တံခါးအပြင်ဘက်ရှိ စင်္ကြံရှည်တစ်လျှောက်တွင် ဆူးလီသည် လူနှစ်ဦးကို လမ်းပြခေါ်ဆောင်လာခဲ့သည်။ လမ်းပြလာသူမှာ အခြားသူမဟုတ်ဘဲ လောကသခင်အားခုံးပင် ဖြစ်ပေသည်။ လောကသခင်အားခုံး၏ နောက်တွင် လူငယ်ကိုရင်လေးတစ်ပါးလည်း ပါလာခဲ့၏။
ကိုရင်လေးမှာ အသက်မကြီးသေးဘဲ အနီရောင်နှုတ်ခမ်းများနှင့် အဖြူရောင် သွားများရှိကာ သူ၏ မျက်ခုံးနှစ်ခုကြားတွင် အနီရောင် တာအိုဗုဒ္ဓတံဆိပ်တစ်ခုရှိနေသဖြင့် သူ့ကို ဆွဲဆောင်မှုရှိပြီး အန္တရာယ်များသည့် အသွင်ကို ဆောင်စေပေသည်။
“တကယ်ကို လှပတဲ့ကိုရင်လေးပဲ”
လင်းရီက ကိုရင်လေးကို တစ်ချက်ကြည့်ပြီး သူ့နှလုံးသားထဲတွင် ချီးကျူးလိုက်မိသည်။
လှပသည်။
မှန်ပေသည်။ ထိုစကားလုံးနှစ်လုံးက သူ၏ အရှေ့ရှိ ကိုရင်လေးနှင့် အလွန် သင့်လျော်သည်ဟု လင်းရီ ယုံကြည်ပေသည်။
“တကယ့်ကို ခန့်ညားတဲ့လူပဲ”
လင်းရီက ကိုရင်လေးကို အကဲခတ်လိုက်သလို ကိုရင်လေးကလည်း လင်းရီကို တစ်ချက်ကြည့်လိုက်ရာ သူတို့၏ အကြည့်များ ဆုံတွေ့သွားချိန်တွင် ကိုရင်လေးသည်လည်း အတွင်းစိတ်ထဲ၌ အံ့ဩချီးကျူးသွားခဲ့၏။
“ဂျူနီယာလင်းရီက လောကသခင်အားခုံးကို နှုတ်ဆက်ပါတယ်”
လင်းရီက ပြုံးလျက် ပြောလိုက်ပြီး သူ၏ ပုံရိပ်လင်းလက်သွားကာ သူတို့နှစ်ဦး၏ အရှေ့သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
“တောင်သခင်လင်းက ယဉ်ကျေးလွန်းနေပါပြီ”
“ဒီရဟန်းအိုကြီးအားခုံးက တောင်သခင်လင်းကို နှုတ်ဆက်ပါတယ်”
လောကသခင်အားခုံးက လက်အုပ်ချီကာ ပြုံးလျက် ပြန်လည် နှုတ်ဆက်လိုက်သည်။
လောကသခင်အားခုံး၏ နောက်မှ လိုက်ပါလာသော ကိုရင်လေးကလည်း ဦးညွှတ် နှုတ်ဆက်လိုက်၏။
“လောကသခင်... သူက ဘယ်သူများလဲလို့ မေးလို့ရမလား”
လင်းရီက ကိုရင်လေးကို ကြည့်ကာ မေးလိုက်သည်။
ဤကိုရင်လေးမှာ သာမန်မဟုတ်ချေ။ အခြေတည် တတိယအဆင့် အလွှာဆယ့်သုံးပြီးပြည့်စုံခြင်းဖြစ်၏။
ဤမျှငယ်ရွယ်သောအရွယ်ဖြင့် ဤနယ်ပယ်အထိ ကျင့်ကြံနိုင်ရန်မှာ သူ၏ ပါရမီသည် လုံးဝကို ပြိုင်ဘက်ကင်းနေမည်မှာ သေချာပေသည်။
“ကျဲစဲ့... တောင်သခင်လင်းကို မြန်မြန် နှုတ်ဆက်လိုက်လေ”
လောကသခင်အားခုံးက ပြုံးလျက် ပြောလိုက်သည်။
ကျဲစဲ့။
ဤအခိုက်အတန့်တွင် အသွားအလာရှိနေသော ဝိုင်တောင် တပည့်များသည် ထိုစကားလုံးနှစ်လုံးကို ကြားလိုက်ရသောအခါ အားလုံးပင် ထူးဆန်းသော အပြုံးများကို ပြသလိုက်ကြ၏။
