သူက တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်ရန် မလိုလားခြင်း မဟုတ်ချေ။ လက်ရှိအခြေအနေက သူ့ကို ထိုသို့လုပ်ခွင့် မပေးခြင်းပင်။
ပထမအချက်အနေဖြင့် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုက သူ ထွက်ပေါ်လာပြီးနောက် ဤသို့ ဖွံ့ဖြိုးတိုးတက်လာသည်ကို လုံးဝ သည်းခံမည် မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ လောက၏ အကျိုးအမြတ်များအား ခွဲဝေပြီးသား ဖြစ်နေလေရာ နောက်ထပ် နတ်ဘုရားတစ်ပါးအား သူတို့က မည်သို့ နေရာပေးနိုင်ပါမည်နည်း။
ထို့ကြောင့် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုက သူ့ကို သေချာပေါက် ဆက်လက်၍ ပြင်းပြင်းထန်ထန် ပစ်မှတ်ထားလာလိမ့်မည်ဆိုသည်အား ရီထျန်းမင်က အင်မတန် ရှင်းလင်းစွာ မြင်တွေ့နေ၏။
ထိုအချက်အပြင် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုက သူ့ကို ပစ်မှတ်ထားလာသည်နှင့်တစ်ပြိုင်နက် သူ၏ လက်ရှိအဆင့်အတန်းကိုလည်း အချိန်ကြာကြာ ထိန်းသိမ်းထားနိုင်မည် မဟုတ်ကြောင်းကို သူ ကိုယ်တိုင် သိထားပေသည်။
သူ၏ အဆင့်အတန်း ပေါ်လွင်သွားသည်နှင့်တစ်ပြိုင်နက် သူက စကြာဝဠာတစ်ခုလုံး၏ ရန်သူ ဖြစ်လာလိမ့်မည်ပင်။
ထို့ကြောင့် အမြဲတမ်း ခံစစ်အနေအထားဖြင့် နေမည့်အစား သူက အစပြုလှုပ်ရှားလျှင် ပိုကောင်းမည် ဖြစ်သည်။
ထို့ပြင် မော့ခယ်နတ်ဘုရားအကျဉ်းထောင်ရှိ လူများအားလုံးက ပုန်ကန်သူများ ဖြစ်ကြ၏။
သူတို့က ချက်ချင်းဆိုသလို အစေးကပ်သွားကြခြင်းဟု ဆိုနိုင်ပေသည်။
သို့သော် မလှမ်းမကမ်းရှိ အကျဉ်းထောင်သခင်၏ မျက်နှာကမူ မည်းသည်းနေကာ အကျပ်အတည်းတစ်ခုကို ခံစားနေရ၏။
သူ၏ အဆင့်အတန်းအတွက် ခြိမ်းခြောက်မှုတစ်ခုပင်။
ဤနေရာ၌ သူက သူဌေး မဟုတ်ပါလော။
ရီထျန်းမင်က မလှမ်းမကမ်းရှိ အကျဉ်းထောင်သခင်ကို တစ်ချက်ကြည့်လိုက်၏။ "ငါ့နောက် လိုက်ခဲ့"
ထို့နောက် သူက တဖက်ရှိ ဆံဖြူအမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ "မင်းလည်း လာခဲ့"
လမ်းခရီးတစ်လျှောက်၌ သူတို့၏ ပတ်ဝန်းကျင်ရှိ လူများက ဆံဖြူအမျိုးသမီးအပေါ် ပြသကြသော ရိုသေလေးစားမှုမှာ နှလုံးသားထဲမှ လာခြင်းဖြစ်ကာ အကျဉ်းထောင်သခင်အပေါ် ပြသသည်ထက်ပင် သာလွန်နေကြောင်း သူ သတိထားမိခဲ့၏။
ရီထျန်းမင်က အဘယ်ကြောင့် သူမကို ခေါ်သည်အား နားမလည်သော်လည်း ဆံဖြူအမျိုးသမီးက လိုက်ပါသွားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် စောနက ရီထျန်းမင်၏ 'နတ်ဘုရားတွေက ဘာလို့ ဒီလောက်တောင် မြင့်မြတ်နေရမှာလဲ' ဟူသော အော်ဟစ်သံက ရီထျန်းမင်ကို ထူးခြားသောအမြင်ဖြင့် ကြည့်မိစေခဲ့သောကြောင့်ပင်။
