“ဘုရင်ကြီး… မဟာပညာရှိမှတ်တမ်းက ဘုရင်ကြီးရဲ့ ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်စေတယ်ဆိုရင် ဘာလို့ အခွင့်အရေးယူပြီး အဲဒီ အင်းဆက်မိစ္ဆာကို ပြန်ပေးဆွဲမလာခဲ့တာလဲ”
“ယွီတောင်တန်း မိစ္ဆာဘုရင်မက ပေါ့ပေါ့ပါးပါး နေတတ်သလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ သစ္စာစောင့်သိပြီး ဂုဏ်သိက္ခာကြီးမားတဲ့သူ တစ်ယောက်ပဲ… အဲဒီ တစ်နေ့တာပိုးကောင်လေးက ယွီတောင်တန်းမှာ အရေးပါတဲ့ နေရာကနေ ပါဝင်နေတယ်… သူ့ကို ပြန်ပေးဆွဲလိုက်ရင် နောက်ဆက်တွဲ အစီအစဉ်တွေကို ထိခိုက်သွားနိုင်တယ်… ဆံပင်တစ်မျှင်ကို ဆွဲနှုတ်လိုက်ရင် တစ်ကိုယ်လုံး နာကျင်သွားသလိုမျိုးပေါ့… လောလောဆယ် သူ့ကို မထိတာ အကောင်းဆုံးပါပဲ”
“ငါ စုံစမ်းကြည့်ရသလောက် အဲဒီ တစ်နေ့တာပိုးကောင်လေးက တော်တော်လေး စွမ်းအားကြီးတယ်… ယွီတောင်တန်းရဲ့ နံပါတ်တစ် မိစ္ဆာသခင်လို့တောင် ပြောလို့ရတယ်… ယွီတောင်တန်းမှာ နေမှသာ သူက သူ့ရဲ့ အခန်းကဏ္ဍကို ပိုပြီး ကောင်းကောင်း အသက်သွင်းနိုင်မှာလေ…”
“အဲဒါကြောင့်လည်း ငါ သူ့ကို လင်းကျယ်သစ်သီး ပေးခဲ့တာပါ… ယွီတောင်တန်းက ပိုပြီး စွမ်းအားကြီးလာလေလေ၊ သူတို့ ဖန်တီးနိုင်တဲ့ လှိုင်းဂယက်တွေက ပိုကြီးမားလာလေလေပဲ”
“ဘုရင်ကြီးရဲ့ တွေးခေါ်မှုက စေ့စပ်သေချာပါတယ်… ဒါပေမဲ့ ဘာလို့ ဟာကွက်တစ်ခု ချန်ထားပြီး ဧကရီယွီလီနဲ့ အင်းဆက်မိစ္ဆာတို့ လာရောက် မေးမြန်းတာကို စောင့်နေရတာလဲ”
“ဟာကွက် ရှိနေမှသာ အစစ်အမှန်နဲ့ တူမှာပေါ့… အစကတည်းက အပြစ်အနာအဆာ ကင်းနေမယ်ဆိုရင် သံသယ ပိုဝင်သွားစေနိုင်တယ်”
“ဘုရင်ကြီး… နောက်ထပ် ဘာဆက်လုပ်ကြမလဲ”
“ယွီတောင်တန်း မိစ္ဆာဘုရင်မနဲ့ တွေ့ဆုံပြီးသွားပြီဆိုတော့ သူမက လူသားတွေကို လေ့လာနေတဲ့ တခြား မိစ္ဆာဘုရင်တွေနဲ့ မတူဘူးဆိုတာ အတည်ပြုနိုင်ခဲ့ပြီ… သူမဆီမှာ ကျောရိုးတချို့ ရှိနေသေးတယ်… ဒါဆိုရင်တော့ စစ်တုရင်ရုပ် တချို့ကို ရွှေ့ရမယ့် အချိန်ရောက်ပြီပေါ့”
စကားပြောနေစဉ်မှာပင် အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်က လက်ကို မြှောက်လိုက်၏။
ဗလာဖြစ်နေသော ကျောက်စိမ်းမှတ်တမ်း တစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်။ သူက သတင်းစကား အနည်းငယ် ရေးသားပေးပို့လိုက်ပြီးနောက် ကျောက်စိမ်းမှတ်တမ်းကို သိမ်းဆည်းလိုက်၏။
