ရုတ်တရက် ဆံဖြူအမျိုးသမီးက တုန်းချန်ကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလျက် သူမ၏ လက်ထဲရှိ မော့ခယ်သေမင်းလှံက အနည်းငယ် တုန်ခါနေ၏။
သူမက လှုပ်ရှားရန် ပြင်လိုက်သည်။
သို့သော် ရီထျန်းမင်က သူ၏ ဘယ်လက်ကို ဆန့်ထုတ်ကာ ဆံဖြူအမျိုးသမီးကို တားဆီးလိုက်သည်။
ဆံဖြူအမျိုးသမီးက ရီထျန်းမင်ကို ကြည့်လိုက်ချိန်၌ သူမ၏ မျက်လုံးများထဲတွင် နားမလည်နိုင်မှုအချို့ ရှိနေသည်။ ရီထျန်းမင်က တုန်းချန်ကို တစ်ချက်ကြည့်လိုက်၏။ "သူ့ကို ငါ အသုံးလိုသေးတယ်"
ဆံဖြူအမျိုးသမီးက "ဘာအတွက် အသုံးလိုတာလဲ"
ရီထျန်းမင်က ဆံဖြူအမျိုးသမီးကို လှည့်ကြည့်လိုက်၏။ "ဒါက မင်းမေးရမယ့် ကိစ္စလား"
ဆံဖြူအမျိုးသမီး၏ မျက်မှောင်ကြုတ်သွားသော်လည်း သူမက ဘာမှ ထပ်မပြောတော့ချေ။
ရီထျန်းမင်က သူမကို လျစ်လျူရှုထားလိုက်ကာ လှည့်ထွက်သွားလေသည်။
ဆံဖြူအမျိုးသမီးက တုန်းချန်ကို တစ်ချက်ကြည့်လိုက်၏။ သူမက အနည်းငယ် မကျေမနပ် ဖြစ်နေသော်လည်း ထပ်မံ၍ မလှုပ်ရှားတော့ချေ။
သူမက လှည့်ထွက်ကာ သူ၏ နောက်မှ လိုက်ပါသွားသည်။
တုန်းချန်က အဝေးသို့ ထွက်ခွာသွားသော ရီထျန်းမင်ကို စိုက်ကြည့်နေလျက် သူမ၏ မျက်မှောင်များက တင်းကျပ်စွာ ကြုတ်နေ၏။
သူမ၏ ရှေ့ရှိ ဤကြယ်နတ်ဘုရားက သူမကို အဘယ်ကြောင့် မသတ်ခဲ့သနည်းဆိုသည်အား သူမက လုံးဝ နားမလည်နိုင်ဖြစ်နေသည်။ သို့မဟုတ် သူက ကြယ်နတ်ဘုရား မဟုတ်လို့များလော။
ထိုအတွေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် တုန်းချန်ကိုယ်တိုင်ပင် လန့်ဖြန့်သွား၏။
ထိုအရာက မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ရီထျန်းမင်က ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်နေလျှင်ပင်မှ ထိပ်တန်းအဆင့် အစစ်အမှန်နတ်ဘုရားတစ်ပါးကို သေချာပေါက် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။
တုန်းချန်မှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားကာ လုံးဝ နားမလည်နိုင်တော့ပေ။
သို့သော် သူမက ဆက်မတွေးတော့ချေ။ သူမက ထိုနေရာမှ ချက်ချင်း ထွက်ခွာသွား၏။ ယခုအချိန်၌ သူမအတွက် အရေးအကြီးဆုံးကိစ္စမှာ အလျင်အမြန် ပြန်သွား၍ ဒဏ်ရာများကို ကုသရန်ပင်။
တစ်ချိန်တည်း၌ပင် အစစ်အမှန်နတ်ဘုရားအသစ်တစ်ပါး ပေါ်လာသည့်အတွက် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုက ချက်ချင်းဆိုသလို သေချာပေါက် သိရှိသွားကြလိမ့်မည် ဖြစ်သည်။
နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာကြီးက အင်မတန် ကမောက်ကမ ဖြစ်လာတော့မည်ပင်။
...
