ထိုအသံကို ကြားလိုက်ရသည်တွင် ဆံဖြူအမျိုးသမီးနှင့် တုန်းချန်တို့၏ အမူအရာများက လေးနက်သွားကြ၏။
ရီထျန်းမင်က စကြာဝဠာ၏ အနက်ပိုင်းသို့ လှမ်းကြည့်လိုက်သည်။ "ကျွန်တော်က သူ့ရဲ့ မျိုးဆက်မဟုတ်ပါဘူး... ဆရာကြီးက သူနဲ့ အရင်က တွေ့ဖူးလို့လား"
ထိုအသံက ရယ်မောလိုက်၏။ "တွေ့ဖူးတာပေါ့"
ထိုစကားသံဆုံးသည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ပတ်ဝန်းကျင်ရှိ ကြယ်တာရာမြစ်အတွင်းမှနေ၍ ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသော ကြယ်နတ်ဘုရားစွမ်းအား အလင်းစက်လေးများ ထွက်ပေါ်လာသည်။ ထိုအရာများက ဒီရေလှိုင်းများအလား စုစည်းသွားကြကာ သိပ်မကြာခင်၌ပင် ထိုကြယ်နတ်ဘုရားစွမ်းအား အလင်းစက်လေးများက ကြယ်များနှင့် ဖန်တီးထားပုံရသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အသက်သုံးဆယ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။
ရောက်ရှိလာသူကို မြင်လိုက်ရသည်တွင် တုန်းချန်၏ အမူအရာက ယခင်ကထက် ပို၍ လေးနက်သွား၏။ "ရှင့်က ဒဏ္ဍာရီထဲက ကြယ်နတ်ဘုရားပဲ"
ကြယ်နတ်ဘုရား။
ဘိုးဘေးနတ်ဘုရား၏ အောက်တွင် အထွတ်အမြတ်နတ်ဘုရားသုံးပါး ရှိပြီး အထွတ်အမြတ်နတ်ဘုရားသုံးပါး၏ အောက်တွင် အစစ်အမှန်နတ်ဘုရားများ ရှိကြသည်။ သို့သော် အစစ်အမှန်နတ်ဘုရားများကြားတွင်လည်း ကွာခြားချက်များ ရှိနေသေး၏။ ၎င်းတို့အထဲတွင် အကျော်ကြားဆုံးဖြစ်သော ထိပ်တန်း အစစ်အမှန်နတ်ဘုရားလေးပါး၌ အမြင့်မြတ်ဆုံး ကြယ်နတ်ဘုရားဉပဒေသကို ချုပ်ကိုင်ထားသည့် ကြယ်နတ်ဘုရားလည်း ပါဝင်ပေသည်။
ထို့အပြင် သူ၏ မျက်ခုံးနှစ်ခုကြား၌ ဓားအလင်းတန်းလေးတစ်ခုလည်း ရှိနေ၏။
ကြယ်နတ်ဘုရားက တုန်းချန်ကို တစ်ချက်ကြည့်လိုက်ကာ ပြုံးလျက် "ငါပါပဲ"
တုန်းချန်က ကြယ်နတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားရှိ ဓားအလင်းတန်းလေးကို ကြည့်ကာ လေးနက်သောအသံဖြင့် "ဆရာကြီး... ရှင်က ကျဆုံးသွားခဲ့ပြီပဲ"
ကြယ်နတ်ဘုရားက ရယ်မောလိုက်၏။ "မတတ်နိုင်ဘူးလေ။ ဖန်ဆင်းခြင်းနတ်ဘုရားနဲ့ အဲဒီနှစ်ယောက်ကလွဲရင် ဘယ်သူကမှ အဲ့အမျိုးသမီးရဲ့ ဓားချက်ကို တောင့်မခံနိုင်ခဲ့ကြဘူး"
တုန်းချန်က "အထွတ်အမြတ်နတ်ဘုရားသုံးပါးထဲက တစ်ပါးဖြစ်တဲ့ ဓားတာအိုနတ်ဘုရားလား"
ကြယ်နတ်ဘုရားက ခေါင်းညိတ်ပြလိုက်သည်။
တုန်းချန်က တိတ်ဆိတ်သွား၏။
ဓားတာအိုနတ်ဘုရား။
အထွတ်အမြတ်နတ်ဘုရားသုံးပါးထဲမှ တစ်ပါး။
ဓားတာအိုလမ်းစဉ်၌ ပြိုင်ဘက်ကင်းသူပင်။
ထို့ပြင် အစစ်အမှန် ဘိုးဘေးနတ်ဘုရားတုအဆင့် သန်မာသူတစ်ဦးလည်း ဖြစ်ပေသည်။
