လည်း ဘာမှ မတွေ့သောအခါ ဝေဝါးနေသော မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သပ်ရပ်နေသော အခန်း၊ အသစ်ထည့်ထားသော ပန်းအိုးများနှင့် ခေါက်ချိုး မျက်နှာပြင်တို့ကို မြင်လိုက်ရသောအခါ ယွီလီမှာ မှင်တက်သွား၏။
ဒါ ငါ့အိမ်ပဲ မဟုတ်လား… ဘာလို့ ဒီလောက်တောင် သူစိမ်းဆန်နေရတာလဲ…
ထိုစဉ် သူမက ကြာပန်းတစ်ပွင့်ကို ကိုင်ဆောင်၍ ဝင်လာသော ဖူရှောင်ကွမ်းကို မြင်လိုက်ရသည်။
သူ၏ ငွေရောင် ဆံပင်များနှင့် ဝတ်ရုံက တောက်ပနေပြီး တံခါးဝမှ ဝင်ရောက်လာသော လရောင်ကြောင့် မိစ္ဆာတစ်ကိုယ်လုံး လင်းလက်နေသည့်အလား ရှိနေကာ သူ၏ လက်ထဲရှိ ကြာပန်းလေးပင်လျှင် ငွေရောင်အမှုန်များ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေသည်။ သူက တောက်ပစွာ ပြုံးလိုက်ရာ ပါးချိုင့်လေးများက ပြီးပြည့်စုံနေပြီး ပန်းချီကားတစ်ချပ်ထဲမှ ထွက်လာသည့် မြင်ကွင်းမျိုး ဖြစ်နေ၏။
ဒုတ်… ဒုတ်…
ဧကရီယွီလီက သူမ၏ ရင်ဘတ်ကို ထူးဆန်းစွာ ဖိကိုင်လိုက်ပြီး သူမ၏ နှလုံးသားက အဘယ်ကြောင့် ရုတ်တရက် အခုန်မြန်လာရသနည်း ဆိုသည်ကို နားမလည်နိုင် ဖြစ်သွား၏။
ငါ တကယ်ပဲ မနေ့ညက အများကြီး သောက်မိသွားတာလား… အဲ့လို မဖြစ်သင့်ပါဘူး… အခု ငါက မိစ္ဆာဘုရင် ဖြစ်နေပြီလေ…
ကြာပန်းကို စားပွဲပေါ် တင်လိုက်ပြီးနောက် ဖူရှောင်ကွမ်းက ပြုံး၍ ပြောလိုက်သည်။
“ဧကရီ… နိုးပြီလား… ကျွန်တော်မျိုးက ခေါင်းကြည်ပြီး အမူးပြေစေဖို့ ကြာစေ့ဆန်ပြုတ် ပြုတ်ထားပါတယ်… ကျက်လောက်ပြီဆိုတော့ သွားယူလိုက်ပါ့မယ်”
ဧကရီယွီလီက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး သူမ၏ တက်ကြွသော မျက်နှာလေးက ခဏတာ ဗလာကျင်းသွား၏။ ထို့နောက် သူမက ခေါင်းညိတ်၍ ချိုမြိန်နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
“အင်းပါ”
နောက်တစ်ခဏတွင် သူမက သူမ၏ လည်ပင်းကို ထိတ်လန့်တကြား ဆုပ်ကိုင်လိုက်၏။ သူမ၏ အသံက အဘယ်ကြောင့် ယခုလို ဖြစ်သွားရတာလဲ။
တဏှာရူးနေတဲ့ မိစ္ဆာမ တစ်ကောင်လိုပဲ။
တစ်ခုခုတော့ လွဲနေပြီ… တော်တော်လေးကို လွဲနေပြီ…
ဖူရှောင်ကွမ်းကတော့ ဘာမှ မတွေးမိဘဲ ဧကရီယွီလီ၏ အသံက အရက်သောက်ထား၍ အက်ကွဲနေခြင်းသာ ဖြစ်မည်ဟု ထင်မှတ်လိုက်၏။
…
***