ကူချူတုန်း၏ နေ့ရက်များမှာ အလွန်ပင် အနှစ်သာရရှိလှသည်။
သူမသည် မနက်စောစောထကာ နံနက်စာချက်ပြုတ်ပြီးနောက် မွန်းတည့်ချိန်အထိ ဓားသိုင်းကို လေ့ကျင့်သည်။ ထို့နောက် နေ့လယ်စာ ထပ်ချက်ကာ ညနေခင်းအထိ တိမ်လှေကား ကောင်းကင်နည်းစနစ် ကို လေ့ကျင့်ပြီး ညနေစာ ထပ်ချက်ပြန်သည်။ ညမအိပ်မီတွင် လက်ချောင်းလှုပ်ခတ် နတ်ဘုရားနည်းစနစ် ကို လေ့ကျင့်ပြီးနောက် ဆေးစိမ်ချိုးကာ အတွင်းအားများကို ကျင့်ကြံလေသည်။
သေချာသည်မှာ ၎င်းမှာ ပင်ပန်းဆင်းရဲလှသော်လည်း သူမ၏ တိုးတက်မှုမှာ သိသာထင်ရှားလှသည်။ အထူးသဖြင့် သိုင်းပညာရှင် ကူမော့ ကိုယ်တိုင် လမ်းညွှန်ပြင်ဆင်ပေးနေခြင်းကြောင့် ပါရမီ သာမန်မျှသာ ရှိသော်လည်း သူမ၏ တိုးတက်မှုမှာ မယုံနိုင်လောက်အောင် မြန်ဆန်လှ၏။ ထို့အပြင် ကူမော့မှာ အလွန်ရက်ရောပြီး ကူချူတုန်း၏ ဆေးစိမ်ချိုးရန်အတွက် ရှားပါးပြီး တန်ဖိုးကြီးသည့် ဆေးဖက်ဝင်အပင်များကို ဝယ်ယူပေးထားသည်။
သို့သော် ဆေးပင်များ ဝယ်တိုင်း ငွေများ ကုန်သွားသည်ကို မြင်ရသည်မှာ ကူချူတုန်းအတွက် အလွန်နှမြောစရာ ကောင်းလှ၏။ အစ်ကိုဖြစ်သူ ကူမော့၏ ဩဇာအာဏာသာ မရှိပါက ကူချူတုန်းသည် ထိုငွေများကို သေချာပေါက် ဝှက်ထားမည် ဖြစ်သည်။ ကူချူတုန်းမှာ ကူမော့၏ မျက်လုံးကို ကုသရန်အတွက် ငွေစုဖို့သာ အာရုံရောက်နေသော်လည်း တာဝန်ယူထားသူ ကူမော့ကတော့ အမှန်တကယ်တွင် အလျင်စလို မရှိလှပေ။
နောက်ထပ် နံနက်ခင်း တစ်ခုသို့ ရောက်ရှိလာခဲ့၏။
နံနက်စာ စားပြီးသည်နှင့် ကူမော့က ကူချူတုန်းကို ဓားကျင့်ရန် လမ်းညွှန်ပေးလေသည်။ သူတို့ ကျင့်ကြံနေသည်မှာ မကြာသေးမီမှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ ၎င်းမှာ ရန်စန်းနျန်နှင့် အားချီတို့ ဖြစ်ကြ၏။
ကူချူတုန်းက တံခါးဖွင့်ပေးလိုက်ရာ ရန်စန်းနျန်သည် စာရွက်တစ်ထပ်ကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။ သူမက သတင်းအချက်အလက် လာပေးခြင်းဖြစ်မည်ဟု ချက်ချင်း ခန့်မှန်းလိုက်ပြီး မေးလိုက်၏။
"သူဌေးရန်... အဆိပ်ပင့်ကူ ရှိတဲ့နေရာနဲ့ ပတ်သက်ပြီး တိကျတဲ့ သဲလွန်စ ရပြီလား"
ရန်စန်းနျန်က ပြုံးလျက် အထဲသို့ ဝင်လာပြီး ပြောလိုက်သည်။
