ပင်မခန်းမဆောင်ကြီးအတွင်း၌ ကျောင်းတော်သခင်အသီးသီး၏ အမူအရာများက အနည်းငယ် လေးနက်နေကြ၏။
ဤလောက၌ နောက်ထပ် နတ်ဘုရားအသစ်တစ်ပါး ပေါ်ထွက်လာခဲ့ပြီဖြစ်ကာ ထိုသူက ထိပ်တန်းအဆင့် အစစ်အမှန်နတ်ဘုရားတစ်ပါးလည်း ဖြစ်နေသေးပေသည်။
ဤသည်က သူတို့၏ အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုအတွက် ကောင်းမွန်သောအရာတစ်ခု မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအသစ်တစ်ပါး ပေါ်ထွက်လာခြင်းက တည်ရှိနေသော အစီအစဉ်ကို သေချာပေါက် ပျက်ပြားသွားစေမည် ဖြစ်သောကြောင့်ပင်။
ထိုအခိုက်အတန့်၌ ရုတ်တရက် နတ်ဘုရားတာအိုကျောင်းတော်၏ ကျောင်းတော်သခင် ကျင်းချင်က "အားလုံးပဲ တိတ်ဆိတ်မနေကြပါနဲ့၊ ကိုယ့်သဘောထားကို ထုတ်ပြောကြပါဦး"
နတ်ဆိုးနတ်ဘုရားရှေးဟောင်းကျောင်းတော်၏ ကျောင်းတော်သခင် ခဲ့ရှန်းက လှောင်ပြောင်လိုက်သည်။ "သဘောထားကို ပြောရမယ်ပေါ့ ဟုတ်လား။ အဲဒါက အစစ်အမှန်နတ်ဘုရားစစ်စစ်တစ်ပါးလေ၊ ပြီးတော့ ထိပ်တန်းအဆင့် အစစ်အမှန်နတ်ဘုရားတစ်ပါးလည်း ဖြစ်နေသေးတယ်"
ရုတ်တရက် နိုးထခြင်းနန်းတော်၏ ကျောင်းတော်သခင် ကျဲကျဲက ဝင်ပြောလိုက်၏။ "သူက အားနည်းနေတဲ့ နတ်ဘုရားတစ်ပါးပါ"
အားနည်းနေသည့် နတ်ဘုရားတစ်ပါးလော။
အခြားသော ကျောင်းတော်သခင်သုံးဦးက သူ့ကို တစ်ချက်ကြည့်လိုက်ကြသည်။
နိုးထခြင်းနန်းတော်၏ ကျောင်းတော်သခင် ကျဲကျဲက "ငါတို့မှာ အခြေခံအားဖြင့် လမ်းနှစ်လမ်း ရှိတယ်။ ပထမလမ်းက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး သူ့ကို ဖွံ့ဖြိုးတိုးတက်ခွင့် ပေးလိုက်ဖို့ပဲ၊ ဒါပေမဲ့ ငါတို့အနေနဲ့ အကျိုးအမြတ်တွေကို စွန့်လွှတ်ဖို့တော့ ပြင်ဆင်ထားရလိမ့်မယ်၊ ဘာလို့လဲဆိုတော့ နတ်ဘုရားအသစ်တစ်ပါးက တရားဝင်အိမ်တော်တစ်ခု သေချာပေါက် လိုအပ်မှာပဲလေ။ ဒုတိယလမ်းကတော့ သူ့ရဲ့ ဖျားနာနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး သူ့အသက်ကို အဆုံးသတ်ပစ်ဖို့ပဲ"
သူ့အသက်ကို အဆုံးသတ်ပစ်မည်လော။
ထိုစကားသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခန်းမဆောင်အတွင်းရှိ လေထုက ချက်ချင်းဆိုသလို တင်းမာသွား၏။
နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခြင်း။
နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာ၌ နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခြင်းက ကြီးမားလှသော ပုန်ကန်မှုတစ်ခုဖြစ်ကြောင်း သံသယဝင်စရာပင် မလိုချေ။
ကျဲကျဲက အခြားသူများကို တစ်ချက်ကြည့်လိုက်သည်တွင် သူတို့၏ လေးနက်နေသော အမူအရာများကို မြင်လိုက်ရသည်၌ လှောင်ပြောင်လိုက်၏။ "အဲဒီကြယ်နတ်ဘုရားက မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို ဘာလို့ သွားခဲ့တာလဲ"