ရီထျန်းမင်က ဆံဖြူအမျိုးသမီး၏ နောက်မှလိုက်ကာ ဟင်းလင်းပြင်နယ်မြေကို ဖြတ်သန်းသွား၏။
ယခုအခါ၌ သူ၏ ရုပ်ခန္ဓာက နတ်ဘုရားတုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ ယခင်က ဝါးမျိုမှုများနှင့် ပေါင်းစပ်လိုက်လျှင် သူ၏ ကိုယ်ပိုင်ကျင့်ကြံခြင်းအဆင့်ကလည်း အတိုင်းအတာမဲ့အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤသည်က တကယ်ကို ကြီးမားလှသော အကျိုးအမြတ်တစ်ခုပင်။
ယခုအချိန်၌ သူလိုအပ်သည်မှာ ငွေပင်။ အဘယ်ကြောင့်ဆိုသော် ကြယ်နတ်ဘုရား၏ ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံရန်အတွက် အမွှေးတိုင်စွမ်းအင် အမြောက်အမြား လိုအပ်သောကြောင့် ဖြစ်၏။
ဤသည်က သူ့အနေဖြင့် ကြယ်နတ်ဘုရားအဖြစ် ဟန်ဆောင်ကာ ဤဆံဖြူအမျိုးသမီးနောက်သို့ လိုက်ပါလာရသည့် အကြောင်းရင်းလည်း ဖြစ်သည်။
အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခု၌ အသက်ရှင်နေဆဲဖြစ်သော အစစ်အမှန်နတ်ဘုရားများ ရှိနေသေးသဖြင့် ထိုနေရာ၌ သွားရောက်ဟန်ဆောင်ခြင်းက အန္တရာယ်များလှ၏။ သို့သော် သူ၏ မှတ်ဉာဏ်များအရ မော့ခယ်နတ်ဘုရားအကျဉ်းထောင်၏ လက်ရှိ အထွတ်အမြတ်နတ်ဘုရားက ပြင်းထန်စွာ ဒဏ်ရာရရှိထားကာ ချိတ်ပိတ်ခံထားရသည့် အခြေအနေတွင် ရှိနေပေသည်။
ထို့ကြောင့် မော့ခယ်နတ်ဘုရားအကျဉ်းထောင်က သူ့အတွက် အကောင်းဆုံး ရွေးချယ်မှုပင်။
တကယ်တမ်း၌ ဤကြယ်နတ်ဘုရားထံတွင် သိုလှောင်လက်စွပ် သို့မဟုတ် တစ်စုံတစ်ခု ရှိနေလိမ့်မည်ဟု မူလက သူမျှော်လင့်ထားခဲ့သော်လည်း ဘာမှရှိမနေခဲ့ချေ။ ယခင်စစ်ပွဲကြီး၌ ဤကြယ်နတ်ဘုရား၏ ကိုယ်ပိုင်သိုလှောင်လက်စွပ်နှင့် နတ်ဘုရားသတ်လက်နက်တို့က ထိုဓားတစ်ချက်တည်းဖြင့်ပင် ဖြတ်တောက်ခံလိုက်ရခြင်း ဖြစ်၏။
ထိုအချက်က သူ့ကို အင်မတန် နှမြောသွားစေခဲ့သည်။
သို့သော်လည်း ယခုအခါတွင် သူက အင်မတန် ကြီးမားလှသော အရာများကို ရရှိထားပြီးသား ဖြစ်လေသည်။
လမ်းခရီးတစ်လျှောက်တွင်...
ရီထျန်းမင်က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်ကာ ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များကို စတင်စီစဉ်လိုက်၏။
ကြယ်နတ်ဘုရား၏ မူလနာမည်က လု ဖြစ်၏။
ထိုအရာက အရေးမကြီးတော့ချေ။
သေဆုံးသွားသူများက နာမည်တစ်ခုနှင့် မထိုက်တန်သည် မဟုတ်ပါလော။
