"ကံအပေါ် မမူတည်ဘူး ဟုတ်လား..."
သေခြင်းရှင်ခြင်းတာအိုကျင့်ကြံသူက လင်းရီအား ကြည့်လိုက်သည်။
သူသည် အလွန်ရွှင်လန်းတက်ကြွပြီး အနည်းငယ် ပေါ့ပျက်ပျက်နိုင်သော သူတစ်ဦးဖြစ်၏။ သူ့ခန္ဓာကိုယ် တည်ဆောက်ပုံမှာ အထူးတလည် ကြီးမားထွားကျိုင်းခြင်း မရှိသော်လည်း ပြိုင်ဘက်ကင်းသော ဖိအားတစ်မျိုးကို ထုတ်လွှတ်နေပေသည်။
"သေချာတာပေါ့..."
လင်းရီက သေချာပေါက် ပြောလိုက်၏။
"ဒါက ငါတို့ နှစ်ယောက်ထဲက ဘယ်သူ့ကံက ပိုဆိုးပြီး အဆိပ်ဝိုင်ကို အရင်သောက်မိမလဲဆိုတာကို ယှဉ်ရမှာ မဟုတ်ဘူးလား..."
သေခြင်းရှင်ခြင်းတာအိုကျင့်ကြံသူက လင်းရီအား စိတ်ဝင်တစား ကြည့်လိုက်သည်။
"သေခြင်းရှင်ခြင်းလမ်းစဉ်ဆိုတာ သေခြင်းကနေ မွေးဖွားလာတာပဲ..."
"အဲဒါက အဆိုးရွားဆုံးအခြေအနေမှာ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုကို ရှာဖွေတာပဲ..."
"အဲဒါက အခေါင်းမာဆုံးပဲ..."
"အဲဒီမျှော်လင့်ချက်ရောင်ခြည်လေးကို စိတ်ကူးယဉ်ဆန်တဲ့ ကံကြမ္မာ လက်ထဲတော့ ဘယ်တော့မှ အပ်ထားမှာ မဟုတ်ဘူး..."
လင်းရီက တည်ငြိမ်စွာ ပြောလိုက်၏။
"စိတ်ဝင်စားစရာပဲ..."
"ဆက်ပြောပါဦး..."
သေခြင်းရှင်ခြင်းတာအိုကျင့်ကြံသူ ၏ မျက်လုံးများက အရောင်အမျိုးမျိုး ပြောင်းလဲတောက်ပနေခဲ့သည်။
"ဒါကြောင့် ဒီဆဋ္ဌမမြောက် စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ဆိုတာ ကံကို အားကိုးရမှာ မဟုတ်ဘဲ သေခြင်းရှင်ခြင်းလမ်းစဉ်ကို နားလည်သဘောပေါက်ဖို့ လိုတာပါ..."
လင်းရီက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပြီးနောက် ကြီးမားသော ဝိုင်ခွက်ကြီးတစ်ခုကို ထုတ်ယူကာ သူ၏ ရှေ့တွင် ချထားလိုက်သည်။
"သေခြင်းရှင်ခြင်း လမ်းစဉ်ကို နားလည်သဘောပေါက်မှုအပေါ် မူတည်တယ်ဆိုတော့ ရိုးရှင်းသွားပြီပေါ့..."
"ရိုးရှင်းတယ်ဟုတ်လား..."
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူ ၏ အကြည့်များက ထက်မြက်သွားခဲ့၏။
"တကယ်ကို ရိုးရှင်းပါတယ်..."
လင်းရီက ခေါင်းညိတ်လိုက်သည်။
"သေခြင်းရှင်ခြင်း မ်းစဉ်ဆိုတာ သေခြင်းကနေ မွေးဖွားလာတာ... ဒါက သေခြင်းရှင်ခြင်း လမ်းစဉ်ရဲ့ အနှစ်သာရပဲ..."
လင်းရီက စကားပြောနေစဉ်မှာပင် ဝိုင်ခွက်တစ်ခွက်ကို ကောက်ကိုင်ကာ သူ၏ ဝိုင်ခွက်ကြီးထဲသို့ လောင်းထည့်လိုက်၏။
"သေခြင်းရှင်ခြင်းတံခါးရဲ့ ဆရာဘိုးဘေးအနေနဲ့ စီနီယာဟာ သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးနဲ့ အသက်တံခါးနှင့် သေခြင်းစံအိမ်ကို တပည့်တွေရဲ့ တာအိုကို စမ်းသပ်ဖို့ ရည်ရွယ်ချက်နဲ့ ချန်ထားရစ်ခဲ့တာ..."
