"ဒူးထောက်စမ်း..."
ဤကဲ့သို့သော အတွေးတစ်ခုက ကြယ်နတ်ဘုရား၏ စိတ်ထဲ၌ မည်သည့်သတိပေးချက်မျှမရှိဘဲ ရုတ်ခြည်း ထွက်ပေါ်လာ၏။
ဒုန်း...
ကြယ်နတ်ဘုရား၏ ခြေထောက်များက ပျော့ခွေသွားကာ သူက နေရာ၌ပင် ချက်ချင်း ဒူးထောက်ကျသွား၏။
သူ မှင်သက်သွားလေသည်။
ကြယ်နတ်ဘုရား၏ မျက်နှာထက်၌ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ သူ၏ စိတ်ထဲ၌လည်း ဗလာကျင်းသွား\။
အဘယ်နည်း။
သူဘယ်ရောက်သွားပါသနည်း။
အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူ၏ ဦးနှောက်က ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ သူက တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား အဝေးရှိ ဝတ်စုံပြောင်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးကို ရုတ်ခြည်း မော့ကြည့်လိုက်သော်လည်း ဝတ်စုံပြောင်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးက လှည့်ကာ ဖြည်းညင်းစွာ ထွက်ခွာသွားပြီ ဖြစ်သည်။
သူမက သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ချေ။
မထိုက်တန်သောကြောင့်ပင်။
ကြယ်နတ်ဘုရားက သူမ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွား၏။ သူက အလွန်အမင်း အရှက်ရသွားသလို ခံစားလိုက်ရကာ ခုခံချင်စိတ်များ ဖြစ်ပေါ်လာသည်။ သူက လက်ကို တင်းကျပ်စွာ ဆုပ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှနေ၍ သန်းပေါင်းထောင်နှင့်ချီသော ကြယ်ရောင်များက ရုတ်ခြည်း ပေါက်ကွဲထွက်လာ၏။
သို့သော် ထိုကြယ်ရောင်များက ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မမြင်ရသော အတားအဆီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အလား ချက်ချင်း ပျောက်ကွယ်သွားကြကာ ပုံသဏ္ဌာန်တစ်ခုအဖြစ်သို့ပင် စုစည်းနိုင်ခြင်း မရှိတော့ချေ။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကြယ်နတ်ဘုရား၏ မျက်နှာထက်၌ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေ၏။ သူက အော်ဟစ်လိုက်ကာ ယင်းတို့ကို ထပ်မံစုစည်းရန် ကြိုးစားလိုက်သော်လည်း ကြယ်ရောင်များအားလုံးက ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ထပ်မံ၍ ပျောက်ကွယ်သွားကြပြန်သည်။
ထိုအခိုက်အတန့်၌ သူ၏ နှလုံးသားထဲတွင် အကြောက်တရားများ နောက်ထပ်တစ်ကြိမ် ဖြစ်တည်လာ၏။
ထိုဓားတာအိုနတ်ဘုရား၊ ထိုရှေးဟောင်းဓားကျင့်ကြံသူနှင့် ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း ဤမျှလောက်ကြာသည့်အချိန်အထိ သူက အကြောက်တရားဆိုသည်ကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးချေ။