အခြားကျောင်းတော်သခင် သုံးဦးက တိတ်ဆိတ်နေကြသည်။
မော့ခယ်နတ်ဘုရားအကျဉ်းထောင်က မည်သို့သော နေရာမျိုးပါနည်း။
ထိုနေရာက နတ်ဘုရားများကို အထူးတလည်ဆန့်ကျင်သော နေရာပင်။
ကြယ်နတ်ဘုရားက ထိုနေရာသို့ သွားခဲ့ခြင်းဖြစ်လေရာ သူ၏ ရည်ရွယ်ချက်က အင်မတန် ရှင်းလင်းနေပြီ ဖြစ်သည်။
နတ်ဘုရားတာအိုကျောင်းတော်၏ ကျောင်းတော်သခင် ကျင်းချင်က ခေါင်းကို အနည်းငယ်မျှ ညိတ်ပြလိုက်၏။ "ညီအစ်ကိုကျဲ ပြောတာ လုံးဝမှန်တယ်။ ငါတို့ ဘယ်လိုအထင်အမြင်မှားမှုမျိုးမှ မရှိသင့်ဘူး"
နတ်ဆိုးနတ်ဘုရားရှေးဟောင်းကျောင်းတော်၏ ကျောင်းတော်သခင် ခဲ့ရှန်းကလည်း ခေါင်းညိတ်လိုက်သည်။ "အဲ့ဒီမော့ခယ်နတ်ဘုရားအကျဉ်းထောင်ကလည်း ဒီလောကကနေ ပျောက်ကွယ်သွားသင့်ပြီ"
သူတို့သုံးဦးက တစ်စုံတစ်ခုကို တွေးမိသွားသည့်ဟန်ဖြင့် ယခုအချိန်အထိ တိတ်ဆိတ်နေဆဲဖြစ်သော ကောင်းကင်သခင်ကျောင်းတော်၏ ကျောင်းတော်သခင် ချူနိုင်းကို ရုတ်ခြည်း လှည့်ကြည့်လိုက်ကြ၏။
ချူနိုင်းက "နတ်ဘုရားတစ်ပါးကို သတ်ဖြတ်တာက ကိစ္စသေးသေးလေး မဟုတ်ဘူး။ အကယ်၍ ငါတို့က မလုပ်ဘူးဆိုရင်တော့ ပြီးသေးတယ်။ အကယ်၍ ငါတို့ လုပ်မယ်ဆိုရင်တော့ ငါတို့အနေနဲ့ အစွမ်းကုန် ကြိုးစားမှ ရမယ်၊ ပြီးတော့ တစ်ဖက်လူကို ဘာအခွင့်အရေးမှ မပေးသင့်ဘူး။ အဲဒီလိုမှမဟုတ်ဘဲ ငါတို့ ကျရှုံးသွားပြီး တစ်ဖက်လူက ထွက်ပြေးလွတ်မြောက်သွားခဲ့ရင် အနာဂတ်မှာ..."
သူတို့၏ အမူအရာများအားလုံးက လေးနက်သွားကြသည်။
လုပ်ကြံသတ်ဖြတ်မှု ကျရှုံးသွားသည်နှင့်တစ်ပြိုင်နက် ယင်းက သွေးကြွေးတစ်ခု ဖြစ်သွားလိမ့်မည်ပင်။
ထိပ်တန်းအဆင့် အစစ်အမှန်နတ်ဘုရားတစ်ပါး၏ ကလဲ့စားချေမှု...
တွေးကြည့်ရုံနှင့်ပင် သူတို့၏ ဦးရေပြားများပါ ထုံကျဉ်သွားကြ၏။
ချူနိုင်းက ဆက်ပြောလိုက်သည်။ "သေချာတာကတော့ ငါတို့မှာ ထွက်ပေါက် မရှိတော့ဘူး။ ငါတို့က နောက်ဆုတ်ဖို့ ရွေးချယ်ပြီး တရားဝင်အိမ်တော်တချို့ကို စွန့်လွှတ်လိုက်မယ်ဆိုရင်တောင် အဲဒီနတ်ဘုရားက ကျေနပ်မှာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ရဲ့ လောဘက ပိုကြီးလာဦးမှာပဲ။ ဒါကြောင့် အနာဂတ်မှာ နတ်ဘုရားစစ်ပွဲတစ်ခုက သေချာပေါက် ဖြစ်လာမှာ... ဒီလိုအခြေအနေမျိုးမှာတော့ အခုပဲ လှုပ်ရှားလိုက်တာ ပိုကောင်းတယ်"
ကျင်းချင်က ခေါင်းညိတ်လိုက်၏။ "အတိအကျပဲ၊ အခု လှုပ်ရှားတာက ငါတို့အတွက် အနိုင်ရဖို့ အခွင့်အရေး ပိုများစေတယ်"
ချူနိုင်းက "အရမ်းကို ကြီးမားတယ်"