"ဟုတ်တယ်... ဒီတစ်ခါ အဆိပ်ပင့်ကူ ရှိနေတဲ့ နေရာက တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှင်တို့ မောင်နှမနဲ့ ပတ်သက်နေတယ်"
ကူချူတုန်းက နားမလည်နိုင်စွာ မေးလိုက်၏။
"ဘာကို ဆိုလိုတာလဲ"
ရန်စန်းနျန်က ကျောက်ခုံပေါ်တွင် ထိုင်လိုက်ပြီး ရှင်းပြလေသည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက ရှင်တို့ ယုံအန်းခရိုင်က ပြန်လာတဲ့လမ်းမှာ ဓားပြတည်းခိုခန်းတစ်ခုနဲ့ ကြုံခဲ့တယ် မဟုတ်လား... ရှင်တို့က ပါရှန်းဂိုဏ်းက တပည့်တွေကိုတောင် အဲ့ဒီတည်းခိုခန်းက လူယုတ်မာတွေကို ဖမ်းဖို့ ကူညီပေးခဲ့သေးတယ်လေ"
ကူချူတုန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။
"ဟုတ်ပါတယ်"
ရန်စန်းနျန်က ဆက်ပြောသည်။
"တကယ့်ကို တိုက်ဆိုင်မှုပဲ... အဲ့ဒီသူခိုးတွေကို ပါရှန်းဂိုဏ်း တပည့်တွေက အစိုးရရုံးကို ပို့လိုက်ကြတယ်... အပြင်းအထန် နှိပ်စက်စစ်ဆေးတော့မှ သူတို့က လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ပြောလိုက်ကြတာ... သူတို့နောက်ကွယ်မှာ ရှိနေတာက အဆိပ်ပင့်ကူ တဲ့... အဆိပ်ပင့်ကူက အခုလောလောဆယ် ယုံအန်းခရိုင်မှာ ရှိနေပြီး အဲ့ဒီမှာ နေနေတာ အချိန်အတော်ကြာပြီလို့ သိရတယ်... သူက လူတွေကို ငှားပြီး မှောင်ခိုတည်းခိုခန်းတွေ ဖွင့်ခိုင်းထားတာ၊ အဲ့ဒီလူတွေကို အခမဲ့ အိပ်ဆေးတွေ ပေးထားပြီး လမ်းသွားလမ်းလာတွေကို စမ်းသပ်ခံတွေအနေနဲ့ သုံးခိုင်းတာပေါ့"
ကူမော့က မေးလိုက်၏။
"အဆိပ်ပင့်ကူရဲ့ တည်နေရာ အတိအကျကို သိပြီလား"
ရန်စန်းနျန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ဒီလူက ခန့်မှန်းရခက်တဲ့ အခြား အလိုရှိရာဇဝတ်ကောင်တွေလိုမျိုး မဟုတ်ဘူး... အဆိပ်ပင့်ကူက အဆိပ်တွေကို အချိန်အကြာကြီး သုတေသနလုပ်နေတာဆိုတော့ သူ့မှာ ပစ္စည်းကိရိယာတွေနဲ့ ဆေးဝါးတွေ အများကြီး ရှိတယ်... သူက တည်ငြိမ်တဲ့ ပတ်ဝန်းကျင် လိုအပ်ပြီး ပုံမှန်အားဖြင့် နေရာတစ်ခုမှာ အကြာကြီး နေလေ့ရှိတယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက သူ နေတဲ့နေရာ ပေါ်သွားလို့ နေရာရွှေ့လိုက်တာ အစိုးရရုံးက သူ့ကို ရှာမတွေ့တော့ဘူး... ဒါပေမဲ့ ကျွန်မကတော့ သူ့ကို ရှာတွေ့ခဲ့တယ်... သူက အခု မေပယ်နီ တောအုပ်နားက အရက်ဆိုင်တစ်ခုမှာ ပုန်းနေတယ်... အဲ့ဒီအရက်ဆိုင်က ဖြတ်သွားဖြတ်လာ ခရီးသွားကုန်သည်တွေကို သတ်တဲ့ မှောင်ခိုစခန်း တစ်ခုပဲ၊ အဲ့ဒါက အဆိပ်ပင့်ကူရဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲက တစ်ခုပဲလေ"