သိပ်မကြာခင်၌ပင် ရီထျန်းမင်က ထိုနှစ်ဦးကို ခမ်းနားထည်ဝါသော ကျောင်းတော်ကြီးတစ်ခုထဲသို့ ခေါ်ဆောင်သွား၏။
ဤကျောင်းတော်ကြီးကလည်း ငရဲပြည်တစ်ခုအလား အင်မတန် မှောင်မည်းကာ ဖိနှိပ်မှုများဖြင့် ပြည့်နှက်နေပြီး ကျောချမ်းဖွယ် ကောင်းလှပေသည်။
ဤကဲ့သို့သော လေထုမျိုးကို ရီထျန်းမင်က တကယ်မနှစ်သက်ချေ။
ရုတ်တရက် ရီထျန်းမင်က အကျဉ်းထောင်သခင်ကို လှည့်ကြည့်လိုက်၏။ "ငါက မင်းရဲ့ အာဏာကို လုယူချင်နေတယ်လို့ မင်းက ထင်နေတာလား"
အကျဉ်းထောင်သခင်မှာ မှင်သက်သွား၏။ ရီထျန်းမင်က ဤမျှလောက် ဒဲ့တိုးဆန်လိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
သူက ရီထျန်းမင်ကို စိုက်ကြည့်နေသော်လည်း ဘာပြောရမှန်း မသိဘဲ ခေတ္တမျှ ဆွံ့အသွားသည်။
ရီထျန်းမင်က ပြုံးလိုက်၏။ "သေမျိုးတစ်ယောက်ရဲ့ အမြင်ပဲ"
သူ၏ အပြုံးထဲ၌ ဖုံးကွယ်မထားသော အထင်သေးမှုများ ပါဝင်နေ၏။
ရီထျန်းမင်က ဤကဲ့သို့ ဟန်ဆောင်ခြင်းကို သဘောကျ၍မဟုတ်ဘဲ သူ့ထံ၌ ရွေးချယ်စရာ မရှိတော့သောကြောင့်ပင်။ နတ်ဘုရားများက အမြဲတမ်း မြင့်မြတ်နေကြသူများဖြစ်ကာ အကယ်၍ သူသာ အလွန်အမင်း နှိမ့်ချနေမည်ဆိုလျှင် သံသယဖြစ်ဖွယ်ရာ ရှိလာနိုင်ပေသည်။
ရီထျန်းမင်၏ စကားကို ကြားလိုက်ရသည်တွင် အကျဉ်းထောင်သခင်၏ အမူအရာက ချက်ချင်းဆိုသလို အင်မတန် အရုပ်ဆိုးသွား၏။ "မင်းက ဘာကိုဆိုလိုချင်တာလဲ"
ရီထျန်းမင်က အကျဉ်းထောင်သခင်ကို တစ်ချက်ကြည့်လိုက်သည်။ "မင်းရဲ့ အတွေးက ထောင့်လေးတစ်နေရာမှာ ငြိမ်းငြိမ်းချမ်းချမ်းနေပြီး တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းသွားဖို့ပဲ မဟုတ်လား"
အကျဉ်းထောင်သခင်က တိတ်ဆိတ်နေ၏။
ဆံဖြူအမျိုးသမီးက အကျဉ်းထောင်သခင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။
ရီထျန်းမင်က ဆက်ပြောလိုက်သည်။ "သေချာတာကတော့ မင်းရဲ့ အတွေးကို ငါနားလည်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ညီအစ်ကိုမော့ခယ်က ချိတ်ပိတ်ခံထားရပြီး ဖိနှိပ်ခံထားရလို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလေ။ အစစ်အမှန်နတ်ဘုရားတစ်ပါး မရှိဘဲနဲ့ မော့ခယ်နတ်ဘုရားအကျဉ်းထောင်က အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ"
အကျဉ်းထောင်သခင်မှာ အံ့အားသင့်သွား၏။ "မင်း..."