အခြားသူများက ချူနိုင်းကို ကြည့်လိုက်ရာ ချူနိုင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ "နတ်ဘုရားတစ်ပါးရဲ့ မာနနဲ့ဆိုရင် အကယ်၍ သူ့မှာသာ အခုချိန်မှာ လုံလောက်တဲ့စွမ်းအား ရှိနေမယ်ဆိုရင် သူက ငါတို့ကို အစောကြီးကတည်းက သုတ်သင်ပစ်နေလောက်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့ အစစ်အမှန်နတ်ဘုရားတွေက ဒီမှာမှ ရှိမနေတာ၊ ဒါပေမဲ့ သူက အဲဒီလို မလုပ်ခဲ့ဘူးလေ။ အဲဒါက ရှင်းပြချက်တစ်ခုတည်းပဲ ရှိတယ်၊ သူက အခုချိန်မှာ အရမ်းကို အားနည်းနေလို့ပဲ။ ငါတို့ စိတ်ကူးထားတာထက်တောင် ပိုပြီး အားနည်းနေလို့ပဲ"
ထိုစကားကို ကြားလိုက်ရသည်တွင် အခြားသူများ၏ မျက်လုံးများက ချက်ချင်းဆိုသလို တက်ကြွလာကြ၏။
သူတို့က မသိနားမလည်သော သာမန်လူများ မဟုတ်ကြချေ။ သူတို့၏ အမြင်တွင် နတ်ဘုရားများက ပြိုင်ဘက်ကင်းသူများ မဟုတ်ကြချေ၊ အားနည်းနေသော နတ်ဘုရားတစ်ပါးဆိုလျှင်မူ ဆိုဖွယ်ရာပင် မရှိတော့ပေ။
သေချာပေါက် သူတို့က ပို၍ နက်နက်ရှိုင်းရှိုင်း တွေးတောခဲ့ကြ၏။
နတ်ဘုရားတစ်ပါး၊ ထိပ်တန်းအဆင့် အစစ်အမှန်နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခြင်းမှ ရရှိလာမည့် အကျိုးအမြတ်များမှာ အဆုံးမရှိသော အကျိုးကျေးဇူးများပင်။
ရုတ်တရက် ချူနိုင်းက "ရှေးဟောင်းနတ်ဘုရားကျောင်းတော်ရဲ့ သဘောထားကရော ဘယ်လိုလဲ"
ကျင်းချင်က ခေါင်းခါယမ်းလိုက်သည်။ "သူကတော့ လူတိုင်း စည်းစည်းလုံးလုံးနဲ့ ခင်ခင်မင်မင် ရှိသင့်တယ်လို့ ပြောတယ်"
ထိုစကားကို ကြားလိုက်ရသည်တွင် လူတိုင်းမှာ မျက်မှောင်များ ကြုတ်သွားကြ၏။
ရှေးဟောင်းနတ်ဘုရားကျောင်းတော်၏ အင်အားက အထွတ်အမြတ်နတ်ဘုရားကျောင်းတော်ငါးခုထဲ၌ အသန်မာဆုံးပင်။ အကယ်၍ ရှေးဟောင်းနတ်ဘုရားကျောင်းတော်သာ ပါဝင်လာမည်ဆိုလျှင် အောင်မြင်မှုက သေချာပေါက်နီးပါး ရှိနေပြီဟု ဆိုနိုင်ပေသည်။
သို့သော် ကံဆိုးစွာဖြင့် ရှေးဟောင်းနတ်ဘုရားကျောင်းတော်မှ ထိုတစ်ယောက်က အနည်းငယ် ပုံမှန်မဟုတ်ဘဲ ဆက်သွယ်ပြောဆိုရန် အင်မတန် ခက်ခဲလှသည်။
ရုတ်တရက် နတ်ဆိုးနတ်ဘုရားရှေးဟောင်းကျောင်းတော်၏ ကျောင်းတော်သခင် ခဲ့ရှန်းက "ရှေးဟောင်းနတ်ဘုရားကျောင်းတော်ကို ထားလိုက်တော့၊ အကယ်၍ ငါတို့ရဲ့ ကျောင်းတော်လေးခုသာ ပူးပေါင်းမယ်ဆိုရင် အားနည်းနေတဲ့ နတ်ဘုရားတစ်ပါးကို ဖယ်ရှားပစ်ဖို့ဆိုတာ ပြဿနာကြီးတစ်ခု မဖြစ်နိုင်ပါဘူး"
အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။
ကျင်းချင်က မေးလိုက်၏။ "ငါတို့ ဘယ်တော့ လှုပ်ရှားကြမလဲ"
ခဲ့ရှန်းက "ဒီနေ့ပဲ"
လူတိုင်းမှာ အနည်းငယ် အံ့အားသင့်သွားကြ၏။
ခဲ့ရှန်းက လေးနက်သောအသံဖြင့် "ငါတို့ သူ့ကို အချိန်ပေးလို့ မရဘူး။ သူ့ရဲ့ ဒဏ်ရာတွေ သက်သာသွားတာနဲ့ အဲဒီအခါကျရင်..."
