အယူအဆပင်။
တုန်းချန်က ရီထျန်းမင်ဆိုလိုသည်ကို နားလည်သွားပြီ ဖြစ်သည်။
ရီထျန်းမင်က ကြယ်နတ်ဘုရားကို ကြည့်လိုက်၏။ ထိုအခိုက်အတန့်၌ သူ၏ မျက်လုံးများထဲတွင် ယခင်က ရှိနေခဲ့သော နတ်ဘုရားတစ်ပါးဖြစ်လာရန်အတွက် လိုလားတောင့်တမှုများ မရှိတော့ချေ။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။ "အရင်တုန်းက နတ်ဘုရားတွေ တိုက်ခိုက်ခဲ့ကြတဲ့ အကြောင်းရင်းဟာ သူတို့ရဲ့ အယူအဆတွေ မတူညီကြလို့ပဲ။ တစ်နည်းအားဖြင့် ခင်ဗျားက အုပ်စုတစ်ခုခုမှာ သေချာပေါက် ပါဝင်နေလိမ့်မယ်..."
ပြောနေရင်းဖြင့် သူက သူ၏ ဘေးရှိ ဆံဖြူအမျိုးသမီးနှင့် တုန်းချန်ကို တစ်ချက်ကြည့်လိုက်၏။ "ပြီးတော့ သူတို့ ယုံကြည်ကိုးကွယ်တဲ့ နတ်ဘုရားတွေကလည်း သိသိသာသာကို ကွဲပြားနေတယ်၊ ရန်သူတွေတောင် ဖြစ်နိုင်တယ်။ နောက်ပြီး ကျွန်တော်လည်း ရှိသေးတယ်။ ခင်ဗျားရဲ့ စွမ်းအားနဲ့ဆိုရင် ကျွန်တော့်ရဲ့ နောက်ခံကို ခင်ဗျားက ရှင်းရှင်းလင်းလင်း မြင်ပြီးလောက်ပြီ။ ဒါတောင်မှ ခင်ဗျားက ကျွန်တော်တို့ကို ဒီမဟာတာအိုလမ်းစဉ်ပေါ် လျှောက်ခိုင်းပြီး အမွေအနှစ်စမ်းသပ်မှုကို ခံယူခိုင်းသေးတယ်ဆိုတော့... ဒါက ပုံမှန်ရော ဟုတ်လို့လား"
ကြယ်နတ်ဘုရားက ပြုံးလျက် "ဒါဆို မင်းက... အစကတည်းက သတိထားနေခဲ့တာပေါ့"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "လူတိုင်းက တခြားသူတွေကို သတိထားရမှာပဲလေ။ ဒါ့အပြင် နတ်ဘုရားတွေမှာတောင်မှ အကောင်းအဆိုးရှိတယ်လို့ မိန်းကလေးတုန်းချန်က ကျွန်တော့်ကို စောနကတင် ပြောပြထားတယ်။ ခင်ဗျားက ကောင်းတဲ့သူပါလို့ ဘယ်သူက အာမခံနိုင်မှာလဲ"
ကြယ်နတ်ဘုရားက အနည်းငယ် သိချင်စိတ်ဖြင့် "မင်းက အစကတည်းက ဒီလောက်ထိ သတိထားနေခဲ့တာတောင် ဘာလို့ တက်လာသေးတာလဲ"
ရီထျန်းမင်က ကြယ်နတ်ဘုရားကို စိုက်ကြည့်လိုက်၏။ "အကျိုးအမြတ်ရှိနေမှတော့ ဘာလို့ မယူရမှာလဲ"
ကြယ်နတ်ဘုရားက ရယ်မောလိုက်သည်။ "ရလိုက်ပေမဲ့ ခံစားဖို့အတွက် အသက်မရှင်ရတော့မှာကို မင်း မကြောက်ဘူးလား"