ဤအရာအားလုံးက ဝတ်စုံပြောင်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးကြောင့် ဖြစ်ကြောင်းကို သူ သိထား၏။ သူနှင့် သူမကြားမှ ကွာဟချက်မှာ သူ စိတ်ကူးယဉ်နိုင်သည်ထက်ပင် အများကြီး ပို၍ ကြီးမားနေကြောင်း သူ သဘောပေါက်သွား၏။
သို့သော် ထိုအရာက မည်သို့ ဖြစ်နိုင်ပါမည်နည်း။
နတ်ဘုရားခေတ် ပြီးဆုံးသွားပြီးနောက် သေမျိုးကမ္ဘာ၌ ထိုမျှအစွမ်းထက်သော သက်ရှိတစ်ယောက်က မည်သို့ ပေါ်လာနိုင်ပါမည်နည်း။ မဖြစ်သင့်ခြင်းပင်။
တာအိုပြင်ပ နတ်ဆိုးများ ပြန်ပေါ်လာခြင်းလော။
သူက အမြင်အာရုံ၏ အဆုံးကို လှမ်းကြည့်လိုက်သော်လည်း ဝတ်စုံပြောင်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးက ပျောက်ကွယ်သွားပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ပင် သူ၏ ခန္ဓာကိုယ်ကလည်း ဖြည်းဖြည်းချင်း လွင့်စင်ပျောက်ကွယ်လာ၏။
မဖြစ်ချေ။
သူက ပြောင်းပြန်ပြန်ဖြစ်ကာ ခန္ဓာကိုယ်ပါ လုယူခံနေရခြင်းပင်။
ကြယ်နတ်ဘုရားမှာ ချက်ချင်းဆိုသလို ထိတ်လန့်သွားကာ ဒေါသတကြီးဖြင့် မျက်လုံးများ ပြူးကျယ်လျက် အော်ဟစ်လိုက်၏။ "မင်းက ဘယ်သူလဲ... မဖြစ်နိုင်ဘူး၊ ဒီလောက်အစွမ်းထက်တဲ့သူမျိုး ဒီလောကမှာ မရှိနိုင်ဘူး... မင်းက ပြင်ပနယ်မြေက ကောင်းကင်နတ်ဆိုးလား..."
နတ်ဘုရားခေတ်အစမှ ယခုအချိန်အထိတိုင်အောင် ထိုမျှလောက် အစွမ်းထက်သောသူမျိုး တစ်ကြိမ်တစ်ခါမျှ မပေါ်ပေါက်ခဲ့ဖူးချေ။
လုံးဝကိုပင်။
သို့သော် သူက မည်မျှပင် မေးမြန်းနေပါစေ၊ မည်မျှပင် အော်ဟစ်နေပါစေ၊ ဝတ်စုံပြောင်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးက နောက်ထပ်တစ်ကြိမ် ပေါ်မလာတော့ချေ။
သူက မျှော်လင့်ချက်မဲ့သွား၏။
သေချာပေါက် ပို၍ အရှက်ရစရာ ကောင်းနေသေးပေသည်။
အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးက သူ့ကို ပုရွက်ဆိတ်တစ်ကောင်အား ကြည့်သည့်အလား ကြည့်သွားခဲ့ကြောင်း သူသိထားသောကြောင့်ပင်။ မဟုတ်ချေ။ သူမ၏ မျက်လုံးများထဲ၌ သူက ပုရွက်ဆိတ်တစ်ကောင်လောက်တောင် အရေးမပါခဲ့ချေ။
သူက နတ်ဘုရားတစ်ပါးပင်။
သို့သော် သူ မည်မျှပင် မကျေမနပ်ဖြစ်နေပါစေ၊ အရှက်ရနေပါစေ၊ သူ ဘာမှမလုပ်နိုင်ချေ။
သူ၏ နည်းလမ်းများအားလုံး ကုန်ခမ်းသွားသော်လည်း ဘာတစ်ခုမှ အလုပ်မဖြစ်ခဲ့ခြင်းပင်။
သူက နည်းနည်းချင်းစီ ဝါးမျိုခံနေရသည်ကိုသာ ရပ်ကြည့်နေနိုင်တော့၏။
အပြင်ဘက်၌ ရီထျန်းမင်မှာ သူ၏ မူလအသိစိတ်ပင်လယ်ထဲသို့ များပြားလှသော အချက်အလက်များ ဝင်ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
