မိမိ၏ အဝတ်အစားသစ်ကို ကြည့်ကာ အားကျမခံပြောနေသော ဖုန်းဇီရှန်ကို မြင်လျှင် ဇန်ဇိုကျယ်က မတ်တတ်ရပ်လိုက်ပြီး…
"မျက်မြင်ကိုယ်တွေ့ဆိုတော့လည်း ယုံရတာပေါ့ ညီအစ်ကိုဖုန်းရာ။ မင်းလည်း ဒီအထည်ကို သဘောကျနေမှတော့ ပစ္စည်းရှိတုန်း တုန်းမိသားစု အထည်ဆိုင်ကိုသွားပြီး အထည်အနည်းငယ်လောက် ဝယ်ကြရအောင်။ ဘယ်လိုသဘောရလဲ"
ထို့နောက် ဇန်ဇိုကျယ်က အနည်းငယ် ရပ်နားလိုက်ပြီး…
"တုန်းမိသားစု အထည်ဆိုင်က လူတွေပြောတာတော့ ဒီအထည်က ဒေသထွက်ဆိုပေမယ့် တုန်းမိသားစုက မြို့တော်၊ ရှန်တုန်းနဲ့ ကျန်းနန်အထိပါ တင်ပို့ရောင်းချဖို့ စီစဉ်ထားတယ်တဲ့။ ထန်းကျင်းမြို့အတွက် ဖယ်ထားတဲ့အရေအတွက်က သိပ်မများဘူးလို့ ကြားတယ်။ ညီအစ်ကိုဖုန်း ဝယ်ချင်တယ်ဆိုရင်တော့ မြန်မြန်လေးသွားမှရမယ်နော်"
ဖုန်းဇီရှန်သည် ဆင်းရဲသော်လည်း ပညာတတ်စာပေသမားတို့မည်သည် ဂုဏ်သိက္ခာကို အလေးအမြတ်အထားဆုံးဖြစ်သည်။ ထို့ကြောင့် သူသည် မျက်နှာပန်းလှသော အဝတ်အစားသစ်တစ်စုံ ရစေရန်အတွက် အထည်အနည်းငယ်ဝယ်ရန် ငွေသုံးဖို့ ဝန်မလေးပေ။ လီမိသားစုထုတ် အထည်ချော၏ သေသပ်လှသော ရက်ကန်းအကွက်အဆင်က ပညာတတ်တစ်ဦး၏ သပ်ရပ်ကျော့ရှင်းမှုကို အပြည့်အဝ ဖော်ကျူးနိုင်သည်ကို သူ အမှန်တကယ် သဘောကျမိသည်။ ထို့ကြောင့် သူက မတ်တတ်ရပ်ကာ…
"ညီငယ်... လမ်းသာပြပေးပါတော့။ အခုချက်ချင်းသွားပြီး မင်းလိုမျိုးပဲ တင့်တယ်တဲ့ လည်ဝိုင်းဝတ်ရုံသစ်တစ်စုံ ချုပ်ဖို့ အထည်နည်းနည်းလောက် သွားဝယ်လိုက်ဦးမယ်"
"ဟား ဟား … အခုပဲ သွားကြတာပေါ့"
လီကျစ်ကတော့ သူ၏အထည်များ နေရာအနှံ့ ရောင်းကောင်းနေသည်ကို သေချာပေါက် သိထားပြီးဖြစ်သည်။ သို့ရာတွင် ဗိုင်းငင်စက်နှင့် လွန်းပျံရက်ကန်းစင်တို့၏ အကူအညီဖြင့် သူသည် မျှော်လင့်ထားသည်ထက်ပင် အမြတ်အစွန်းများစွာ ရရှိနေပြီဖြစ်ကာ ဤချည်ထည်များဖြင့် နာမည်ကောင်းတစ်ခု တည်ဆောက်ရန် ရည်ရွယ်ထားသောကြောင့် ဈေးနှုန်းတင်ရန် မလောသေးပေ။
တစ်နေ့တွင်… လီကျစ်သည် ကိုယ်ရံတော်နှစ်ဦးနှင့်အတူ အထည်စက်ရုံဘက်သို့ ထွက်လာခဲ့စဉ် ကျင်းပြန်ရပ်ကွက်ရှိ လမ်းကြားတစ်ခုအတွင်း အစေခံမိန်းကလေးတစ်ဦးနှင့်အတူ အလျင်စလို လျှောက်သွားနေသော ဆွေဟယ်ကို မြင်လိုက်ရသည်။ သူမနောက်တွင်တော့ ရှောင်ကွမ်ဝေ့က ကပ်ပါလာသည်။