ရီထျန်းမင်က ကြယ်နတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားရှိ ဓားအလင်းတန်းလေးကို တစ်ချက်ကြည့်လိုက်၏။ "ကျွန်တော် ထင်တာ မမှားဘူးဆိုရင် ခင်ဗျားက အခုချိန်မှာ အရမ်းကို အားနည်းနေလောက်ပြီ"
ကြယ်နတ်ဘုရားက ပြုံးလျက် "မင်းပြောတာ မှန်ပါတယ်။ ငါက အခုချိန်မှာ အရမ်းကို အားနည်းနေပြီ။ ဒါပေမဲ့ မင်းရဲ့ စွမ်းအားနဲ့ဆိုရင် နတ်ဘုရားတစ်ပါးက အားနည်းနေရင်တောင်မှ သူတို့က နတ်ဘုရားတစ်ပါး ဖြစ်နေဆဲပဲဆိုတာကို မင်းတွေးကြည့်လို့တောင် ရမှာ မဟုတ်ဘူး၊ နတ်ဘုရားဆိုတာက ပုရွက်ဆိတ်တွေ ယှဉ်ပြိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူးလေ"
ရုတ်တရက် ရီထျန်းမင်က မေးလိုက်၏။ "ခင်ဗျား တစ်ခုခုကို သတိထားမိလားဆိုတာ ကျွန်တော် သိချင်တယ်"
ကြယ်နတ်ဘုရားက စိတ်ဝင်တစားဖြင့် "ဘာများလဲ"
ရီထျန်းမင်က ပြုံးလျက် "အဲဒါက... ကျွန်တော့်ဘေးက ဒီမိန်းကလေးနှစ်ယောက်ဟာ အခုချိန်အထိ အရမ်းကို တည်ငြိမ်အေးဆေးနေကြတယ်ဆိုတာကိုပဲ"
ကြယ်နတ်ဘုရားက သူ၏ ဘေးရှိ တုန်းချန်နှင့် ဆံဖြူအမျိုးသမီးကို တစ်ချက်ကြည့်လိုက်၏။ တကယ်တမ်း၌ အစကတည်းက ယခုအချိန်အထိတိုင်အောင် သူတို့နှစ်ဦးစလုံးက အင်မတန် တည်ငြိမ်နေခဲ့ကြခြင်းပင်။
ကြယ်နတ်ဘုရားက ပြုံးလိုက်သည်။ "နတ်ဘုရားဆိုတာ ဘာအဓိပ္ပာယ်လဲဆိုတာကို မင်းက နားမလည်သေးဘူး ထင်တယ်။ မင်းတို့က နတ်ဘုရားတွေ ပေးသနားတဲ့ အမွှေးတိုင်စွမ်းအင်တွေကို စုပ်ယူပြီး ကျင့်ကြံကြတယ်၊ ဒါပေမဲ့ နတ်ဘုရားတွေက အဲဒီလို မဟုတ်ဘူး။ နတ်ဘုရားတွေက သက်ရှိသတ္တဝါတွေရဲ့ ယုံကြည်မှု အမွှေးတိုင်စွမ်းအင်တွေကို စုပ်ယူပြီး ကျင့်ကြံကြတာ။ တစ်နည်းအားဖြင့် မင်းတို့ရဲ့ စွမ်းအားတွေက နတ်ဘုရားတွေရဲ့ ပေးသနားမှုကနေ လာတာ၊ နားလည်လား"
ထိုသို့ပြောပြီးနောက် သူက ရုတ်ခြည်းဆိုသလို လက်တစ်ချောင်းကို ဆန့်ထုတ်ကာ ညင်သာစွာ ညွှန်ပြလိုက်၏။
ဝုန်း...