အစပိုင်း၌ သူက အနည်းငယ် တွေဝေသွားသော်လည်း သိပ်မကြာခင်၌ပင် ထိုအချက်အလက်များအားလုံးက ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များဖြစ်ကြောင်း သူသဘောပေါက်သွား၏။
ရီထျန်းမင်မှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။
ဘာတွေ ဖြစ်နေပါသနည်း။
သူ့ခေါင်းထဲ၌ ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်တွေက အဘယ်ကြောင့် ရောက်နေပါသနည်း။
သိပ်မကြာခင်၌ပင် သူက အနည်းငယ် သဘောပေါက်သွား၏။
ကြယ်နတ်ဘုရားက သူ့အား ခန္ဓာကိုယ်လုယူရန် ကြိုးစားရာ၌ ကျရှုံးသွားခြင်း ဖြစ်လောက်၏။
သို့သော် အဘယ်ကြောင့် ကျရှုံးသွားရပါသနည်း။
ရီထျန်းမင်မှာ အင်မတန် အံ့အားသင့်နေ၏။
သူ့ထံ၌ သက်ရှိသတ္တဝါအပေါင်းဉပဒေ ရှိနေသော်လည်း ထိုသက်ရှိသတ္တဝါအပေါင်းဉပဒေက ဤအဆင့်ရှိ သန်မာသူတစ်ဦးကို ရင်ဆိုင်ရာ၌ သေချာပေါက် အသုံးဝင်နိုင်မည် မဟုတ်ချေ။
သို့သော် သူ့ထံ၌ စဉ်းစားနေရန် အချိန်မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ကြယ်နတ်ဘုရား၏ အဆုံးအစမရှိသော မှတ်ဉာဏ်များက သူ၏ အသိစိတ်ပင်လယ်ထဲသို့ ဒီရေလှိုင်းများအလား ဝင်ရောက်လာနေသောကြောင့်ပင်။
များပြားလွန်းလှ၏။
သူ၏ ခေါင်းမှာ ပေါက်ကွဲထွက်တော့မည်ဟုပင် သူ ခံစားနေရ၏။
တစ်ချိန်တည်း၌ပင် ကြယ်နတ်ဘုရားကလည်း မကျေမနပ်ဖြင့် အော်ဟစ်နေဆဲပင်။
သူက ထိုဓားအလင်းတန်းလေးဖြင့် ဒဏ်ရာအပြင်းအထန် ရစေခဲ့ခြင်းနှင့် ချိတ်ပိတ်ခြင်းကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီးနောက် နောက်ဆုံး၌ လွတ်မြောက်လာခဲ့ကာ ဤမျှကောင်းမွန်သော အလားအလာရှိသူကိုပင် တွေ့ရှိခဲ့ရပေသည်။
ယခုအခါ၌ အရာအားလုံးက အခြားသူတစ်ယောက်ကို အကျိုးပြုသွားတော့မည်ဖြစ်လေရာ သူက မည်သို့ ကျေနပ်နိုင်ပါမည်နည်း။
သူက နတ်ဘုရားများ၏ စစ်ပွဲကြီး၌ပင် အသက်ရှင်ကျန်ရစ်ခဲ့သူ ဖြစ်၏။ သူ မသေချင်သေးချေ။
သူက အရူးအမူး ခုခံလိုက်သော်လည်း အသုံးမဝင်ပေ။
သေခြင်းတရားက ပို၍ နီးကပ်လာ၏။ နောက်ဆုံးတွင် အသက်ရှင်လိုစိတ်က နတ်ဘုရားတစ်ပါးအနေဖြင့် သူ၏ မာနကို နှိမ့်ချထားရန် ဖိအားပေးလာကာ ရီထျန်းမင်ထံမှနေ၍ သနားညှာတာမှုအား တက်ကြွစွာ စတင်တောင်းဆိုလာတော့သည်။ "အကယ်၍ မင်းသာ ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါက..."
ရီထျန်းမင်က တိုက်ရိုက်ဆိုသလို ငြင်းပယ်လိုက်၏။ "အိပ်မက်မက်နေလိုက်"
ကြယ်နတ်ဘုရား "......."
ရီထျန်းမင်က အော်ဟစ်နေသော ကြယ်နတ်ဘုရားကို လျစ်လျူရှုထားလိုက်သည်။ သူက အလျင်အမြန်ပင် ထိုင်ချလိုက်ကာ ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များကို လျင်မြန်စွာ စတင်စုပ်ယူလိုက်၏။
အပြင်ဘက်၌...