“ဒီကိုရင်လေးကျဲစဲ့က တောင်သခင်လင်းကို နှုတ်ဆက်ပါတယ်”
ကျဲစဲ့က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏အမူအရာကို မပြောင်းလဲဘဲ လင်းရီကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
“ရုပ်သည် အချည်းနှီးနှင့် မခြားနား၊ အချည်းနှီးသည်လည်း ရုပ်နှင့်မခြားနား”
“မဟာကမ္ဘာ ပေါင်းတစ်ထောင်မှာ အရာအားလုံးက အချည်းနှီးပဲ၊ အရာအားလုံးကရုပ်ပဲ။ ဆရာတော်ကျဲစဲ့ရဲ့ ရည်မှန်းချက်က ကောင်းကင်ယံလောက် မြင့်မားတာပဲ” လင်းရီက ပြုံးလျက် ပြောလိုက်သည်။
ကျဲစဲ့၏ မျက်လုံးများထဲတွင် တောက်ပသော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။ လင်းရီက စကားတစ်ခွန်းတည်းဖြင့် သူ၏ တာအိုဗုဒ္ဓဘွဲ့အမည်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
သူ့ဆရာက ဝိုင်တောင်၏ ဝိုင်မြည်းစမ်းပွဲကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး လင်းရီအား လန်ခဲဘုရားကျောင်း၏ ကျောင်းတော်ပြင်ပ တာအိုဗုဒ္ဓတပည့် ဖြစ်လာစေရန် အတင်းအကျပ် ကြိုးစားနေခြင်းမှာ အံ့သြဖွယ်ရာ မဟုတ်တော့ချေ။
“ဆရာတော်နှစ်ပါး... ကျေးဇူးပြုပြီး ကြွပါ”
လင်းရီက ဘေးသို့ ဖယ်ပေးကာ သူတို့နှစ်ဦးကို ဧည့်ခံခန်းမအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
“တာလော့ဂိုဏ်းချုပ် ရောက်လာပါပြီ”
သူတို့သုံးဦး ဧည့်ခံခန်းမအတွင်းသို့ ဝင်ရောက်သွားချိန်မှာပင် ဆူးလီ၏ အနည်းငယ် တုန်ယင်နေသော အသံကို အဝေးမှ ထပ်မံ ကြားလိုက်ရပြန်သည်။ လင်းရီ၏ နှလုံးသားက လှုပ်ခတ်သွားပြီး ခန်းမဆောင်အပြင်ဘက်သို့ အမြန် ထွက်လာခဲ့၏။
အဝေးမှ တိမ်တိုက်တစ်ခုပေါ်တွင် ချဉ်းကပ်လာသော ပုံရိပ်တစ်ခုကို သူ မြင်တွေ့လိုက်ရသည်။ ကျက်သရေရှိပြီး သိမ်မွေ့ကာ သူရဲကောင်းဆန်ပြီး ခွန်အားကြီးမားလှပေသည်။
တစ်ဖက်လူ၏ ရောင်ဝါမှာ သေမျိုးများကို အလွန်အမင်း ကျော်လွန်လွန်းနေခဲ့၏။
(ယခုမှစ၍ လောကီကို သေမျိုး/ ဝိညာဉ်နယ်မြေကို ဝိညာဉ်ကုန်းမြေလို့ ပြောင်းသုံးပါမယ်)
သူ့ဆံပင်ဖြူများမှာ နှင်းများအလား ဖြူဖွေးကြည်လင်တောက်ပနေပြီး သူ၏ရုပ်ခန္ဓာမှာ ခန့်ညားထည်ဝါကာ သူ၏ အမူအကျင့်မှာလည်း ပြိုင်ဘက်ကင်းလှပေသည်။ သူ ပေါ်လာသည်နှင့် ကောင်းကင်နှင့် မြေကြီးကို ဖိနှိပ်နိုင်စွမ်းရှိသော အင်မော်တယ်တောင် တစ်လုံးအလား ဖြစ်နေခဲ့သည်။