ယခင်က ဘိုးဘေးနတ်ဘုရား တာအိုကျင့်စဉ်ကို ဖြန့်ကျက်ခဲ့ပြီးနောက် ဘိုးဘေးနတ်ဘုရား တာအိုဖြန့်ကျက်ခဲ့သည့် ဘိုးဘေးနတ်ဘုရားကျောင်းတော်ကို သူမက ဓားတစ်လက်တည်းဖြင့် စောင့်ကြပ်ခဲ့ကာ အစစ်အမှန်နတ်ဘုရားသုံးထောင်ကို ရှေ့ဆက်မတိုးနိုင်အောင် တားဆီးနိုင်ခဲ့သူပင်။
ရုတ်တရက် ကြယ်နတ်ဘုရားက တုန်းချန်ကို အကဲခတ်ကြည့်လိုက်ကာ ရယ်မောလိုက်၏။ "ကောင်မလေး... မင်းက တော်တော်လေး ထူးခြားတာပဲ။ မင်းဆီမှာ မွေးရာပါ နတ်ဘုရားအရိုးရုပ်ခန္ဓာ ရှိနေတာကိုး"
ပြောနေရင်းဖြင့် သူက မလှမ်းမကမ်း၌ လျှောက်လှမ်းနေသော ဆံဖြူအမျိုးသမီးကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲ၌ အံ့ဩမှုနှင့် လေးနက်မှုအချို့ ရောယှက်သွား၏။ "မွေးရာပါ နတ်ဆိုးသန္ဓေသား၊ မင်းက မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကပဲ"
ဆံဖြူအမျိုးသမီးက သူ့ကို ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။
ကြယ်နတ်ဘုရား၏ အကြည့်က ရီထျန်းမင်ထံသို့ ရုတ်ခြည်းဆိုသလို ထပ်မံကျရောက်လာသည်။ ရီထျန်းမင်ကို အကဲခတ်လိုက်ပြီးနောက် သူက အံ့ဩတကြီးဖြင့် "မင်းက တကယ်တော့..."
ထိုနေရာအရောက်တွင် သူက စကားရပ်သွားသည်။
သူက ဤစကြာဝဠာမှ သက်ရှိတစ်ဦး မဟုတ်ကြောင်း တစ်ဖက်လူက ရှင်းရှင်းလင်းလင်း မြင်သွားပြီဖြစ်သည်ကို ရီထျန်းမင် သိလိုက်၏။
သူက သတိဝီရိယရှိစွာဖြင့် တိတ်တဆိတ် နေလိုက်သည်။
သို့သော် ကြယ်နတ်ဘုရားက မည်သည့်ရန်လိုမှုမှ မရှိဘဲ ရယ်မောလိုက်၏။
ကြယ်နတ်ဘုရားထံ၌ ရန်လိုမှုမရှိသည်ကို မြင်လိုက်ရသည်တွင် ရီထျန်းမင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
ကြယ်နတ်ဘုရားက ရယ်မောလျက် "ဒါက တကယ်ကို ထူးဆန်းတာပဲ။ အရင်က တစ်ယောက်မှ ရောက်မလာခဲ့ဘဲ အခုကျမှ ဒီလိုမျိုး ပါရမီရှင်သုံးယောက် တစ်ပြိုင်တည်း ရောက်လာကြတယ်။ မင်းတို့က ငါ့ကို ရွေးချယ်ရခက်အောင် တကယ်လုပ်နေတာပဲ"
ပြောနေရင်းဖြင့် ရုတ်တရက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ အလျားပေ သောင်းချီရှိသော ကြယ်နတ်ဘုရား မဟာတာအိုလမ်းစဉ်တစ်ခုက သူတို့သုံးဦးရှေ့၌ ပွင့်ဟလာ၏။
ကြယ်နတ်ဘုရားက သူတို့သုံးဦးကို ကြည့်ကာ ပြုံးလျက် "ဒါက ကြယ်နတ်ဘုရား မဟာတာအိုပဲ။ အဲဒီအထဲမှာ ငါချန်ထားရစ်ခဲ့တဲ့ ကြယ်နတ်ဘုရားဉပဒေသတွေ ပါဝင်တယ်။ အဆုံးထိကို ပထမဆုံးရောက်တဲ့သူက ငါ့ရဲ့ အမွေအနှစ်ကို ရလိမ့်မယ်။ ဘယ်လိုသဘောရလဲ"