စီစဉ်ပြီးနောက်၌ ရီထျန်းမင်မှာ အင်မတန် အံ့အားသင့်နေဆဲပင်။ ဤကြယ်နတ်ဘုရားက ကြယ်တာရာကျင့်ကြံခြင်း တာအိုလမ်းစဉ်ကို အဆုံးစွန်ထိ တွန်းပို့နိုင်ခဲ့သူဖြစ်လေရာ တကယ်ကို ပါရမီရှင်တစ်ဦးဖြစ်ကြောင်းကိုတော့ သူ ဝန်ခံရမည်ပင်။
ထို့ပြင် ထိပ်တန်းအဆင့် အစစ်အမှန်နတ်ဘုရားလေးပါးထဲမှ တစ်ပါးအနေဖြင့် မူလက သူ့ထံ၌ ရှေ့ဆက်တက်လှမ်းကာ အထွတ်အမြတ်နတ်ဘုရားတစ်ပါး ဖြစ်လာရန် မျှော်လင့်ချက် ရှိနေခဲ့၏။
ကံဆိုးစွာဖြင့် ကောင်းကင်ဘုံက သူ့ကို အချိန်များများ မပေးခဲ့ချေ။
သူ၏ အထွတ်အထိပ်ကာလ၌ နတ်ဘုရားများကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့ကာ သူက ထိုရှေးဟောင်းဓားကျင့်ကြံသူကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့လေသည်။ သူက တကယ်မသေဆုံးသွားခဲ့သော်လည်း ကမ္ဘာတစ်ခု၌ ပိတ်လှောင်ခံလိုက်ရကာ ထိုပိတ်လှောင်ခံရမှုက နှစ်ပေါင်း သန်းရာနှင့်ချီ၍ ကြာမြင့်ခဲ့၏။
ထိုနှစ်ပေါင်း သန်းရာနှင့်ချီသော အချိန်များအတွင်း ကြယ်နတ်ဘုရားက နိုးထရန် တစ်ကြိမ်တစ်ခါမျှ မဝံ့ရဲခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုဓားအလင်းတန်းက ထာဝရ မငြိမ်းသက်ဘဲ သူ၏ ခန္ဓာကိုယ်ထဲ၌ ကျန်ရှိနေသောကြောင့်ပင်။
သူ၏ ဒဏ်ရာများ အနည်းငယ် သက်သာလာသည်အထိသာ စောင့်ဆိုင်းပြီးမှ သူက နိုးထရန် ရဲဝံ့ခဲ့၏။ သို့သော် ထိုဓားအလင်းတန်းက တကယ်ကို အားကောင်းလွန်းလှသောကြောင့် သူ၏ နတ်ဘုရားရုပ်ခန္ဓာကို ဆက်လက်အသုံးပြု၍ မရနိုင်တော့ချေ။ ထို့ကြောင့် လွတ်မြောက်ရန်အတွက် အလားအလာကောင်းသော ရုပ်ခန္ဓာတစ်ခုကို ရှာဖွေရုံသာ သူတတ်နိုင်တော့၏။
ထို့ကြောင့် သူက စောင့်ရင်း စောင့်ရင်းဖြင့် နောက်ဆုံး၌ ရီထျန်းမင်နှင့် အခြားနှစ်ဦးကို စောင့်ဆိုင်းရရှိခဲ့ခြင်းပင်။
ကြယ်တာရာကောင်းကင်။
ကြယ်နတ်ဘုရား၏ မှတ်ဉာဏ်များကို ရရှိပြီးနောက် ကြယ်တာရာတာအိုအပေါ် ရီထျန်းမင်၏ စိတ်ဝင်စားမှုက အင်မတန် ပြင်းပြလာ၏။
စကြာဝဠာက အဆုံးအစမရှိချေ။
ကြယ်တာရာကောင်းကင်ကလည်း အဆုံးမရှိချေ။
ဤတာအိုလမ်းစဉ်က အထက်ကန့်သတ်ချက် လုံးဝ မရှိခြင်းပင်။
သက်ရှိသတ္တဝါအပေါင်း။
ရီထျန်းမင်၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။
သူ၏ အမြင်က အနည်းငယ် ကျဉ်းမြောင်းနေခဲ့ကြောင်းကို ထိုအခိုက်အတန့်၌ သူ ရုတ်တရက် သဘောပေါက်သွားသည်။
သူက သက်ရှိသတ္တဝါအပေါင်းကို ယခင်က မည်သို့မှတ်ယူထားခဲ့ပါသနည်း။