တာလော့ဂိုဏ်းချုပ်။
သူသည် ဤခေတ်၏ ပြိုင်ဘက်ကင်း အထွတ်အထိပ် ကျင့်ကြံသူအဖြစ် အားလုံးက အသိအမှတ်ပြုထားသူ ဖြစ်ပေသည်။
အထွတ်အထိပ်ပြိုင်ဘက်ကင်း အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်။
အထွတ်အထိပ် ပြိုင်ဘက်ကင်း အဆင့်သတ်မှတ်ချက်ဆိုတာဘာလဲ။ ၎င်းမှာ သူ၏ မျိုးဆက်တွင် ပြိုင်ဘက်ကင်းသော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီး မည်သူကမျှ သူ့ကို မယှဉ်ပြိုင်နိုင်ခြင်းကို ဆိုလိုပေသည်။
တာလော့ဂိုဏ်းချုပ်သည် အနှစ်သုံးထောင်တိုင်အောင် တိုက်ခိုက်ခြင်း မရှိခဲ့သော်လည်း မည်သူကမျှ တာလော့ဂိုဏ်းချုပ်၏ အထွတ်အထိပ် ပြိုင်ဘက်ကင်း နာမည်ကို တုန်လှုပ်အောင် လုပ်နိုင်သည်ဟု မပြောရဲကြချေ။
“တပည့်လင်းရီက ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
လင်းရီက အမြန် ဦးညွှတ်လိုက်သည်။
“အားခုံး”
“ကျဲစဲ့က တာလော့ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
“ကျွန်တောိတို့က တာလော့ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
မျက်တောင်တစ်ခတ်အတွင်း တာလော့တောင်တစ်ရာရှိ ကျင့်ကြံသူအားလုံးသည် တစ်ပြိုင်နက်တည်း ပြောဆိုလိုက်ကြရာ သူတို့၏ အသံများမှာ နေနှင့် လကိုပင် တုန်လှုပ်သွားစေခဲ့သည်။
တောင်တစ်ရာ တောင်သခင်များ။ ဂိုဏ်းအသီးသီးမှ အစွမ်းထက် ကျင့်ကြံသူများ။ အားလုံးသည် အမှန်တကယ် အထွတ်အထိပ်ကျင့်ကြံသူဖြစ်သော တာလော့ဂိုဏ်းချုပ်ကို အဝေးမှနေ၍ လေးစားအားကျမှုများဖြင့် ကြည့်ရှုနေကြ၏။
“ယဉ်ကျေးနေဖို့ မလိုပါဘူး”
တာလော့ဂိုဏ်းချုပ်က သူ့လက်ကို ပေါ့ပေါ့ပါးပါး ဖိချလိုက်ရာ အစွမ်းထက် ကျင့်ကြံသူ အများအပြားမှာ တစ်ပြိုင်နက်တည်း နောက်ဆုတ်သွားခဲ့ရသည်။ သူသည် ခြေတစ်လှမ်းလှမ်းလိုက်ရာ မြေပြင်ကို လက်မအနည်းငယ်အထိ ကျုံ့သွားစေသည့်အလား သို့မဟုတ် ကြယ်များရွေ့လျားကာ အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည့်အလား လင်းရီ၏ အရှေ့သို့ ရောက်ရှိလာခဲ့၏။
“မင်း အရမ်းတော်တယ်”
တာလော့ဂိုဏ်းချုပ်က လင်းရီကို ကြည့်ကာ ပြုံးလိုက်ရာ သူ့အပြုံးမှာ နွေဦးလေပြေအလား နွေးထွေးနေခဲ့သည်။