"ဆွေဟယ်... ငါ့ကို စောင့်ပါဦး"
ဆွေဟယ်မှာ သူမနောက်သို့ ကပ်တွယ်လိုက်လာသော ရှောင်ကွမ်ဝေ့ကြောင့် အလွန်တရာ စိတ်အနှောင့်အယှက် ဖြစ်နေရသဖြင့် လှည့်ကြည့်ကာ… "ရှောင်ကွမ်ဝေ့… ငါ့နောက်ကို ဆက်မလိုက်ခဲ့နဲ့တော့…" ဟု အော်ပြောလိုက်သည်။
ရှောင်ကွမ်ဝေ့က ဆွေဟယ်အနီးသို့ ရောက်လာပြီး ပြုံးကာ…
"ဆွေဟယ်... ငါက နင့်နောက်ကို လိုက်နေတာ မဟုတ်ပါဘူး။ အမိတာဘာ ကျောင်းတော်မှာ မက်မွန်ပန်းတွေ သွားကြည့်ဖို့ နင့်ကို လာခေါ်တာပါ"
"ဘာ မက်မွန်ပန်းလဲ။ မသွားဘူး... ငါ မလိုက်ဘူး…"
အခြေအနေကို လီကျစ် ချက်ချင်းနားလည်လိုက်သည်။ ရှောင်ကွမ်ဝေ့က ဆွေဟယ်ကို ထပ်ပြီး လိုက်နှောင့်ယှက်နေခြင်းပင်။ မင်မင်းဆက် နှောင်းပိုင်းကာလ၏ လူမှုရေးအမြင်များက အတော်လေး ပွင့်လင်းလာပြီ ဆိုသော်ငြားလည်း… ယောကျာ်းနှင့် မိန်းမကြားတွင် စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်များ ရှိနေဆဲဖြစ်ကာ လူပျိုနှင့် အပျိုတို့မှာ သင့်လျော်သော အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားကြရသည်။ ယခုလို ရှောင်ကွမ်ဝေ့က ဆွေဟယ်အား လမ်းမထက်တွင် လိုက်လံနှောင့်ယှက်နေသည်ကို အခြားသူများသာသိသွားပါက သူမ၏ ဂုဏ်သိက္ခာအတွက် ကောင်းမည်မဟုတ်ပေ။
ထိုအချက်ကို ရှောင်ကွမ်ဝေ့ သိထားသော်လည်း ဆွေဟယ်နောက်သို့ တကောက်ကောက် လိုက်နေခြင်းမှာ ဆွေဟယ်က သူ့ကို သဘောကျနေသည်ဟူသော ကောလာဟလများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပုံရသည်။ ဤသည်က သူ၏ မကောင်းသော စိတ်သဘောထားကို ပြသနေခြင်းပင်။
ဆွေဟယ်က ရှောင်ကွမ်ဝေ့ကို နှစ်ခွန်းသုံးခွန်းခန့် ငေါက်ငမ်းလိုက်ပြီးနောက် လှည့်ကာ ကျင်းပြန် ရပ်ကွက်ထဲသို့ ပြန်ဝင်လာရာ… ကိုယ်ရံတော်နှစ်ယောက်နှင့်အတူ ရှိနေသော လီကျစ်ကို မြင်လိုက်ရသည်။ လီကျစ်ကို မြင်သည်နှင့် ဆွေဟယ်သည် ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသကဲ့သို့ ခံစားသွားရပြီး သူရှိရာသို့ အလျင်အမြန်ပြေးသွားလေသည်။
"လီကျစ်... မြန်မြန် လာကူပါဦး…"
