လီကျစ်က ရှောင်ကွမ်ဝေ့ကို စကားမပြန်ဘဲ ပြုံးလိုက်ပြီး… သူ့အိမ်ရှေ့ ဆယ်ကိုက်ခန့်အကွာတွင် အစောင့်ကျနေသော ကိုယ်ရံတော်နှစ်ဦးကို လက်ယပ်ခေါ်လိုက်သည်။
ထိုကိုယ်ရံတော်နှစ်ဦးက လီကျစ်၏ အမူအရာကိုနားလည်ပြီးလျှောက်လာကာ ရှောင်ကွမ်ဝေ့ကို ဝိုင်းရံလိုက်ကြသည်။
တောင့်တင်းသန်စွမ်းသော လူလေးယောက်ကဝိုင်းရံထားသဖြင့် ရှောင်ကွမ်ဝေ့မှာ လည်ပင်းလေးပုဝင်သွားသည်အထိ ကြောက်လန့်သွားတော့သည်။
ခပ်ချောချော မျက်နှာလေးပေါ်တွင် အကြောက်တရားများ တဖြည်းဖြည်းပေါ်လွင်လာသည်။
လီကျစ်က တည်ငြိမ်စွာဖြင့်…
"ရှောင်ကွမ်ဝေ့... မင်းအဖေက ရာဇဝတ်မှုဌာနက စာရေးတော်ကြီးတစ်ယောက်ကို သိတယ်လို့ ပြောမနေနဲ့။ မင်းမိသားစုက ဒုတိယမြို့ဝန်ကို သိနေရင်တောင် မင်း ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်နိုင်တော့တဲ့အထိ ငါ ရိုက်ရဲတယ်... မင်း ယုံလား"
လီကျစ်၏စကားကို ကြားသောအခါ ရှောင်ကွမ်ဝေ့၏ မျက်နှာမှာ ဖြူရော်သွားတော့သည်။
လီကျစ်က ခြောက်လှန့်နေခြင်းဟုတ်မဟုတ်ကို သူ မသိသော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည်လက်ရှိတွင် လူလေးယောက်၏ဝိုင်းရံခြင်းကို ခံထားရသည်။ အကယ်၍ လီကျစ်က ဤလူမိုက်များကို သူ့အား ရိုက်နှက်ရန် အမိန့်ပေးလိုက်ပါက သူကိုယ်တိုင် အရင်ဆုံး နာကျင်ရမည်မှာ အသေအချာပင်။
ထို့အပြင် လီကျစ်၏ ယုံကြည်မှုအပြည့်ရှိသောစကားများက မိမိ မိသားစု၏ အဆက်အသွယ်များသည် သူ့ကို ကာကွယ်ပေးနိုင်ပါ့မလားဟု သံသယဝင်သွားစေပြီး ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်သွားစေသည်။
ရှောင်ကွမ်ဝေ့သည် တံတွေးမြိုချလိုက်ပြီး ဆက်လက်၍ မောက်မာဝင့်ကြွားခြင်းမပြုရဲတော့ဘဲ လီမိသားစု၏ ကိုယ်ရံတော်လေးယောက်၏ ဝိုင်းရံမှုမှလွတ်မြောက်ရန် နောက်သို့ခြေသုံးလှမ်းခန့် ဆုတ်လိုက်သည်။
ကိုယ်ရံတော်လေးယောက်က သူ့နောက်သို့ လိုက်မလာသည်ကိုမြင်သောအခါ ရှောင်ကွမ်ဝေ့က လီကျစ်ကို စူးရဲစွာစိုက်ကြည့်ပြီး ထွက်ပြေးသွားတော့သည်။
"လီကျစ်... မင်း သိပ်မောက်မာမနေနဲ့။ မှတ်ထားလိုက်…"
ထွက်ပြေးသွားသော ရှောင်ကွမ်ဝေ့ကို လီကျစ်က…
"ဆွေဟယ်ကို နောက်တစ်ခါလိုက်နှောင့်ယှက်နေတာတွေ့ရင် မင်း သေချာပေါက် အရိုက်ခံရမယ်…" ဟု အော်ပြောလိုက်သည်။
ရှောင်ကွမ်ဝေ့ ထွက်ပြေးသွားသည်ကိုမြင်သောအခါ ဆွေဟယ်က တခစ်ခစ် ရယ်မောလိုက်သည်။
သူမက ဝမ်းသာအားရ လက်ခုပ်တီးလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေးနီရဲလာကာ ပြောမပြတတ်အောင် ပျော်ရွှင်နေသည်။
"လီကျစ်က တကယ့်ကိုအံ့ဩစရာပဲ… ယင်ကောင်ကို မောင်းထုတ်လိုက်နိုင်ပြီ…"
ဆွေဟယ်က လီကျစ်၏ ပခုံးကိုပုတ်ကာရင်းနှီးစွာဖြင့် ….