ထို့နောက် သူက ကြယ်နတ်ဘုရားမဟာတာအိုကို တစ်ချက်ကြည့်လိုက်ကာ ဆက်ပြောလိုက်၏။ "အဲဒီအထဲမှာ ဒီလောကရဲ့ အသန့်စင်ဆုံး ကြယ်နတ်ဘုရားစွမ်းအားတွေအပြင် ငါချန်ထားရစ်ခဲ့တဲ့ ကြယ်နတ်ဘုရား ကိုယ်ခန္ဓာသန့်စင်ခြင်းနည်းစနစ်လည်း ပါဝင်တယ်။ နားလည်သဘောပေါက်နိုင်မလားဆိုတာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်"
ဆံဖြူအမျိုးသမီးက စကားတစ်ခွန်းမျှမဆိုဘဲ ယင်းအပေါ်သို့ တိုက်ရိုက် လျှောက်လှမ်းသွား၏။
တုန်းချန်က လှည့်ကြည့်လာသည်တွင် ရီထျန်းမင်က ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ဦးကလည်း ယင်းအပေါ်သို့ တက်လှမ်းသွားကြ၏။
သူတို့သုံးဦးက ကြယ်နတ်ဘုရားမဟာတာအိုပေါ်သို့ တက်လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ကြယ်နတ်ဘုရားမဟာတာအိုတစ်ခုလုံးက ချက်ချင်းဆိုသလို ပွက်ပွက်ဆူလာကာ သန်းပေါင်းထောင်နှင့်ချီသော ကြယ်များက ထိုအခိုက်အတန့်၌ အသက်ဝင်လာသည့်အလား ဖြစ်သွားကြသည်။
ရီထျန်းမင်က အဝေးသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားရာ သိပ်မကြာခင်၌ပင် သူ၏ ခြေထောက်အောက်၌ သိပ်သည်းများပြားလှသော အက္ခရာသင်္ကေတများ ထွက်ပေါ်လာ၏။
ကြယ်နတ်ဘုရား ကိုယ်ခန္ဓာသန့်စင်ခြင်းနည်းစနစ်ပင်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ယင်းတို့အားလုံးကို သူက မှတ်မိသွားကာ တစ်ချိန်တည်း၌ပင် ချက်ချင်းဆိုသလို စတင်လည်ပတ်စေလိုက်သည်။
သူက ချက်ချင်း နားလည်သဘောပေါက်သွားခြင်းပင်။
သိပ်မကြာခင်၌ပင် များပြားလှသော ကြယ်နတ်ဘုရားစွမ်းအားများက သူ့ထံသို့ စုစည်းလာကြ၏။
တစ်ချိန်တည်း၌ပင် မလှမ်းမကမ်းရှိ တုန်းချန်နှင့် ဆံဖြူအမျိုးသမီးတို့ကလည်း ကြယ်နတ်ဘုရားမဟာတာအိုမှနေ၍ ကြယ်နတ်ဘုရားစွမ်းအားများကို စတင်စုပ်ယူနေကြ၏။
ရီထျန်းမင်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။
အဆုံးအစမရှိသော ကြယ်နတ်ဘုရားစွမ်းအားများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဆက်တိုက်ဝင်ရောက်လာကာ သူ၏ ရုပ်ခန္ဓာကို ရူးသွပ်စွာ စတင်အသွင်ပြောင်းလဲပေးနေသည်။
သူ၏ ရုပ်ခန္ဓာက ထိုအခိုက်အတန့်၌ ကောင်းကင်နှင့်မြေပြင်ပင် တုန်လှုပ်သွားတော့မတတ် ပြောင်းလဲမှုများကို ကြုံတွေ့နေရ၏။
သူက အနည်းငယ် တုန်လှုပ်သွားသည်။
ဤသည်က အတင်းအဓမ္မအသွင်ပြောင်းလဲပေးနေခြင်းနှင့်ပင် တူညီနေ၏။
ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင်အထိ အစွမ်းထက်လှခြင်းပင်။
ဤစကြာဝဠာမှ နတ်ဘုရားများကို သူက အလွန်အမင်း အထင်သေးမိခဲ့ကြောင်း ထိုအခိုက်အတန့်၌ သူသဘောပေါက်သွားသည်။
သိပ်မကြာခင်၌ပင် သူတို့သုံးဦး၏ အရှိန်အဝါများက ရူးသွပ်စွာ မြင့်တက်လာကြ၏။
သူတို့၏ ရုပ်ခန္ဓာအဆင့်များကလည်း လျင်မြန်စွာ မြင့်တက်လာသည်။ လူသားစိတ်ဝိညာဉ်အဆင့်၊ မြေကမ္ဘာဆုတောင်းအဆင့်၊ ကြယ်တာရာပုန်းကွယ်အဆင့်၊ ကောင်းကင်ဟင်းလင်းပြင်အဆင့်... သူ၏ ရုပ်ခန္ဓာအတွင်းရှိ ပြောင်းလဲမှုများကို ခံစားလိုက်ရသည်တွင် ရီထျန်းမင်၏ အမူအရာကလည်း တဖြည်းဖြည်းချင်း လေးနက်လာ၏။ သေချာပေါက် ဤသည်က သူ့အတွက် ကောင်းမွန်သောအရာတစ်ခု ဖြစ်ကြောင်း သံသယဝင်စရာပင် မလိုချေ။
ဤကမ္ဘာသို့ သူလာရောက်ရခြင်း၏ အဓိကရည်ရွယ်ချက်က သူ၏ ရုပ်ခန္ဓာကို မြှင့်တင်ရန်ပင်။
ကြယ်နတ်ဘုရားမဟာတာအိုပေါ်၌ သူတို့သုံးဦး၏ အရှိန်အဝါများက ရူးသွပ်စွာ မြင့်တက်နေပေသည်။ အထူးသဖြင့် သူတို့၏ ရုပ်ခန္ဓာများပင်။ သူတို့ သုံးဦးစလုံး၏ ရုပ်ခန္ဓာများက ကောင်းကင်နှင့်မြေပြင် တုန်လှုပ်စေတော့မတတ် ပြောင်းလဲမှုများကို ကြုံတွေ့နေရ၏။
တစ်ချိန်တည်း၌ပင် သူတို့သုံးဦး၏ ခြေလှမ်းများကလည်း ပို၍ မြန်ဆန်လာကြသည်။
ရီထျန်းမင်က သူ၏ ရုပ်ခန္ဓာကို သေချာစွာ ခံစားကြည့်လိုက်သည်။ သန့်စင်သော ကြယ်နတ်ဘုရားစွမ်းအားများက သူ၏ အသားနှင့် သွေးများထဲသို့ ဖြည်းဖြည်းချင်း ပေါင်းစပ်ဝင်ရောက်သွားကာ သူ၏ အသားနှင့် သွေးများ၏ အစိတ်အပိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကြောင်း သူ တွေ့ရှိလိုက်ရ၏။
ထိုအခိုက်အတန့်၌ သူ၏ ရုပ်ခန္ဓာအဆင့်က အတိုင်းအတာမဲ့အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
ဤတိုးတက်မှုက တကယ်ကို ချဲ့ကားလွန်းလှ၏။
အချိန်အနည်းငယ်ကြာပြီးနောက် သူတို့သုံးဦးက လမ်းတစ်ဝက်သို့ ရောက်ရှိသွားကြကာ ထိုအခိုက်အတန့်၌ ကြယ်နတ်ဘုရားစွမ်းအား၏ ရေတွက်၍ မရနိုင်လောက်သော သန့်စင်ပေးမှုများ ပြီးသည့်နောက် သူတို့၏ ရုပ်ခန္ဓာများက နတ်ဘုရားတုအဆင့်သို့ ရောက်ရှိသွားကြပြီ ဖြစ်သည်။
နတ်ဘုရားတုအဆင့်ပင်။
ရီထျန်းမင်ကိုယ်တိုင်ပင် အနည်းငယ် လက်တွေ့မဆန်ဟု ခံစားနေရ၏။
ဤသည်က အထင်အမြင်မှားခြင်းတစ်ခု၊ စမ်းသပ်မှုတစ်ခုများ ဖြစ်နေမလားဟု သူက သံသယဝင်မိခဲ့သော်လည်း ပတ်ဝန်းကျင်ကို သေချာစွာ အာရုံခံကြည့်ပြီးနောက် ဤသည်က အထင်အမြင်မှားခြင်း မဟုတ်ဘဲ အရာအားလုံးက အစစ်အမှန်ဖြစ်ကြောင်း သူခံစားလိုက်ရသည်။
အစစ်အမှန်နတ်ဘုရားအဆင့်အထိ ရောက်နိုင်ပါမည်လော။
သူ့ကိုယ်သူပင် အနည်းငယ် အဓိပ္ပာယ်မရှိဟု ထင်မှတ်ရသော အတွေးတစ်ခုက သူ၏ စိတ်ထဲ၌ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာ၏။