ထို့နောက် သူက မြည်းကို နောက်ပြန်စီး၍ မဟာပညာရှိမှတ်တမ်းကို လှန်လှောဖတ်ရှုရင်း ခရီးဆက်သွားသည်။
ယွီလီနှင့် အင်းဆက်မိစ္ဆာကို သူ လိမ်လည်ခဲ့ခြင်း မဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်းက အမှန်တကယ်ပင် ပိတ်ဆို့နေခဲ့ပြီး ဤစာအုပ်ကို မတွေ့မချင်း သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးက အချည်းနှီးသာ ဖြစ်ခဲ့ကာ ဤစာအုပ်ကို ဖတ်လိုက်ရမှသာ အနည်းငယ် ပွင့်လင်းသွားခဲ့ခြင်း ဖြစ်၏။
မဟာပညာရှိမှတ်တမ်း ပြီးဆုံးသွားပြီး ကမ္ဘာလောကများ အားလုံးကို ဗဟိုပြုကာ မဟာပညာရှိနယ်မြေကို ဖန်တီးနိုင်သွားသည်နှင့် နဝမမြောက် ကောင်းကင်ဘုံသို့ ဖောက်ထွက်ပြီး ပြိုင်ဘက်ကင်း မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာရန်က လက်တစ်ကမ်း အလိုတွင်သာ ရှိတော့မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် ကံကြမ္မာ အကြွေးအချို့ကို ရှင်းလင်းရန် သူ စွမ်းအားရှိလာမည် ဖြစ်၏။ ထိုသို့တွေးရင်း အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်က ပြောလိုက်သည်။
“အဲဒီ အင်းဆက်မိစ္ဆာက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”
ဤစာအုပ်ကို အရည်အသွေး ကောင်းကောင်းဖြင့် အမြန်ဆုံး အပြီးသတ်ပေးရမည် ဖြစ်၏။ ထိုသို့မဟုတ်ပါက နည်းလမ်းအချို့ကို ရှောင်လွှဲ၍မရဘဲ အသုံးပြုရလိမ့်မည်။
မြည်းမိစ္ဆာက ပို၍ပို၍ မြန်ဆန်စွာ လျှောက်လှမ်းလာပြီး နောက်ဆုံးတွင် ၎င်း၏ ခြေဖဝါးလေးဖက်က လေပြင်းကဲ့သို့ ပြေးလွှားနေတော့သည်။
ဖူရှောင်ကွမ်းသာ ဤနေရာတွင် ရှိနေပါက သာမန်ဟု ထင်ရသော ဤမြည်းက အမှန်တကယ်ပင် ဓမ္မနယ်ပယ်၏ ဆဋ္ဌမမြောက် ကောင်းကင်ဘုံ အဆင့်ရှိ ကျင့်ကြံခြင်း စွမ်းအားကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရပြီး အံ့ဩသွားမည်မှာ သေချာလှ၏။
အထက်ရှိ ပူပြင်းလောင်မြိုက်နေသော နေမင်းကြီးကို ကြည့်ရင်း အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင်က အဓိပ္ပာယ်ပြည့်ဝစွာ ပြောလိုက်သည်။
“လေပြင်းတွေ တိုက်တော့မယ်… အရာအားလုံးကို ဆေးကြောသန့်စင်ပစ်ဖို့ မုန်တိုင်းတစ်ခု လိုအပ်တယ်”
...