ရုတ်ခြည်းပင် အဝေးရှိ ကြယ်တာရာမြစ်၏ အနက်ပိုင်း၌ ဂြိုဟ်တစ်လုံးက မမြင်ရသည့် လက်တစ်ဖက်ဖြင့် မတင်ခံလိုက်ရသည့်အလား ရုတ်တရက် တိုက်ရိုက်ဆိုသလို စတင်ရွေ့လျားလာသည်။
ဂြိုဟ်များကို ရွှေ့ပြောင်းခြင်းပင်။
မျက်စိတစ်မှိတ်အတွင်း၌ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက စကြာဝဠာ၏ အနက်ပိုင်းမှနေ၍ မိုးသက်မုန်တိုင်းတစ်ခုအလား ပြန့်နှံ့လာ၏။
စကြာဝဠာကြီးကလည်း ပွက်ပွက်ဆူလာလေသည်။
ကြယ်တာရာမြစ်ကလည်း လှိမ့်တက်လာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် တုန်းချန်နှင့် ဆံဖြူအမျိုးသမီးတို့၏ အမူအရာများက လေးနက်သွားကြသည်။ သူတို့မှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော ဖိနှိပ်မှုမျိုးကို ခံစားလိုက်ကြရ၏။
ဤလူ၏ စွမ်းအားက ယခင်ကကဲ့သို့ မဟုတ်တော့သော်လည်း သူက အစစ်အမှန်နတ်ဘုရားစစ်စစ်တစ်ပါး ဖြစ်ကာ ထိပ်တန်းအစစ်အမှန်နတ်ဘုရားတစ်ပါးလည်း ဖြစ်နေပေသည်။
ဤသည်က နတ်ဘုရားတစ်ပါး၏ အရှိန်အဝါပင်။
ကြယ်နတ်ဘုရားက သူတို့သုံးဦးကို ငုံ့ကြည့်လိုက်ချိန်၌ သူ၏ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ရှိနေဆဲဖြစ်သော်လည်း သူ၏ အကြည့်ကမူ ပုရွက်ဆိတ်သုံးကောင်ကို ကြည့်နေသည့်အလား ဖြစ်နေပေသည်။
ရီထျန်းမင်က တုန်းချန်၏ ဘေးသို့ ဆုတ်ခွာလိုက်၏။ "မင်း ယုံကြည်မှုရှိလား"
တုန်းချန်က ကြယ်နတ်ဘုရားကို စိုက်ကြည့်လိုက်ချိန်၌ သူမ၏ မျက်လုံးများထဲတွင် မည်သည့်အကြောက်တရားမျှ ရှိမနေချေ။ "ကျွန်မ စမ်းကြည့်လို့တော့ ရတယ်"
ရီထျန်းမင်က သူ၏ ဘေးရှိ ဆံဖြူအမျိုးသမီးကို လှည့်ကြည့်လိုက်၏။ "ငါတို့ ပူးပေါင်းကြရအောင်"
ဆံဖြူအမျိုးသမီးက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။
တိတ်ဆိတ်နေခြင်းက သဘောတူခြင်းပင်။
ဤအခြေအနေ၌ သူတို့အနေဖြင့် ပူးပေါင်းမှသာလျှင် အခွင့်အရေးတစ်ခု ရှိနိုင်မည်ဖြစ်ကြောင်း သူတို့က သေချာပေါက် နားလည်ထားကြ၏။
ဉာဏ်ကောင်းသောလူများက ဘာကိုရွေးချယ်ရမည်အား သိထားကြပေသည်။
ရုတ်တရက် မလှမ်းမကမ်းရှိ ကြယ်နတ်ဘုရားက ရယ်မောလိုက်၏။ "လာကြ... လာကြ၊ မင်းတို့ကို လှုပ်ရှားဖို့ အခွင့်အရေးပေးမယ်"
သူက မောက်မာနေခြင်း မဟုတ်ဘဲ အစစ်အမှန်နတ်ဘုရားတစ်ပါးအနေဖြင့် နတ်ဘုရားတစ်ပါးနှင့် ၎င်းတို့၏ အောက်ဘက်ရှိ သက်ရှိများကြားမှ ကြီးမားလှသော ကွာခြားချက်ကို သူက အင်မတန် ရှင်းလင်းစွာ သိထားသောကြောင့်ပင်။
