“ကျွန်မတို့ သွားလိုက်ပါဦးမယ်”
ကျန်းဝမ်နှင့် အခြားသူများအားလုံး ဦးညွှတ် နှုတ်ဆက်ကာ ထွက်ခွာသွားကြသည်။ လင်းရီက ခေါင်းညိတ်ပြလိုက်ပြီး အထွေထွေကိစ္စရပ်များ ခန်းမမှ တပည့်တစ်ဦးက ရှေ့သို့ထွက်ကာ လင်းရီကို ခေါ်ဆောင်သွားခဲ့သည်။
“အားလုံးပဲ... ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ”
ဆူးလီက ယဉ်ကျေးပျူငှာစွာ ပြောလိုက်သည်။ ဆူးလီသည် ယခုအခါ လင်းရီ၏ ခန့်အပ်မှုကြောင့် ဝိုင်တောင် အကြီးအကဲတစ်ဦး ဖြစ်နေပြီဖြစ်သော်လည်း ဤပုဂ္ဂိုလ်များအပေါ် အနည်းငယ်မျှပင် မလေးမစား မလုပ်ရဲချေ။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို”
ရှန်ကွမ်းယွီ နှင့် အခြားသူများကလည်း အလွန် ယဉ်ကျေးပျူငှာသော အမူအရာဖြင့် ပြန်လည် ဦးညွှတ်လိုက်ကြသည်။ ယင်းကို မြင်သောအခါ ဆူးလီသည် လေးစားအားကျစွာဖြင့် သက်ပြင်းချလိုက်မိသည်။
နယ်နှင်ခံအင်မော်တယ် အဆင့်သတ်မှတ်ချက် နှင့် ပုလဲအဆင့်သတ်မှတ်ချက်တွင် ပါဝင်သော ဤပုဂ္ဂိုလ်များသည် မြင့်မြတ်သော အဆင့်အတန်းများနှင့် အစွမ်းထက်သော နောက်ခံများ ရှိကြသဖြင့် သဘာဝကျကျပင် မာနကြီးကြပေသည်။ သို့သော်လည်း သူတို့သည် အခြားသူများနှင့် ဆက်ဆံရာတွင် သင့်လျော်သော ကျင့်ဝတ်များကို ထိန်းသိမ်းထားဆဲ ဖြစ်၏။ အနာဂတ် လုံးဝမရှိတော့သည့် မိမိကဲ့သို့သော ကျင့်ကြံသူတစ်ဦးအပေါ်တွင်ပင် သူတို့က မည်သည့်အခါမျှ အထင်အမြင်သေးခြင်း မရှိခဲ့ချေ။ သူတို့သည် ဂိုဏ်းအသီးသီးက သေချာ ဂရုတစိုက် ပြုစုပျိုးထောင်ထားသော ပါရမီရှင်များ အမှန်တကယ်ပင် ဖြစ်ကြပေသည်။
တာလော့ဝိုင်တောင် ဝိုင်မြည်းစမ်းပွဲ။
၎င်းသည် လင်းရီက သေမျိုးကမ္ဘာတွင် တည်ထောင်ခဲ့သော ရီကွမ်အသင်းမှ အမည်ကို ယူထားခြင်းဖြစ်သည်။ ရီကွမ်ပွဲတော်ဟု အမည်ပေးထားပေသည်။ ၎င်းကို ဝိုင်တောင်၏ ဧည့်ခံပွဲခန်းမတွင် ကျင်းပခြင်း ဖြစ်သည်။ ဝိုင်တောင် ဧည့်ခံပွဲခန်းမမှာ တာလော့ ဝိုင်တောင်၏ တောင်ခါးပန်းတွင်တည်ရှိပြီး ချီတောင် တောင်သခင် ကျူးထျန် းကိုယ်တိုင် ပြင်ဆင်ပေးထားခြင်း ဖြစ်၏။ ခန်းမဆောင်ကြီးဟု ခေါ်သော်လည်း တကယ်တမ်းတွင် ၎င်းမှာ လေထဲတွင် တွဲလောင်းကျနေသော အမိုးပွင့် ကျောက်စိမ်းစင်မြင့်ကြီးတစ်ခု ဖြစ်ပေသည်။