သုံးရက်အကြာ…
ဖျင်ပြည်နယ်၊ ဓားနတ်ဘုရားတောင်တန်း၊ ဓားမေးမြန်းခြင်း ခန်းမ။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက ကောင်းကင်သို့ ထိုးတက်နေသော တောင်တန်းကြီးကို လွှမ်းခြုံသွားပြီး ဂျိုးဖြူငှက် အမြောက်အမြားကို လန့်ဖျပ် ထွက်ပြေးသွားစေ၏။
နှေးကွေးသော ဂျိုးဖြူငှက် အချို့မှာ လေထဲတွင် သွေးမြူများအဖြစ် ပေါက်ကွဲသွားရာ ကျန်ငှက်များမှာ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်သွားကြသည်။
“သောက်လူယုတ်မာကောင်တွေ… ငါ့တပည့်ကို သတ်ရဲတယ်ပေါ့လေ…”
သူ စုံစမ်းသိရှိထားသော သတင်းကို ကြည့်ရင်း ဟန်ကွမ် နတ်ဘုရားသခင်မှာ ဒေါသထွက်လွန်း၍ မီးခိုးများပင် ထွက်နေ၏။ သူက လက်ဝါးကို ဆုပ်ချေလိုက်ရာ စာလွှာက ချက်ချင်း ပြာကျသွားသည်။
အဓိက ခန်းမကြီးထဲတွင် ဓားနတ်ဘုရားတောင်တန်း၏ လက်ရှိ ဂိုဏ်းချုပ်ကြီး အပါအဝင် အကြီးအကဲ အများအပြားက နှုတ်ပိတ်နေကြပြီး စကားတစ်ခွန်း မှားလိုက်သည်နှင့် ဒေါသထွက်နေသော နတ်ဘုရားသခင်ကို စော်ကားမိမည်ကို စိုးရိမ်နေကြ၏။
တစ်ချိန်တည်းမှာပင် မိစ္ဆာများ၏ လက်ချက်ဖြင့် သနားစရာကောင်းလောက်အောင် သေဆုံးသွားခဲ့ရသော အကြီးအကဲ လီရှူကို တွေးမိပြီး သူတို့၏ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေကာ ယွီတောင်တန်းသို့ ချက်ချင်း ပြေးဝင်သွားပြီး ထိုရိုင်းစိုင်းသော မိစ္ဆာများကို သတ်ဖြတ်ပစ်ချင်နေကြသည်။
သို့သော်လည်း နတ်ဘုရားသခင်၏ အမိန့်မပါဘဲ သူတို့က အလောတကြီး မလှုပ်ရှားရဲကြပေ။ မည်သို့ပင်ဆိုစေ ယွီတောင်တန်းတွင် ယခုအခါ မိစ္ဆာဘုရင်တစ်ပါး ရှိနေပြီ မဟုတ်ပါလား။
ဘယ်ဘက်ခုံတွင် ထိုင်နေသော ဆရာတော် ဟန်ယင်းက ဂျိုးဖြူငှက်များ၏ ငိုကြွေးသံကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွား၏။ ဟန်ကွမ် နတ်ဘုရားသခင်က ထွက်ခွာရန် မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ သူက ချက်ချင်း မေးလိုက်သည်။
“ညီလေး… ဘယ်သွားမလို့လဲ”
“ယွီတောင်တန်းကိုပေါ့… ငါ့တပည့် သေဆုံးသွားတဲ့အတွက် လက်စားချေရမှာပေါ့”
ဟန်ကွမ် နတ်ဘုရားသခင်က သဘာဝကျကျပင် ပြန်ဖြေလိုက်၏။