သူ ယခင်က ပြောခဲ့သည့်အတိုင်း အောက်ဘက်ရှိ သက်ရှိများက သူတို့ကဲ့သို့သော နတ်ဘုရားများကို မှီခို၍ အသက်ရှင်နေကြရပေသည်။ ဆိုလိုသည်မှာ နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာရှိ သက်ရှိများ၏ စွမ်းအားများက နတ်ဘုရားများဖြစ်သော သူတို့ထံမှ လာခြင်းပင်။
အောက်ဘက်ရှိ သက်ရှိများက နတ်ဘုရားတစ်ပါးကို မည်သည့်အခါမျှ သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုသို့ ယခင်က တစ်ကြိမ်တစ်ခါမျှ မဖြစ်ဖူးခဲ့ချေ။
ရုတ်တရက် တုန်းချန်က ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။ သူမ၏ မျက်လုံးများက ဖြည်းညင်းစွာ မှိတ်ကျသွားသည်။ သူမ၏ မျက်ခုံးနှစ်ခုကြား၌ ရွှေရောင်အလင်းတန်းတစ်ခုလည်း ရုတ်ခြည်း စုစည်းလာ၏။ နောက်တစ်ခဏ၌ ပေသောင်းချီရှည်လျားသော ရွှေရောင်အလင်းတန်းတစ်ခုက ကြယ်တာရာမြစ်၏ အနက်ပိုင်းသို့ တည့်မတ်စွာ မြင့်တက်သွားသည်။ သိပ်မကြာခင်၌ပင် ကြယ်တာရာမြစ်အတွင်း၌ အကျယ်အဝန်း ပေတစ်ထောင်ခန့်ရှိသော ရွှေဝါရောင်ကြေးမုံတစ်ခု ထွက်ပေါ်လာ၏။
ထိုရွှေဝါရောင်ကြေးမုံမှနေ၍ မျက်စိကျိန်းမတတ် ရွှေရောင်အလင်းတန်းများ အဆုံးမရှိအောင် ပေါက်ကွဲထွက်လာကာ ကြယ်တာရာမြစ်တစ်ခုလုံးကို ခမ်းနားထည်ဝါသော ရွှေရောင်အဆင်းဖြင့် လင်းထိန်သွားစေသည်။
ကြယ်နတ်ဘုရားက အနည်းငယ် အံ့အားသင့်သွား၏။ "ကောင်းကင်သခင်ကြေးမုံ။ ကောင်းကင်သခင်နတ်ဘုရားရဲ့ နတ်ဘုရားလက်နက်က မင်းလက်ထဲကို ရောက်နေတာကိုး..."
ကောင်းကင်သခင်ကြေးမုံ။
ကောင်းကင်သခင် နတ်ဘုရားကျောင်းတော်၏ အထွတ်အမြတ် နတ်ဘုရားသတ်လက်နက်ပင်။
တစ်ချိန်တည်း၌ပင် မလှမ်းမကမ်းရှိ ဆံဖြူအမျိုးသမီးက ရုတ်တရက်ဆိုသလို အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ ရုတ်ခြည်းပင် အနက်ရောင် လှံရှည်တစ်လက်က လေဟာပြင်ကို ထိုးခွဲလျက် ကြယ်တာရာမြစ်၏ အနက်ပိုင်းသို့ ပြေးထွက်သွားသည်။ ထိုအနက်ရောင်လှံရှည် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယင်းရှိနေသော ကြယ်တာရာမြစ်၏ အစိတ်အပိုင်းက သုဿန်တစပြင်သဖွယ် တိတ်ဆိတ်နေသော နေရာတစ်ခုအဖြစ်သို့ ရုတ်ခြည်း ပြောင်းလဲသွားကာ ကြယ်ရောင်များပင် တိုက်ရိုက် ချေမှုန်းခံလိုက်ရလေသည်။
ကြယ်နတ်ဘုရား၏ မျက်လုံးများထဲ၌ အံ့ဩမှုများ ထပ်မံဖြစ်ပေါ်လာ၏။ "မော့ခယ်သေမင်းလှံ"
မော့ခယ်သေမင်းလှံ။
နတ်ဘုရားသတ်လက်နက်။
နတ်ဘုရားသတ်လက်နက် နှစ်ခုပင်။