အကယ်၍ သူသာ အစစ်အမှန်နတ်ဘုရားအဆင့်သို့ တကယ်ရောက်ရှိသွားမည်ဆိုလျှင် ထိုအရာက ပုံမှန်မဟုတ်လွန်းလှခြင်းပင်။
သို့သော် လက်ရှိတိုးတက်မှုအခြေအနေအရ မဖြစ်နိုင်စရာ အကြောင်းမရှိဟု သူ ခံစားရ၏။
ရုပ်ခန္ဓာအဆင့်သာ ဖြစ်နေသည့်တိုင် အကယ်၍ သူသာ အစစ်အမှန်နတ်ဘုရားအဆင့်သို့ တကယ်ရောက်ရှိသွားမည်ဆိုလျှင် ထိုအရာကလည်း အင်မတန် ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ပင်။
ဤသည်က ရုပ်ခန္ဓာကိုယ်တိုင် နတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားခြင်းနှင့် တူညီပေသည်။
ရီထျန်းမင်တစ်ယောက်တည်းသာ ယုံကြည်နိုင်ဖွယ်မရှိဟု ခံစားနေရခြင်း မဟုတ်ဘဲ သူ၏ ဘေးရှိ တုန်းချန်နှင့် ဆံဖြူအမျိုးသမီးတို့၏ မျက်နှာများထက်၌လည်း တုန်လှုပ်မှုများကို ရှင်းလင်းစွာ မြင်တွေ့နေရ၏။
သေချာပေါက် တုန်လှုပ်ပြီးနောက်တွင် မျှော်လင့်ချက်များ ဖြစ်တည်လာကြသည်။
အကယ်၍ သူတို့သာ ရုပ်ခန္ဓာကိုယ်တိုင် နတ်ဘုရားအဖြစ် ပြောင်းလဲခြင်းကို တကယ်အောင်မြင်နိုင်မည်ဆိုလျှင် ဤသည်က ကြီးမားလှသော ကံကောင်းမှုကြီးတစ်ခု ဖြစ်လာလိမ့်မည်ပင်။
လက်ရှိ အပြင်ဘက်၌ နတ်ဘုရားတစ်ပါးဖြစ်လာရန်၊ ရုပ်ခန္ဓာတစ်ခုတည်းသာ ဖြစ်လျှင်ပင် အင်မတန် မဖြစ်နိုင်သလောက် ရှိနေကြောင်းကို သိထားရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တရားဝင်အိမ်တော်များရှိ အမွှေးတိုင်စွမ်းအင်များ အားလုံးနီးပါးကို ထိုအစစ်အမှန်နတ်ဘုရား အနည်းငယ်ကသာ လက်ဝါးကြီး အုပ်ထားကြခြင်းပင်။
မသိစိတ်ကြောင့်ပင် သူတို့သုံးဦး၏ ခြေလှမ်းများကလည်း ပို၍ မြန်ဆန်လာကြ၏။
သူတို့ ရှေ့သို့ ဆက်သွားလေလေ၊ ကြယ်နတ်ဘုရားစွမ်းအားများက ပို၍ ကြွယ်ဝလာကာ ပို၍ သန့်စင်လာလေလေပင်။
သူ၏ ရုပ်ခန္ဓာအတွင်း၌ သန်းပေါင်းထောင်နှင့်ချီသော ကြယ်နတ်ဘုရားစွမ်းအားများ ပါဝင်နေပြီဖြစ်ကြောင်း ရီထျန်းမင်က ခံစားမိ၏။ ယင်းတို့က သူ၏ ရုပ်ခန္ဓာနှင့် တစ်သားတည်း ဖြစ်နေကြကာ သူ၏ အရိုးများနှင့် အသားများကလည်း ဤကြယ်နတ်ဘုရားစွမ်းအားများ၏ သန့်စင်ပေးမှုအောက်၌ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို ကြုံတွေ့နေရလေသည်။
သေချာပေါက် ဤသည်က သူ၏ ထူးခြားသော ရုပ်ခန္ဓာကို ပြောင်းလဲမသွားစေခဲ့ချေ။
သူ့ရုပ်ခန္ဓာ၏ အဓိကအနှစ်သာရက သေမျိုးရုပ်ခန္ဓာ ဖြစ်နေဆဲပင်။
သို့သော် ယခင်ကနှင့် နှိုင်းယှဉ်လျှင် သူ၏ လက်ရှိရုပ်ခန္ဓာက အဆပေါင်းများစွာ ပို၍ သန်မာလာကာ အလွယ်တကူ ပြန်လည်ကွဲကြေတော့မည် မဟုတ်ကြောင်း သံသယဝင်စရာပင် မလိုချေ။