ချူနိုင်းက ခေါင်းညိတ်လိုက်သည်။ "ငါတို့ သူ့ကို အချိန်ပေးလို့ မရဘူး။ ငါတို့ ဒီနေ့ လှုပ်ရှားရလိမ့်မယ်။ ဒါပေမဲ့ မလှုပ်ရှားခင်မှာ ငါတို့က ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အသာစီးရမှုကို ယူထားရမယ်။ ငါတို့ရဲ့ ကျောင်းတော်လေးခုက ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်ပြီး နတ်ဘုရားပြစ်မှားသူကို တိုက်ခိုက်ချေမှုန်းမယ်လို့ ပြောထားရမယ်"
ကျင်းချင်က မျက်မှောင်ကြုတ်သွား၏။ "နတ်ဘုရားပြစ်မှားသူကို တိုက်ခိုက်ချေမှုန်းမယ် ဟုတ်လား"
ချူနိုင်းက သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "နတ်ဘုရားပြစ်မှားသူကို တိုက်ခိုက်ချေမှုန်းတာနဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးကို တိုက်ခိုက်ချေမှုန်းတာ၊ ဘယ်ဟာက ပိုပြီး သင့်တော်မယ်လို့ မင်း ထင်လဲ"
ကျင်းချင်က "သေချာပေါက် ပထမတစ်ခုပဲ"
အစစ်အမှန်နတ်ဘုရားတစ်ပါး။
အကယ်၍ သူတို့သာ အစစ်အမှန်နတ်ဘုရားတစ်ပါးကို တကယ်တိုက်ခိုက်ချေမှုန်းမည်ဆိုလျှင် ယင်းက စိတ်ဓာတ်ရေးရာကို သေချာပေါက် တုန်လှုပ်သွားစေလိမ့်မည်ပင်။
ချူနိုင်းက ခေါင်းညိတ်လိုက်၏။ "လောလောဆယ်တော့ ကြယ်နတ်ဘုရားရဲ့ အစစ်အမှန်အဆင့်အတန်းကို လောကကြီးဆီ ပေးသိလို့ မဖြစ်သေးဘူး။ ငါတို့က သူ့ကို ရီထျန်းမင်အနေနဲ့ပဲ သတ်မှတ်ရလိမ့်မယ်"
အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။
လူတိုင်းက ညှစ်ရလွယ်သော အသီးပျော့လေးကိုသာ ရွေးညှစ်ကြသည်က သဘာဝပင်။
ထောင့်တစ်နေရာရှိ လုရန်က အခြားသူများကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။
သို့သော် သူ၏ စိတ်ထဲ၌ လျှို့ဝှက်စွာ တွက်ချက်နေပြီ ဖြစ်သည်။
ကြယ်နတ်ဘုရားက ရီထျန်းမင်၏ ခန္ဓာကိုယ်အား လုယူထားခြင်းလော။
ကိစ္စရပ်များက ထိုမျှလောက် မရိုးရှင်းကြောင်း သူခံစားနေရ၏။ အဘယ်ကြောင့်ဆိုသော် သူက ရီထျန်းမင်နှင့် ဆက်ဆံခဲ့ဖူးသောကြောင့်ပင်။ ထို့ပြင် ထိုရီထျန်းမင်က ကွမ်ချွန်ဓားသခင်နှင့် ဆက်နွှယ်မှုတစ်ခုခု ရှိနေနိုင်သောကြောင့် ဖြစ်သည်။ ထိုသို့မဟုတ်ပါလျှင် ထိုဓားအလင်းတန်းလေးကို သူက ဤမျှလွယ်ကူစွာ မည်သို့ ဖယ်ရှားနိုင်ပါမည်နည်း။
ဤကိစ္စ၌ ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေကြောင်း သူ ခံစားလိုက်ရသည်။
ကြီးမားလှသော ပူးပေါင်းကြံစည်မှုကြီးတစ်ခုပင်။
သေစမ်း။
လုရန်မှာ ယခင်က တစ်ကြိမ်တစ်ခါမျှ မခံစားဖူးသော အကျပ်အတည်းတစ်ခုကို ခံစားလိုက်ရ၏။
မဖြစ်ချေ။
သူ ထွက်ပြေးရမည်ပင်။
သိပ်မကြာခင်၌ပင် သူက နည်းလမ်းနှစ်ခုကို စဉ်းစားမိသွားသည်။
ရှေးခေတ်ကတည်းကပင် အထိအခိုက်မရှိဘဲ ဆုတ်ခွာချင်သူများက ဖျားနာဟန်ဆောင်ကြခြင်း သို့မဟုတ် ရူးသွပ်ဟန်ဆောင်ခြင်းများ လုပ်ဆောင်ကြပေသည်။
ရူးသွပ်ဟန်ဆောင်ခြင်းက မသင့်တော်ချေ။ ထို့ကြောင့် သူက ဖျားနာဟန်ဆောင်ရမည် ဖြစ်၏။
ကျင့်ကြံနေရင်းဖြင့် သွေးကြောလွဲသွားလျှင် အကောင်းဆုံးပင်။
"အား..."