ဆရာတော် ဟန်ယင်း၏ မျက်မှောင်ကြုတ်မှုက ပိုမို နက်ရှိုင်းသွားသည်။
“ပြီးတော့ကော… အဲဒီ ယွီတောင်တန်း မိစ္ဆာဘုရင်ကို သတ်နိုင်မယ်လို့ မင်းမှာ အကြွင်းမဲ့ ယုံကြည်မှု ရှိလို့လား… သူမကို မချေမှုန်းနိုင်ဘူးဆိုရင် ယွီတောင်တန်းနဲ့ ဓားနတ်ဘုရား တောင်တန်းကြားမှာ စစ်ပွဲကြီးတစ်ခု ချက်ချင်း ဖြစ်ပွားလာလိမ့်မယ်…”
“အဲဒီအချိန်ကျရင် မိစ္ဆာဘုရင်မရဲ့ ခေါ်ယူမှု တစ်ချက်တည်းနဲ့ ဖျင်ပြည်နယ် တစ်ခုလုံး ဒုက္ခတွင်းထဲ ကျဆင်းသွားလိမ့်မယ်… တာအိုမဟာမိတ်အဖွဲ့နဲ့ မဟာယုံ ဧကရာဇ်က အပြစ်တင်ဖို့ ရောက်လာတဲ့အခါ ငါတို့ ဓားနတ်ဘုရားတောင်တန်းရဲ့ အခြေအနေက ပိုပြီး ဆိုးရွားလာလိမ့်မယ်… ကောင်းကင်တရားရုံးနဲ့ မရဏကမ္ဘာကတောင် ငါတို့ကို တာဝန်ယူခိုင်းလိမ့်မယ်”
“ငါတို့ဘက်က အကြွင်းမဲ့ အနိုင်ရမယ်ဆိုရင်တောင် မိစ္ဆာဘုရင်တစ်ပါး သေဆုံးသွားခဲ့ရင် မိစ္ဆာမျိုးနွယ်စုက လူသားမျိုးနွယ်စုဆီကနေ ရှင်းလင်းချက် တောင်းလာမှာ သေချာတယ်”
“အလယ်ကမ္ဘာနယ်မြေ အတွင်းက မျိုးနွယ်စု နှစ်ခုက အမြဲတမ်း ပဋိပက္ခတွေနဲ့ ပြည့်နှက်နေပြီး အချိန်အကြာကြီး အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြတာပဲ… လွန်ခဲ့တဲ့ နှစ်ငါးရာကမှ တာအိုသခင် လင်ရှောင်က ဦးဆောင်ပြီး အလယ်ကမ္ဘာနယ်မြေက ဂိုဏ်းပေါင်း တစ်ရာကို စုစည်းပြီး မိစ္ဆာမျိုးနွယ်စုက မိစ္ဆာဘုရင် အချို့နဲ့ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တာ… အဲဒီတော့မှပဲ မျိုးနွယ်စု နှစ်ခုကြားက စစ်ပွဲကြီး ရပ်တန့်သွားပြီး နားလည်မှု တစ်ခု ရရှိခဲ့တာလေ…”
“မိစ္ဆာတွေက တောင်ပေါ်က မဆင်းရဘူး… ဆင်းလာခဲ့ရင် သူတို့ရဲ့ သေခြင်းရှင်ခြင်းက ကံကြမ္မာအပေါ်မှာပဲ မူတည်တယ်… လူသားတွေက တောင်ပေါ်ကို မတက်ရဘူး… တက်လာခဲ့ရင် နောက်ဆက်တွဲ အကျိုးဆက်တွေကို ကိုယ်တိုင် ခံစားရမယ်”
“အဆုံးမှာတော့ လီရှူက ယွီတောင်တန်း အနက်ပိုင်းကို ဝင်သွားပြီး အရင်ဆုံး သွားရန်စခဲ့လို့ သေရတာပဲ… စုံစမ်းစစ်ဆေးမှုတွေ ရောက်လာတဲ့အခါ ငါတို့ ဓားနတ်ဘုရားတောင်တန်းက စာချုပ်ကို အရင် ချိုးဖောက်ခဲ့တယ်ဆိုတာ ဖြစ်လာလိမ့်မယ်… ဂိုဏ်းက ဘယ်လို ဖြေရှင်းမလဲ… မျိုးနွယ်စု နှစ်ခုကြား စစ်ပွဲကြီး ထပ်ဖြစ်လာရင် ဓားနတ်ဘုရားတောင်တန်းက တရားခံ ဖြစ်သွားလိမ့်မယ်”