လီကျစ်က နားမလည်ဟန်ဆောင်ကာ…
"ဘာကို ကူညီရမှာလဲ"
"ယင်ကောင်လို ကပ်တွယ်နေတဲ့ ဒီ ရှောင်ကွမ်ဝေ့ကို မောင်းထုတ်ပေးပါဦး"
လီကျစ်က ပြုံးလိုက်ပြီး သူတို့အနီးသို့ ရောက်လာသော ရှောင်ကွမ်ဝေ့ကို လှမ်းကြည့်လိုက်သည်။
ရှောင်ကွမ်ဝေ့ အနားသို့ ရောက်လာပြီဖြစ်သည်။ ဆွေဟယ်၏ ရှေ့တွင် ရပ်နေသော လီကျစ်ကို မြင်လျှင် သူ ခေတ္တမျှစဉ်းစားလိုက်ပြီး မျက်မှောင်ကြုတ်ကာ…
"လီကျစ်… ငါနဲ့ ဆွေဟယ်နဲ့ ပြောစရာစကားလေး နည်းနည်းရှိတယ်။ မင်း မြန်မြန် ထွက်သွားလိုက်စမ်းပါ"
ကလေးဘဝကတည်းက ရှောင်ကွမ်ဝေ့၏ အမြင်တွင် လီကျစ်ဆိုသည်မှာ ဆင်းရဲပြီး ဉာဏ်ထိုင်းကာ သူများအနိုင်ကျင့်သမျှ ခံနေတတ်သည့် ငတုံးတစ်ယောက်သာဖြစ်သည်။ မကြာသေးမီက လီကျစ်တစ်ယောက် ပါးနပ်လာပြီး ရှောင်မိသားစုထံမှ ချေးထားသောငွေများကို ပြန်ဆပ်နိုင်ခဲ့သည့်အပြင်… လူတွေက သူ ဆပ်ပြာအလုပ်ရုံတောင် ဖွင့်ထားသည်ဟု ပြောနေကြသော်လည်း ရှောင်ကွမ်ဝေ့၏ စိတ်ထဲတွင် လီကျစ်၏ ပုံရိပ်က သိပ်ပြီး ပြောင်းလဲမသွားသေးပေ။
ထို့ကြောင့် ရှောင်ကွမ်ဝေ့က လီကျစ်ကို မြင်သည်နှင့် ထွက်သွားရန် ရိုင်းစိုင်းစွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။ လီကျစ်က သူပြောသည်ကို နားမထောင်သည်ကို မြင်သောအခါ ရှောင်ကွမ်ဝေ့က ထပ်မံ၍…
"ငါ့မိသားစုရဲ့ ငွေတွေကို ပြန်ဆပ်နိုင်ရုံလေးနဲ့ မင်းကိုယ်မင်း အထင်ကြီးမနေနဲ့… မင်းရဲ့ စုတ်ပြတ်သတ်နေတဲ့ ခြံဝင်းကိုလည်း ပြန်ကြည့်ဦး။ မင်းအိမ်နဲ့ ငါ့အိမ်… ပြီးတော့ ဆွေဟယ်ရဲ့အိမ်တွေကြားမှာ ကွာခြားချက်က မိုးနဲ့မြေပဲ… အခုချက်ချင်း ထွက်သွားစမ်း…"
ရှောင်မိသားစုသည် တောင်ပင်လယ်ပုလဲများကို အရောင်းအဝယ်ပြုကြပြီး တစ်နှစ်လျှင် ငွေသျှူး ရာနှင့်ချီ၍ အမြတ်အစွန်းရရှိကာ… ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတွင် နေထိုင်ကြသည်။ ထို့ကြောင့် ရှောင်ကွမ်ဝေ့သည် လီမိသားစု၏ ဟောင်းနွမ်းစုတ်ပြတ်ကာ ပြုပြင်ထိန်းသိမ်းမှုမရှိသော ခြံဝင်းငယ်လေးကို အထင်အမြင်သေးနေခြင်းဖြစ်သည်။ လီကျစ်၏ ဆပ်ပြာအလုပ်ရုံမှ လက်ရှိရနေသော အမြတ်အစွန်းများကို ရှောင်ကွမ်ဝေ့ သေသေချာချာ မသိသော်လည်း… လီမိသားစု၏ ခြံဝင်းမှာ စုတ်ပြတ်နေဆဲဖြစ်သဖြင့် ငတုံး လီကျစ် လုပ်ကိုင်နေသည့် စီးပွားရေးမှာလည်း သိပ်ပြီး ကြီးကျယ်မည်မဟုတ်ဟု သူ့စိတ်ထဲတွင် အလိုအလျောက် သတ်မှတ်ထားမိသည်။ မကြာသေးမီက လီကျစ် တည်ဆောက်ခဲ့သော အထည်စက်ရုံ အကြောင်းကိုမူ အတွေ့အကြုံနုနယ်လှသော ရှောင်ကွမ်ဝေ့ တစ်ယောက် လုံးဝပင်မသိရှိပေ။
ဆယ်စုနှစ်တစ်ခုကျော်ကြာ အမြစ်တွယ်နေခဲ့သော လီကျစ်အပေါ် အထင်အမြင်သေးသည့် ရှောင်ကွမ်ဝေ့၏ စိတ်စွဲကိုအလွယ်တကူ ပြောင်းလဲပစ်ရန်မဖြစ်နိုင်ပေ။
လီကျစ်က မောက်မာနေသော ရှောင်ကွမ်ဝေ့ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေးပင်
"ရှောင်ကွမ်ဝေ့... မင်းက လမ်းမပေါ်မှာ မိန်းမပျိုလေးတစ်ယောက်ကို လိုက်နှောင့်ယှက်နေတယ်။ ဒါက လူကျင့်ဝတ်နဲ့မညီတဲ့ အပြုအမူပဲ… မင်းအမှားကို မင်းသိရဲ့လား"
သူမဘက်မှ ကာကွယ်ပြောဆိုပေးသော လီကျစ်၏ စကားကို ကြားသောအခါ ဆွေဟယ်တစ်ယောက် ဝမ်းသာအားရဖြင့် ခြေဖျားလေးထောက်ကာ ကလေးတစ်ယောက်လို လက်ခုပ်တီးလိုက်သည်။
"လီကျစ် ပြောတာ အမှန်ပဲ…"
ရှောင်ကွမ်ဝေ့မှာ လီကျစ်၏ စကားကြောင့် ကြက်သေသေသွားပြီးနောက် ဒေါသတကြီးဖြင့်
"လီကျစ်... မင်း ရူးနေတာလား။ ငါ့ကိုများ ဆုံးမရဲတယ်ပေါ့လေ။ မင်းအိမ်နဲ့ ငါ့အိမ်ကြားက ကွာဟချက်ကို မင်း မမြင်ဘူးလား။ မင်းကို ငါ အလကားနေရင်း ဖြတ်ရိုက်လိုက်လို့ရတယ်... မင်း ယုံလား"
ရှောင်ကွမ်ဝေ့က လီကျစ်ကို အရင်ကငတုံးတစ်ယောက်လိုပင် ဆက်ဆံနေဆဲဖြစ်ပြီး… သူတို့ ရှောင်မိသားစု၏ အဆင့်အတန်းကြောင့် လီကျစ်အား လိုသလိုအနိုင်ကျင့်နိုင်သည်ဟု ယုံကြည်ကာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေခြင်းဖြစ်သည်။
ရှောင်ကွမ်ဝေ့၏ စကားကို ကြားပြီးနောက် လီကျစ်က ဒေါသတကြီး နှာမှုတ်လိုက်ကာ
"ရှောင်ကွမ်ဝေ့... မင်းရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ပြီး အခြေအနေကို သေသေချာချာကြည့်စမ်း"
လီကျစ်က လက်ယပ်ခေါ်လိုက်သည်နှင့် သူ့နောက်မှ လိုက်ပါလာသော ကိုယ်ရံတော်နှစ်ဦးက ရှေ့သို့ထွက်လာပြီး ရှောင်ကွမ်ဝေ့ကို တစ်ဖက်တစ်ချက်စီမှ ဝိုင်းရံလိုက်ကြသည်။