ရုတ်တရက် စူးရှသော အော်ဟစ်သံတစ်သံက ခန်းမဆောင်အတွင်း၌ ပဲ့တင်ထပ်သွား၏။
လူတိုင်းက လှည့်ကြည့်လိုက်ရာ လုရန်၏ ခန္ဓာကိုယ်က အတက်ရောဂါ ရနေသည့်အလား တဆတ်ဆတ် တုန်ရီနေသည်ကို မြင်လိုက်ရသည်။
တစ်နာရီခန့်အကြာတွင်။
မူလက တည်ငြိမ်အေးချမ်းနေသော နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာက ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာ၏ အထွတ်အထိပ်၌ ရပ်တည်နေသော အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက ပူးတွဲကြေညာချက်တစ်ခုကို ရုတ်တရက် ထုတ်ပြန်လိုက်ခြင်းကြောင့်ပင်။
"နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာရဲ့ ယုတ်မာတဲ့သူတွေဖြစ်တဲ့ မော့ခယ်နတ်ဘုရားအကျဉ်းထောင်က နတ်ဘုရားတွေကို ဗြောင်ကျကျ စော်ကားပြီး နတ်ဘုရားအာဏာကို စိန်ခေါ်နေတာ ကြာပါပြီ။ ဒီလိုလုပ်ရပ်တွေက လုံးဝကို ပုန်ကန်တာဖြစ်ပြီး ခွင့်လွှတ်လို့ မရပါဘူး။ နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာရဲ့ အစီအစဉ်ကို ထိန်းသိမ်းဖို့နဲ့ နတ်ဘုရားတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက နတ်ဘုရားပြစ်မှားသူတွေကို ပူးပေါင်းတိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..."
ထိုကြေညာချက် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက သန်မာသူများအားလုံးကို မော့ခယ်နတ်ဘုရားအကျဉ်းထောင်ထံသို့ စေလွှတ်လိုက်ကြတော့သည်။
ထို့ပြင် သူတို့ကို မှီခိုနေသော နတ်ဘုရားလက်အောက်ခံ မိသားစုများကလည်း သူတို့မိသားစုမှ သန်မာသူများကို ပထမဆုံး အခွင့်အရေး၌ပင် စေလွှတ်ကာ မော့ခယ်နတ်ဘုရားအကျဉ်းထောင်ထံသို့ အလျင်အမြန် သွားရောက်စေကြကုန်သည်။
တစ်ခဏအတွင်း၌ပင် နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာတစ်ခုလုံး ပွက်လောရိုက်သွား၏။ အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခု၏ ဝါဒဖြန့်မှုက တောမီးအလား ပျံ့နှံ့သွားကာ နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာ၏ ထောင့်စုံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။ နတ်ဘုရားစိတ်ဝိညာဉ်စကြာဝဠာ၏ နေရာအသီးသီး၌ ပြန့်ကျဲနေသော သာမန်ကျင့်ကြံသူများကလည်း ထိုဝါဒဖြန့်မှု၏ လွှမ်းမိုးမှုကို ခံရကာ နတ်ဘုရားပြစ်မှားသူများကို တိုက်ခိုက်ချေမှုန်းရန်အတွက် မော့ခယ်နတ်ဘုရားအကျဉ်းထောင်ထံသို့ သူတို့သဘောဆန္ဒအလျောက် သွားရောက်ကြလေသည်။
ကြီးကျယ်ခမ်းနားလှသော စစ်ချီပွဲကြီးပင်။
နတ်ဘုရားကောလိပ်။
အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက တစ်ပြိုင်နက်တည်း တိုက်ခိုက်ချေမှုန်းနေချိန်၌ပင် နတ်ဘုရားကောလိပ်အတွင်းရှိ အချို့သော ကျောင်းသားများကလည်း အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုမှ လူများ ဖြစ်နေကြသောကြောင့် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက သူတို့၏ ဖိတ်ခေါ်ချက်ကို ထုတ်ပြန်လိုက်ချိန်၌ သူတို့ကလည်း နတ်ဘုရားကောလိပ်မှ ချက်ချင်းထွက်ခွာကာ သူတို့ နတ်ဘုရားကျောင်းတော်များ၏ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်ရန် မော့ခယ်နတ်ဘုရားအကျဉ်းထောင်ထံသို့ အလျင်အမြန် သွားရောက်ကြကုန်သည်။
ထိုအခိုက်အတန့်၌ နတ်ဘုရားကောလိပ်မှ ကျောင်းသားအသီးသီးသည်လည်း အလုပ်များလာကြ၏။
အဘယ်ကြောင့်ဆိုသော် အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခုက မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို တိုက်ခိုက်ချေမှုန်းခြင်းမှာ ကြီးမားလှသော အဖြစ်အပျက်တစ်ခု ဖြစ်သောကြောင့် နတ်ဘုရားကောလိပ်၏ တာဝန်ခန်းမဆောင်က လှုပ်ရှားမှုများဖြင့် စည်ကားလာခဲ့ခြင်းပင်။ တာဝန်ကြေညာသင်ပုန်းပေါ်၌ တာဝန်အသစ်များ တက်လာသည့်အရှိန်က မျက်စိကျိန်းမတတ်ပင် ဖြစ်နေ၏။ ထိုတာဝန်များအားလုံးက မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကို တိုက်ခိုက်ချေမှုန်းခြင်းနှင့် သက်ဆိုင်နေကာ ပညာရေးရမှတ် ဆုကြေးများကလည်း ယခင်ကထက် အဆပေါင်းများစွာ မြင့်မားနေပေသည်။
အချို့က မိုးထိမတတ် မြင့်မားသော ပညာရေးရမှတ်များကိုပင် ကမ်းလှမ်းထားသဖြင့် ကျောင်းသားများစွာကို အလွန်အမင်း သွေးဆောင်နိုင်ခဲ့ကာ သူတို့က စိတ်ဝင်စားရာတာဝန်များကို ရွေးချယ်ရန် တာဝန်ခန်းမဆောင်သို့ အုံလိုက်ကျင်းလိုက် ရောက်ရှိလာကြ၏။
သူတို့အထဲတွင် ဆေးလုံးဖော်စပ်သူများနှင့် အဆောင်လက်ဖွဲ့ ရေးဆွဲသူများ၏ မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကြလုမတတ်ပင်။
သာမန်အားဖြင့် အမွှေးတိုင်နတ်ဘုရားစွမ်းအင်ကျောက်သလင်း ဆယ်လုံးခန့်သာ တန်ဖိုးရှိသော ဆေးလုံးများက ယခုအခါ၌ ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်ခန့် တန်ဖိုးရှိနေကာ ရောင်းလိုအားက ဝယ်လိုအားကိုပင် မလိုက်နိုင်တော့ချေ။
အဆောင်လက်ဖွဲ့ရေးဆွဲသူများက ပို၍ပင် ချဲ့ကားလွန်းလှ၏။ မူလက အမွှေးတိုင်နတ်ဘုရားစွမ်းအင်ကျောက်သလင်း ဆယ်လုံးခန့်သာ တန်ဖိုးရှိသော အဆောင်လက်ဖွဲ့တစ်ခုက ယခုအခါ၌ တစ်ရာကျော် တန်ဖိုးရှိနေကာ လုဝယ်၍ပင် မရနိုင်တော့ချေ။
သူတို့ အချီကြီးပွကုန်ကြခြင်းပင်။
ကောလိပ်အတွင်းရှိ အဆင့်မြင့်တပည့်များက တာဝန်များကို ရူးသွပ်စွာ လက်ခံနေကြကာ တာဝန်များကို လက်ခံနေစဉ်၌ပင် တာဝန်များကို ပြန်လည်ထုတ်ပြန်နေကြ၏။ အဘယ်ကြောင့်ဆိုသော် ပစ္စည်းများ အများအပြား လိုအပ်နေပြီး သူတို့ကလည်း အလွန်အမင်း အလုပ်များနေသောကြောင့်ပင်။ ထို့ကြောင့် သူတို့က ကူညီရန် လူများ ပိုလိုအပ်နေခြင်း ဖြစ်သည်။