လူသားများ။
သက်ရှိများ။
သို့သော် ဤကျယ်ပြောလှသော စကြာဝဠာကြီး၊ ဤအဆုံးအစမရှိသော ကြယ်တာရာကောင်းကင်ကြီးထဲ၌ ယင်းတို့ကလည်း သက်ရှိသတ္တဝါအပေါင်း၏ အစိတ်အပိုင်းတစ်ခု မဟုတ်ပါလော။
ထိုအခိုက်အတန့်၌ ရီထျန်းမင်က ရုတ်ခြည်းတိုးတက်မှုတစ်ခုကို ရရှိသွား၏။
အကယ်၍သာ သူ၏ သက်ရှိသတ္တဝါအပေါင်းဉပဒေက လူသားများနှင့် သက်ရှိများကိုသာ ကန့်သတ်ထားမည်ဆိုလျှင် သူ၏ သက်ရှိသတ္တဝါအပေါင်းဉပဒေက သူ့ကိုယ်ပိုင်အသိဉာဏ်၏ ကန့်သတ်မှုကို ခံရလိမ့်မည်ပင်။
ထို့ကြောင့် သက်ရှိသတ္တဝါအပေါင်းဉပဒေ၏ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရန် သူ၏ အမြင်က ပို၍ ဝေးကွာစွာ ကြည့်ရှုရမည် ဖြစ်သည်။
ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ကြီး။
အဆုံးအစမရှိသော စကြာဝဠာကြီး။
မျက်စိတစ်ဆုံး၌ ဘယ်အရာက သက်ရှိသတ္တဝါ မဟုတ်ပါသနည်း။
ရီထျန်းမင်၏ အပြုံးက ဖြည်းဖြည်းချင်း ကျယ်ပြန့်လာ၏။
ထိုအခိုက်အတန့်၌ ဤကြယ်နတ်ဘုရားကို သူ တကယ် ကျေးဇူးတင်မိကြောင်း ဝန်ခံရမည်ပင်။ အဘယ်ကြောင့်ဆိုသော် ကြယ်တာရာကောင်းကင်၏ အဆုံးအစမဲ့မှုနှင့် စွမ်းအားကို ကြယ်နတ်ဘုရားက သူ့အား မြင်တွေ့ခွင့် ပေးခဲ့သောကြောင့် ဖြစ်၏။
အဆုံးအစမရှိသော စကြာဝဠာနှင့် အဆုံးအစမရှိသော ကြယ်များက အဆုံးအစမရှိသော ဖြစ်နိုင်ခြေများကို ကိုယ်စားပြုနေကြောင်း သူ့ကို တကယ် သဘောပေါက်သွားစေခဲ့သည်။
သူ၏ အတွေးများ ကန့်သတ်မခံရတော့သည်နှင့် နောက်တစ်ဆင့်က လှုပ်ရှားရန်ပင်။
အသိပညာနှင့် လက်တွေ့လုပ်ဆောင်မှု ပေါင်းစပ်ခြင်း။
ဤသည်က သူ့ကိုယ်သူ လက်ရှိတောင်းဆိုထားသည့်အရာ ဖြစ်၏။
သူက တွေးရုံသာတွေးပြီး မလုပ်ဘဲ လုံးဝ နေ၍မရနိုင်ချေ။ သူတွေးလိုက်ပြီဆိုလျှင် ယင်းကို လုပ်ရမည် ဖြစ်သည်။
လက်တွေ့လုပ်ဆောင်မှုက နှလုံးသားထဲမှ ခိုးကြောင်ခိုးဝှက်ဖြစ်မှုကို ချိုးဖျက်ပေး၏။
ဤကြယ်တာရာတာအိုမှ စတင်ရန် သူက ဆုံးဖြတ်လိုက်သည်။
သောင်းနှင့်ချီသော ကြယ်များကို အောင်နိုင်ရမည်ပင်။
သောင်းနှင့်ချီသော ကြယ်များ၏ နတ်ဘုရားတစ်ပါး ဖြစ်လာရမည်ပင်။
တကယ်တမ်း၌ ကြယ်နတ်ဘုရား၏ အတိတ်မှတ်ဉာဏ်များ၊ အထူးသဖြင့် နတ်ဘုရားကျောင်းတော်ခေတ်အကြောင်းကို သူက ပို၍ပင် သိချင်ခဲ့၏။ သို့သော် ကံဆိုးစွာဖြင့် သူက ကြယ်နတ်ဘုရား၏ ဘဝနှောင်းပိုင်း မှတ်ဉာဏ်များကိုသာ ဝါးမျိုနိုင်ခဲ့ပေသည်။ ထို့ကြောင့် နတ်ဘုရားကျောင်းတော်ခေတ်၏ အဖြစ်အပျက်များနှင့် ပတ်သက်၍မူ ယခုအချိန်၌ သူက အနည်းငယ်သာ သိထားပေသည်။