"သေချာတာပေါ့... စီနီယာက တပည့်တွေအတွက် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုတော့ ချန်ထားပေးမှာပဲ..."
"အဲ့ဒီမျှော်လင့်ချက် ရောင်ခြည်လေးက သေချာပေါက် ကံကြမ္မာ မဟုတ်ဘူး..."
လင်းရီက နောက်ထပ် ဝိုင်ခွက်တစ်ခွက်ကို ကောက်ကိုင်ကာ သူ၏ ဝိုင်ခွက်ကြီးထဲသို့ လောင်းထည့်လိုက်ပြန်သည်။
ဝှစ်!
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူ ၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ လျှပ်တစ်ပြက် တောက်ပသွားခဲ့၏။
"စိတ်ဝင်စားစရာ တစ်ခုခုအကြောင်း ပြောကြတာပေါ့..."
"တကယ်လို့ တစ်ယောက်ယောက်က အရမ်းကံကောင်းလွန်းလို့ စီနီယာနဲ့အတူ ဝိုင်ခြောက်ခွက် သောက်ခဲ့တယ် ဆိုပါစို့..."
"ဒါဆိုရင် နောက်ဆုံး ကျန်နေတဲ့ တစ်ခွက်က သေလမ်းပဲ မဟုတ်ဘူးလား..."
လင်းရီက နောက်ထပ် တစ်ခွက်ကို ညင်သာစွာ လောင်းထည့်လိုက်သည်။
"အဲဒါက တကယ်ပဲ သေလမ်း ဖြစ်နေရင်ရော..."
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူက မျက်လုံးကို မှေးကာ လင်းရီအား ကြည့်လိုက်၏။
"ဒါဆိုရင် ဒီမျိုးဆက်သစ်က အဲဒါကို သေလမ်းလို့ပဲ သတ်မှတ်လိုက်မယ်..."
လင်းရီက ပြုံးလိုက်ပြီး နောက်ထပ် ဝိုင်နှစ်ခွက်ကို ထပ်မံ လောင်းထည့်လိုက်သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် စားပွဲပေါ်၌ ဝိုင်နှစ်ခွက်သာ ကျန်ရှိတော့၏။
"ဒါပေမဲ့ အဲဒါက သေလမ်း ဖြစ်နေရင်ရော..."
လင်းရီသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ဆဋ္ဌမမြောက် ဝိုင်ခွက်ကို ဝိုင်ခွက်ကြီးထဲသို့ လောင်းထည့်လိုက်ပြီး သတ္တမမြောက် ဝိုင်ခွက်ကို မြှောက်ကိုင်လိုက်သည်။
"မင်းက တကယ်ပဲ သေမှာကို မကြောက်ဘူးလား..."
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူက လင်းရီအား စူးစိုက်ကြည့်နေခဲ့၏။
"ဘယ်သူက သေမှာကို မကြောက်ဘဲ နေမှာလဲ..."
လင်းရီက သတ္တမမြောက်ဝိုင်ခွက်ကို မြှောက်ကိုင်ထားရင်း သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"တကယ်တော့ ဒီမျိုးဆက်သစ်က စောစောကတည်းက ခန့်မှန်းမိပြီးသားပါ..."
"အစစ်အမှန် စမ်းသပ်မှုက သတ္တမမြောက် ဝိုင်ခွက်ပဲလေ..."
လင်းရီက သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူအား ပြုံးတစ်ဝက် မျက်နှာဖြင့် ကြည့်လိုက်၏။
"မင်း ဘယ်လိုလုပ်သိတာလဲ..."
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူ၏ အမူအရာက အနည်းငယ် နေရခက်သွားပုံ ရလေသည်။
"ပထမဝိုင်တစ်ခွက်ကို သောက်ဖို့က တကယ်တော့ မခက်ပါဘူး..."