ထို့နောက် ရီထျန်းမင်က "မင်းရဲ့ အကြံအစည်က မမှားပါဘူး။ အစစ်အမှန်နတ်ဘုရားတစ်ပါး မရှိဘဲနဲ့ မော့ခယ်နတ်ဘုရားအကျဉ်းထောင်က အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းမစဉ်းစားမိတာက အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုဟာ မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို တကယ် သည်းခံနိုင်မှာလား ဆိုတာပဲ။ သေချာတာကတော့ သူတို့က အခုထိ မလှုပ်ရှားသေးဘူး၊ ဒါပေမဲ့ အကယ်၍ ညီအစ်ကိုမော့ခယ်သာ ချိတ်ပိတ်ထားတာကို ဖျက်ဆီးလိုက်မယ်ဆိုရင် အဲဒီအချိန်ကျ အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုက ခွင့်ပြုလိမ့်မယ်လို့ မင်းထင်နေတာလား"
အကျဉ်းထောင်သခင်က တိတ်ဆိတ်နေဆဲပင်။
ရီထျန်းမင်က "ထောင့်လေးတစ်နေရာမှာ ငြိမ်းငြိမ်းချမ်းချမ်း နေတယ်ဆိုတာ သေလမ်းရှာနေတာပဲ။ သေဖို့ စောင့်နေမယ့်အစား အစပြုလှုပ်ရှားတာက ပိုကောင်းတယ်..."
ရုတ်တရက် ဆံဖြူအမျိုးသမီးက ခေါင်းညိတ်လိုက်၏။ "မှန်တယ်"
အကျဉ်းထောင်သခင်က မျက်မှောင်ကြုတ်လျက် ဆံဖြူအမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ "ဒါပေမဲ့ အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုက..."
ရီထျန်းမင်က "အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုကိူ ကြောက်စရာ မလိုပါဘူး"
အကျဉ်းထောင်သခင်၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားသော်လည်း သူက ပြန်မပြောရဲချေ။
ရီထျန်းမင်က အကျဉ်းထောင်သခင်ကို ကြည့်လိုက်၏။ "လက်နက်ချဖို့ တစ်ခါလောက်ဖြစ်ဖြစ် မင်း တွေးဖူးလား"
အကျဉ်းထောင်သခင်က ခေတ္တမျှ မှင်သက်သွားပြီးနောက် ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်သည်။ "မတွေးဖူးပါဘူး..."
သူက တကယ်ကို ထိုသို့ မတွေးဖူးခဲ့ချေ။ လက်နက်ချသော ပုန်ကန်သူများက မည်သည့်အခါမျှ ကောင်းမွန်သော အဆုံးသတ် မရခဲ့ဖူးခြင်းကြောင့်ပင်။
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ဒါတော့ မှန်တယ်။ ငါတို့နဲ့ နတ်ဘုရားတွေကြားက တိုက်ပွဲဟာ… ဘာလဲဆိုတော့... အဆင့်အတန်းတိုက်ပွဲပဲ။ အဆင့်အတန်းတူညီတဲ့ ရန်သူတွေအပေါ် ဘယ်လို အထင်အမြင်မှားမှုမျိုးမှ မရှိစေရဘူး၊ နားလည်လား"
အကျဉ်းထောင်သခင်က တုံ့ဆိုင်းနေပြီးနောက် ပြန်ပြောရန် ပြင်လိုက်စဉ်၌ပင် သူ၏ ဘေးရှိ ဆံဖြူအမျိုးသမီးက ရုတ်တရက် ထပ်ပြောလိုက်၏။ "သိပ်ကောင်းတဲ့ စကားပဲ"
ရီထျန်းမင်ကို ကြည့်နေသော သူမ၏ အကြည့်က အင်မတန် တက်ကြွနေပေသည်။
အကျဉ်းထောင်သခင် "......."