ထိုအချိန်တွင် ဆံဖြူအမျိုးသမီးနှင့် တုန်းချန်တို့ကလည်း အကဲစမ်းနေဆဲပင်။ တုန်းချန်က ကောင်းကင်သခင်ကြေးမုံကို ကိုင်ဆောင်ထားကာ ရွှေရောင်အလင်းတန်းတစ်ခုက သူမကို လွှမ်းခြုံထားသော်လည်း သူမ၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာက ပို၍ ကြီးမားလာကာ သူမ၏ ခန္ဓာကိုယ်ကလည်း ပို၍ အားနည်းလာနေ၏။
နတ်ဘုရားသတ်လက်နက်ပင်။
ထိုသို့သော နတ်ဘုရားလက်နက်မျိုးက နတ်ဘုရားများကိုပင် သတ်ဖြတ်နိုင်စွမ်းရှိလေရာ သေမျိုးဖြစ်သော တုန်းချန်အတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ဆံဖြူအမျိုးသမီးကမူ ထိုအခိုက်အတန့်၌ သက်ရှိသတ္တဝါအပေါင်းဉပဒေကြောင့် သူမ၏ ကျင့်ကြံခြင်းအဆင့်က ဖိနှိပ်ခံထားရကာ တုန်းချန်ကို နောက်ထပ်တစ်ကြိမ် တိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။ ထို့ကြောင့် ထိုအမျိုးသမီးနှစ်ဦးက အကဲစမ်းနေကြခြင်းပင်။
သို့သော် ကြယ်နတ်ဘုရားက ရီထျန်းမင်၏ ခန္ဓာကိုယ်အား လုယူရန် ရီထျန်းမင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီဖြစ်သဖြင့် ဆံဖြူအမျိုးသမီးက ပို၍ ယုံကြည်မှုရှိနေကြောင်း သိသာနေ၏။
တကယ်တမ်း၌ ကြယ်နတ်ဘုရားမှာ အစကတည်းက သူတစ်ယောက်တည်ဖြင့် ထိုသုံးယောက်ကို ရင်ဆိုင်ရန် မရည်ရွယ်ခဲ့ချေ။ သေချာပေါက် ကြယ်နတ်ဘုရား တန်ဖိုးထားသည်က သူမ မဟုတ်ဘဲ သူမ၏ နောက်ကွယ်ရှိ အင်အားစုများပင်။
မော့ခယ်သေမင်းနယ်မြေ ဖြစ်သည်။
မော့ခယ်သေမင်းနယ်မြေက အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုထဲမှ တစ်ခု မဟုတ်ချေ။ သူတို့ထံ၌ အစစ်အမှန်နတ်ဘုရားများ ရှိကြသော်လည်း သူတို့၏ အစစ်အမှန်နတ်ဘုရားက ပြင်းထန်စွာ ဒဏ်ရာရရှိထားကာ ချိတ်ပိတ်ခံထားရသည့် အခြေအနေတွင် ရှိနေပြီး အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခု၏ အစစ်အမှန်နတ်ဘုရားများက ပူးပေါင်း၍ သူ့ကို ဒဏ်ရာပြင်းထန်စွာ ရအောင် လုပ်ခဲ့ကြခြင်းပင်။ ထို့ကြောင့် သူတို့က ဤနှစ်များတစ်လျှောက် ပုန်းအောင်းနေခဲ့ကြရသည်။
ကြယ်နတ်ဘုရား ပေါ်လာပြီးနောက် သူက ပိုင်နက်တစ်ခုကို သေချာပေါက် အလိုရှိမည်ပင်။ မည်သို့ပင်ဆိုစေကာမူ ပိုင်နက်တစ်ခုက အမွှေးတိုင်တရားဝင်အိမ်တော်တစ်ခုကို ကိုယ်စားပြုနေကာ အမွှေးတိုင်တရားဝင်အိမ်တော်အသစ်တစ်ခုကို ပိုင်ဆိုင်ထားမှသာ သူက အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။ ဤသည်က ဆံဖြူအမျိုးသမီးကို သူရွေးချယ်ရသည့် အကြောင်းရင်းလည်း ဖြစ်၏။