ဟန်ကွမ် နတ်ဘုရားသခင်က အံကို တင်းတင်းကြိတ်လိုက်၏။
“ဒါဆို အစ်ကိုကြီး ဆိုလိုချင်တာက ငါ့တပည့်က သေသင့်တယ်ပေါ့”
“မဟုတ်ဘူးလား… လီရှူက အမြဲတမ်း မာနကြီးပြီး ကိုယ့်သဘောအတိုင်း လုပ်တတ်တယ်… သူ့မိဘတွေက မကောင်းဆိုးဝါးတွေ လက်ချက်နဲ့ သေဆုံးသွားတာနဲ့ပဲ လောကကြီးထဲက မိစ္ဆာတွေ အားလုံးကို အရိုးထဲထိ မုန်းတီးနေတာလေ… မိစ္ဆာနဲ့ တွေ့တိုင်း အကြောင်းပြချက် မမေးဘဲ၊ အဆိုးအကောင်း မခွဲခြားဘဲ သတ်ပစ်တတ်တယ်… အခု သူ ဒုက္ခရောက်ရတာ သူကိုယ်တိုင် ဖန်တီးတာချည်းပဲ”
ဆရာတော် ဟန်ယင်းက ပြတ်ပြတ်သားသား တုံ့ပြန်လိုက်၏။
“ဒါဆို အစ်ကိုကြီး ပြောချင်တာက ငါက ဆရာတစ်ယောက်အနေနဲ့ သူ့ကို သေချာ မသင်ပေးနိုင်ခဲ့လို့ပေါ့”
“ဆရာက လမ်းပြပေးရုံပဲ… ကျင့်ကြံတာက ကိုယ့်အပေါ်မှာပဲ မူတည်တယ်… လီရှူက အမုန်းတရားတွေကြောင့် မျက်ကန်းဖြစ်နေပြီး သတ်ဖြတ်လိုစိတ်တွေ အရမ်း များနေခဲ့တာ… ညီလေးနဲ့ သိပ်မဆိုင်ပါဘူး… ဒီကပ်ဘေး မရှိခဲ့ရင်တောင် သူက နောင်တစ်ချိန် ကောင်းကင်ဘုံရဲ့ မိုးကြိုးကပ်ဘေးအောက်မှာ ကျဆုံးသွားမှာပဲ…”
“ငါက ညီလေးကို အသေးအဖွဲလေးတွေအတွက် အရေးကြီးတာကို မဆုံးရှုံးစေဖို့ သတိပေးရုံပါ… လီရှူ တစ်ယောက်အတွက်နဲ့ ဂိုဏ်းရဲ့ အပြစ်သား မဖြစ်စေနဲ့… ညီလေးနဲ့ ဓားနတ်ဘုရားတောင်တန်းကို ထာဝရ ကျိန်ဆဲမခံရစေနဲ့”
ဟန်ကွမ် နတ်ဘုရားသခင်က အလွန်အမင်း ဒေါသထွက်ကာ ရယ်မောလိုက်၏။
“အဲဒီလိုဆိုရင်တော့ ကျွန်တော့်ကို ဂရုစိုက်ပေးတဲ့အတွက် အစ်ကိုကြီးကို ကျေးဇူးတင်ရမှာပေါ့”
“ဒါပေမဲ့ အစ်ကိုကြီးကို စိတ်ပျက်စေမိမှာ စိုးရိမ်တယ်… ကျွန်တော်က အစ်ကိုကြီးလောက် သည်းမခံနိုင်သလို ဖြောင့်မတ်ခြင်း တရားတွေကိုလည်း သိပ်နားမလည်ဘူး… ကျွန်တော့် ဘဝတစ်လျှောက်လုံးမှာ လီရှူဆိုတဲ့ တပည့်တစ်ယောက်တည်းပဲ ရှိခဲ့တာ… တစ်ရက်ဆရာက တစ်သက်လုံး ဖခင်ပါပဲ… သားတစ်ယောက် သေဆုံးသွားတဲ့အတွက် လက်စားချေရမှာက မလွှဲမရှောင်သာ ကိစ္စပဲ”
“အစ်ကိုကြီးက ကျွန်တော် ဂိုဏ်းကို ဒုက္ခပေးမှာ စိုးရိမ်နေတယ်ဆိုရင် ကျွန်တော် ဂိုဏ်းကနေ ထွက်လိုက်ပါ့မယ်”