ကျောက်စိမ်းစင်မြင့်ကို တိမ်တိုက်လှေကားများဖြင့် ဆက်သွယ်ထားပြီး စီးဆင်းနေသော အလင်းတန်းများ လင်းလက်နေကာ ကျောက်စိမ်းစင်မြင့်အထက်တွင် တိမ်တိုက်စားပွဲများကို သပ်ရပ်စွာ စီစဉ်ထားပေသည်။ တိမ်တိုက်စားပွဲ တစ်ခုစီတိုင်းသည် အင်မော်တယ်ဂိုဏ်း တစ်ခုစီကို ကိုယ်စားပြုသည်။ တိမ်တိုက်စားပွဲများကို အစီအစဉ်အတိုင်း နေရာချထားပြီး အအတွင်းဆုံးနေရာမှာ သဘာဝကျကျပင် ဝိုင်တောင် တောင်သခင်၏ နေရာ ဖြစ်ပေသည်။
အဆင့်လွန် ဂိုဏ်းကြီး ငါးခု၏ နေရာများကို တောင်သခင်၏ နေရာဘေးတွင် ကပ်လျက် ထားရှိပေသည်။ လင်းရီမှာ တောင်သခင် ဖြစ်သော်လည်း သူ၏အဆင့်အတန်းမှာ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များထက် အနည်းငယ် နိမ့်ကျနေသည်မှာ သဘာဝပင် ဖြစ်၏။
သို့သော် ဧည့်သည်က အိမ်ရှင်ကို နေရာမလုသင့်ဟူသော စကားရှိပေသည်။ ယနေ့သည် တာလော့ ဝိုင်တောင် ဝိုင်မြည်းစမ်းပွဲ ဖြစ်သည့်အပြင် တောင်သခင်လင်းရီ၏ နန်းတက်ပွဲ အခမ်းအနားလည်းဖြစ်ရာ တာလော့အင်မော်တယ်ဂိုဏ်း၏ အတွင်းစည်းမှ အစွမ်းထက်သူများနှင့် ဂိုဏ်းလေးခုမှ ဧည့်သည်များပင်လျှင် လင်းရီ၏ ထွန်းလင်းတောက်ပမှုကို ဖုံးလွှမ်းသွားစေနိုင်ခြင်း မရှိချေ။
သူတို့၏ အနောက်ဘက်တွင်မူ ထိပ်တန်း ဂိုဏ်းတစ်ဆယ့်နှစ်ခုနှင့် နဝမအဆင့်ဂိုဏ်း ခုနစ်ဆယ့်နှစ်ခုတို့ ရှိနေကြသည်။ တောင်တစ်ရာမှ တောင်သခင်များ၏ နေရာများလည်း ရှိပေသည်။ ဤအချိန်တွင် ဝိုင်မြည်းစမ်းပွဲမှာ မစတင်သေးသော်လည်း စောစီးစွာ ရောက်ရှိလာသော ဧည့်သည်များမှာ နေရာယူထားကြပြီဖြစ်သည်။ သူတို့သည် မသင့်လျော်သော လှုပ်ရှားမှု တစ်ခုမျှ မလုပ်ရဲဘဲ မတ်မတ်မတ်မတ် ထိုင်နေကြ၏။
“တောင်သခင်လင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဝိုင်ထည့်ဖို့ ဒီလောက်ကြီးတဲ့ ဝိုင်အိုးကြီးကို သုံးထားတာလား”
ကောင်းကင်နတ်ဆိုးနန်းတော်မှ ကျန်းဝမ်သည် ဆူးလီ၏ နောက်မှလိုက်ကာ စင်မြင့်ပေါ်သို့ တက်လာခဲ့ပြီး တိမ်တိုက်စားပွဲ တစ်ခုစီတိုင်းတွင် လက်နှစ်ဖက်ဖြင့် ဖက်ထားရလောက်အောင် ကြီးမားသော ဝိုင်အိုးကြီးတစ်လုံးစီ ရှိနေသည်ကို တွေ့လိုက်ရသည်။ ဝိုင်အိုးအတွင်း၌ အရောင်အသွေးစုံလင်သော အလင်းရောင်များ လင်းလက်နေပြီး ဝိုင်ရနံ့များမှာ လေထုထဲတွင် ပျံ့နှံ့နေကာ ၎င်းမှာ အလွန်ကောင်းမွန်သော ဝိုင်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြသနေပေသည်။ ဝိုင်အိုးဘေးတွင် ကျောက်စိမ်းဇွန်း တစ်ချောင်းလည်း ရှိနေ၏။