ကူမော့က သံသယဖြင့် မေးလိုက်၏။
"အဆိပ်ပင့်ကူက ယုံအန်းခရိုင်ကနေ တိုက်ရိုက် ထွက်မသွားဘူးလား"
ရန်စန်းနျန်က ပြန်ဖြေလိုက်သည်။
"မသွားဘူး... သူက တစ်ခုခုကို ဖော်စပ်နေတဲ့ အရေးကြီးတဲ့ အဆင့်ကို ရောက်နေလို့ ဖမ်းခံရမယ့် အန္တရာယ်ကြားကနေ မထွက်သွားတာလို့ ကျွန်မ သံသယရှိတယ်... ဒါပေမဲ့ အဲ့ဒီလို ဖြစ်နေလို့ပဲ လူတိုင်းက သူ ယုံအန်းခရိုင်ကနေ ထွက်ပြေးသွားပြီလို့ ထင်နေကြတာ... သူ သိတဲ့ လူတွေသာ အများကြီး မရှိရင် ကျွန်မတို့လည်း သူ့ကို ရှာတွေ့မှာ မဟုတ်ဘူး"
ကူမော့က အံ့အားသင့်စွာ ပြောလိုက်၏။
"သူဌေးရန်ရဲ့ ကျယ်ပြန့်လှတဲ့ အဆက်အသွယ်တွေကို ကျွန်တော် တကယ် လေးစားမိပါတယ်"
ရန်စန်းနျန်က ပြုံးကာ သတိပေးလိုက်သည်။
"ရှင် ဒီအဆိပ်ပင့်ကူ လက်ထဲမှာ ခံခဲ့ရဖူးတာ ကျွန်မ သိပါတယ်... ဒါကြောင့် ကျွန်မ တစ်ခု သတိပေးပါရစေ၊ ကလဲ့စားချေတာက ပြဿနာမရှိပေမယ့် အလောတကြီးတော့ မလုပ်ပါနဲ့... တစ်ခါတလေ အလျင်စလို ဖြစ်တာက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လို့ပါ"
ထိုသို့ပြောရင်း ရန်စန်းနျန်က သူမ၏ ရင်ခွင်ထဲမှ ကြွေပုလင်းငယ်လေး တစ်လုံးကို ထုတ်ယူကာ ပြောလိုက်၏။
"ဒီထဲမှာ နှလုံးသားကာကွယ်ဆေးလုံး နှစ်လုံး ပါတယ်... ကျွန်မ သိုင်းလောကက သူငယ်ချင်းတစ်ယောက်ဆီကနေ အထူးတလည် ရှာခိုင်းထားတာ... ဒီဆေးလုံးတွေက အရေးပေါ် အခြေအနေမျိုးမှာ နှလုံးကို ကာကွယ်ပေးနိုင်တယ်... လောကမှာ အရှားပါးဆုံးနဲ့ အပြင်းဆုံး အဆိပ်မျိုး မဟုတ်ရင် ဒီဆေးက ခဏတာ နှလုံးကို ထိန်းပေးထားနိုင်တယ်... အကယ်၍ပေါ့၊ ကျွန်မ ဆိုလိုတာက တစ်ခုခု ပြဿနာဖြစ်လာရင် ဒီဆေးကို ချက်ချင်း သောက်ပြီး အသက်ရှင်ဖို့ အချိန်ရအောင် ဒီနေရာကနေ မြန်မြန် ထွက်ပြေးခဲ့ပါ"
ရန်စန်းနျန်က ဆေးပုလင်းကို ကူမော့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ကူမော့က ပြုံးကာ ပြောလိုက်၏။