“ဂိုဏ်းချုပ်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်”
လင်းရီက တောက်ပစွာ ပြုံးလိုက်သည်။
“ကောင်းတယ်”
“အရမ်းကောင်းတယ်”
“မင်းဆီမှာ လူငယ်တစ်ယောက်ရှိသင့်တဲ့ တက်ကြွမှုတွေ ရှိနေတာပဲ”
“ငါတို့မျိုးဆက် ကျင့်ကြံသူတွေဟာ ထက်မြက်ပြီး အရာအားလုံးကို ဖယ်ရှားပစ်နိုင်သလို ထိုက်တောင်ကြီးလို တည်ငြိမ်ပြီး ချောက်နက်ကြီးလို ဖုံးကွယ်ထားနိုင်စွမ်းလည်း ရှိရမယ်”
“မင်းအတွက်ကြောင့် အဲဒီကောင်မလေးက ကျူးယန်ရဲ့ ဆံပင်တွေကို ဓားတစ်ချက်တည်းနဲ့ ခုတ်ဖြတ်ဖို့ လုပ်ခဲ့တာ မဆန်းပါဘူး”
တာလော့ ဂိုဏ်းချုပ်သည် လင်းရီအပေါ် သူ၏ သဘောကျမှုကို ဖုံးကွယ်မထားခဲ့ချေ။ တာလော့ဂိုဏ်းချုပ် ပြောသော ကောင်မလေးမှာ သဘာဝကျကျပင် ဖာတောင်သခင်ကို ဆိုလိုခြင်း ဖြစ်သည်။ တာလော့တွင် တာလော့ဂိုဏ်းချုပ် တစ်ဦးတည်းသာလျှင် ဖာတောင်သခင်ကို ကောင်မလေးဟု ခေါ်ဝံ့သူ ဖြစ်ပေသည်။
“ဪ... အကြီးအကဲကျူးယန်ရဲ့ ဆံပင်တွေကို ခုတ်ဖြတ်ခဲ့တာ ဆရာဘိုးဘေးကိုး”
လင်းရီက ချက်ချင်း နားလည်သွားခဲ့သည်။ ကျူးမိသားစု သားအဖနှစ်ယောက် ဖာတောင်သခင်ကို မြင်သောအခါ ကြောင်ကို မြင်သော ကြွက်များအလား ဖြစ်နေကြသည်မှာ မဆန်းတော့ချေ။
“မင်းက အဲဒီကောင်မလေးကို ဆရာဘိုးဘေးလို့ ခေါ်မှတော့ နောက်ဆိုရင် ငါ့ကို ဂိုဏ်းချုပ်လို့ မခေါ်နဲ့တော့”
တာလော့ဂိုဏ်းချုပ်က ပြုံးလျက် ပြောလိုက်သည်။
“ဒါဆို ကျွန်တော် ဘယ်လိုခေါ်ရမလဲ”
လင်းရီက ကြောင်အမ်းအမ်းဖြစ်သွားသည်။
“ငါ့ကို ဘိုးဘေးလို့ ခေါ်လိုက်”
တာလော့ဂိုဏ်းချုပ်၏ နှုတ်ခမ်းများ ကွေးတက်သွားခဲ့သည်။
“ဘိုးဘေးဟုတ်လား”
လင်းရီသည် တာလော့ ဂိုဏ်းချုပ်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိသည်။
“တောင်သခင်လင်း”
“ဖာတောင်သခင်ကလည်း အရင်တုန်းက အတွင်းစည်းတပည့်တစ်ယောက် ဖြစ်ခဲ့ဖူးပြီး တာလော့ဂိုဏ်းချုပ်ရဲ့ တိုက်ရိုက် လက်အောက်မှာ ရှိခဲ့တာလေ”
လောကသခင်အားခုံးက ပြုံးလျက် ရှင်းပြလိုက်သည်။
လင်းရီ၏ မျက်လုံးများ တောက်ပသွားပြီး အမြန် ဦးညွှတ်လိုက်ကာ “တပည့်လင်းရီ က ဘိုးဘေးကို နှုတ်ဆက်ပါတယ်” ဟု ပြောလိုက်သည်။
“ဆုချရမယ် ဟားဟား…”