“အားလုံးပဲ... ဒီဝိုင်တွေက သောက်ဖို့မဟုတ်ဘူးလို့ တောင်သခင်က ညွှန်ကြားထားပါတယ်။ တကယ့်သောက်ရမယ့် ဝိုင်တွေကို ဝိုင်မြည်းစမ်းပွဲ စတင်ပြီးမှ တပည့်တွေက လိုက်လံ တည်ခင်းပေးမှာပါ”
ဆူးလီက ရှင်းပြလိုက်သည်။
“သောက်ဖို့ မဟုတ်ဘူး ဟုတ်လား”
ရှန်ကွမ်ယွီ နှင့် အခြားသူများ အနည်းငယ် အံ့အားသင့်သွားကြသည်။
“ယနေ့ ဝိုင်မြည်းစမ်းပွဲမှာ တည်ခင်းမယ့် ဝိုင်တွေက အမျိုးအစား အများကြီးရှိပြီး တစ်ခုစီတိုင်းမှာ ကိုယ်ပိုင်ထူးခြားတဲ့ အရည်အသွေးတွေ ရှိတယ်လို့ တောင်သခင်က ပြောထားပါတယ်။ အရသာတွေ ရောနှောသွားပြီး ဝိုင်ရဲ့ ဝိသေသလက္ခဏာတွေကို မထိခိုက်စေဖို့အတွက် အရပ်မျက်နှာအသီးသီးက ဧည့်သည်တွေ အဆင်ပြေစေဖို့ အထူးခွက်ဆေးဝိုင် တွေကို ချက်လုပ်ထားတာပါ”
ဆူးလီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“ခွက်ဆေးဝိုင် ဟုတ်လား။ တကယ်လို့ သောက်ဖို့ မဟုတ်ဘူးဆိုရင် ဘာအတွက် သုံးမှာလဲ”
ယန်ကျန်းကိုယ်တိုင်က ဝိုင်ကို နှစ်သက်သူဖြစ်ပြီး ဝိုင်မြည်းစမ်းပွဲ မစတင်သေးသော်လည်း စည်းမျဉ်းများအရ စားပွဲပေါ်ရှိ အစားအသောက်များကို စားသောက်ခွင့် ရှိပေသည်။ သူက ပေါ့ပေါ့ပါးပါးပင် ကျောက်စိမ်းဇွန်းကို ကောက်ယူကာ သူ့အတွက် တစ်ခွက် ခပ်ယူလိုက်ပြီး သောက်ရန် ပြင်လိုက်သည်။
“စီနီယာအစ်ကိုယန်... အဲဒီခွက်ဆေးဝိုင် ဆိုတာက ခွက်တွေကို ဆေးကြောဖို့အတွက်ပါ၊ တကယ် သောက်လို့ မရပါဘူး”
ဆူးလီက အမြန် ဝင်ပြောလိုက်သည်။
“ခွက်ဆေးဖို့ ဟုတ်လား”
၎င်းကို ကြားသောအခါ ယန်ကျန်း၏ လှုပ်ရှားမှုများ တောင့်တင်းသွားခဲ့သည်။ ရှန်ကွမ်ယွီ နှင့် အခြားသူများလည်း ၎င်းကို ကြားသောအခါ အံ့အားသင့်သွားကြ၏။
ကျင့်ကြံသူများကြားတွင် ဝိုင်ကို နှစ်သက်သူများလည်း ရှိကြပြီး ဝိညာဉ်ကုန်းမြေတွင်လည်း အလွန်ကောင်းမွန်သော နတ်သုဒ္ဓါဝိုင်များ ရှိကြပေသည်။ ရှန်ကွမ်ယွီသည် ဝိုင်ကို မနှစ်သက်သော်လည်း ဤဝိုင်၏ လတ်ဆတ်ပြီး ကျက်သရေရှိသော ရနံ့ကို သူမ ရှူရှိုက်မိနိုင်ပြီး ၎င်းကို အနံ့ခံလိုက်ရုံဖြင့် လန်းဆန်းကာ ပျော်ရွှင်သွားစေနိုင်ပေသည်။ ယန်ကျန်းအတွက်မူ ဆိုဖွယ်ရာ မရှိတော့ချေ။ ၎င်းသည် ထိပ်တန်းအဆင့် ဝိုင်တစ်မျိုး ဖြစ်ကြောင်း သေချာလှပေသည်။ ဤမျှ ကောင်းမွန်သော ဝိုင်ကို ခွက်ဆေးရန်အတွက်သာ အသုံးပြုမည်လော။