"သူဌေးရန်... ခင်ဗျား ဒီစီးပွားရေးမှာ တကယ်ကို ရှုံးနေပြီပဲ... ဒီအဆိပ်ပင့်ကူရဲ့ ဆုကြေးက ငွေစင် နှစ်ထောင်လောက်ပဲ ရှိတာလေ... ခင်ဗျားက ၃၀ ရာခိုင်နှုန်း ယူရင်တောင် ခြောက်ရာပဲ ရမှာ... သတင်းပေးခတွေ နှုတ်ပြီးရင် အဲ့ဒီအမြတ်က ဒီနှလုံးသားကာကွယ်ဆေးလုံး နှစ်လုံး ဝယ်ဖို့ လောက်ပါ့မလား"
ရန်စန်းနျန်က စိတ်ဆိုးဟန်ဖြင့် ပြောလိုက်သည်။
"ရှင်က အဲ့ဒါကို သိရက်နဲ့ ဘာလို့ ပြောနေသေးတာလဲ... ကျွန်မကတော့ ဒီအရှုံးပေါ်နေတဲ့ စီးပွားရေးအတွက် စိတ်မကောင်း ဖြစ်နေရတာကို၊ ရှင်က ပိုပြီး စိတ်ဆင်းရဲအောင် ပြောနေတာပဲ... ရှင်က ဘာလို့ ဒီလောက်တောင် စိတ်ပုပ်ရတာလဲ... အဲ့ဒါ ကျွန်မကို ပြန်ပေး"
ကူချူတုန်းက ဆေးပုလင်းကို လှမ်းယူလိုက်ပြီး ပြောလိုက်၏။
"မမရန် က တကယ့် လူကောင်းပါ"
ရန်စန်းနျန်က မျက်စောင်းထိုးကာ ပြောလိုက်သည်။
"အခုမှ မမ တဲ့လား... ကျွန်မဆီက တစ်ခုခု ရတော့မှပဲ မမ ခေါ်တော့တာပဲနော်"
ကူချူတုန်းက အူကြောင်ကြောင်လေး ရယ်မောနေ၏။ ရန်စန်းနျန်က ဆက်၍ စနောက်လိုက်သည်။
"ကျွန်မ ရှင့်အစ်ကိုကို ပြန်ပေးဆွဲသွားတဲ့အခါကျရင် ရှင် ရယ်နိုင်ဦးမလား ကြည့်ကြသေးတာပေါ့"
ကူချူတုန်းက ပြန်ပြောလိုက်၏။
"ဒါဆိုရင် မမက ကျွန်မရဲ့ မရီး ဖြစ်လာမှာပေါ့၊ ဟုတ်တယ်မလား... အဲ့ဒီအခါကျရင် ကျွန်မ ပိုတောင် ပျော်ဦးမှာပါ"
ရန်စန်းနျန်က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ကဲ... တော်ပြီ၊ တော်ပြီ... နောက်မနေနဲ့တော့... ရှင်တို့ ဒီအဆိပ်ပင့်ကူနဲ့ ရင်ဆိုင်ဖူးတော့ သူ့အကြောင်း တော်တော်များများ သိမှာပါ... ဒါပေမဲ့ ကျွန်မ ရှင့်ကို အသေးစိတ် သတင်းအချက်အလက်တွေ ထပ်ပေးလိုက်ပါဦးမယ်... အမြန်ဆုံး သွားကြပါ၊ အဆိပ်ပင့်ကူက အဲ့ဒီမှာ ဘယ်လောက်ကြာကြာ နေမလဲဆိုတာ ကျွန်မ မသိဘူးလေ"
ကူမော့က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
"ကောင်းပါပြီ"
ထိုအချိန်မှာပင် ကူမော့၏ စိတ်ထဲတွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
[ ပစ်မှတ်အသစ်ကို ရှာဖွေတွေ့ရှိပါသည် ]
[ အလိုရှိ ပစ်မှတ် - အဆိပ်ပင့်ကူ ]
[ တာဝန်အဆင့် - ကြယ်သုံးပွင့် ]
[ တာဝန် ဆုလာဘ် - အမြင့်ဆုံးအဆင့် ကြယ်တာရာ ရွှေ့ပြောင်းခြင်း ]
ရန်စန်းနျန်က ထရပ်ကာ ထွက်ခွာသွားလေသည်။ တံခါးဝသို့ ရောက်သောအခါ သူမက ရုတ်တရက် လှည့်ကြည့်ပြီး ပြောလိုက်၏။