“အချိန်တန်လို့ ယွီတောင်တန်းကို ပြေးဝင်သွားတာက ကျွန်တော့်ရဲ့ ကိုယ်ပိုင်ကိစ္စ ဖြစ်သွားလိမ့်မယ်”
“နောက်ဆက်တွဲ အကျိုးဆက်တွေ ဘာပဲဖြစ်ဖြစ် ကျွန်တော် တစ်ယောက်တည်း တာဝန်ယူမယ်”
ဆရာတော် ဟန်ယင်းက လက်ကိုမြှောက်၍ လက်ညှိုးထိုးလိုက်ရာ သူ၏ လက်ချောင်းများက ဒေါသကြောင့် တုန်ယင်နေ၏။
ဓားနတ်ဘုရားတောင်တန်း၏ လက်ရှိ ဂိုဏ်းချုပ်ကြီးမှာ ခါးသက်သက် ခံစားလိုက်ရသော်လည်း နတ်ဘုရားသခင် နှစ်ပါးကြား အခြေအနေ ပိုဆိုးမသွားစေရန် ရှေ့ထွက်၍ စကားပြောရတော့သည်။
“ဆရာ… ဆရာဦးလေး…”
“ဂိုဏ်းချုပ်… မင်း ဘာမှ ဆက်ပြောစရာ မလိုတော့ဘူး… ငါ ဆုံးဖြတ်ပြီးသွားပြီ”
ဓားနတ်ဘုရားတောင်တန်းတွင် ပြင်းထန်သော အငြင်းပွားမှုများ ဖြစ်ပေါ်နေစဉ် မဟာယုံ မြို့တော်မှ စစ်သားအများအပြား စောင့်ကြပ်လာသော ရထားလုံး အချို့က ယူနန်ခရိုင်ဆီသို့ ဦးတည် ထွက်ခွာလာကြ၏။ သူတို့နှင့်အတူ ငါး-နဂါး သရဖူနှင့် ပါးကွ တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသမီး တာအိုကျင့်ကြံသူ တစ်ဦးက ရထားလုံးတစ်စီး အတွင်းတွင် တစ်ယောက်တည်း မျက်လုံးမှိတ်၍ အနားယူလျက် ပါလာသည်။
အစိမ်းရောင် အရာရှိဝတ်ရုံနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးလည်း ပါလာပြီး သူက ယွီတောင်တန်း မှတ်တမ်းများ ကဲ့သို့သော စာအုပ်များကို ကိုင်ဆောင်ထားကာ စဉ်းစားခန်း ဝင်နေ၏။
ရထားဘီးများက လမ်းမကို ကြိတ်ချေသွားသော အသံများ သူ၏ နားထဲသို့ ဝင်ရောက်လာသောအခါ သက်လတ်ပိုင်း အမျိုးသားက ရထားလုံး၏ ပြတင်းပေါက် လိုက်ကာကို မ,၍ သူ့နောက်ရှိ ကောင်းကင်သို့ ထိုးတက်နေသော ဖုန်းယွမ်မြို့ကြီးကို လှမ်းကြည့်လိုက်သည်။ သူ မထွက်ခွာမီ ဧကရာဇ်မင်းမြတ်၏ ညွှန်ကြားချက်များကို ပြန်လည် တွေးတောမိပြီး သူ၏ မျက်လုံးများထဲတွင် ခိုင်မာပြတ်သားမှုများ ဖြတ်ပြေးသွား၏။
“ဧကရာဇ်မင်းမြတ်… ကျွန်တော်မျိုး သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်ပါဘူး”
ဧကရာဇ်မင်းမြတ်က ကြီးမြတ်သော နှလုံးသားနှင့် ကြီးမားသော ရည်မှန်းချက်များ ရှိပြီး မိစ္ဆာမျိုးနွယ်စုကို မဟာယုံ အင်ပါယာ အတွင်းသို့ ပေါင်းစည်းကာ အလယ်ကမ္ဘာနယ်မြေကို သူတို့နှင့်အတူ ပူးတွဲ အုပ်ချုပ်လို၏။ သူ့အနေဖြင့် ဧကရာဇ်မင်းမြတ်ကို နောက်ဆွဲမနေသင့်ပေ။