ရီထျန်းမင်သည်လည်း အနည်းငယ် အံ့အားသင့်သွား၏။ ဤခေတ်၌ နတ်ဘုရားသတ်လက်နက်များက မရှိသလောက် ရှားပါးကြောင်း လုရန်က ပြောဖူးသည်ကို သူ ယခင်က ကြားဖူးခဲ့သော်လည်း ယခုအချိန်၌ နှစ်ခုတောင် တစ်ပြိုင်တည်း ပေါ်လာလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
နတ်ဘုရားတစ်ပါးကို သတ်ဖြတ်လိုသော သေမျိုးများအနေဖြင့် နတ်ဘုရားသတ်လက်နက်တစ်ခု ရှိထားရမည် ဖြစ်သည်။
နတ်ဘုရားတစ်ပါး ဖန်တီးထားသော နတ်ဘုရားသတ်လက်နက် တစ်ခုတည်းကသာ နတ်ဘုရားတစ်ပါး၏ နတ်ဘုရားရုပ်ခန္ဓာကို ချိုးဖျက်နိုင်စွမ်း ရှိပေသည်။
ဤသည်က ထိုကြယ်နတ်ဘုရားကို ရင်ဆိုင်ရာ၌ အမျိုးသမီးနှစ်ဦး၏ ယုံကြည်မှုဖြစ်ကြောင်း သံသယဝင်စရာပင် မလိုချေ။
ကြယ်နတ်ဘုရားက ပြုံးလိုက်၏။ "စိတ်ဝင်စားစရာပဲ။ လာပါ... ဒီနတ်ဘုရားသတ်လက်နက်နှစ်ခုရဲ့ စွမ်းအားတွေကို မင်းတို့ ဘယ်လောက်အထိ ထုတ်သုံးနိုင်လဲဆိုတာကို ငါ ကြည့်ရသေးတာပေါ့"
ထိုသို့ပြောပြီးနောက် သူက ညာလက်ဖြင့် ညင်သာစွာ ခေါက်လိုက်သည်တွင် အဝေးရှိ ကြယ်တာရာမြစ်၏ အနက်ပိုင်းရှိ သန်းနှင့်ချီသော ကြယ်များက ရုတ်တရက် တုန်ခါသွားကြ၏။ ချက်ချင်းဆိုသလိုပင် ကြယ်ရောင်များက ရီထျန်းမင်နှင့် အမျိုးသမီးနှစ်ဦးထံသို့ တည့်မတ်စွာ ဦးတည်လျက် လှိမ့်တက်လာကြသည်။
ကြယ်များကြွေကျခြင်း။
နတ်ဘုရားသိုင်းပညာပင်။
ထို့ပြင် ထိုနတ်ဘုရားသိုင်းပညာကို အစစ်အမှန်နတ်ဘုရားတစ်ပါးက အသုံးပြုထားခြင်းဖြစ်သဖြင့် ယင်း၏ စွမ်းအားက ယခင်က ကျိုးပိုင်နှင့် စုချန်တို့ ပြသခဲ့သည့် အရာများနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ချေ။
မိုးသည်းထန်စွာ ရွာသွန်းနေသည့်အလား ကျဆင်းလာသော ကြယ်ရောင်များကို တုန်းချန်က မီးတောက်များအလား တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်၏။ သူမက လက်ဝါးကို ဖြည်းညင်းစွာ မြှောက်လိုက်သည်တွင် ကြယ်တာရာမြစ်အတွင်း၌ ကောင်းကင်သခင်ကြေးမုံက ရုတ်တရက်ဆိုသလို ပြင်းထန်စွာ တုန်ခါသွား၏။ ချက်ချင်းဆိုသလိုပင် ယင်းမှနေ၍ ရာနှင့်ချီသော နတ်ဘုရားအလင်းတန်းများက အမျက်ထွက်နေသော ဒီရေလှိုင်းများအလား ထွက်ပေါ်လာကာ ဖျက်ဆီးနိုင်စွမ်းရှိသော အရှိန်အဝါများဖြင့် ကြယ်များ၏ အလင်းရောင်များထံသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်ကြသည်။