ရီထျန်းမင်က ဆံဖြူအမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။ "အကယ်၍ ငါတို့အနေနဲ့ နတ်ဘုရားတွေကို ဆန့်ကျင်တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့ရဲ့ ကိုယ်ပိုင်အင်အား တစ်ခုတည်းကိုပဲ အားကိုးနေလို့ မဖြစ်နိုင်ဘူး။ ဒါကြောင့် ငါတို့က မိတ်ဆွေတွေကို စည်းလုံးစေရလိမ့်မယ်"
အကျဉ်းထောင်သခင်က အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။ "မိတ်ဆွေတွေ ဟုတ်လား။ ငါတို့က မိတ်ဆွေတွေကို ဘယ်ကနေ သွားရှာရမှာလဲ"
ရီထျန်းမင်က ဘာမှမပြောဘဲ အကျဉ်းထောင်သခင်ကိုသာ ကြည့်နေလိုက်၏။
အကျဉ်းထောင်သခင်မှာ အနည်းငယ် နာကျင်သွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ရီထျန်းမင်၏ အကြည့်က လူမိုက်တစ်ယောက်ကို ကြည့်နေသည့်အလား ဖြစ်နေသောကြောင့်ပင်။
ရုတ်တရက် သူ၏ ဘေးမှ ဆံဖြူအမျိုးသမီးက "အပြင်က လူတွေလေ"
ရီထျန်းမင်က ပြုံးလိုက်သည်။ "အတိအကျပဲ။ ဒါပေမဲ့ အပြင်ကလူတွေထဲမှာ ဘယ်သူတွေက ငါတို့ရဲ့ မိတ်ဆွေတွေဖြစ်ပြီး ဘယ်သူတွေက ငါတို့ရဲ့ ရန်သူတွေလဲဆိုတာကို ငါတို့က ခွဲခြားသိမြင်နိုင်ရမယ်"
အကျဉ်းထောင်သခင်က လေးနက်သောအသံဖြင့် "ငါတို့က ဘယ်လိုခွဲခြားရမှာလဲ"
ရီထျန်းမင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။ "သူတို့ကို အတန်းအစားသုံးခု ခွဲလိုက်မယ်။ ပထမအဆင့်က ထိပ်တန်းအဆင့် နတ်ဘုရားလက်အောက်ခံ မိသားစုတွေပဲ။ ဒီထိပ်တန်းအဆင့် နတ်ဘုရားလက်အောက်ခံ မိသားစုတွေက နတ်ဘုရားကျောင်းတော် အမျိုးမျိုးကို မှီခိုနေကြတယ်။ သူတို့ရဲ့ ရှင်သန်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုက နတ်ဘုရားကျောင်းတော်အပေါ် လုံးဝ မူတည်နေတယ်။ အဲဒီလိုလူတွေက ငါတို့ရဲ့ မိတ်ဆွေတွေ ဖြစ်လာနိုင်မှာ မဟုတ်ဘူး"
ထို့နောက် သူက ခေတ္တမျှ ရပ်နားလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ "ဒုတိယအဆင့်က... နတ်ဘုရားလက်အောက်ခံ မိသားစုတွေအောက်မှာ ရှိနေတဲ့ မိသားစုတွေပဲ။ ဒီမိသားစုတွေက ပိုပြီးတော့ ပဋိပက္ခတွေ ဖြစ်နေကြတယ်။ သူတို့က အကျိုးအမြတ်တွေ ပိုမရကြရုံသာမက အဲဒီထိပ်တန်းအဆင့် နတ်ဘုရားလက်အောက်ခံ မိသားစုတွေရဲ့ ဖိနှိပ်တာကိုလည်း ခံနေရတယ်။ သူတို့က လက်ရှိအခြေအနေကို ပြောင်းလဲချင်ကြတယ်၊ အကျိုးအမြတ်တွေ ပိုရချင်ကြတယ်၊ ဒါပေမဲ့ သေရမှာကိုလည်း ကြောက်ကြသလို အောက်ခြေမှာရှိတဲ့ လူတွေက သူတို့ကို ခြိမ်းခြောက်ပြီး သူတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်လာမှာကိုလည်း ကြောက်ကြတယ်"
ရုတ်တရက် ဆံဖြူအမျိုးသမီးက "တတိယအဆင့်ကရော"
ရီထျန်းမင်က "တတိယအဆင့်မှာတော့ သာမန်ကျင့်ကြံသူတွေ ပါဝင်တယ်။ သူတို့မှာ အားကောင်းတဲ့ မိသားစုတွေ၊ ဒါမှမဟုတ် ပေါများတဲ့ ပိုင်ဆိုင်မှုတွေ မရှိကြဘူး။ သူတို့က ကိုယ့်ဘာသာကိုယ် အလုပ်လုပ်ပြီးမှသာ ရှင်သန်နိုင်ကြတယ်။ သူတို့က ကောင်းကောင်းမွန်မွန် မနေနိုင်ကြပေမဲ့ ငတ်မသေကြဘူး။ သူတို့က အထက်ကလူတွေကို ကျိန်ဆဲကြတယ်၊ အရာအားလုံးကို ကျိန်ဆဲကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့အတွက် ဘာအနာဂတ်ကိုမှ မမြင်ရလို့ပဲ..."