"သေခြင်းတရားနဲ့ အမြဲတမ်း ရင်ဆိုင်နေရတဲ့ သေခြင်းရှင်ခြင်းတံခါးက တပည့်တွေ နေနေသာသာ သာမန်လူတွေတောင် အကျပ်အတည်းနဲ့ ကြုံလာရင် သွားတင်းတင်းကြိတ်ပြီး သောက်နိုင်ကြတယ်..."
"ဒုတိယအကြိမ် ရွေးချယ်ရတဲ့အခါကျရင်တော့ သေခြင်းရှင်ခြင်းတံခါးက တပည့်တွေလည်း တုံ့ဆိုင်းသွားမှာပဲ..."
"ဘာလို့လဲဆိုတော့ သေခြင်းတရားက တစ်လှမ်းချင်းစီ ပိုပို နီးကပ်လာလို့လေ..."
"အဲ့ဒီမျှော်လင့်ချက်မဲ့မှုက တတိယအကြိမ် ရွေးချယ်ရတဲ့အခါမှာ အမြင့်ဆုံးကို ရောက်သွားလိမ့်မယ်..."
"ဘယ်လိုပဲဖြစ်ဖြစ် တတိယအကြိမ် ရွေးချယ်မှုက အသက်ရှင်မလား၊ သေမလားဆိုတာကို အဆုံးအဖြတ် ပေးပြီးသွားပြီလေ..."
"ဘာလို့လဲဆိုတော့ သတ္တမမြောက်ဝိုင်ခွက် ကျန်နေသေးလို့ပဲ..."
"မသောက်ရင် ရှုံးမယ်၊ သောက်ရင် သေမယ်..."
"သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးထဲ ဝင်လာတဲ့ တပည့်တွေ အားလုံးက ချွင်းချက်မရှိ ဆရာဘိုးဘေးရဲ့ တွက်ချက်မှုအောက်မှာ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကြား ရွေးချယ်မှုမှာ လုံးဝ နစ်မြုပ်သွားကြတယ်..."
"သေခြင်းရှင်ခြင်း လမ်းစဉ်ရဲ့ အနှစ်သာရကို လျစ်လျူရှုမိသွားကြတယ်..."
လင်းရီက သူ၏ လက်ထဲရှိ သတ္တမမြောက် ဝိုင်ခွက်ဖြင့် ကစားနေကာ သူ၏ စိတ်ဓာတ်များမှာလည်း တက်ကြွနေခဲ့၏။
"သတ္တမမြောက်ဝိုင်ခွက်က သေလမ်းပဲ..."
"ဒါပေမဲ့ သေခြင်းရှင်ခြင်းလမ်းစဉ်ရဲ့ အနှစ်သာရက သေခြင်းကနေ မွေးဖွားလာတာပဲ..."
"အသက်ရှင်ခြင်းရဲ့ အဆုံးသတ်က သေဆုံးခြင်းဖြစ်ပြီး သေဆုံးခြင်းရဲ့ အဆုံးသတ်က ပြန်လည်မွေးဖွားခြင်းပဲ..."
"သေခြင်းရှင်ခြင်း လမ်းစဉ်က အခြေခံအားဖြင့် ယင်နဲ့ယန် တာအိုနဲ့ ခြားနားမှု မရှိဘူး..."
"ယန်က သူ့ရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အခါ ယင်ကို မွေးဖွားပေးတယ်၊ ယင်က သူ့ရဲ့ အထွတ်အထိပ်ကို ရောက်တဲ့အခါ ယန်ကို မွေးဖွားပေးတယ်..."
"သေလမ်းဆိုတာက ဆဋ္ဌမမြောက် စမ်းသပ်မှုရဲ့ အသက်တံခါးပဲ..."
လင်းရီက အံ့အားသင့်နေသော သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူအား တစ်ချက်ကြည့်လိုက်ပြီးနောက် သတ္တမမြောက် ဝိုင်ခွက်ကိုလည်း ဝိုင်ခွက်ကြီးထဲသို့ အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ လောင်းထည့်လိုက်လေသည်။
ဝိုင်ခုနစ်ခွက်။
တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်၏။
ဝုန်း!