တစ်ချိန်တည်း၌ပင် တဖက်ရှိ မော့ခယ်သေမင်းလှံကလည်း သေမင်းနယ်မြေတစ်ခုကို တိုက်ရိုက်လွှမ်းခြုံထားကာ ကြယ်တာရာမြစ်၏ အနက်ပိုင်းသို့ ပြေးဝင်သွား၏။ ထိုသေမင်းနယ်မြေအတွင်း၌ အမှောင်ထုနှင့် သေမင်းအရှိန်အဝါများက ရောယှက်နေကာ ရင်တုန်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ဖန်တီးထားပေသည်။
မော့ခယ်သေမင်းလှံက အနက်ရောင်လျှပ်စီးကြောင်းတစ်ခုအလား ထိုကြောက်မက်ဖွယ်ကောင်းသော သေမင်းနယ်မြေကို သယ်ဆောင်လာကာ သိပ်သည်းများပြားလှသော ကြယ်ရောင်များကို ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။
ထိုစွမ်းအားသုံးခု ဆုံတွေ့သွားသည်နှင့်တစ်ပြိုင်နက် နားကွဲမတတ် ဆူညံသံများ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းလုံးများက ဒီရေလှိုင်းများအလား အရပ်မျက်နှာအနှံ့သို့ တစ်ခုပြီးတစ်ခု ပြန့်နှံ့သွားကြသည်။
အောက်ဘက်၌ ရီထျန်းမင်က ကြယ်တာရာမြစ်၏ အနက်ပိုင်းကို တိတ်တဆိတ် စောင့်ကြည့်နေ၏။ သိပ်မကြာခင်၌ပင် သူ၏ အကြည့်က လေးနက်လာသည်။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားသတ်လက်နက်နှစ်ခု၏ စွမ်းအားများက ဖြည်းဖြည်းချင်း ဖိနှိပ်ခံနေရကြောင်းကို သူ တွေ့ရှိလိုက်ရသောကြောင့်ပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ရုတ်တရက် ကြယ်နတ်ဘုရားက ရယ်မောလိုက်၏။ "သူတို့က နတ်ဘုရားသတ်လက်နက်တွေ ဖြစ်ပေမဲ့လည်း မင်းတို့က သေမျိုးတွေပဲလေ၊ သူတို့ရဲ့ စွမ်းအားကို အဆုံးစွန်ထိ မထုတ်သုံးနိုင်ဘူး... သေချာတာကတော့ အကယ်၍ မင်းတို့အနေနဲ့ သူတို့ရဲ့ စွမ်းအားအားလုံးကို တကယ်ထုတ်သုံးနိုင်ရင်တောင်မှ ငါ့အတွက်တော့ အသုံးမဝင်ပါဘူး"
ထိုသို့ပြောပြီးနောက် သူက ညာလက်ဖြင့် ညင်သာစွာ ဖိချလိုက်သည်။
ကြယ်တာရာမြစ်၏ အနက်ပိုင်းမှနေ၍ ကြယ်လက်ချောင်းကြီးတစ်ချောင်းက တည့်မတ်စွာ ကျဆင်းလာ၏။ ထိုလက်ချောင်းကြီးပေါ်၌ ကြယ်တာရာမြစ်တစ်ခုလုံး၏ စွမ်းအားများကို စုစည်းထားသည့်အလား ကြယ်ရောင်များက မျက်စိကျိန်းမတတ် တောက်ပနေပေသည်။ ထိုလက်ချောင်းကြီး ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် မျက်စိတစ်မှိတ်အတွင်း၌ပင် ကောင်းကင်သခင်ကြေးမုံမှ ထုတ်လွှတ်ထားသော သန်းနှင့်ချီသည့် နတ်ဘုရားအလင်းတန်းများကို အင်အားသုံး၍ ဖျက်ဆီးပစ်လိုက်သည်။ ထိုနတ်ဘုရားအလင်းတန်းများက တောက်ပနေသော မီးရှူးမီးပန်းများအလား ပွင့်အန်လာသော်လည်း ချက်ချင်းဆိုသလို ငြိမ်းသက်သွားကြ၏။