ဆံဖြူအမျိုးသမီးက "ဒီလူတွေက ကျွန်မတို့ရဲ့ မိတ်ဆွေတွေပဲ"
ရီထျန်းမင်က ဆံဖြူအမျိုးသမီးကို ကြည့်ကာ ပြုံးလိုက်၏။ "ဘာလို့လဲ"
ဆံဖြူအမျိုးသမီးက "ပထမအချက်အနေနဲ့ သူတို့က ပမာဏ အရမ်းများတယ်။ ဒုတိယအချက်အနေနဲ့ သူတို့က ဘာအနာဂတ်ကိုမှ မမြင်ရဘူး"
သို့သော် ရီထျန်းမင်က ခေါင်းခါယမ်းလိုက်သည်။ "လောလောဆယ်မှာတော့ သူတို့က ငါတို့ရဲ့ မိတ်ဆွေတွေ မဟုတ်သေးဘူး၊ ဘာလို့လဲဆိုတော့ သူတို့က အောက်ခြေလူတန်းစား ဖြစ်နေပေမဲ့လည်း ကိုယ့်ကိုယ်ကိုယ်တော့ ဖူလုံနိုင်ကြသေးတယ်။ ဒါ့ပြင် အထက်က မိသားစုတွေနဲ့ နတ်ဘုရားကျောင်းတော်တွေက အရမ်းအားကောင်းလွန်းတယ်။ ဒါကြောင့် သူတို့မှာ မကျေနပ်မှုတချို့ ရှိနေရင်တောင်မှ သည်းခံနိုင်ကြသေးတယ်"
ဆံဖြူအမျိုးသမီးမှာ နားမလည်နိုင်ဖြစ်သွား၏။
သူ၏ ဘေးရှိ အကျဉ်းထောင်သခင်က အနည်းငယ် လှောင်ပြောင်သောအသံဖြင့် "ဒါဆိုရင် ဘယ်လိုမိတ်ဆွေမျိုး ရှိသေးလို့လဲ။ အားလုံးက ရန်သူတွေချည်းပဲလေ"
ရီထျန်းမင်က လေသံဖျော့ဖျော့ဖြင့် "နောက်ထပ် လူတစ်စု ရှိသေးတယ်။ သူတို့က လေးလံတဲ့ ဝန်တွေကို ထမ်းနေရတဲ့ နွားတွေလို အကြွေးတွေ ပိနေကြတယ်။ သူတို့က သက်ရှိသတ္တဝါအပေါင်းထဲမှာ အပင်ပန်းဆုံးဖြစ်သလို အဖိနှိပ်ခံရဆုံးလည်း ဖြစ်တယ်။ သူတို့မှာ ဘာကျောထောက်နောက်ခံမှလည်း မရှိဘူး၊ ဘာအရင်းအမြစ်မှလည်း မရှိဘူး။ တခြားသူတွေက ရှင်သန်ဖို့ နည်းလမ်းရှိသေးပေမဲ့ သူတို့မှာတော့ ထွက်ပေါက် လုံးဝမရှိဘူး..."