သေမျိုးရုပ်ခန္ဓာ၏ ထူးခြားချက်က ယင်း၏ ကြံ့ခိုင်မှု မဟုတ်ဘဲ ထာဝရ မပျက်စီးနိုင်ခြင်းနှင့် စဉ်ဆက်မပြတ် ပြန်လည်မွေးဖွားနိုင်စွမ်း ရှိခြင်းပင်။
သူတို့သုံးဦးက ရှေ့သို့ ပို၍ လျှောက်လှမ်းသွားလေလေ၊ သူတို့၏ အရှိန်အဝါများက ပို၍ ကြောက်မက်ဖွယ် ကောင်းလာလေလေ ဖြစ်သော်လည်း နတ်ဘုရားတုအဆင့်သို့ ရောက်ရှိပြီးနောက်တွင် သူတို့၏ အရှိန်အဝါများက ကန့်သတ်ချက်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည့်အလား ထင်မှတ်ရ၏။
ထိုအခိုက်အတန့်၌ သူတို့သုံးဦးစလုံးက ရှေ့သို့ ထပ်မံတက်လှမ်းနိုင်ရန် သေချာပေါက် မျှော်လင့်နေကြပေသည်။
အကယ်၍ သူတို့သာ ရှေ့သို့ ထပ်မံတက်လှမ်းနိုင်မည်ဆိုလျှင် ဤသည်က နတ်ဘုရားတစ်ပါး ဖြစ်လာလိမ့်မည်ပင်။
ထိုသွေးဆောင်မှုက အလွန်ကြီးမားလွန်းလှ၏။
ရီထျန်းမင်အတွက်လည်း ထိုနည်းတူပင်။ အကယ်၍ သူသာ ရှေ့ကို ခြေတစ်လှမ်း ထပ်လှမ်းနိုင်ပြီး သူ၏ ရုပ်ခန္ဓာက နတ်ဘုရားအဖြစ် ပြောင်းလဲသွားနိုင်မည်ဆိုလျှင် သူ၏ ရုပ်ခန္ဓာက သန်းပေါင်းများစွာသော ယုံကြည်မှုစွမ်းအားများကို သေချာပေါက် ခံနိုင်ရည် ရှိလာလိမ့်မည်ဖြစ်ကြောင်း သူ၏ မသိစိတ်က ပြောပြနေ၏။
နောက်ထပ် ခြေတစ်လှမ်းတည်းသာပင်။
ရီထျန်းမင်၏ ခြေလှမ်းများကလည်း မြန်ဆန်လာလေသည်။
တုန်းချန်နှင့် ဆံဖြူအမျိုးသမီးတို့၏ ခြေလှမ်းများကလည်း မြန်ဆန်လာကြကာ သူတို့သုံးဦးစလုံးက ထိုအခိုက်အတန့်၌ အနည်းငယ် စိတ်မရှည် ဖြစ်နေကြ၏။
ထိုအချိန်၌ သူတို့က အဆုံးသတ်နေရာနှင့် ဆယ်ပေခန့်ပင် မဝေးတော့ချေ။
တစ်ချိန်တည်း၌ပင် သူတို့၏ အရှိန်အဝါများကလည်း ထိုအခိုက်အတန့်၌ မြင့်တက်နေဆဲပင်။ သို့သော် သူတို့၏ အရှိန်အဝါများက ကန့်သတ်ချက်တစ်ခုထံသို့ ရောက်ရှိသွားသည့်အလား ထင်မှတ်ရ၏။ မည်မျှပင် မြင့်တက်နေစေကာမူ ထိုနောက်ဆုံးခြေလှမ်းကိုမူ သူတို့က ချိုးဖျက်နိုင်ခြင်း မရှိကြချေ။
ထိုအခိုက်အတန့်၌ ကြယ်နတ်ဘုရားမဟာတာအိုတစ်ခုလုံးက ပွက်ပွက်ဆူနေကာ အဆုံးမရှိသော ကြယ်နတ်ဘုရားစွမ်းအားများဖြင့် ပြည့်နှက်နေပြီး အင်မတန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
သိပ်မကြာခင်၌ပင် သူတို့သုံးဦးက ကြယ်နတ်ဘုရားမဟာတာအို၏ အဆုံးသတ်နေရာထံသို့ တစ်ပြိုင်နက်တည်းနီးပါး ရောက်ရှိသွားကြ၏။ နောက်ဆုံးခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် သူတို့သုံးဦးက အပြင်သို့ လျှောက်ထွက်သွားနိုင်ပြီ ဖြစ်သည်။
သူတို့သုံးဦး၏ အရှိန်အဝါများက မြင့်တက်နေဆဲဖြစ်သော်လည်း လက်ရှိကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခြင်း မရှိသေးချေ။