ဆံဖြူအမျိုးသမီး၏ တည်ငြိမ်မှုနှင့် နှိုင်းယှဉ်လျှင် တုန်းချန်၏ မျက်နှာကမူ မည်းသည်းနေသည်။
ပထမအချက်အနေဖြင့် သူမက ယခုအချိန်၌ ခဲယဉ်းစွာ တောင့်ခံထားနိုင်ရုံသာဖြစ်ကာ အချိန်အကြာကြီး ဆက်လက်၍ တောင့်ခံထားနိုင်မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားသတ်လက်နက်၏ စွမ်းအားက အင်မတန် ကြောက်မက်ဖွယ် ကောင်းလွန်းလှသောကြောင့်ပင်။
ဒုတိယအချက်အနေဖြင့် ရီထျန်းမင်၏ ခန္ဓာကိုယ်သာ အောင်မြင်စွာ လုယူခံလိုက်ရပါက ထိုအချိန်၌ အစစ်အမှန်နတ်ဘုရားအနည်းငယ်မှလွဲ၍ ဤနတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာထဲ၌ မည်သူက ဤကြယ်နတ်ဘုရားကို ယှဉ်ပြိုင်နိုင်ပါတော့မည်နည်း။
လက်ရှိအခြေအနေက သူမအတွက် အင်မတန် အဆင်မပြေ ဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။
သို့သော် သူမထံ၌ ရွေးချယ်စရာ မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူမက အပြင်ကမ္ဘာနှင့် လုံးဝ အဆက်အသွယ် မလုပ်နိုင်သောကြောင့်ပင်။
ဤဧရိယာကို ကြယ်နတ်ဘုရားက လုံးဝအထီးကျန်ဖြစ်အောင် ပြုလုပ်ထား၏။
တုန်းချန်၏ အကြည့်က ရီထျန်းမင်ထံသို့ ကျရောက်သွားသည်။ သူမ၏ အမူအရာက ရှုပ်ထွေးနေ၏။ ရီထျန်းမင်က အနည်းငယ် လျှို့ဝှက်ဆန်းကြယ်ကာ ထူးခြားသော နောက်ခံတစ်ခု ရှိနေကြောင်း သူမ သိထားသော်လည်း သူက မည်မျှပင် လျှို့ဝှက်ဆန်းကြယ်နေစေကာမူ၊ မည်မျှပင် ထူးခြားနေစေကာမူ အစစ်အမှန်နတ်ဘုရားတစ်ပါးကို သေချာပေါက် ယှဉ်ပြိုင်နိုင်မည်မဟုတ်ကြောင်းကိုလည်း သူမက အင်မတန် ရှင်းလင်းစွာ သိထားပေသည်။
အစစ်အမှန်နတ်ဘုရား။
ခေတ္တမျှ ရင်ဆိုင်ခဲ့ပြီးနောက် သူမ၏ လက်ရှိ နတ်ဘုရားတုအဆင့်က နတ်ဘုရားသတ်လက်နက် ရှိနေသည့်တိုင် အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်က ကြီးမားလွန်းလှကြောင်း သူမ သိလိုက်ရ၏။
ထိုစဉ် ရီထျန်းမင်၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါက ရုတ်တရက် စတင်ပြောင်းလဲလာသည်။ တစ်ချိန်တည်း၌ပင် သူ၏ မျက်နှာကလည်း ပို၍ ဖြူဖျော့လာကာ သူ၏ မျက်နှာသွင်ပြင်များကလည်း နာကျင်မှုတစ်ခုခုကို ခံစားနေရသည့်အလား ရှုံ့မဲ့လာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် တုန်းချန်၏ နှလုံးသားက ချက်ချင်းဆိုသလို အောက်ခြေအထိ ကျဆင်းသွားသည်။