အကျဉ်းထောင်သခင်က အနည်းငယ် သံသယဝင်ဟန်ဖြင့် "ဒီလောကမှာ ဒီလောက်တောင် ဒုက္ခရောက်နေတဲ့သူတွေ ရှိလို့လား"
ဆံဖြူအမျိုးသမီးမှာလည်း အနည်းငယ် နားမလည်နိုင်ဖြစ်နေ၏။
ရီထျန်းမင်က "ရှိတာပေါ့၊ တရားဝင်အိမ်တော်တွေက သေမျိုးတွေလေ"
တရားဝင်အိမ်တော်များမှ သေမျိုးများလော။
အကျဉ်းထောင်သခင်နှင့် ဆံဖြူအမျိုးသမီးတို့ နှစ်ဦးစလုံးမှာ မှင်သက်သွားကြသည်။
အကျဉ်းထောင်သခင်က ချက်ချင်း ပြောလိုက်၏။ "မဟုတ်ဘူး... မဟုတ်ဘူး၊ တရားဝင်အိမ်တော်တွေထဲက သက်ရှိတွေဟာ နွားတွေထက်တောင် ပိုပြီး နွားဆန်သေးတယ်။ သူတို့ကို စည်းလုံးစေတာက ဘာအနာဂတ်မှ မရှိနိုင်ဘူး..."
ရီထျန်းမင်က အကျဉ်းထောင်သခင်ကို ကြည့်လိုက်၏။ "မင်းက နတ်ဘုရားလား၊ ငါက နတ်ဘုရားလား"
အကျဉ်းထောင်သခင်၏ နှုတ်ခမ်းက အနည်းငယ် တွန့်ကွေးသွားသော်လည်း သူက ဒေါသတကြီး မတုံ့ပြန်ရဲဘဲ တီးတိုးရေရွတ်လိုက်၏။ "ငါတို့ ဆွေးနွေးနေကြတာ မဟုတ်ဘူးလား"
ရီထျန်းမင်က "တရားဝင်အိမ်တော်တွေထဲက သေမျိုးတွေ၊ သူတို့က တစ်ဘဝလုံး ဖိနှိပ်ခံနေရတာ။ ဒီစကြာဝဠာထဲက သက်ရှိတွေဟာ ရှင်သန်ဖို့ နည်းလမ်းတွေ ရှိနေကြသေးပေမဲ့ တရားဝင်အိမ်တော်တွေထဲက သေမျိုးတွေကတော့ ရှင်သန်ဖို့ နည်းလမ်းတောင် လုံးဝ မရှိကြဘူး။ သူတို့က တစ်ဘဝလုံး အကျဉ်းချခံထားရပြီး ဒီက နတ်ဘုရားတွေကိုပဲ ဆက်တိုက် ပံ့ပိုးပေးနေရတာ... သူတို့က ငါတို့လိုပဲ မိတ်ဆွေတွေကို အသည်းအသန် လိုအပ်နေကြတယ်။ ဒါ့ပြင် ငါတို့ရဲ့ ရန်သူတွေကလည်း နတ်ဘုရားတွေပဲလေ"
အကျဉ်းထောင်သခင်မှာ မနေနိုင်တော့ဘဲ ပြောလိုက်၏။ "ဒါပေမဲ့ သူတို့က အရမ်းအားနည်းလွန်းတယ်လေ"
ရီထျန်းမင်က "မီးပွားလေးတစ်စကနေ တောမီးလောင်စေနိုင်တယ်"
အကျဉ်းထောင်သခင်က စိတ်ထဲ၌ တီးတိုးရေရွတ်လိုက်သည်။ ‘ခင်ဗျားခြေထောက်ကြီးပဲ တောမီးလောက်လိုက်၊ ခင်ဗျားမဆိုထားနဲ့၊ ကျုပ်တောင် အဲ့သေမျိုးတွေကို ခြေတစ်ဖက်တည်းနဲ့ တက်နင်းပစ်လိုက်လို့ ရတယ်’
"အားမနည်းဘူး"
ထိုစဉ် ရုတ်တရက် သူ၏ ဘေးရှိ ဆံဖြူအမျိုးသမီးက "ကွမ်ချွန်ဓားသခင်လေ"
အကျဉ်းထောင်သခင်က မျက်မှောင်ကြုတ်သွားသည်။
တစ်ချိန်က တရားဝင်အိမ်တော်တစ်ခုမှနေ၍ ရုတ်တရက် ထွက်ပေါ်လာပြီး နတ်ဘုရားလက်အောက်ခံ မိသားစုတစ်ခုကိုပင် သုတ်သင်ပစ်ခဲ့ကာ ထိုတရားဝင်အိမ်တော်၏ အဝင်ဝ၌ လမ်းတစ်ခုကိုပင် ဖောက်လုပ်ခဲ့သော လူတစ်ယောက် ရှိခဲ့ဖူး၏။
ဤကိစ္စကို နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာတစ်ခုလုံးရှိ လူတိုင်းက သိထားကြပေသည်။