ထိုကိုယ်ရံတော်နှစ်ဦးစလုံးမှာ လီကျစ်က အစောင့်အကြပ်များအဖြစ် ခန့်အပ်ထားသူများဖြစ်ကာ ရှောင်ကွမ်ဝေ့ထက် အရပ်တစ်မိုက်ခန့် ပိုရှည်ကြသည်။ ထို့ပြင် ၎င်းတို့သည် သိုင်းပညာကို လနှင့်ချီ၍ လေ့ကျင့်ထားသူများဖြစ်သောကြောင့် ခန္ဓာကိုယ်တောင့်တင်းခိုင်မာပြီး အရှိန်အဝါတစ်ခုကိုလည်း ထုတ်လွှင့်နေကြသည်။ သူတို့နှစ်ဦးက ရှောင်ကွမ်ဝေ့ကို တစ်ဖက်တစ်ချက်စီမှ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ကို ဖမ်းချုပ်ထားသကဲ့သို့ ဖြစ်သွားစေသည်။
"ရှောင်ကွမ်ဝေ့... နောက်တစ်ခါ ဆွေဟယ်နောက်ကို မင်း ဆက်လိုက်နေဦးမယ်ဆိုရင် လူရိုက်ခံရဖို့သာပြင်ထား... အဲဒီကျမှ ငါ လီကျစ်ကို လာမအပြစ်တင်နဲ့…"
ရှောင်ကွမ်ဝေ့သည် ကျင်းပြန် ရပ်ကွက်ထဲတွင် မောက်မာဝင့်ကြွားနေသော်လည်း အမှန်တကယ်တော့ သတ္တိကြောင်သူဖြစ်သည်။ လီကျစ်၏ လူများက ဝိုင်းရံထားသောအခါ သူ ကြောက်လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ ထို့နောက် လီကျစ်၏ ကိုယ်ရံတော်များကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ကြည့်ကာ…
"လီကျစ်... မင်း သိပ်ပြီးမောက်မာမနေနဲ့။ မင်း ငါ့ကိုများ ထိရဲထိကြည့်… ချင်းစစ်ဘက်ရေးရာရုံးက အဘိုးကြီးချန်ကိုပြောပြီး မင်းကို သတ်ခိုင်းဖို့ ငါ့အဖေကို တိုင်လိုက်မယ်…" ဟု အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
သူ၏ အဆက်အသွယ်များကို အားကိုးတကြီး ကြွားလုံးထုတ်နေသည်ကို ကြားသောအခါ လီကျစ်က…
"ဘယ်က အဘိုးကြီးချန်လဲ"
လီကျစ်၏ မေးခွန်းကိုကြားလျှင် ရှောင်ကွမ်ဝေ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့်…
"ချင်းစစ်ဘက်ရေးရာရုံး… ရာဇဝတ်မှုဌာနက စာရေးတော်ကြီး အဘိုးကြီးချန်လေ… သူက ငါ့အဖေရဲ့ မိတ်ဆွေပဲ။ ပြီးခဲ့တဲ့လကတောင် ငါ့အဖေနဲ့အတူ အရက်သောက်ခဲ့ကြသေးတယ်။ မင်း ငါ့ကို ရိုက်ရဲရင် အဘိုးကြီးချန်က မင်းကို အလွတ်ပေးမှာမဟုတ်ဘူး"
ထိုအခါမှသာ ရှောင်မိသားစု၏ အကြီးမားဆုံး အဆက်အသွယ်ဆိုသည်မှာ ထန်းကျင်း ချင်းစစ်ဘက်ရေးရာရုံးမှ စာရေးတော်ကြီးတစ်ဦးဖြစ်နေမှန်း လီကျစ် နားလည်သွားတော့သည်။