ဤအစီအစဉ်သာ အောင်မြင်သွားပါက ဧကရာဇ်မင်းမြတ်နှင့် သူကိုယ်တိုင် သမိုင်းတွင် ကျန်ရစ်မည်သာမက လူသား သာမန်ပြည်သူများလည်း မိစ္ဆာများ၏ ဘေးအန္တရာယ်မှ ကင်းဝေးသွားမည်ဖြစ်ပြီး မဟာယုံ၏ နှစ်တစ်ထောင် အမွေအနှစ်အတွက် အခြေခံအုတ်မြစ်ကို ချမှတ်နိုင်မည် ဖြစ်သည်။
သူက ကြီးမားသော တာဝန်ကို ထမ်းဆောင်ထားရသဖြင့် ပေါ့ဆ၍ မဖြစ်ချေ။ ဤအချက်ကို စိတ်ထဲတွင် မှတ်ထားရင်း သူက ယွီတောင်တန်းအကြောင်း မှတ်တမ်းတင်ထားသော စာအုပ်အမျိုးမျိုးကို ဆက်လက် ဖတ်ရှုနေတော့သည်။
အန်းလဲ့လမ်းကြား၊ နွေဦးနှင့် ဆောင်းဦး ဂူသင်္ချိုင်း…
ပြင်ပကမ္ဘာတွင် ဘာတွေဖြစ်နေသည်ကို ဖူရှောင်ကွမ်း တစ်စက်လေးမျှ မသိခဲ့ပေ။
အဖြူရောင်ဝတ်ရုံ မိစ္ဆာသခင် ထွက်သွားပြီးနောက် မဟာမိစ္ဆာသခင် လေးပါးက ဧကရီ၏ ဆုံးဖြတ်ချက်ကို သူတို့၏ လက်အောက်ငယ်သားများအား တရားဝင် အသိပေးလိုက်ပြီး ကြိုတင် စီစဉ်ထားရန် ပြောလိုက်ကြ၏။
နောက်နှစ် နွေဦးရာသီတွင် မျိုးနွယ်စု တစ်ခုစီက နေရာရွှေ့ပြောင်းကြမည် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် သူတို့၏ မျိုးနွယ်စု နယ်မြေများ တည်ဆောက်ရန် သက်ဆိုင်ရာ နယ်မြေအသီးသီးသို့ လက်အောက်ငယ်သားများကို စေလွှတ်လိုက်ကြသည်။
မျိုးနွယ်စု အမျိုးမျိုးက တစ်ခုပြီးတစ်ခု လှုပ်ရှားလာကြပြီး အင်တိုက်အားတိုက် စတင် အလုပ်လုပ်နေကြ၏။
ပုံစံကြမ်းများကို အပြီးသတ် ရေးဆွဲရန် သုံးရက်ကြာ အချိန်ယူပြီးနောက် အုပ်ချုပ်ရေး ကိစ္စရပ်များကို ပုစဉ်းရင်ကွဲမိစ္ဆာ၊ ရှောင်ကျူးနှင့် ခြပုန်းမျိုးနွယ်စုတို့ထံ လွှဲပြောင်းပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် ဖူရှောင်ကွမ်းက တံခါးပိတ် မကျင့်ကြံမီ အတွေ့အကြုံများ ရရှိစေရန် ကျူးယွင်နှင့် ကုန်းရန်ယန်တို့ကိုပါ တစ်ပါတည်း ခေါ်ဆောင်သွားခဲ့၏။
သူ၏ ဝိညာဉ်အာရုံက အဆင့်တက်တော့မည်ဖြစ်ရာ ကောင်းမွန်စွာ အိပ်စက်ရန် လိုအပ်နေသည်။