ထိုစဉ် ရုတ်တရက် သူတို့၏ ဘေးရှိ ကြယ်နတ်ဘုရားက "အကယ်၍ မင်းတို့သာ မင်းတို့ရဲ့ ရုပ်ခန္ဓာကို နတ်ဘုရားအဖြစ် ပြောင်းလဲချင်တယ်ဆိုရင် မင်းတို့ဆီမှာ နတ်ဘုရားအမိန့်တော် ဒါမှမဟုတ် နတ်ဘုရားအနှစ်သာရတစ်ခုခု ရှိထားဖို့ လိုအပ်တယ်။ အဲဒီနှစ်ခုထဲက တစ်ခုမှ ရှိမနေရင် မင်းတို့က ဘယ်တော့မှ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မှာ မဟုတ်ဘူး"
သူတို့သုံးဦးက ကြယ်နတ်ဘုရားကို ကြည့်လိုက်ရာ ကြယ်နတ်ဘုရားက ပြုံးလျက် "နတ်ဘုရားအမိန့်တော်ဆိုတာ မွေးရာပါအဖြစ် ပါလာတဲ့ အရာတစ်ခုပဲ။ ငါတို့ခေတ်မှာတောင်မှ အဲဒါဟာ အရမ်းကို ရှားပါးတယ်။ ဒါပေမဲ့ နတ်ဘုရားအနှစ်သာရကတော့... ပေးသနားလို့ ရတယ်လေ"
ပြောနေရင်းဖြင့် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ရုတ်ခြည်းပင် သူတို့သုံးဦးရှေ့သို့ ရွှေရောင်အလင်းတန်းသုံးခုက တည့်မတ်စွာ ကျဆင်းလာ၏။ ထိုရွှေရောင်အလင်းတန်းအတွင်း၌ ထူးခြားသော အက္ခရာသင်္ကေတတစ်ခု လွင့်မျောနေပေသည်။
ကြယ်နတ်ဘုရားက လေသံဖျော့ဖျော့ဖြင့် "ဒါက နတ်ဘုရားအနှစ်သာရပဲ၊ ဒီလောကမှာ လက်ချိုးရေလို့ရတဲ့ နတ်ဘုရားအနှစ်သာရတွေထဲက တစ်ခုပေါ့။ ရှေ့ကို နောက်ထပ် ခြေတစ်လှမ်းလှမ်းလိုက်၊ ဒါဆိုရင် မင်းတို့ရဲ့ ရုပ်ခန္ဓာတွေက နတ်ဘုရားအဖြစ် ပြောင်းလဲသွားနိုင်ပြီ"
ရုပ်ခန္ဓာနတ်ဘုရားအဖြစ် ပြောင်းလဲခြင်း။
သူတို့သုံးဦးက ညာဘက်ခြေထောက်များကို တစ်ပြိုင်နက်တည်းနီးပါး မြှောက်လိုက်ကြ၏။
သို့သော် သူတို့ခြေချရန် ပြင်လိုက်ချိန်၌ပင် ရုတ်တရက် ရီထျန်းမင်က သူ၏ ဘေးရှိ တုန်းချန်ကို ဆွဲထားလိုက်၏။
တစ်ချိန်တည်း၌ပင် ဆံဖြူအမျိုးသမီး၏ ညာဘက်ခြေထောက်ကလည်း ရပ်တန့်သွားသည်။
ရီထျန်းမင်က ကြယ်နတ်ဘုရားကို ဖြည်းညင်းစွာ လှည့်ကြည့်ကာ ပြုံးလျက် "ဆရာကြီး... ရုပ်ခန္ဓာနတ်ဘုရားအဖြစ် ပြောင်းလဲတာက ဒီလောက်ထိ မရိုးရှင်းလောက်ဘူးမလား"
ကြယ်နတ်ဘုရားက ပြုံးလျက် "မင်းက ဘာကို ဆိုလိုချင်တာလဲ"
ရီထျန်းမင်က ကြယ်နတ်ဘုရားကို ကြည့်လိုက်၏။ "ကျွန်တော် ခန့်မှန်းကြည့်ပါရစေ၊ ခင်ဗျားက ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာတွေကို မြှင့်တင်ပေးခဲ့တာဟာ ခင်ဗျားရဲ့ အမွေအနှစ်ကို ဆက်ခံစေချင်လို့ မဟုတ်ဘဲ ခင်ဗျားက... ခန္ဓာကိုယ်လုယူချင်လို့ မဟုတ်လား"
ခန္ဓာကိုယ်လုယူခြင်း။