နောက်မှ စောင့်ရုံသာ သူ တတ်နိုင်တော့၏။
သိပ်မကြာခင်၌ပင် သူတို့နှစ်ဦးက ရပ်တန့်သွားကြသည်။
မော့ခယ်နတ်ဘုရားအကျဉ်းထောင်သို့ ရောက်ရှိလာခြင်းပင်။
ရီထျန်းမင်က အဝေးသို့ လှမ်းကြည့်လိုက်ရာ သူ၏ အမူအရာက ချက်ချင်းဆိုသလို လေးနက်သွား၏။
အဝေးတစ်နေရာက အင်မတန် နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် လုံးဝ တိတ်ဆိတ်နေ၏။
မော့ခယ်နတ်ဘုရားအကျဉ်းထောင်တစ်ခုလုံး၏ ကြယ်တာရာကောင်းကင်အတွင်း၌ အမှောင်ထုက မင်ရည်အလား မည်းနက်နေကာ အလင်းရောင်အားလုံးကို ဝါးမျိုလျက် စီးကျတော့မည့်အလား သိပ်သည်းနေသည်။ ပတ်ပတ်လည်၌ မိုးထိုးမတတ် မြင့်မားလှသော အနက်ရောင် ကျောက်ကမ်းပါးယံများက ကြယ်တာရာကောင်းကင်အတွင်းသို့ ထိုးထွက်ကာ ခမ်းနားထည်ဝါစွာ ရပ်တည်နေကြသည်။ ထိုကျောက်ကမ်းပါးယံများပေါ်၌ သွေးရောင်ထွင်းစာများ ဖုံးလွှမ်းနေကာ ဤတားမြစ်နယ်မြေထဲသို့ ဝင်ရောက်လာသော စိတ်ဝိညာဉ်တိုင်းကို စောင့်ကြည့်နေသည့် များပြားလှသော မျက်လုံးများအလား ကျောချမ်းဖွယ် ကောင်းလှပေသည်။
ထိုကျောက်ကမ်းပါးယံများ၏ နောက်ကွယ်၌ သွေးရောင်အကျဉ်းထောင်များ ရှိနေကာ ထူထဲသော သံကြိုးကြီးများက မြေပြင်ပေါ်၌ ပြန့်ကျဲနေပြီး အချို့သော အကျဉ်းထောင်များထဲ၌ အရိုးဖြူများပင် ရှိနေ၏။
ဤနေရာသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ယောက်၏ စိတ်ဝိညာဉ်အနက်ပိုင်းမှနေ၍ တုန်လှုပ်မှုနှင့် ဖိနှိပ်မှုတို့ကို ဆောင်ကြဉ်းလာကာ လောကကြီးတစ်ခုလုံး ပြိုကျသွားပြီး ဤနက်ရှိုင်းကာ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအကျဉ်းထောင်သာ ကျန်ရစ်တော့မည့်အလားပင်။
မော့ခယ်နတ်ဘုရားအကျဉ်းထောင် ဖြစ်၏။
သူ၏ မှတ်ဉာဏ်များအရ ဤနေရာကို ယခင်က အမှားလုပ်ခဲ့သော နတ်ဘုရားများအား အကျဉ်းချရန် နတ်ဘုရားကျောင်းတော်က တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ ယင်းကို နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာထဲ၌ အမှောင်မိုက်ဆုံးနှင့် ကြောက်မက်ဖွယ်အကောင်းဆုံး နေရာဟု ဆိုနိုင်ပေသည်။
သေချာပေါက် ဤနေရာ၌ ကြောက်မက်ဖွယ်အကောင်းဆုံး အရာမှာ မော့ခယ်နတ်ဘုရားပင်။
မော့ခယ်နတ်ဘုရား။
အထွတ်အမြတ်နတ်ဘုရားသုံးပါးထဲမှ တစ်ပါး ဖြစ်၏။