"ဒီနေ့ကစပြီး နင်က ငါ့ရဲ့ အကာအကွယ်ပဲ…"
"အကာအကွယ် ဟုတ်လား"
လီကျစ်က ခပ်ဖွဖွပြုံးလိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
လီကျစ်က သူမကို စကားမပြန်သည်ကို မြင်သောအခါ ဆွေဟယ်က…
"နင် ဘယ်သွားမလို့လဲ"
"ငါ့ရဲ့ အထည်စက်ရုံကို သွားကြည့်မလို့"
ဆွေဟယ်က သူမ၏ မျက်လုံးဝိုင်းကြီးများကိုဖွင့်ကာ….
"နင်က လူရာနဲ့ချီပြီး အလုပ်ခန့်ထားတဲ့ အထည်ရက်ကန်းရုံနဲ့ ချည်ငင်ရုံ အကြီးကြီးတစ်ခု ဆောက်ထားတယ်လို့ ငါ့အဖေပြောတာ ကြားဖူးတယ်။ လီကျစ်... နင်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက်တောင် တော်သွားရတာလဲ"
လီကျစ်က ပြုံးလိုက်ပြီး "ဒီလိုပါပဲ" ဟု တည်ငြိမ်စွာ ပြန်ဖြေသည်။
ဆွေဟယ်က စူးစမ်းလိုစိတ်ဖြင့်…
"လူရာနဲ့ချီရှိတဲ့ အလုပ်ရုံကြီးကို ငါ တစ်ခါမှမမြင်ဖူးဘူး။ လီကျစ်... ငါ့ကိုလည်း ခေါ်သွားပြီး ပြပါလား"
လီကျစ်က ဆွေဟယ်ကို ကြည့်ပြီး ခေါင်းညိတ်ကာ…
"သွားကြတာပေါ့… စည်ကားနေတာတွေကို မင်းကိုလိုက်ပြမယ်…"
လီကျစ်က ဆွေဟယ်ကို အရှေ့တံခါးဘက်သို့ခေါ်သွားပြီး မြို့တံခါးမှထွက်ကာ အနည်းငယ်လမ်းလျှောက်ပြီးနောက် အထည်စက်ရုံသို့ ရောက်ရှိသွားကြသည်။
လီကျစ်က ဆွေဟယ်နှင့်အတူ ရောက်လာသည်ကို မြင်သောအခါ အထည်စက်ရုံဝင်ပေါက်တွင် ကင်းစောင့်နေသော ကိုယ်ရံတော်လေးယောက်စလုံးကဦးညွှတ်ပြီး လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးကြသည်။
ဤသို့ လေးစားခံရသည့်ခံစားချက်က ဆွေဟယ်ကို ထပ်မံ၍ စိတ်လှုပ်ရှားသွားစေသည်။
စက်ရုံအတွင်းသို့ဝင်ရောက်လာပြီး အလုပ်ရုံတစ်ခုစီတိုင်းတွင် အလုပ်များနေကြသည်ကို မြင်သောအခါ ဆွေဟယ်က…
"လီကျစ်... နင့်စက်ရုံက တစ်လကိုချည်ထည် ဘယ်လောက်တောင် ထုတ်နိုင်လဲ"
"ငါ့စက်ရုံက လစဉ် ချည်ထည်အလိပ် တစ်သောင်းခွဲအထိ ထုတ်နိုင်တယ်…"
"လူလေးရာလောက်နဲ့ အထည်တွေဒီလောက်အများကြီး ထုတ်နိုင်တာလား။ ငါ့အမေ ပြောဖူးတာတော့ ရက်ကန်းသမားတစ်ယောက်က ၃-၄ ရက်နေမှ အထည်တစ်လိပ်ပဲ ရက်နိုင်တာတဲ့"
"ငါ့ရက်ကန်းစင်က သာမန်ရက်ကန်းစင်ထက် အဆပေါင်းများစွာပိုကောင်းတယ်။ သူ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်က သာမန်ရက်ကန်းစင်ထက် လေးဆတောင် ပိုမြန်တယ်…"
"အဲဒီလောက်တောင် စွမ်းတာလား"