ထိုအချိန်၌ ရီထျန်းမင် နာကျင်နေရခြင်းမှာ သူက များပြားလှသော မှတ်ဉာဏ်များကို စုပ်ယူလိုက်ရသောကြောင့်ပင်။ ထိုမှတ်ဉာဏ်များထဲရှိ အချက်အလက်များက များပြားလွန်းလှသဖြင့် သူ၏ မူလအသိစိတ်ပင်လယ်က မခံနိုင်ဖြစ်လာသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တဖက်လူက ရှေးဟောင်းအစစ်အမှန်နတ်ဘုရားတစ်ပါး မဟုတ်ပါလော။
ထို့ပြင် သူ၏ ခန္ဓာကိုယ်ကလည်း ကြယ်နတ်ဘုရား၏ ရုပ်ခန္ဓာနှင့် နတ်ဘုရားစိတ်ဝိညာဉ်ကို စုပ်ယူနေဆဲပင်။
သူ၏ မူလအသိစိတ်ပင်လယ်က အနည်းငယ် မခံနိုင်ဖြစ်နေရုံသာမက သူ၏ ရုပ်ခန္ဓာနှင့် နတ်ဘုရားစိတ်ဝိညာဉ်ကလည်း မခံနိုင်ဖြစ်နေကြ၏။ သူ၏ ရုပ်ခန္ဓာက ကြယ်နတ်ဘုရားမဟာတာအိုပေါ်၌ မြှင့်တင်ခဲ့ခြင်းကြောင့်သာ တော်သေးသည်ဟု ဆိုရမည်ပင်။ ထိုသို့မဟုတ်ပါက သူလည်း ပေါက်ကွဲပြီး သေဆုံးသွားလောက်ပြီ ဖြစ်သည်။
တစ်ချိန်တည်း၌ပင် ကြယ်နတ်ဘုရား၏ အသံကလည်း ပို၍ အားနည်းလာ၏။
ထိုအားနည်းနေသော အသံထဲ၌ ပြင်းထန်သော မကျေနပ်မှုများ ပါဝင်နေသော်လည်း သူ မည်မျှပင် ရုန်းကန်နေစေကာမူ ရီထျန်းမင်က သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။
ရီထျန်းမင်အတွက်မူ ဤကြီးမားလှသော ကံကောင်းမှုကို ဆုပ်ကိုင်ထားရမည်ဖြစ်ကာ လုံးဝ အဆုံးရှုံးခံ၍ မရနိုင်ချေ။
အချိန်အနည်းငယ်ကြာပြီးနောက် ရုတ်တရက် ရီထျန်းမင်က "ဟန်... သူ့ရဲ့ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းကို ချိတ်ပိတ်ဖို့ ငါ့ကို ကူညီပါဦး"
ရွှမ်...
သူ၏ ခန္ဓာကိုယ်ထဲ၌ ရုတ်တရက် ဓားမြည်သံတစ်သံ ပဲ့တင်ထပ်သွားသည်။
ဟန်က သူ၏ မူလအသိစိတ်ပင်လယ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာကာ သူနှင့်အတူ ကျန်ရှိနေသော မှတ်ဉာဏ်အချို့ကို ချိတ်ပိတ်လိုက်၏။
အခြားနည်းလမ်း မရှိချေ၊ ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များက များပြားလွန်းလှခြင်းကြောင့်ပင်။
သူက ယခုအချိန်၌ ဤမျှ များပြားလှသည်များကို မစုပ်ယူနိုင်သဖြင့် ယာယီချိတ်ပိတ်ထားရန်သာ တတ်နိုင်တော့၏။
သိပ်မကြာခင်၌ပင် သူနှင့် ဟန်တို့ ပူးပေါင်းလုပ်ဆောင်ကာ နောက်ဆုံး၌ နတ်ဘုရားစိတ်ဝိညာဉ်၏ ကျန်ရှိနေသော မှတ်ဉာဏ်များကို သူ၏ မူလအသိစိတ်ပင်လယ် အနက်ပိုင်း၌ စုပ်ယူခြင်းမရှိဘဲ သိမ်းဆည်းထားလိုက်၏။
"အား..."