“တကယ်လို့ စီနီယာအစ်ကိုယန်က ဝိုင်သောက်ချင်တယ်ဆိုရင် တောင်သခင်က ဧည့်ခံဖို့ ဝိုင်တချို့ ချန်ထားခဲ့ပါတယ်၊ အားလုံးအတွက် ကျွန်တော် သွားယူပေးပါ့မယ်”
ဆူးလီက ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
အကယ်၍ ယန်ကျန်းကသာ ခွက်ဆေးဝိုင်ကို သောက်လိုက်မည်ဆိုပါက သူသည် ဝိုင်တောင် အကြီးအကဲ တစ်ယောက်အနေဖြင့် သူ၏အလုပ်ကို ဆက်လုပ်၍ ရတော့မည်မဟုတ်ချေ။ ဧည့်ခံခြင်းမကောင်းဟု အပြစ်တင်ခံရမည် ဖြစ်ပေသည်။
“မလိုပါဘူး”
ယန်ကျန်း စိတ်ပြန်လည်လာပြီး ဝိုင်ခွက်ကို ချကာ မျှော်လင့်ချက်များ စတင် ဖြစ်ပေါ်လာခဲ့သည်။ ခွက်ဆေးရန်အတွက် သုံးသော ခွက်ဆေးဝိုင်ပင်လျှင် ဤမျှ ကောင်းမွန်နေပါက ယနေ့ ဝိုင်မြည်းစမ်းပွဲ၏ ပင်မအစီအစဉ်တွင် မည်သို့သော ဝိုင်မျိုး ဖြစ်လာမည်နည်း။ သူ အလွန်မျှော်လင့်နေမိသည်။
အချိန်များ ကုန်ဆုံးသွားခဲ့၏။ ဧည့်သည်များ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပြီး နေရာယူကြသည်။ ကျောက်စိမ်းစားပွဲ တစ်ခုစီတိုင်း၏ ဘေးတွင် ဝိုင်တောင် အထွေထွေကိစ္စရပ်များ ခန်းမမှ တပည့်များ စောင့်ဆိုင်းနေကြပေသည်။ ဝိုင်ကို နှစ်သက်ကြသူ အများအပြားသည် စားပွဲပေါ်ရှိ ဝိုင်အိုးထဲမှ ခွက်ဆေးဝိုင်ကို မြင်သောအခါ အနည်းငယ် ဂနာမငြိမ် ဖြစ်သွားကြ၏။ သို့သော် ၎င်းကို ခွက်ဆေးရန်အတွက်သာ အသုံးပြုကြောင်း ကြားသိရသောအခါ သူတို့၏ အမူအရာများမှာ မလွှဲမရှောင်သာ ထူးဆန်းသွားခဲ့ရသည်။
“အဲဒါက ခွက်ဆေးဝိုင် ပဲဖြစ်ဖြစ်၊ ကောင်းကင်ဆေးဝိုင် ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ကောင်းတဲ့ ဝိုင်ဖြစ်နေသရွေ့ ငါ သောက်လို့ရတာပဲ”
တောင်တစ်ရာမှ တောင်သခင်အများစု ရောက်ရှိလာကြပြီး ကဲ့ချင်က ထိုကဲ့သို့သော စည်းမျဉ်းများကို ဂရုမစိုက်ချေ။ သူသည် ဇွန်းတစ်ချောင်းကိုယူကာ သူ့အတွက် တစ်ခွက် လောင်းထည့်လိုက်ပြီး ရံဖန်ရံခါ မြည်းစမ်းနေကာ သူ၏ အမူအရာမှာ ကျေနပ်ပြီး လွတ်လပ်ပေါ့ပါးနေကာ အလွန် အချုပ်အချယ် ကင်းမဲ့နေပုံရပေသည်။