ဆံဖြူအမျိုးသမီးက ဆက်ပြောလိုက်သည်။ "အောက်ခြေမှာရှိတဲ့ လူတွေက အားမနည်းပါဘူး"
အကျဉ်းထောင်သခင်က လေးနက်သောအသံဖြင့် "ဒီလောက်နှစ်တွေ အကြာကြီးအတွင်းမှာမှ အဲဒီကွမ်ချွန်ဓားသခင် တစ်ယောက်တည်းပဲ ရှိခဲ့တာလေ"
ရီထျန်းမင်က အကျဉ်းထောင်သခင်ကို ကြည့်လိုက်သည်တွင် အကျဉ်းထောင်သခင်က အလျင်အမြန် ထပ်ပြောလိုက်၏။ "ငါက ငြင်းခုံချင်လို့ မဟုတ်ပါဘူး၊ ငါတို့အနေနဲ့ လက်တွေ့ကျဖို့ လိုအပ်တယ်လေ"
ရီထျန်းမင်က "နတ်ဘုရားတွေရဲ့ စွမ်းအားက ဘယ်ကနေ လာတာလဲ"
အကျဉ်းထောင်သခင်က "အမွှေးတိုင်စွမ်းအင်လေ"
ရီထျန်းမင်က ထပ်မေးလိုက်၏။ "အမွှေးတိုင်စွမ်းအင်က ဘယ်ကနေ မြစ်ဖျားခံတာလဲ"
အကျဉ်းထောင်သခင်မှာ မှင်သက်သွားသည်။
ရီထျန်းမင်က လေသံဖျော့ဖျော့ဖြင့် "အကယ်၍ ငါတို့သာ တရားဝင်အိမ်တော်တွေထဲက သေမျိုးတွေကို စည်းလုံးနိုင်မယ်ဆိုရင် ငါတို့အတွက် နတ်ဘုရားတွေကို ဖြုတ်ချနိုင်မယ့် အခွင့်အရေးတစ်ခု ရှိလာလိမ့်မယ်... ဒါ့ပြင် သူတို့ကို အခြေခံကနေ စပြီး ဖြုတ်ချပစ်နိုင်မယ်"
ဆံဖြူအမျိုးသမီး၏ မျက်လုံးများက ချက်ချင်းဆိုသလို တက်ကြွလာ၏။ "ကောင်းတယ်... ကောင်းတယ်"
ရီထျန်းမင်က စိတ်လှုပ်ရှားနေသော ဆံဖြူအမျိုးသမီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။ "ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးမှာ မော့ခယ်အကျဉ်းထောင်က အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုရဲ့ အရိုက်ခံခဲ့ရတာ ဘာလို့လဲ။ မော့ခယ်နတ်ဘုရားအကျဉ်းထောင်က မိတ်ဆွေတွေကို မစည်းလုံးစေဘဲ အမြဲတမ်း တစ်ယောက်တည်း တိုက်ခိုက်နေခဲ့လို့ပဲ။ ဒါကြောင့် မော့ခယ်နတ်ဘုရားအကျဉ်းထောင်မှာ အနာဂတ်ရှိဖို့အတွက် မိတ်ဆွေတွေကို စည်းလုံးနိုင်မှ ရမယ်၊ ပြီးတော့ ဒီမိတ်ဆွေတွေက တရားဝင်အိမ်တော်စကြာဝဠာကနေ စတင်မယ်"
အကျဉ်းထောင်သခင်က လေးနက်သောအသံဖြင့် "ကွမ်ချွန်စကြာဝဠာကို ပြောတာလား၊ အဲဒီ တရားဝင်အိမ်တော်စကြာဝဠာလား"
ရီထျန်းမင်က ခေါင်းညိတ်ပြလိုက်၏။
အကျဉ်းထောင်သခင်က ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် "ဒါပေမဲ့ အနိုင်ရဖို့ အခွင့်အရေးက သိပ်မကြီးဘူးလို့ ငါ ခံစားနေရတုန်းပဲ။ အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုမှာ အစစ်အမှန်နတ်ဘုရားငါးပါး ရှိတယ်... ပြီးတော့ သူတို့ကို မှီခိုနေတဲ့ နတ်ဘုရားလက်အောက်ခံ မိသားစုတွေလည်း ရှိသေးတယ်၊ ငါတို့က..."