စာရေးတော်ကြီးဆိုသည်မှာ မင်မင်းဆက်အစိုးရတွင် အမတ်များအပြင် စီမံခန့်ခွဲရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး နောက်ပိုင်းခေတ်များမှ နိုင်ငံ့ဝန်ထမ်းများနှင့် ဆင်တူသော်လည်း အလုပ်ခန့်အပ်ရန်အတွက် စာမေးပွဲဖြေဆိုရန် မလိုအပ်ပေ။ မင်မင်းဆက်ရှိ အမတ်အများစုကို နန်းတွင်းစာမေးပွဲစနစ်မှတစ်ဆင့် ရွေးချယ်ကြသော်လည်း စာရေးတော်ကြီးများကိုမူ ပြည်သူများထဲမှ တိုက်ရိုက်ရွေးချယ်လေ့ရှိသည်။ ထန်းကျင်း ချင်းစစ်ဘက်ရေးရာရုံးရှိ ရာဇဝတ်မှုဌာန စာရေးတော်ကြီးဆိုသည်မှာ ထန်းကျင်းမြို့ရှိ အရပ်ဘက်ဆိုင်ရာ ကိစ္စရပ်များကို စီမံခန့်ခွဲပေးရသော… "ချင်းစစ်ဘက်ရေးရာရုံး" အတွင်း ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်များအတွက် တာဝန်ရှိသည့် စာရေးတော်ကြီးများ၏ အကြီးအကဲဖြစ်သည်။ ကြီးမားသော ရာဇဝတ်မှုတစ်ခုခု ဖြစ်ပွားလာပါက ထိုအဘိုးကြီးချန်သည် ချင်းစစ်ဘက်ရေးရာရုံး၏ ဒုတိယမြို့ဝန်ထံ အကြံပြုချက်များတင်ပြနိုင်သည်။ အချို့သော အမှုအသေးအမွှားများတွင်မူ ဒုတိယမြို့ဝန်ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရန် ပျင်းရိတတ်သဖြင့် အဘိုးကြီးချန်က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းနိုင်သည်။
အဘက်ဘက်မှ ခြုံငုံကြည့်လျှင် အဘိုးကြီးချန်ကို ဩဇာအာဏာရှိသော စာရေးတော်ကြီးတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ အကယ်၍ ယခင် လီကျစ်သာ ရှောင်မိသားစု၏ အဆက်အသွယ်များကို သိခဲ့ပါက သေချာပေါက် ရှောင်ဖယ်ကာ ငြိမ်ငြိမ်သက်သက် နေခဲ့မည်သာ ဖြစ်သည်။
သို့ရာတွင် လက်ရှိ လီကျစ်အတွက်မူ ရာဇဝတ်မှုဌာနမှ စာရေးတော်ကြီးဆိုသည်မှာ ဂရုစိုက်စရာပင် မလိုလောက်အောင် သေးငယ်လွန်းလှသည်။ လီကျစ်သည် ပြည်နယ်ဘုရင်ခံထံသို့ ငွေသျှူး နှစ်ထောင်အထိ လက်ဆောင်ပေးထားသူဖြစ်သည်။ တစ်ခုခုဖြစ်လာခဲ့ပါက သူသည် ပြည်နယ်ဘုရင်ခံ ဟယ်ရှီရှို့ထံသွား၍ ငွေအနည်းငယ် ထပ်မံအသုံးပြုလိုက်ရုံဖြင့် ထိုအဘိုးကြီးချန်ကို လက်တစ်ဖျစ်စာအတွင်း ဖိနှိပ်ပစ်နိုင်စွမ်းရှိသည်။ သို့ဖြစ်ရာ သူက ရှောင်ကွမ်ဝေ့ကို ဘာကြောင့်များ ကြောက်ရွံ့နေရမည်နည်း။
***