ယနေ့တွင် ချင်ယွမ်က အင်မတန် ပျော်ရွှင်နေ၏။ အဘယ်ကြောင့်ဆိုသော် သူက အသေးအဖွဲအလုပ်များကို ကူညီရန် တာဝန်တစ်ခုကို လက်ခံရရှိခဲ့သောကြောင့်ပင်။ အကယ်၍ ထိုသို့သော တာဝန်မျိုးက သာမန်အချိန်များ၌ ဆိုလျှင် အများဆုံး ပညာရေးရမှတ်တစ်ရာခန့်သာ ရရှိမည်ဖြစ်သော်လည်း ဤတစ်ကြိမ်တွင်မူ ပညာရေးရမှတ် ခုနစ်ရာအပြည့် ရရှိမည် ဖြစ်သည်။
တစ်ခုတည်းသော အကြိုအခြေအနေမှာ အဖွဲ့နှင့်အတူ လိုက်ပါသွားရန်ပင်။
အချို့သော အဆောင်လက်ဖွဲ့ဆရာများက တာဝန်များကို လက်ခံပြီးနောက် ကျေနပ်ရောင့်ရဲခြင်း မရှိကြသေးချေ။ သူတို့က မော့ခယ်နတ်ဘုရားအကျဉ်းထောင်သို့ သွားရောက်ကာ အဆောင်လက်ဖွဲ့များကို နေရာ၌ပင် ရေးဆွဲပြီး ထိုနေရာ၌ပင် ရောင်းချရန် ဆုံးဖြတ်လိုက်ကြ၏။
ထိုအရာက ပို၍ အမြတ်အစွန်းများသောကြောင့်ပင်။
ချင်ယွမ်က သိုလှောင်လက်စွပ်တစ်ကွင်းကို ကောလိပ်၏ သိုလှောင်ရုံ၌ ထားရစ်ခဲ့ပြီးနောက် အပြင်စည်းကျောင်းသားတစ်စုနှင့်အတူ မော့ခယ်နတ်ဘုရားအကျဉ်းထောင်သို့ ဦးတည်သွားမည့် ကြယ်တာရာလွန်းပျံယာဉ်ပေါ်သို့ လိုက်ပါသွား၏။ သူနှင့်အတူ အခြားသော အပြင်စည်းကျောင်းသား နှစ်ဆယ်ကျော်လည်း ပါဝင်လာကာ အားလုံးက အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
အဘယ်ကြောင့်ဆိုသော် ဤတာဝန်အတွက် ဆုကြေးက များပြားရုံသာမက မော့ခယ်နတ်ဘုရားအကျဉ်းထောင်သို့ သွားရောက်ကာ သူတို့၏ အမြင်အာရုံကိုလည်း ကျယ်ပြန့်စေနိုင်သောကြောင့်ပင်။
ပုံမှန်အခြေအနေအောက်တွင်မူ သူတို့က သွားရောက်ရန် အရည်အချင်းပင် ပြည့်မီမည် မဟုတ်ချေ။
ဤတိုက်ခိုက်ချေမှုန်းရေးနှင့် ပတ်သက်၍ လူတိုင်းက ယုံကြည်မှုအပြည့် ရှိနေကြ၏။ မည်သို့ပင်ဆိုစေကာမူ ဤသည်က အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခု ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကာ မော့ခယ်နတ်ဘုရားအကျဉ်းထောင်ကလည်း အတိတ်ကာလ၌ အထွတ်အမြတ်နတ်ဘုရားကျောင်းတော်လေးခု၏ ဖိနှိပ်ခြင်းကို အမြဲတမ်း ခံခဲ့ရသည် မဟုတ်ပါလော။
ဤတစ်ကြိမ်၌ ပါဝင်သူများစွာရှိနေခြင်းနှင့် ပေါင်းစပ်လိုက်လျှင် ဤသည်က သေချာပေါက် အနိုင်ရမည့် တိုက်ပွဲတစ်ခုဟု ဆိုနိုင်ပေသည်။
ကြယ်တာရာသင်္ဘောပေါ်၌ ချင်ယွမ်က အဝေးရှိ ကျယ်ပြောလှသော ကြယ်တာရာကောင်းကင်ကြီးကို ကြည့်နေချိန်၌ သူ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် တောင့်တမှုများဖြင့် ပြည့်နှက်နေ၏။
နတ်ဘုရားကောလိပ်သို့ သူဝင်ရောက်ခဲ့ကတည်းက လောကကြီးကို သူ တကယ်မြင်တွေ့ခဲ့ရသည်။ ဤစကြာဝဠာကြီးက ဤမျှလောက် ကျယ်ပြောပြီး ဤမျှလောက် အံ့မခန်းဖွယ်ကောင်းနေလိမ့်မည်ဟု သူထင်မထားခဲ့ချေ။
ထိုအခိုက်အတန့်၌ ရုတ်တရက် အမျိုးသားတစ်ဦးက ချင်ယွမ်ထံသို့ လျှောက်လာ၏။ သူက ပြုံးလျက် "ညီအစ်ကိုချင်ယွမ်... မင်း ကြယ်အနှစ်သာရ နတ်ဘုရားစွမ်းအင်ကျောက်သလင်း ဘယ်လောက်တောင် စုဆောင်းထားပြီးပြီလဲ"