တစ်ချိန်တည်း၌ပင် မော့ခယ်သေမင်းလှံ၏ သေမင်းနယ်မြေကလည်း ထိုကြယ်လက်ချောင်းကြီး၏ ဖိချေမှုအောက်၌ ပျက်စီးလွယ်သော ရေပူဖောင်းတစ်ခုအလား ချက်ချင်းဆိုသလို အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားသည်။ အမှောင်ထုနှင့် သေမင်းအရှိန်အဝါများကလည်း ကြယ်ရောင်များ၏ လုံးဝဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
ထိုကြယ်လက်ချောင်းကြီးက ရပ်တန့်မသွားဘဲ တည့်မတ်စွာ ဆက်လက်ကျဆင်းလာကာ ရီထျန်းမင်နှင့် အမျိုးသမီးနှစ်ဦးထံသို့ တားဆီး၍ မရနိုင်သော အဟုန်ဖြင့် ပြင်းထန်စွာ ဖိချလာ၏။
တုန်းချန်၏ မျက်လုံးများထဲ၌ ရက်စက်မှုအချို့ ဖြတ်သန်းသွားသည်။ သူမက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ကာ ကောင်းကင်သခင်ကြေးမုံကို နောက်ထပ်တစ်ကြိမ် အသက်သွင်းလိုက်သည်တွင် ယင်းက နတ်ဘုရားအလင်းတန်းတစ်ခုအဖြစ် တိုက်ရိုက်ပြောင်းလဲသွားပြီးနောက် ကြယ်လက်ချောင်းကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။
တစ်ဖက်၌လည်း ဆံဖြူအမျိုးသမီးက မော့ခယ်သေမင်းလှံကို နောက်ထပ်တစ်ကြိမ် အသက်သွင်းလိုက်ကာ လက်ချောင်းကြီးထံသို့ ပြင်းထန်စွာ တိုးဝင်လိုက်စေ၏။
ဝုန်း... ဝုန်း... ဝုန်း...
နတ်ဘုရားသတ်လက်နက်နှစ်ခုက ကြယ်လက်ချောင်းကြီးနှင့် ထိပ်တိုက်တွေ့ဆုံသည်။ စွမ်းအားသုံးခု ဆုံတွေ့သွားသည်နှင့်တစ်ပြိုင်နက် သူတို့ဆုံတွေ့ရာနေရာက ချက်ချင်းဆိုသလို ပေါက်ကွဲထွက်သွား၏။ ထိုစွမ်းအားသုံးခုက တစ်ခုကိုတစ်ခု ရူးသွပ်စွာ ဆွဲဖြဲဖျက်ဆီးနေကြကာ ပြိုင်ဘက်ကင်းသောလှိုင်းလုံးများက စကြာဝဠာ၏ အနက်ပိုင်းသို့ တစ်ခုပြီးတစ်ခု တိုက်ခတ်သွားကြသည်မှာ အင်မတန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် ကြယ်နတ်ဘုရားမှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း သိပ်မကြာခင်၌ပင် ထိုအံ့ဩမှုက စိတ်လှုပ်ရှားမှုအဖြစ်သို့ ပြောင်းလဲသွား၏။ "မဆိုးဘူး... မဆိုးဘူး။ ထူးခြားတဲ့ ရုပ်ခန္ဓာပိုင်ရှင်တွေ ပီသပါပေတယ်။ မင်းတို့နှစ်ယောက်လုံးရဲ့ ခန္ဓာကိုယ်တွေက ငါ့အတွက် သင့်တော်တယ်... ဒါပေမဲ့..."
ပြောနေရင်းဖြင့် သူက တဖက်ရှိ ရီထျန်းမင်ကို ရုတ်ခြည်း လှည့်ကြည့်လိုက်သည်တွင် သူ၏ အပြုံးက အင်မတန် ကျောချမ်းဖွယ် ကောင်းလာလေသည်။
တစ်ဖက်လူ၏ အပြုံးကို မြင်လိုက်ရသည်တွင် ရီထျန်းမင်က တစ်စုံတစ်ခုကို ရုတ်ခြည်း သဘောပေါက်သွားကာ သူ၏ မျက်နှာက ချက်ချင်းဆိုသလို အကြီးအကျယ် ပြောင်းလဲသွားလျက် သူက တုန်းချန်ကို ချက်ချင်း လှည့်ကြည့်လိုက်၏။ "သတိထား..."