ထိုစဉ် သူ၏ မူလအသိစိတ်ပင်လယ် အနက်ပိုင်း၌ မကျေနပ်မှုများ ရောယှက်နေသော သနားစရာ အော်ဟစ်သံတစ်သံက ရုတ်တရက် ပဲ့တင်ထပ်သွားသော်လည်း သိပ်မကြာခင်၌ပင် ထိုအသံက လုံးဝ ပျောက်ကွယ်သွား၏။
ဤလောက၌ ကြယ်နတ်ဘုရားဆိုသည်မှာ မရှိတော့ချေ။
ရီထျန်းမင်သည်လည်း တိုက်ရိုက်ဆိုသလို လဲကျသွားလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည်တွင် မလှမ်းမကမ်းရှိ အမျိုးသမီးနှစ်ဦးစလုံးက မျက်မှောင်ကြုတ်သွားကြ၏။
သိပ်မကြာခင်၌ပင် ရီထျန်းမင်က ရုတ်ခြည်းဆိုသလို ဖြည်းညင်းစွာ ထထိုင်လာသည်။ ထို့နောက် သူက ခေါင်းကို အားပြင်းပြင်းဖြင့် ခါယမ်းလိုက်၏။ ထိုအခိုက်အတန့်၌ သူ၏ ခေါင်းထဲတွင် ခဲများ ထည့်ထားသည့်အလား တကယ်ကို လေးလံနေကြောင်း ခံစားနေရပေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ရုတ်တရက်ရီထျန်းမင်၏ နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်တည်လာ၏။
ထိုအပြုံးက တကယ်ကို အနည်းငယ် ကျောချမ်းဖွယ် ကောင်းနေသည်။
သူ၏ ဘေးရှိ အမျိုးသမီးနှစ်ဦးမှာ လုံးဝကို စိတ်ရှုပ်ထွေးသွားကြ၏။
ရီထျန်းမင်၏ နှုတ်ခမ်းထက်ရှိ အပြုံးက ပို၍ ကျယ်ပြန့်လာသည်။ အဘယ်ကြောင့်ဆိုသော် သူက မှတ်ဉာဏ်များစွာကို ရရှိခဲ့သောကြောင့်ပင်။ ထိုမှတ်ဉာဏ်များထဲ၌ ကြယ်နတ်ဘုရား၏ ကျင့်ကြံခြင်းနည်းစနစ်သာမက ကြယ်နတ်ဘုရားကိုယ်တိုင် ဖန်တီးခဲ့သော နတ်ဘုရားသိုင်းပညာနှင့် ကြယ်နတ်ဘုရား မဟာတာအိုလည်း ပါဝင်နေပေသည်။
စကြာဝဠာကို စစ်တုရင်ခုံအဖြစ် အသုံးပြုကာ ကြယ်များကို နယ်ရုပ်များအဖြစ် အသုံးပြုပြီး ကြယ်များကို လက်တစ်ဖက်တည်းဖြင့် ရွှေ့ပြောင်း၍ အရာအားလုံးကို ဖိနှိပ်ခြင်း။ ယင်းကို နတ်ဘုရားများခေတ်၏ အစွမ်းအထက်ဆုံး နတ်ဘုရားသိုင်းပညာ သုံးခုထဲမှ တစ်ခုအဖြစ် သိထားကြ၏။
ရီထျန်းမင် တကယ်ကို အနည်းငယ် အံ့ဩသွား၏။ အဘယ်ကြောင့်ဆိုသော် ကြယ်နတ်ဘုရား၏ စွမ်းအားက သူ၏ အထွတ်အထိပ်ကာလမှ တစ်ရာခိုင်နှုန်းခန့်ပင် ရှိမည်မဟုတ်ကြောင်း သူတွေ့ရှိလိုက်ရသောကြောင့်ပင်။
အဘယ်ကြောင့်ဆိုသော် စောနက ကြယ်နတ်ဘုရားသည် ဂြိုဟ်တစ်လုံးတည်းကိုသာ ရွှေ့ပြောင်းခဲ့သောကြောင့် ဖြစ်၏။ အကယ်၍ ကြယ်နတ်ဘုရားသာ သူ၏ အထွတ်အထိပ်အခြေအနေ၌ ရှိနေမည်ဆိုလျှင် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် အဆုံးအစမရှိသော ကြယ်များက အစီအရင်တစ်ခု ဖန်တီးရန် ရွေ့လျားသွားကြလိမ့်မည်ပင်။