"ကူမော့... သတိထားပါ... အင်း... ကျွန်မ ဆေးသူတော်စင် ချီမြောင်ရွှမ် နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပြီ... အကယ်၍ သူက ရှင့်မျက်လုံးကို ကုပေးဖို့ သဘောတူရင် ငွေနဲ့ ရှားပါးရတနာတွေကို ကျွန်မ အရင် ချေးပေးလို့ ရပါတယ်"
ကူမော့က ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ရန်စန်းနျန်က လက်ဝှေ့ယမ်းပြကာ ပျင်းရိစွာဖြင့် ထွက်ခွာသွားလေသည်။ သူမ၏ နက်ပြာရောင် ဝတ်စုံနှင့် ကျော့ရှင်းသော ကိုယ်ဟန်မှာ နေရောင်အောက်တွင် စုတ်ချက်တစ်ခုအလား တဖြည်းဖြည်းနှင့် အဝေးသို့ ပျောက်ကွယ်သွား၏။
ညအချိန်သို့ ရောက်ရှိလာသည်။
နောက်တစ်နေ့ နံနက်စောစောတွင် ယုံအန်းခရိုင်သို့ ထွက်ခွာရမည်ဖြစ်ပြီး ကူချူတုန်းက ရထားလုံးမောင်းရမည်ဖြစ်ရာ သူမ အနားယူရန် စောစော အိပ်စက်သွားလေသည်။ ကူမော့မှာမူ အိပ်ရာပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ သိုင်းကျင့်နေ၏။ သူသည် ယန်ကိုးပါး နတ်ဘုရားသိုင်း ကို ကျင့်ကြံနေခြင်း ဖြစ်သည်။ သူသည် ဤသိုင်းကို အပြည့်အဝ တတ်မြောက်ထားသော်လည်း သိုင်းပညာ၏ စစ်မှန်သော အနှစ်သာရမှာ ကိုယ်တိုင် နားလည်သဘောပေါက်မှုအပေါ်တွင် မူတည်လေသည်။ အားနည်းခြင်း၊ အားသန်ခြင်းမှာ ကျင့်ကြံသူအပေါ်တွင် မူတည်သဖြင့် နေ့စဉ် လေ့ကျင့်ခြင်းနှင့် သင်ယူထားသည်များကို ပြန်လည်သုံးသပ်ခြင်းမှာ မရှိမဖြစ် လိုအပ်လှ၏။
ရုတ်တရက် ကူမော့သည် ခြံဝင်းအတွင်းမှ အလွန်တိုးညင်းသော ခြေသံများကို ကြားလိုက်ရသည်။ သူက ချက်ချင်းပင် အာရုံစူးစိုက်လိုက်ရာ တစ်စုံတစ်ယောက် အမြန် ချဉ်းကပ်လာနေကြောင်း သိလိုက်ရ၏။ ကူမော့က ချက်ချင်းထကာ သူ၏ လက်များတွင် အတွင်းအားများကို လည်ပတ်စေလိုက်သည်။ သို့သော် သူ အံ့အားသင့်သွားရသည်မှာ ထိုသူသည် ပြတင်းပေါက်နားတွင် ရပ်တန့်သွားပြီး ယဉ်ကျေးစွာဖြင့် အသာအယာ ခေါက်လိုက်ခြင်းပင်။
ဤအပြုအမူကြောင့် ထိုသူမှာ လူယုတ်မာ မဟုတ်ကြောင်း သူ ချက်ချင်း သိလိုက်ပြီး မေးလိုက်၏။
"ဘယ်သူလဲ"
အပြင်ဘက်မှ အသံက ပြန်ဖြေလိုက်သည်။
"သိုင်းသူရဲကောင်းကြီး ကူ... ကျွန်တော် ကျိုးချင်းဖုန်း ပါ၊ ခင်ဗျားဆီကို အကူအညီ တောင်းဖို့ လာတာပါ"
***