တောင်တစ်ရာအပြီးတွင် နဝမအဆင့် ဂိုဏ်းခုနစ်ဆယ့်နှစ်ခုမှ ကျင့်ကြံသူများ နေရာယူကြပြီး ထိပ်တန်းဂိုဏ်း တစ်ဆယ့်နှစ်ခုက နောက်မှ လိုက်ပါလာကြသည်။ ထိပ်တန်းဂိုဏ်း တစ်ဆယ့်နှစ်ခုသည် အများအားဖြင့် လူငယ် တပည့်များကိုသာ စေလွှတ်ခဲ့ကြပြီး တစ်ယောက်စီတိုင်းမှာ တက်ကြွမှုများဖြင့် ပြည့်နှက်နေကြ၏။
အခြားသော အဆင့်လွန်ဂိုဏ်းများအတွက်မူ ယန်ကျန်းနှင့် သူ၏ ညီမလေး ယန်ချန်တို့က နေရာယူထားပြီးဖြစ်ရာ ကောင်းကင်တိုက်ပွဲဂိုဏ်း အကြောင်း ပြောရန် မလိုအပ်တော့ချေ။ လန်ခဲဘုရားကျောင်းမှ လောကသခင်အားခုံး မရောက်လာသေးသော်လည်း ကျဲစဲ့သည် တာအိုဗုဒ္ဓတပည့်တစ်ပါးအနေဖြင့် လန်ခဲဘုရားကျောင်း၏ တိမ်တိုက်နေရာနောက်တွင် နေရာယူထားပြီး ဖြစ်သည်။ ထို့အပြင် အရှေ့ဧကရာဇ်နန်းတော် နှင့် နတ်ဆိုးအရှင်သခင်မျှော်စင်ဟူသော အဆင့်လွန်ဂိုဏ်းနှစ်ခုလုံးကလည်း အကြီးအကဲများကို စေလွှတ်ခဲ့ကြပေသည်။
“တာလော့ဂိုဏ်းချုပ်နဲ့ လန်ခဲဘုရားကျောင်းရဲ့ လောကသခင် ရောက်လာပါပြီ”
နေရာအားလုံးနီးပါး ပြည့်သွားသောအခါ ကျူးယန်၏ အသံမှာ ကောင်းကင်နှင့် မြေကြီးတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ တာလော့ဂိုဏ်းချုပ် နှင့် လောကသခင် အားခုံးတို့ အတူတကွ ရောက်ရှိလာကြသည်။
“တာလော့ဂိုဏ်းချုပ်နဲ့ လောကသခင် အားခုံးကို ရိုသေစွာ ကြိုဆိုပါတယ်”
နေရာယူထားသူ အားလုံးသည် ချက်ချင်းပင် မတ်တပ်ရပ်ကာ အော်ဟစ် ကြိုဆိုလိုက်ကြသည်။ ဤသူနှစ်ဦးမှာ လက်ရှိခေတ်၏ အသန်မာဆုံးသူများထဲမှ နှစ်ဦးဖြစ်ကြပေသည်။ အဆင့်လွန် ဂိုဏ်းများမှ အကြီးအကဲများပင်လျှင် သူတို့၏ အရှေ့တွင် အနည်းငယ်မျှ မလေးမစား မလုပ်ရဲကြချေ။ ဂိုဏ်းချုပ်ကြီး နှစ်ဦးသည် လှေကားထစ်များကို တက်လာကြပြီး ပြန်လည် လက်အုပ်ချီကာ နှုတ်ဆက်လိုက်ကြသည်။ လောကသခင် အားခုံးသည် လန်ခဲဘုရားကျောင်း၏ နေရာတွင် ရပ်တန့်ကာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ကျဲစဲ့ကိုလည်း ထိုင်ရန် အချက်ပြလိုက်သည်။ တာလော့ ဂိုဏ်းချုပ်သည် တောင်သခင်၏ တိမ်တိုက်နေရာ အရှေ့တွင် ရပ်လိုက်သည်။
“အချိန်ကျပြီလား”
တာလော့ဂိုဏ်းချုပ်က ကျူးယန်ကို ကြည့်လိုက်သည်။
“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်။ စတင်လို့ ရပါပြီ”
ကျူးယန်က ခေါင်းညိတ်ပြလိုက်သည်။