ရက်ကန်းရုံတွင် အတန်ကြာလေ့လာပြီးနောက် လီကျစ်က ဆွေဟယ်ကို ချည်ငင်ရုံသို့ ခေါ်သွားသည်။
ချည်ငင်ရုံအတွင်းရှိ စက်များ၏ ဆူညံသံများနှင့် အလုပ်များနေသောမြင်ကွင်းက ဆွေဟယ်ကို သိချင်စိတ်များ ပြည့်နှက်သွားစေပြီး…
"လီကျစ်... နင့်ချည်ငင်စက်တွေကို အတွင်းကတည်ဆောက်ပုံမမြင်ရအောင် ဘာလို့ သစ်သားပြားတွေနဲ့ အုပ်ထားရတာလဲ"
"စက်ရဲ့အတွင်းပိုင်းတည်ဆောက်ပုံက ငါ့ရဲ့ လျှို့ဝှက်ချက်လေ။ ဒါကြောင့် လူတွေကို ပေးမကြည့်နိုင်ဘူးပေါ့…"
"ဒါဆို နင့်ချည်ငင်စက်က သာမန်ချည်ငင်စက်ထက် ဘယ်နှဆလောက် ပိုမြန်လဲ"
"ငါ့ချည်ငင်စက်ရဲ့ စွမ်းဆောင်ရည်က သာမန်ချည်ငင်စက်ထက် ငါးဆပိုများတယ်။ ချည်ချော တစ်ကျင်ကို ရှစ်ရက်အတွင်း ငင်နိုင်တယ်"
လီကျစ်က ခေတ္တရပ်လိုက်ပြီး…
"တုန်းမိသားစု အထည်ဆိုင်က လီမိသားစု ချည်ထည်အချောအကြောင်း မင်း သိလား။ အဲဒီချည်ထည်တွေကို ငါ့ရဲ့ ချည်ငင်ရုံနဲ့ ရက်ကန်းရုံကနေ ထုတ်လုပ်တာပဲ။ အခုဆို လူကြိုက်များနေပြီ"
"လီမိသားစု ချည်ထည်အချော…ငါ ကြားဖူးတယ်။ သိပ်တော်တာပဲ… သိပ်တော်တာပဲ… ဒါက ဟိုတစ်ခေါက်က နင်ပြောတဲ့ နည်းပညာရဲ့ အစွမ်းဆိုတာလား"
လီကျစ်၏စကားကို ကြားသောအခါ ဆွေဟယ်က စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်ပြီး လီကျစ်ကို အထင်ကြီးလေးစားသည့် အကြည့်ဖြင့်ကြည့်လိုက်သည်။
"ဟုတ်တယ်... ဒါ နည်းပညာရဲ့ အစွမ်းပဲ"
သူတို့နှစ်ဦး စကားပြောနေစဉ် လီကျစ်၏အနီးရှိ သက်လတ်ပိုင်းအရွယ် ချည်ငင်သမား အမျိုးသမီးတစ်ဦးက ဆွေဟယ်ကို မော့ကြည့်ကာ…
"ဒီလောက်လှပတဲ့ မိန်းမပျိုလေးက ဘယ်ကရောက်လာတာလဲ။ ငါတို့သူဌေးနဲ့ သိပ်လိုက်ဖက်တာပဲ…" ဟု ရေရွတ်လိုက်သည်။
သူမ၏ ပွင့်လင်းလှသော စကားကိုကြားသောအခါ အခြားသောချည်ငင်သမား အမျိုးသမီးများကလည်း ဆွေဟယ်ကို မော့ကြည့်ကာ စကားများဆိုလာကြသည်။
"သူမက တကယ်ကိုလှပတဲ့ မိန်းမပျိုလေးပါပဲ… ထန်းကျင်းမြို့မှာ အလှဆုံးတွေထဲက တစ်ယောက်ဖြစ်မယ်…"
"သူမက ငါတို့သူဌေးနဲ့ ကွက်တိပဲ…"
"သူဌေးက အမြင်ရှိသားပဲ…"
အလုပ်သမားများ၏ ပွင့်လင်းလှသောမှတ်ချက်များကို ကြားသောအခါ ဆွေဟယ်က အနည်းငယ်ရှက်သွားပြီး ခေါင်းငုံ့ကာ မည်သို့လုပ်ရမည်မသိဘဲ ရပ်နေမိသည်။
အချိန်အတော်ကြာမှသာ သူမသည် သတ္တိမွေးကာမော့ကြည့်ပြီး လီကျစ်ကို ခိုးကြည့်လိုက်သည်။