ယခင်က ဘိုးဘေးနတ်ဘုရားပြီးလျှင် ဒုတိယမြောက် ကြောက်မက်ဖွယ်အကောင်းဆုံး တည်ရှိမှုပင်။
သို့သော် ယခင်က အကြောင်းပြချက်တစ်ခုခုကြောင့် မော့ခယ်နတ်ဘုရားကို ဘိုးဘေးနတ်ဘုရားကိုယ်တိုင် မော့ခယ်နတ်ဘုရားအကျဉ်းထောင်၌ အကျဉ်းချခဲ့၏။ နောက်ပိုင်း၌ ဘိုးဘေးနတ်ဘုရားက တာအိုကျင့်စဉ်ကို ဖြန့်ကျက်ပြီးနောက် မော့ခယ်နတ်ဘုရားက ဤနေရာမှ သေဒဏ်ကျအကျဉ်းသားများကို ဦးဆောင်ကာ နတ်ဘုရားကျောင်းတော်ကို တစ်ကြိမ် တိုက်ခိုက်ခဲ့၏။
သို့သော် သူ ကျရှုံးသွားခဲ့သည်။
မော့ခယ်နတ်ဘုရားက နတ်ဘုရားကျောင်းတော်၏ နောက်ထပ်တစ်ကြိမ် ဖိနှိပ်ခြင်းကို ခံခဲ့ရကာ ယနေ့အထိ ထိုအတိုင်းပင် ရှိနေပေသည်။
ဆံဖြူအမျိုးသမီးက ရီထျန်းမင်ကို ဦးဆောင်လျက် မော့ခယ်နတ်ဘုရားအကျဉ်းထောင်၏ အနက်ပိုင်းသို့ ခေါ်ဆောင်သွား၏။ သူတို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ၊ ပတ်ဝန်းကျင်ရှိ အမှောင်ထုက ပို၍ သိပ်သည်းလာလေလေဖြစ်နေသည်မှာ အချိန်မရွေး သူတို့ကို ဝါးမျိုပစ်တော့မည့်အလားပင်။
ရီထျန်းမင်က ပတ်ဝန်းကျင်ကို အကဲခတ်လျက် ကြည့်လိုက်သည်။ ယခင်က ထိုအကျဉ်းထောင်များ၌ အင်မတန် ကြောက်မက်ဖွယ်ကောင်းသော သန်မာသူများကို အကျဉ်းချထားခဲ့ကြောင်း ရှင်းလင်းနေ၏။ အဘယ်ကြောင့်ဆိုသော် အကျဉ်းထောင်တိုင်း၌ ကြောက်မက်ဖွယ်ကောင်းသော ချီစွမ်းအင်များ ကျန်ရှိနေဆဲ ဖြစ်သောကြောင့်ပင်။
သိပ်မကြာခင်၌ပင် အမှောင်ထုဖုံးလွှမ်းနေသော ကြယ်တာရာကောင်းကင်အလယ်၌ ရပ်တည်နေသည့် မိုးထိုးမတတ် မြင့်မားသော တောင်တန်းကြီးများကို ရီထျန်းမင်မှာ မြင်တွေ့လိုက်ရသည်။
ထိုစဉ် ရုတ်တရက် ရီထျန်းမင်နှင့် ဆံဖြူအမျိုးသမီးရှေ့၌ လူနှစ်ဦး ထွက်ပေါ်လာ၏။
ရီထျန်းမင်က သူတို့ကို ယခင်က တွေ့ဖူးပေသည်။ သူတို့မှာ ယခင်က နတ်ဘုရားကောလိပ်၌ ပြဿနာရှာခဲ့ဖူးသော စုချန်နှင့် ကျူးယိတို့ပင်။
ယခုအခါ၌ ထိုနှစ်ဦးက ရီထျန်းမင်ကို သိချင်စိတ်များဖြင့် အကဲခတ်နေကြ၏။
သေချာပေါက် ရီထျန်းမင်က သူ၏ အမူအရာကို ထိန်းသိမ်းထားရမည်ပင်။ သူက ထိုနှစ်ဦးကို တစ်ချက်ကြည့်လိုက်၏။ "ဒီခေတ်ကာလရဲ့ သက်ရှိတွေက ဘာလို့ဒီလောက်တောင် အားနည်းနေရတာလဲ။ ငါတို့ရဲ့ နတ်ဘုရားကျောင်းတော်ခေတ်မှာဆိုရင် သူတို့က တံမြက်စည်းလှည်းဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်ဘူး"
ဆံဖြူအမျိုးသမီး "......."