ပြောနေရင်းဖြင့် သူက အရာအားလုံးကို လျစ်လျူရှုကာ ဆံဖြူအမျိုးသမီးထံသို့ ညာလက်ဖြင့် ပြင်းထန်စွာ ဖိချလိုက်သည်။ ထိုသို့ ဖိချလိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်နှင့်မြေပြင်ကြားမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာ၏။
သက်ရှိသတ္တဝါအပေါင်းဉပဒေပင်။
ရီထျန်းမင် လှုပ်ရှားလိုက်သည့် တစ်ချိန်တည်း၌ပင် ဆံဖြူအမျိုးသမီးက မော့ခယ်သေမင်းလှံကို တိုက်ရိုက်ဆိုသလို ပြန်လည်ခေါ်ဆောင်လိုက်ပြီးနောက် မလှမ်းမကမ်းရှိ တုန်းချန်ထံသို့ ပြင်းထန်စွာ ထိုးချလိုက်သည်။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် တုန်းချန်၏ အမူအရာက ပြောင်းလဲသွား၏။ သူမက ရုတ်တရက် လှည့်ကာ ကောင်းကင်သခင်ကြေးမုံကို ပြန်လည်ခေါ်ဆောင်ရန် ပြင်လိုက်သော်လည်း နောက်ကျသွားခဲ့လေသည်။
ရွှပ်...
လှံရှည်က သူမ၏ ရင်ဘတ်ကို တည့်မတ်စွာ ဖောက်ထွက်သွားကာ သွေးများကလည်း ချက်ချင်းဆိုသလို ပန်းထွက်လာ၏။
သို့သော် ဆံဖြူအမျိုးသမီးက တုန်းချန်ကို လုံးဝ သတ်ဖြတ်ရန် ပြင်လိုက်ချိန်၌ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ဆံဖြူအမျိုးသမီး၏ အဆင့်ကို အင်အားသုံး၍ တိုက်ရိုက်ဆိုသလို ဖိနှိပ်လိုက်၏။
ဆံဖြူအမျိုးသမီးမှာ ချက်ချင်းဆိုသလို လန့်ဖြန့်သွားကာ ရီထျန်းမင်ကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။ ရီထျန်းမင်က နောက်ထပ်တစ်ကြိမ် လှုပ်ရှားရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် ကြယ်နတ်ဘုရားက ကြယ်အလင်းရောင်တစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားကာ ရီထျန်းမင်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွား၏။
တစ်ချိန်တည်း၌ပင် ရုတ်တရက်ဆိုသလို ရီထျန်းမင်၏ စိတ်ထဲ၌ ရယ်မောသံတစ်သံ ပဲ့တင်ထပ်သွားသည်။ "သေမျိုးရုပ်ခန္ဓာ... ပြီးတော့ သက်ရှိသတ္တဝါအပေါင်းဉပဒေ... ဟားဟား... ကောင်းကင်ဘုံက ငါ့ကို တကယ်ကူညီနေတာပဲ..."
ပြောနေရင်းဖြင့် ကြယ်နတ်ဘုရားက ရီထျန်းမင်၏ အတိတ်ကံကြမ္မာကို စုပ်ယူရန် တိုက်ရိုက် ဖြတ်သန်းသွားလိုက်၏။
သို့သော် သူက မှင်သက်သွားလေသည်။
ရီထျန်းမင်ထံ၌ အတိတ်မရှိချေ။
ဗလာကျင်းနေခြင်းပင်။
ဘာဖြစ်နေပါသနည်း။
ကြယ်နတ်ဘုရားက တဖန်ပြန်လှည့်ကာ ရီထျန်းမင်၏ အနာဂတ်သို့ သွားလိုက်သည်။
သိပ်မကြာခင်၌ပင် ကြယ်နတ်ဘုရားက ရပ်တန့်သွား၏။ သူ့အမြင်အာရုံ၏ အဆုံး၌ ဝတ်စုံပြောင်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေပေသည်။
ကြယ်နတ်ဘုရားက ဝတ်စုံပြောင်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးအား အကဲခတ်လိုက်ပြီးနောက် ရယ်မောလိုက်၏။ "မင်းက သူ့ရဲ့ အနာဂတ်ကံကြမ္မာလား။ ပြီးတော့ မိန်းမတစ်ယောက်ပေါ့... ဒါက ငါ့ကို တကယ် စိတ်လှုပ်ရှားစေတာပဲ။ ဟားဟား..."
***