လုပ်ငန်းစဉ်များနှင့် ရင်းနှီးပြီးဖြစ်၍ ဖူရှောင်ကွမ်းက မရဏဝိညာဉ်အမှုန်များကို မျိုချလိုက်ပြီးနောက် အာရုဏ်ဦးအလင်းစက်ထဲသို့ ပျံသန်းသွား၏။ သူက သူ၏ ခန္ဓာကိုယ်နှင့် စိတ်ကို ဖြေလျှော့လိုက်ပြီး ဦးစွာ အချိန်ဝိညာဉ်ပုံသွင်းခြင်း သိုင်းကျင့်စဉ်ကို လည်ပတ်လိုက်ကာ ထို့နောက် မာယာအိပ်မက် ဝိညာဉ်ပုံသွင်းခြင်း သိုင်းကျင့်စဉ်ကို လည်ပတ်၍ အိပ်မက်တစ်ခုထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားတော့သည်။
အိပ်မက်ကဲ့သို့သော စွမ်းအားတစ်ခုကသာ အာရုဏ်ဦးအလင်းစက်၏ ပတ်ပတ်လည်တွင် လျှံကျနေပြီး တစ်ခါတစ်ရံ အချိန်စီးကြောင်းများ လက်ခနဲ ဖြစ်ပေါ်လာကာ ပြန်လည် ပျောက်ကွယ်သွားတတ်၏။
နှစ်ရက်နှင့် နှစ်ည ကြာပြီးနောက် ဂူထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဖူရှောင်ကွမ်း နိုးလာ၏။ သူ၏ ဝိညာဉ်အာရုံက ဆယ့်ခုနစ်ပေအထိ အောင်မြင်စွာ ရောက်ရှိသွားပြီဖြစ်ပြီး သူ့ဝိညာဉ်၏ အချိန်သွင်ပြင်လက္ခဏာကလည်း အနည်းငယ် ပို၍ သိပ်သည်းလာသည်။
ဝမ်းသာနေသည့်ကြားမှပင် သူက မိမိကိုယ်ကိုယ် ဆန်းစစ်ကြည့်ရာ သူ၏ အင်းဆက်ခန္ဓာကိုယ်၏ အားနည်းချက်ကို ခံစားလိုက်ရ၏။ သူနှင့် သင့်တော်သော ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ် တစ်ခုကို ရှာဖွေရန် သို့မဟုတ် ဖန်တီးရန်က အလွန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။
ထိုသို့မဟုတ်ပါက သူ၏ အင်းဆက်ခန္ဓာကိုယ်က သူ၏ ဝိညာဉ်အာရုံ ဆက်လက် ကြီးထွားလာမှုကို ခံနိုင်ရည်ရှိတော့မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် မဟာမိစ္ဆာ ဖြစ်လာပြီးနောက် သူက ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်များစွာကို လေ့လာခဲ့ပြီး အချိန်တာအို လမ်းစဉ်အပေါ် သူ၏ နားလည်မှုကလည်း တိုးတက်လာခဲ့၏။ ထို့ပြင် ဧကရီ၏ မိုးကြိုးကပ်ဘေး ဖြတ်ကျော်မှုကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ သူ အမြဲတမ်း လိုချင်နေခဲ့သော အချိန်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်က ပုံပေါ်လာပြီ ဖြစ်သည်။
ထိုနည်းစနစ်က ပဉ္စမမြောက် ကောင်းကင်ဘုံတွင် ကျင့်ကြံရန်အတွက် အဆင်မပြေသေးသော်လည်း စတုတ္ထမြောက် ကောင်းကင်ဘုံ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ကတော့ ပြဿနာ မရှိပေ။
…
***