သတ္တမမြောက် ဝိုင်ခွက်ကို လင်းရီ လောင်းထည့်လိုက်သည်နှင့် တစ်ပြိုင်နက် ခွက်ထဲရှိ ဝိုင်များသည် သေဆုံးခြင်းချီများဖြင့် ချက်ချင်း လေးလံသွားခဲ့သည်။
၎င်းသည် ကောင်းကင်နှင့် မြေကြီးကြားရှိ သက်ရှိအားလုံးကို အဆိပ်ခတ်ကာ အသက်ဓာတ်အားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော မြေအောက်ကမ္ဘာနှင့် တူနေပေသည်။
သေဆုံးခြင်းမဟာတာအို။
ဤသည်မှာ သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူ၏ သေဆုံးခြင်း မဟာတာအိုပင် ဖြစ်လေသည်။
အခြေတည်အဆင့်တွင်သာ ရှိနေသေးသော လင်းရီ နေနေသာသာ မြေကမ္ဘာအင်မော်တယ်တစ်ပါး လာရောက်၍ ၎င်းကို တစ်ကျိုက်တည်း မော့သောက်ရဲမည်ဆိုလျှင်တောင် သူတို့၏ အသက်ဓာတ်များ ချက်ချင်း ငြိမ်းသတ်ခံရပေလိမ့်မည်။
သို့တိုင် လင်းရီသည် ဤကဲ့သို့သော ဝိုင်ခွက်ကို အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ မြှောက်ကိုင်လိုက်ခြင်း ဖြစ်၏။
"မင်း..."
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူ၏ မျက်နှာက ပျက်ယွင်းသွားခဲ့သည်။
လုံးဝ ရှုံးနိမ့်သွားခဲ့ပြီ။
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူသည် သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါး အတွင်း၌ ဤကဲ့သို့ လုံးဝ ရှုံးနိမ့်သွားလိမ့်မည်ဟု ဘယ်သောအခါမျှ ထင်မှတ်မထားခဲ့ချေ။
နှစ်များတစ်လျှောက် သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးကို ဖြတ်ကျော်ခဲ့သော သေခြင်းရှင်ခြင်းတံခါး၏ တပည့်အများစုသည် ဤ သတ္တမမြောက် ဝိုင်ခွက်တွင် ကျရှုံးခဲ့ကြ၏။
ဆဋ္ဌမမြောက် စမ်းသပ်မှုကို အောင်မြင်ခဲ့သူများမှာ တစ်သောင်းတွင် တစ်ယောက်သာ ရှိပေသည်။
သူတို့ အောင်မြင်ခဲ့သည့် အကြောင်းရင်းများမှာလည်း အံ့သြဖွယ်ကောင်းလောက်အောင် ဆင်တူနေကြသည်။
သူတို့တစ်ဦးချင်းစီတိုင်းက ရိုးအအ သူများသာဖြစ်ကြ၏။
သူတို့အားလုံးက သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူသည် သေခြင်းရှင်ခြင်းတံခါး၏ ဆရာဘိုးဘေးဖြစ်သည့်အတွက် သူ၏ ကိုယ်ပိုင် တပည့်များကို ကိုယ်တိုင်ကိုယ်ကျ အဆိပ်ခတ်မည် မဟုတ်ဟု ယုံကြည်ထားခဲ့ကြသည်။
ရိုးသားပြီး ဖြူစင်လွန်းလှ၏။
ဤလူများသည် စမ်းသပ်မှုကို ရှင်းပြ၍မရနိုင်သော နည်းလမ်းဖြင့် ဖြတ်ကျော်သွားခဲ့သည်ဟု ပြောဆိုနိုင်ပေသည်။
ကံကောင်းသည်မှာ သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူက ဤအချက်ကို ကြိုတင် ခန့်မှန်းထားသောကြောင့်ပင် သတ္တမမြောက် စမ်းသပ်မှုကိုလည်း ချန်ထားရစ်ခဲ့ခြင်းဖြစ်၏။
ဆဋ္ဌမမြောက် စမ်းသပ်မှုမှာတင် သေခြင်းရှင်ခြင်း ကပ်ဘေးခုနစ်ပါးကို အပြည့်အဝ ထိုးထွင်းသိမြင်နိုင်သော လင်းရီကဲ့သို့ လူမျိုးမှာ လုံးဝ ပထမဆုံးပင် ဖြစ်လေသည်။
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူပင်လျှင် လင်းရီ၏ အပြည့်အဝ ထိုးထွင်းသိမြင်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
"ဒီမျိုးဆက်သစ် ခန့်မှန်းတာ မမှားဘူးဆိုရင် တစ်ယောက်ယောက်က သတ္တမမြောက် ဝိုင်ခွက်ကို သောက်ရဲသရွေ့ စီနီယာက သေဆုံးခြင်း မဟာတာအိုရဲ့ စွမ်းအားကို ရှင်သန်ခြင်း မဟာတာအို အဖြစ် အသွင်ပြောင်းပေးလိမ့်မယ်..."