ရီထျန်းမင်က အကျဉ်းထောင်သခင်ကို ကြည့်လိုက်၏။ "နောက်ဆုံးကျရင်လည်း မော့ခယ်နတ်ဘုရားအကျဉ်းထောင်က ဒီတိုက်ပွဲကို တိုက်ရမှာပဲလေ။ ဘယ်လိုပဲဖြစ်ဖြစ် မော့ခယ်နတ်ဘုရားအကျဉ်းထောင်တစ်ခုလုံးက နတ်ဘုရားပြစ်မှားသူတွေနဲ့ပဲ သက်ဆိုင်နေတာ မဟုတ်ဘူးလား"
အကျဉ်းထောင်သခင်က သက်ပြင်းခပ်ဖျော့ဖျော့ ချလိုက်သည်။
ရီထျန်းမင်က "တရားဝင်အိမ်တော် စကြာဝဠာနဲ့ ပတ်သက်ပြီးတော့ ငါက ဆက်သွယ်ရေးနဲ့ စီစဉ်မှုတွေကို တာဝန်ယူမယ်။ မင်းတို့ကတော့..."
ပြောနေရင်းဖြင့် သူက ဆံဖြူအမျိုးသမီးနှင့် အကျဉ်းထောင်သခင်တို့ကို တစ်ချက်ကြည့်လိုက်၏။
ဤနှစ်ဦးထဲတွင် ကိုင်တွယ်ဖြေရှင်းရန် အခက်ခဲဆုံးမှာ အကျဉ်းထောင်သခင်ပင်။
ဆံဖြူအမျိုးသမီး၏ ပုန်ကန်လိုသော နှလုံးသားက သူမ၏ မျက်နှာပေါ်၌ အထင်အရှား ရေးသားထားသကဲ့သို့ ဖြစ်နေပေသည်။
အကျဉ်းထောင်သခင်ကမူ ကောက်ကျစ်စဉ်းလဲကာ တုံ့ဆိုင်းနေ၏။
ရီထျန်းမင်က အကျဉ်းထောင်သခင်ကို ကြည့်လိုက်သည်။ "မင်း ရှေ့တစ်လှမ်း ထပ်တိုးပြီး နတ်ဘုရားတစ်ပါး ဖြစ်မလာချင်ဘူးလား"
ထိုစကားတစ်ခွန်းကြောင့် အကျဉ်းထောင်သခင်၏ မျက်လုံးများက ချက်ချင်းဆိုသလို တက်ကြွလာ၏။ "ငါ... ငါ့မှာရော အခွင့်အရေး ရှိလို့လား"
ရီထျန်းမင်က ခေါင်းညိတ်ပြလိုက်သည်။ "ဘယ်သူကမှ မွေးကတည်းက နတ်ဘုရားအဖြစ် မွေးဖွားလာတာ မဟုတ်ဘူး"
ဆံဖြူအမျိုးသမီးက "ငါတို့ ကြွေးကြော်သံတစ်သံ လိုအပ်တယ်"
ရီထျန်းမင်က လေသံဖျော့ဖျော့ဖြင့် "ငါတို့ရဲ့ ကြွေးကြော်သံက... သေမျိုးတွေအားလုံး နတ်ဘုရား ဖြစ်လာနိုင်တယ်ဆိုတာပဲ"
***