တာလော့ဂိုဏ်းချုပ်သည် ၎င်းကို ကြားသောအခါ အားရပါးရ ရယ်မောလိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ တံဆိပ်တုံးကြီးတစ်ခု ပျံထွက်လာပြီး လင်းရီ၏ အရှေ့သို့ ကျရောက်လာခဲ့သည်။
“တာလော့ကောင်းကင်ပြောင်းပြန် တံဆိပ်တုံးလား ”
တံဆိပ်တုံးကြီးမှာ လေထဲတွင် တွဲလောင်းကျနေပြီး အင်မော်တယ် အလင်းတန်းအလွှာများ ကျဆင်းနေကာ ကောင်းကင်ယံကိုပင် ချေမှုန်းနိုင်စွမ်း ရှိပုံရပေသည်။ အနည်းငယ် တုန်ခါသွားရုံဖြင့် ကောင်းကင်နှင့် မြေကြီး၏ အရပ်ဆယ်မျက်နှာကို ဖျက်ဆီးနိုင်စွမ်းရှိရာ လောကသခင်အားခုံး ပင်လျှင် ထူးဆန်းသော အမူအရာကို ပြသလိုက်မိ၏။
“မှန်တယ်”
“တာလော့မှာ ကြီးမြတ်တဲ့ အင်မော်တယ်ရတနာဆယ်ပါးရှိတယ်၊ တစ်ခုစီတိုင်းက အဆင့်ဆယ် အထွတ်အထိပ်မှာ ရှိကြတာချည်းပဲ”
“တာလော့တောင်တစ်ရာမှာ သူတို့ရဲ့ ကိုယ်ပိုင် တောင်ကာကွယ်ရေးရတနာတွေ ရှိကြတယ်၊ မင်းရဲ့ ဝိုင်တောင်မှာလည်း သဘာဝကျကျ အဲဒီလိုရတနာမျိုးမရှိလို့ မဖြစ်ဘူးလေ”
“ဒီတာလော့ ကောင်းကင်ပြောင်းပြန် တံဆိပ်တုံးက မင်းရဲ့ဘိုးဘေးဖြစ်တဲ့ ငါပေးတဲ့ လက်ဆောင်ပဲ”
“ဒါပေါ့... ဒါက မင်းရဲ့ ကိုယ်ပိုင် တာအိုတောင်ကို တည်ထောင်လာတဲ့အတွက် ဂုဏ်ပြုလက်ဆောင်လည်း ဖြစ်တယ်”
“ဒီရတနာကို နန်းတက်ပွဲအခမ်းအနားကျမှ မင်းကို ပေးဖို့ ရည်ရွယ်ထားတာ၊ ဒါပေမဲ့ အားခုံး ရောက်လာပြီဆိုတော့ သဘာဝကျကျ ငါက မင်းကို ကြိုပေးရတော့မှာပေါ့”
တာလော့ဂိုဏ်းချုပ်သည် လောကသခင် အားခုံးကို ပြုံးစိစိဖြင့် ကြည့်ကာ ပြောလိုက်သည်။
လောကသခင်အားခုံးက မျက်ခုံးပင့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
တာလော့ဂိုဏ်းချုပ်မှာ အလွန်ပင် လည်ဝယ်လွန်းလှပေသည်။ ဤတစ်ကြိမ်တွင်မူ သူ သေချာပေါက် သွေးထွက်သံယို ဖြစ်ရတော့မည်သာ ဖြစ်၏။
လင်းရီမှာလည်း အလွန်ဝမ်းသာနေခဲ့၏။ ပထမအချက်အနေဖြင့် သူ၏ ဘိုးဘေးသည် လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် အဆင့်ဆယ် အထွတ်အထိပ် အင်မော်တယ်ရတနာ တစ်ခုကို ပေးကမ်းနိုင်လောက်အောင် ချမ်းသာကြွယ်ဝမှုအပေါ် အံ့အားသင့်သွားခဲ့ခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ သူ၏ ဆိုလိုရင်းကိုလည်း လင်းရီ နားလည်သွားခဲ့၏။ သေမျိုးကမ္ဘာတွင် သူ၏အဆင့်အတန်းမှာ ဘိုးဘေးနှင့် ဆင်တူခဲ့ပြီး ဤသို့သော လှည့်ကွက်မျိုးကို သူ မကြာခဏ အသုံးပြုခဲ့ဖူးပေသည်။