တာလော့ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်ပြီး သူ၏လက်ဖဝါးကို လှန်လိုက်ရာ ကျောက်စိမ်းစာလိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။
“တာအိုအရိုးတွေက သဘာဝအလျောက် ဖြစ်ပေါ်လာပြီး တာအိုစည်းချက်တွေက ထာဝရ တည်တံ့တယ်။ ကောင်းကင် တာအိုရဲ့ မျက်နှာသာပေးမှု၊ ငါတို့ ဘိုးဘေးတွေရဲ့ ကောင်းချီးပေးမှုနဲ့အတူ ငါတို့ တာလော့အင်မော်တယ်ဂိုဏ်းဟာ တာအိုတစ်ရာအထက်မှာ ပြိုင်ဘက်ကင်းတဲ့ အရိုးတည်ဆောက်ပုံ ရှိတဲ့သူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပြီး ဒီနေ့မှာတော့ ကိုယ်ပိုင်တာအိုတစ်ခုကို ဖွင့်လှစ်ကာ ကိုယ်ပိုင်တောင်တစ်ခုကို တည်ထောင်လိုက်ပါပြီ။ အခု ခန့်အပ်လွှာ စာရွက်တစ်ရွက်တည်းနဲ့ အထက်က မဟာတာအိုနဲ့ အောက်က ဂိုဏ်းအသီးသီးကို ကြေညာလိုက်ပါတယ်။ တပည့်လင်းရီကို တာလော့ ဝိုင်တောင်ရဲ့ အရှင်သခင်အဖြစ် ခန့်အပ်လိုက်ပါတယ်”
တာလော့ဂိုဏ်းချုပ် စကားပြောနေစဉ် သူ့လက်ထဲရှိ ကျောက်စိမ်းစာလိပ်မှာ ကောင်းကင်နှင့် မြေကြီးကို ပေါင်းစပ်သွားစေသော ကြီးမားသည့် တာအိုမီးတောက်တစ်ခုအဖြစ် လောင်ကျွမ်းသွားခဲ့သည်။ ဤသည်မှာ ကောင်းကင်အမိန့်တော် စာအုပ်ပင် ဖြစ်ပေသည်။ ကောင်းကင်အမိန့်တော် စာအုပ်သည် မဟာတာအိုနှင့် တစ်သားတည်း ဖြစ်သွားပြီး ဝိညာဉ်ကုန်းမြေရှိ ဂိုဏ်းအသီးသီးသို့ အမိန့်တော်ကို ပေးပို့ကာ လောကကြီးကို ကြေညာလိုက်ခြင်း ဖြစ်ပေသည်။
“တောင်သခင်လင်းရီကို ဂုဏ်ပြုပါတယ်”
ဤအခိုက်အတန့်တွင် ထိုင်နေသူအားလုံး မတ်တပ်ရပ်ကာ ကျယ်လောင်စွာ ဟစ်အော်လိုက်ကြသည်။
“ဝုန်း....”
နားကွဲမတတ် ဟစ်အော်သံများ ပဲ့တင်ထပ်သွားသည်နှင့်အမျှ ကောင်းကင်ယံရှိ လောင်ကျွမ်းနေသော တာအိုမီးတောက်များမှာ စုဆုံသွားပြီး မဟာတာအိုက ကောင်းကင်လှေကား တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဧည့်ခံပွဲခန်းမမှသည် ဝိုင်တောင်၏ ထိပ်ရှိ လင်းရီ၏ အင်မော်တယ်လိုဏ်ဂူ အရှေ့အထိ တိုက်ရိုက် ဆန့်ထွက်သွားခဲ့သည်။
လင်းရီ၏ အနီရောင်ဝတ်ရုံက လွင့်ပျံလျက် ရေတွက်၍မရနိုင်သော လူများ၏ အကြည့်များကြားတွင် ကြီးမြတ်သော တာအိုကောင်းကင်လှေကား ပေါ်သို့ လှမ်းတက်ကာ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့တော့သည်။
***