စုချန်နှင့် ကျူးယိတို့၏ မျက်နှာများမှာ ချက်ချင်းဆိုသလို မည်းသည်းသွားကြသော်လည်း ရီထျန်းမင်၏ အဆင့်အတန်းကြောင့် သူတို့နှစ်ဦးစလုံးက ဘာမှ မပြောရဲကြချေ။
မည်သို့ပင်ဆိုစေကာမူ သူက အစစ်အမှန်နတ်ဘုရားတစ်ပါးပင်၊ ထို့ပြင် ထိပ်တန်းအဆင့် အစစ်အမှန်နတ်ဘုရားတစ်ပါးလည်း ဖြစ်နေသေးသည်။
ဆံဖြူအမျိုးသမီးက ရီထျန်းမင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကို ရှေ့သို့ ဆက်လက်ခေါ်ဆောင်သွား၏။
လမ်းခရီးတစ်လျှောက်၌ ရီထျန်းမင်က တွေးတောနေလေသည်။
ဤနေရာနှင့် ပတ်သက်၍ သူက အနည်းငယ် နားလည်ထားပြီးဖြစ်ကာ ဘာဆက်ပြောရမည်၊ ဘာဆက်လုပ်ရမည်ကို သူက တွေးတောနေခြင်းပင်။
သူ့အနေဖြင့် ကြိုတင်ပြင်ဆင်မှုမရှိဘဲ တိုက်ပွဲမဝင်နိုင်ချေ။
သိပ်မကြာခင်၌ပင် သူတို့အဖွဲ့က တောင်ထိပ်တစ်ခုသို့ ရောက်ရှိသွားကြ၏။ အဝေး၌ ခမ်းနားထည်ဝါသော ကျောင်းတော်ကြီးတစ်ခု တည်ရှိနေသည်။
ထိုစဉ် ပတ်ဝန်းကျင်ရှိ တောင်တန်းများမှနေ၍ အားကောင်းသော ချီစွမ်းအင်များ ရုတ်ခြည်းဆိုသလို မြင့်တက်လာကာ သူတို့ထံသို့ လျင်မြန်စွာ တိုးဝင်လာကြ၏။
သိပ်မကြာခင်၌ပင် လူထောင်ပေါင်းများစွာက ဝန်းရံလာကြသည်။ သူတို့ထဲမှ အများစုက အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြကာ သာမန်လူများနှင့် မတူညီကြချေ။
သေချာပေါက် သူတို့က သာမန်မဟုတ်ကြပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခု၏ အဆက်မပြတ် လိုက်လံဖမ်းဆီးခြင်းကို ခံနေရသူများပင်။
ရီထျန်းမင်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။ ဤနေရာရှိ လူများမှာ သန်မာကြရုံသာမက သူတို့၏ အသွင်အပြင်ကလည်း ကြမ်းကြုတ်ကြကာ သွားရောက်ပတ်သက်၍ မရနိုင်သူများဖြစ်ကြောင်း သိသာနေပေသည်။
သို့သော် သူတို့က သူ့ကို ကြည့်နေချိန်၌ ဤလူများက အနည်းငယ် စိုးရိမ်ကြောက်လန့်နေကြကြောင်း သူခံစားမိလိုက်၏။
အစစ်အမှန်နတ်ဘုရားပင်။
နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာ၌ နတ်ဘုရားတစ်ပါး၏ နာမည်က မိုးကြိုးတစ်ခုအလား သက်ရှိတိုင်းကို အကြောက်တရားနှင့် ရိုသေလေးစားမှု ဖြစ်စေပေသည်။
ယခု သူတို့ရှေ့၌ ရှိနေသူမှာ ထိပ်တန်းအဆင့် အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်နေခြင်းကြောင့် ဆိုဖွယ်ရာပင် မရှိတော့ချေ။
ထိုစဉ် ရုတ်တရက် အဝေးမှနေ၍ ချောင်းဆိုးသံတစ်သံ ထွက်ပေါ်လာ၏။
လူတိုင်းက လှည့်ကြည့်လိုက်ရာ ကျောင်းတော်ကြီး၏ ရှေ့၌ လူအိုကြီးတစ်ဦး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
ထိုလူအိုကြီးကို မြင်လိုက်ရသည်တွင် ထိုနေရာရှိ သန်မာသူများအားလုံးက ချက်ချင်းဆိုသလို ဦးညွတ်လိုက်ကြ၏။ "အကျဉ်းထောင်သခင်ကို ဂါရဝပြုပါတယ်"
မော့ခယ်နတ်ဘုရားအကျဉ်းထောင်၏ အကျဉ်းထောင်သခင်ပင်။
ထိုလူအိုကြီးက အင်မတန် အိုမင်းနေပုံရကာ ဆံပင်ဖြူများ ရှိနေပြီး နာမကျန်းဖြစ်နေသည့်အလား ထင်မှတ်ရသော်လည်း သူ၏ မျက်လုံးများထဲ၌ ထူးခြားသော စူးရှမှုတစ်ခု ရှိနေပေသည်။
မော့ခယ်နတ်ဘုရားအကျဉ်းထောင်၏ အကျဉ်းထောင်သခင်က မြင့်မားသော စင်မြင့်ထက်မှနေ၍ ရီထျန်းမင်ကို ငုံ့ကြည့်လိုက်၏။