ထိုအရာကို ဤကမ္ဘာ၏ နတ်ဘုရားမှတ်တမ်းများထဲ၌ သူတွေ့ဖူးခဲ့သည်။ ဤနတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာရှိ ခန္ဓာကိုယ်လုယူခြင်းက အောက်ဘက်ကမ္ဘာနှင့် မတူညီချေ။ အောက်ဘက်ကမ္ဘာများရှိ ခန္ဓာကိုယ်လုယူခြင်းက စိတ်ဝိညာဉ်ကို ဖျက်ဆီးကာ ရုပ်ခန္ဓာကို လုယူခြင်းသာ ဖြစ်သည်။
ဤကမ္ဘာရှိ ခန္ဓာကိုယ်လုယူခြင်းကမူ ရုပ်ခန္ဓာကို လုယူခြင်းသာမက အတိတ်နှင့် အနာဂတ်၏ ကံကြမ္မာကိုပါ လုယူခြင်းပင်။
ကြယ်နတ်ဘုရားက ရယ်မောလိုက်သည်။ "မိတ်ဆွေလေး... မင်း ဘာတွေပြောနေတာလဲ"
ရီထျန်းမင်က သူ့ကို စိုက်ကြည့်လိုက်၏။ "ခင်ဗျားရဲ့ မျက်ခုံးနှစ်ခုကြားက ဓားအလင်းတန်းလေးဟာ ခင်ဗျားကို တကယ်မသတ်ခဲ့ဘဲ အကျဉ်းချထားခဲ့တာပဲ။ ခင်ဗျားက ဒီနေရာမှာ အကျဉ်းချခံထားရတာ။ အကယ်၍ ခင်ဗျားသာ လွတ်မြောက်ချင်တယ်ဆိုရင် လက်ရှိရုပ်ခန္ဓာကို စွန့်ပစ်ပြီး ခန္ဓာကိုယ်အသစ်တစ်ခုရဖို့ လိုအပ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့သုံးယောက်ရဲ့ ရုပ်ခန္ဓာတွေက ခင်ဗျားကို ခံနိုင်ရည်ရှိဖို့ အရမ်းအားနည်းနေတော့ ခင်ဗျားက ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာတွေကို မြှင့်တင်ပေးဖို့ တန်ဖိုးတစ်ခုကို ပေးဆပ်ဖို့ ဝန်မလေးခဲ့တာပဲလေ..."
ပြောနေရင်းဖြင့် သူက လျှို့ဝှက်ဆန်းကြယ်သော အက္ခရာသင်္ကေတ သုံးခုကို လှည့်ကြည့်လိုက်သည်။ "ဒါတွေက နတ်ဘုရားအနှစ်သာရတွေ လုံးဝ မဟုတ်ဘူး။ အကယ်၍ ကျွန်တော်တို့သာ ရှေ့တစ်လှမ်းတိုးပြီး အဲဒါတွေကို စုပ်ယူလိုက်မယ်ဆိုရင် ခင်ဗျားရဲ့ ဝါးမျိုတာကို ချက်ချင်း ခံရလိမ့်မယ်မဟုတ်လား"
ကြယ်နတ်ဘုရားက ရီထျန်းမင်ကို ကြည့်လိုက်၏။ သူ၏ မျက်နှာထက်၌ အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း ထိုအပြုံးက ရုတ်ခြည်းပင် ကျောချမ်းဖွယ် ကောင်းလာသည်။ "မင်းက ဘယ်လိုလုပ်ပြီး သိသွားတာလဲ။ မင်းခန့်မှန်းလိုက်တာလို့တော့ ငါ့ကို လာမပြောနဲ့"
တုန်းချန်က ရီထျန်းမင်ကို လှည့်ကြည့်လိုက်ချိန်တွင် သူမ၏ မျက်လုံးများထဲ၌လည်း သိချင်စိတ်များဖြင့် ပြည့်နှက်နေ၏။
ဆံဖြူအမျိုးသမီးက ရီထျန်းမင်ကို ကြည့်နေသော်လည်း သူမ၏ မျက်လုံးများထဲ၌ သိချင်စိတ်များ ရှိမနေချေ။
ရီထျန်းမင်က "နတ်ဘုရားတွေကြားက စစ်ပွဲကြီးဟာ အယူအဆတွေ မတူညီတာကြောင့် ဖြစ်ပွားလာတာလို့ မိန်းကလေးတုန်းချန်က ကျွန်တော့်ကို ပြောပြခဲ့ဖူးတယ်..."
ပြောနေရင်းဖြင့် သူက ကြယ်နတ်ဘုရားကို ကြည့်လိုက်၏။ "အစကနေ အခုချိန်အထိ ခင်ဗျားရဲ့ အယူအဆက ဘာလဲဆိုတာကို ခင်ဗျားက တစ်ခွန်းမှ မပြောခဲ့ဘူးလေ"
"ဟားဟား..."
ရုတ်တရက် ကြယ်နတ်ဘုရားက ကျယ်လောင်စွာ ရယ်မောလိုက်၏။ "တကယ်ကို ဉာဏ်ကောင်းတာပဲ..."
***