“လင်းရီ... လောကသခင်အားခုံးက မင်းကို လန်ခဲဘုရားကျောင်းရဲ့ ကျောင်းတော်ပြင်ပ တာအိုဗုဒ္ဓတပည့်အဖြစ် လက်ခံချင်တယ်လို့ ပြောတယ်၊ အဲဒါ တကယ်ပဲလား”
မျှော်လင့်ထားသည့်အတိုင်း တာလော့ဂိုဏ်းချုပ်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“လောကသခင်အားခုံးက ဆရာဘိုးဘေးကတစ်ဆင့် ဒီတပည့်ဆီကို သတင်းစကားပါးခဲ့တာ မှန်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စက ဂိုဏ်းကပဲ ဆုံးဖြတ်ပေးဖို့ လိုပါသေးတယ်”
လင်းရီသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖာတောင်သို့ မကြာခဏ သွားရောက်ခဲ့ပြီး ဖာတောင်သခင်က ဤကိစ္စနှင့် ပတ်သက်၍ လင်းရီကို အသိပေးခဲ့ပြီးဖြစ်ကာ ဤကိစ္စကို ဂိုဏ်းချုပ်ထံသို့လည်း တင်ပြပြီးဖြစ်ကြောင်း ပြောပြခဲ့ပြီး ဖြစ်သည်။
“လန်ခဲဘုရားကျောင်းက ဝိညာဉ်ကုန်းမြေမှာ အဆင့်လွန် ဂိုဏ်းငါးခုထဲက တစ်ခုပဲ၊ ပြီးတော့ လန်ခဲဘုရားကျောင်းရဲ့ ကျောင်းတော်ပြင်ပ တာအိုဗုဒ္ဓတပည့်ဆိုတဲ့ဘွဲ့က မင်းရဲ့ ဝိုင်တောင် တောင်သခင်ဆိုတဲ့ နာမည်ကို ညစ်နွမ်းစေမှာ မဟုတ်ပါဘူး”
“ဒီကိစ္စကို ငါခွင့်ပြုတယ်”
တာလော့ဂိုဏ်းချုပ်က ပုံမှန်ကိစ္စတစ်ခုအလား ပြောဆိုလိုက်သည်။
“တပည့်က ဘိုးဘေးရဲ့ အမိန့်ကို ရိုသေစွာ နာခံပါတယ်”
လင်းရီက ဦးညွှတ်လိုက်ပြီးနောက် လှည့်ကာ လောကသခင်အားခုံးကို ထပ်မံ ဦးညွှတ်လိုက်သည်။
“တပည့်လင်းရီက လောကသခင်ကို နှုတ်ဆက်ပါတယ်”
လောကသခင်အားခုံးက လင်းရီကို အမြန် ထူမလိုက်သည်။
“လောကသခင်အားခုံး”
“လင်းရီက ကျောင်းတော်ပြင်ပ တာအိုဗုဒ္ဓတပည့် ဖြစ်သွားပြီ၊ ပြီးတော့ မင်းရဲ့ ဘေးက တစ်ယောက်က လန်ခဲဘုရားကျောင်းရဲ့ လက်ရှိ မျိုးဆက်တာအိုဗုဒ္ဓတပည့်လေ”
“တကယ်လို့ ငါ မှတ်မိတာ မမှားဘူးဆိုရင် တပည့်ကျဲစဲ့က မင်းရဲ့ လမ်းညွှန်မှုအောက်ကို ဝင်ရောက်လာတုန်းက မင်းက သူ့ကို လန်ခဲဘုရားကျောင်းရဲ့ ကြီးမြတ်တဲ့ တာအိုဗုဒ္ဓရတနာသုံးပါးထဲကတစ်ခုဖြစ်တဲ့ နတ်ဆိုးနှိမ်နင်းရေးတောင်ဝှေးကို ပေးခဲ့တယ် မဟုတ်လား”
တာလော့ဂိုဏ်းချုပ်သည် လောကသခင်အားခုံးကို အောင်ပွဲခံသော အမူအရာဖြင့် ကြည့်လိုက်သည်။
သူဆိုလိုသည်မှာ လောကသခင် အားခုံး အနေဖြင့် မျက်နှာလိုက်မည် မဟုတ်ဘူးမလား ဟူ၍ပင်ဖြစ်၏။
***