ဤသည်က ထိုကမ္ဘာရှိ အစစ်အမှန်နတ်ဘုရားများ၏ စွမ်းအားများမှာ အင်မတန် ကြောက်မက်ဖွယ် ကောင်းလှကြောင်းကိုလည်း သူ့အား သဘောပေါက်သွားစေခဲ့သည်။
သေချာပေါက် ထိုအစစ်အမှန်နတ်ဘုရားများနှင့် ဒုတိယဆရာတူအစ်မ၊ ထိုသိုင်းနတ်ဘုရားတို့ထဲ၌ မည်သူက ပို၍ အားကောင်းသနည်းဆိုသည်ကိုမူ သူ မသေချာချေ။
မည်သို့ပင်ဆိုစေကာမူ ဒုတိယဆရာတူအစ်မနှင့် ထိုသိုင်းနတ်ဘုရားတို့သာ ဤစကြာဝဠာထဲသို့ ရောက်ရှိလာပါလျှင် သေချာပေါက် အင်မတန် ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်ပင်။
သို့သော် ဤစကြာဝဠာ၏ ထူးခြားသော တာအိုဉပဒေသ ပျောက်ကွယ်သွားရမည်ဆိုသည့် အကြိုအခြေအနေတစ်ခုတော့ ရှိပေသည်။
ရီထျန်းမင်က သူ၏ အတွေးများကို ရုပ်သိမ်းလိုက်ကာ ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များကို ဆက်လက်လေ့လာလိုက်၏။
ကြယ်နတ်ဘုရားမဟာတာအိုအပြင် ကြယ်နတ်ဘုရားက ကြယ်ကာကွယ်ခြင်းနည်းစနစ်ကိုလည်း ဖန်တီးခဲ့ကာ ယင်းက တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံရန် ကြယ်များကို အသက်သွင်းပေးနိုင်ပြီး ထိုသူအတွက် မသေဆုံးနိုင်သော ကြယ်ရုပ်ခန္ဓာကို ဖန်တီးပေးနိုင်ပေသည်။
ယင်းကလည်း နတ်ဘုရားသိုင်းပညာတစ်ခုပင်။
လက်ရှိ သူ့အတွက် ဤအရာက ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်နေ၏။ ဤသည်က တကယ်ကို ကြီးမားလှသော အကျိုးအမြတ်တစ်ခုပင်။
သူ၏ ကိုယ်ပိုင်ပါရမီနှင့် ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များလည်း ရှိထားသဖြင့် ယင်းကို ကျင့်ကြံရန်မှာ လွယ်ကူလွန်းလှပေသည်။ သေချာသည်မှာမူ ငွေနှင့် အမွှေးတိုင်စွမ်းအင်များ ရှိရန်တော့ လိုအပ်ခြင်းပင်။
ဤနတ်ဘုရားသိုင်းပညာကို အဆုံးစွန်ထိ ကျင့်ကြံရန်အတွက် အမွှေးတိုင်စွမ်းအင် အမြောက်အမြား လိုအပ်ပေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် ရီထျန်းမင်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။
အမျိုးသမီးနှစ်ဦး၏ အကြည့်က သူ့ထံသို့ ချက်ချင်း ကျရောက်လာသည်။
ရီထျန်းမင်က မတ်တတ်ရပ်လိုက်၏။ သူက ဆံဖြူအမျိုးသမီးကို တည်ငြိမ်သောအကြည့်ဖြင့် ကြည့်လိုက်ကာ "စိတ်မပူပါနဲ့၊ မင်းကိုပေးထားတဲ့ ကတိကို ငါ ဖျက်မှာမဟုတ်ပါဘူး"
ထိုစကားကို ကြားလိုက်ရသည်တွင် တုန်းချန်၏ မျက်နှာက လုံးဝ မည်းသည်းသွား၏။
ကြယ်နတ်ဘုရားက အောင်မြင်သွားခြင်းပင်။။
မလှမ်းမကမ်းရှိ ဆံဖြူအမျိုးသမီးကမူ ရီထျန်းမင်၏ စကားများကို ကြားလိုက်ရသည်တွင် ခေါင်းကို အနည်းငယ်မျှ ညိတ်ပြလိုက်၏။
***