"ဒါပေမဲ့ ဒီမျိုးဆက်သစ်လည်း အဲ့ဒီလို လုပ်နိုင်ပါတယ်..."
"ဒါကြောင့် စီနီယာကို အလုပ်မရှုပ်စေတော့ပါဘူး..."
"ပြောရမယ်ဆိုရင် သေခြင်းနဲ့ ရှင်သန်ခြင်းကို ပြောင်းလဲတာက သတ္တမမြောက် စမ်းသပ်မှုရဲ့ စမ်းသပ်ချက်ပဲ ဖြစ်သင့်တယ် မဟုတ်လား..."
"ဖြစ်တည်မှုအင်္သချေ..."
လင်းရီက ခွက်ကို မြှောက်ကာ ညင်သာစွာ မှုတ်လိုက်၏။
သူသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိုင်တာအို အစစ်အမှန်ချီကို သေဆုံးခြင်း မဟာတာအို၏ သေဆုံးခြင်းချီအဖြစ် ချက်ချင်း အသွင်ပြောင်းလိုက်သည်။
ဝိုင်စိတ်ဝိညာဉ်။
ဖြစ်တည်မှုအင်္သချေ။
ဖြစ်တည်မှုအင်္သချေ၏သခင်၊ ကောင်းကင်နှင့် မြေကြီး၏ အရင်းအမြစ်၊ ချီတစ်ရပ်တည်းဖြင့် ချီအားလုံးအဖြစ် အသွင်ပြောင်းနိုင်၏။
လင်းရီ၏ သေဆုံးခြင်း မဟာတာအိုမှ သေဆုံးခြင်းချီများသည် ခွက်ထဲသို့ အဟုန်ပြင်းစွာ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် အနက်ရောင် မြူခိုးများ လည်ပတ်နေသော သေဆုံးခြင်း တာအိုဝိုင်အတွင်းမှ အပြစ်အနာအဆာ ကင်းစင်ပြီး မြင့်မြတ်သော အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
အဖြူရောင် အလင်းတန်း ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းက ခွက်ထဲရှိ သေဆုံးခြင်း၏ စစ်မှန်သော ဆန္ဒကို ဖယ်ရှားပေးလိုက်၏။
ခွက်ထဲမှ တက်ကြွသော အသက်ဓာတ်များ ပေါက်ကွဲထွက်လာစေရန် ပြုလုပ်ပေးလိုက်သည်။
သေဆုံးခြင်း တာအိုဝိုင်သည် ရှင်သန်ခြင်းဝိုင်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့လေသည်။
"ဟားဟားဟား..."
"ငါ့ရဲ့ သေခြင်းရှင်ခြင်းလမ်းစဉ်ကို ဆက်ခံမယ့်သူ ရှိသွားပြီ..."
"မင်းအတွက် အသက်တံခါးနှင့် သေခြင်းစံအိမ်က ပွင့်လာလိမ့်မယ်..."
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူက လင်းရီ၏ ခွက်ထဲရှိ ရှင်သန်ခြင်းဝိုင်ကို ကြည့်ကာ ရယ်မောလိုက်လေသည်။
သေခြင်းရှင်ခြင်း တာအိုကျင့်ကြံသူ ရယ်မောလိုက်သည်နှင့် တစ်ပြိုင်နက် သေခြင်းရှင်ခြင်းတံခါး တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့၏။
ကောင်းကင်နှင့် မြေကြီးကြား၊ ကြီးမားလှသော မီးတောင်ကြီး၏ အထက်တွင် ဧရာမ အနက်နှင့် အဖြူ ယှက်နွယ်နေသော လေပွေကြီးတစ်ခု ကျဆင်းလာခဲ့လေသည်။
***