ချင်ယွမ်က နတ်ဘုရားကောလိပ်၌ ချွေတာတတ်သူအဖြစ် နာမည်ကြီး၏။ အခြားသူများက တစ်လလျှင် စိတ်ဝိညာဉ်ကျောက်သလင်းဆယ်လုံးကျော် သုံးစွဲနေချိန်၌ သူက အများဆုံး တစ်လုံးသာ သုံးစွဲပေသည်။
ချင်ယွမ်က ပြုံးဖြီးဖြီးဖြင့် "သိပ်မများပါဘူး... သိပ်မများပါဘူး"
ထိုအမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်၏။ "ညီအစ်ကိုချင်ယွမ်... ကောလိပ်ထဲမှာ မင်းရဲ့ ညီမလေးတစ်ယောက် ရှိတယ်လို့ ငါ ကြားထားတယ်။ သူ့နာမည်က ဘယ်လိုခေါ်လဲ"
ချင်းကျိက ကောလိပ်သို့ ဝင်ရောက်လာပြီးနောက် သူမက လျှို့ဝှက်စွာ ပြုစုပျိုးထောင်ခံခဲ့ရ၏။ အဓိကအားဖြင့် နတ်ဘုရားကျောင်းတော်အသီးသီးက သူမကို လုယူသွားမည်အား သူတို့ စိုးရိမ်သောကြောင့်ပင်။ ချင်ယွမ်ကလည်း အပြင်လူများကို သူမအကြောင်း တစ်ကြိမ်တစ်ခါမျှ မကြွားလုံးထုတ်ခဲ့ဖူးဘဲ မေးလာပါက သူ၏ ညီမလေးမှာ အင်မတန် ထူးချွန်ကြောင်းကိုသာ ပြောပြခဲ့သည်။
ချင်ယွမ်က ရိုးသားစွာ ပြုံးလိုက်သော်လည်း ဘာမှမပြောချေ။
ထိုအမျိုးသားက ဆက်လက်ရယ်မောလိုက်၏။ "မင်းငွေစုနေတာတွေအားလုံးက မင်းညီမလေးအတွက်လို့ ငါကြားထားတယ်။ ငါ့အမြင်ကို မေးရင်တော့ မင်းကိုယ်မင်းအတွက်လည်း စဉ်းစားဖို့ လိုသေးတယ်ပေါ့။ မင်းက စားဖို့လည်း နှမြောတယ်၊ ဝတ်ဖို့လည်း နှမြောတယ်၊ ကျင့်ကြံဖို့ဆို ပိုပြီးတော့တောင် နှမြောနေသေးတယ်။ အဲဒီလိုနေရတာ ဘဝက ဘာအဓိပ္ပာယ်ရှိလို့လဲ"
ချင်ယွမ်က ခေါင်းခါယမ်းလိုက်သည်။ "ငါ့မိဘတွေက စောစောစီးစီး ဆုံးပါးသွားခဲ့တော့ ငါနဲ့ ငါ့ညီမလေးက ငယ်ငယ်ကတည်းက အချင်းချင်း အားကိုးပြီး ကြီးပြင်းလာခဲ့ရတာ။ အစ်ကိုတစ်ယောက်အနေနဲ့ ငါသာ မညံ့ဖျင်းခဲ့ရင် ငါ့ညီမလေးရဲ့ ပါရမီနဲ့ဆို သူက အစောကြီးကတည်းက ဆရာတူအစ်မလောက် အစွမ်းထက်နေလောက်ပြီ..."
ပြောနေရင်းဖြင့် သူက ရုတ်တရက် ပြုံးဖြဲဖြဲလုပ်လိုက်၏။ "ငါ ငွေတွေ ပိုစုရဦးမယ်၊ ဘာလို့လဲဆိုတော့ အနာဂတ်မှာ ငါ့ညီမလေးရဲ့ ကျင့်ကြံခြင်းအတွက် ငွေတွေ အများကြီး သေချာပေါက် လိုအပ်လာမှာမို့လို့ပဲ..."
ထိုအမျိုးသားက ချင်ယွမ်ကို တစ်ချက်ကြည့်လိုက်ကာ ခေါင်းခါယမ်းလိုက်သည်။ "တကယ့်ကို အရူးပဲ..."
ထိုစဉ် သူ ဘာကို မြင်လိုက်သည်မသိ၊ သူ၏ မျက်လုံးများက ရုတ်ခြည်း ကျဉ်းမြောင်းသွား၏။
ကြယ်တာရာကောင်းကင်အတွင်း၌ ဥက္ကာပျံတစ်ခုအလား မီးတောက်လုံးတစ်ခုက ကောင်းကင်မှနေ၍ ကျဆင်းလာကာ သူတို့ စီးနင်းလာသော ကြယ်တာရာသင်္ဘောကို ပြင်းထန်စွာ ဝင်တိုက်လိုက်ခြင်းပင်။
"ရန်သူတွေ လာတိုက်နေပြီ..."
ဝုန်း...
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ကြယ်တာရာသင်္ဘောတစ်ခုလုံးက တိုက်ရိုက်ဆိုသလို ပေါက်ကွဲထွက်သွားလေသည်။
***