သူ၏ အကြည့်က အင်မတန် တည်ငြိမ်နေပေသည်။
သို့သော် အစစ်အမှန်နတ်ဘုရားတစ်ပါးအတွက်မူ ဤသည်က တကယ်ကို မရိုသေရာ ရောက်၏။
သက်ရှိသတ္တဝါအပေါင်းက နတ်ဘုရားများ၏ အောက်တွင်သာ နေရမည်ဖြစ်ကာ သူတို့ကို မော့ကြည့်ရမည်ပင်။
ထိုစဉ် ရီထျန်းမင်က အကျဉ်းထောင်သခင်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။
သူက အင်မတန်ကို ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်ခြင်းဖြစ်သော်လည်း ထိုအခိုက်အတန့်၌ ထိုနေရာရှိ လူတိုင်းမှာ မမြင်ရသော ဖိအားတစ်ခုကို ခံစားလိုက်ကြရသည်။
သေချာပေါက် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုပင်။
လူတိုင်းက သူ့ကို အစစ်အမှန်နတ်ဘုရားတစ်ပါးဟု ယုံကြည်ထားကြသဖြင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် သို့မဟုတ် လမ်းလျှောက်လိုက်ရုံဖြင့်ပင် ဖိအားများကို ထုတ်လွှတ်နေသည်ဟု သူတို့ ခံစားကြရခြင်း ဖြစ်သည်။
အကယ်၍ သူသာ အစစ်အမှန်နတ်ဘုရားတစ်ပါး မဟုတ်ခဲ့ပါလျှင်...
လူတိုင်း၏ အကြည့်အောက်၌ပင် ရီထျန်းမင်က အကျဉ်းထောင်သခင်ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်၏။ အကျဉ်းထောင်သခင်က ရီထျန်းမင်ကို စိုက်ကြည့်နေသော်လည်း ဘာမှမပြောချေ။
ကွင်းပြင်ထဲရှိ လေထုက ချက်ချင်းဆိုသလို တင်းမာသွား၏။
လူတိုင်းမှာ အနည်းငယ် စိုးရိမ်ပူပန်လာကြသည်။
ထိုစဉ် ရုတ်တရက် ရီထျန်းမင်က အကျဉ်းထောင်သခင်၏ ပခုံးကို ပုတ်လိုက်ကာ ခေါင်းခါယမ်းလျက် "အရမ်းအားနည်းလွန်းတယ်။ မင်းက ဘာတွေလျှောက်ပြီး ကျင့်ကြံထားတာလဲ"
လူတိုင်း "......."
အကျဉ်းထောင်သခင်၏ အမူအရာက မည်းသည်းသွား၏။
ထိုစဉ် ရီထျန်းမင်က ကွင်းပြင်ထဲရှိ လူများကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် လက်မောင်းများကို မြှောက်ကာ အော်ဟစ်လိုက်၏။ "နတ်ဘုရားတွေကျတော့ ဘာလို့ ဒီလောက်တောင် မြင့်မြတ်နေရပြီး ငါတို့က ဘာလို့ လက်အောက်ခံရင်းနဲ့ နှိမ့်ချစွာ အသက်ရှင်နေရမှာလဲ"
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကွင်းပြင်ထဲရှိ လူတိုင်းမှာ အစပိုင်း၌ မှင်သက်သွားကြသော်လည်း နောက်ပိုင်းတွင် မိုးကြိုးပစ်ချသည့်အလား ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။ "နတ်ဘုရားတွေက ဘာလို့ ဒီလောက်တောင် မြင့်မြတ်နေရမှာလဲ"
သူတို့သည် အစကတည်းက ပုန်ကန်သူများဖြစ်ကြလေရာ ဤစကားများက သူတို့၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ ပဲ့တင်ထပ်သွားခြင်းပင်။
ရီထျန်းမင်က မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်လိုက်၏။
အရင်ဆုံး စစ်သည်တော်တစ်ဖွဲ့ကို ဖွဲ့စည်းမည်ပင်၊ ထို့နောက် အခြေစိုက်စခန်းတစ်ခုကို တည်ထောင်မည် ဖြစ်သည်။၊ ထို့နောက်တွင် မြင့်မားလှသည့် တံတိုင်းများ တည်ဆောက်၍ ရိက္ခာများလည်း အများကြီး စုဆောင်းပစ်မည်ပင်။
မလုပ်လျှင်လည်း မလုပ်ရုံသာ ရှိ၏။ လုပ်ပြီဆိုလျှင်မူ ကြီးကျယ်ခမ်းနား၍ အားကောင်းအောင်သာ လုပ်ပစ်ရမည်ပင်။
***