မမျှော်လင့်ဘဲ လီကျစ်က သူမကို နောက်ပြောင်သည့်အနေဖြင့် မျက်စိမှိတ်ပြနေသည်ကို မြင်လိုက်ရသည်။
သူမက သူ့ကို ခိုးကြည့်လိုက်တာသေချာပေမယ့် သူက သူမကို မျက်စိမှိတ်ပြလိုက်တယ်… လီကျစ်က ဘာသဘောလဲ။ သူမကို စနောက်နေတာလား။
ဆွေဟယ်က အခုချိန်မှာ ပြုံး၍မရတော့ဘဲ နှုတ်ခမ်းကိုကိုက်လိုက်ကာ သူမ၏ မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားပြီး ခေါင်းကိုအမြန်ငုံ့လိုက်တော့သည်။
တိတ်ဆိတ်စွာ အတန်ကြာရပ်နေပြီးနောက် ဆွေဟယ်က ချည်ငင်ရုံထဲမှ ခေါင်းငုံ့ကာ ထွက်သွားတော့သည်။
လီကျစ်က အမြန်လိုက်သွားပြီး …
"ဆွေဟယ်... မင်း ကြည့်လို့ပြီးပြီလား"
ဆွေဟယ်က နောက်ကိုလှည့်မကြည့်ဘဲ ထွက်သွားရင်း …
"ပြီးပြီ... ငါ အိမ်ပြန်တော့မယ်…"
"ငါ လိုက်ပို့ပေးရမလား"
ဆွေဟယ်က ခြေဆောင့်ကာ…
"မလိုပါဘူး… ငါ့အစေခံမလေးနဲ့ ငါ့ဘာသာ ပြန်မယ်…" ဟု ဒေါသတကြီး ပြောလိုက်သည်။
အိမ်ပြန်ရန်လောနေသော ဆွေဟယ်ကို မြင်သောအခါ လီကျစ်က ပြုံးလိုက်ပြီး သူမနောက်သို့ ဆက်မလိုက်တော့ဘဲ ဆွေဟယ်ကို စောင့်ရှောက်ရန်ကိုယ်ရံတော်နှစ်ဦးကို အနောက်မှ လိုက်ပါစေခဲ့သည်။
***
တုန်းကျစ်ယီသည် လီကျစ်၏ လီမိသားစု အထည်ချောများကို မြို့တော်… ရှန်တုန်း… ဟီနန်ပြည်နယ်နှင့် ကျန်းနန်အထိပင် ရောင်းချခဲ့ပြီး နေရာတိုင်းတွင် ချီးကျူးမှုများရရှိခဲ့သည်။
မြို့တော်၏အနောက်ဘက်ရှိ နန်းတွင်းအမတ်ကြီး ဝမ်တီရန်၏နေအိမ် ဧည့်ခန်းမဆောင်ရှိ စားပွဲပေါ်တွင် လီမိသားစု အထည်ချောအလိပ်အချို့ကို ခင်းကျင်းပြသထားသည်။
နန်းတွင်းအမတ်ကြီး ဝမ်တီရန်နှင့် ဇနီးဖြစ်သူ ချင်ကတော်တို့သည် စားပွဲရှေ့တွင် ရပ်ကာ အထည်များကို သေချာစွာ စစ်ဆေးနေကြသည်။
"သခင်မ... ကြည့်ပါဦး။ ဒီအထည်ရဲ့ အလျားနဲ့ အနံလိုက်ချည်မျှင်တွေက အင်မတန် သေးငယ်ပြီး အထူအပါး ညီညာတယ်။ ထူထဲနေတဲ့ အဖုအထစ်တွေလည်းမရှိဘူး။
ဝမ်တီက ပြောတယ်... ဒီလီမိသားစု အထည်ချောတစ်လိပ်ကို သာမန်ချည်ထည်တွေလိုပဲ ငွေတစ်သျှူးပဲ ပေးရတယ်တဲ့။ ဒါပေမယ့် ဒီလောက်တောင် ချောမွေ့နေတာလဲ... ဒီအထည်က အင်မတန် လူကြိုက်များနေပြီ…
ဒီအထည်ချော အလိပ်အနည်းငယ်ကို ဝမ်တာက လုဝယ်လာရတာ…
ဒီအထည်နဲ့ ချုပ်ထားတဲ့ အဝတ်အစားတွေက ကြမ်းတမ်းတဲ့အထည်တွေနဲ့ ယှဉ်ရင် အများကြီး ကြည့်ကောင်းတယ်။
ဒီအထည်က အနံလည်းကျယ်တော့ အဝတ်အစားချုပ်တဲ့အခါ အစပ်တစ်ကြောင်း သက်သာတယ်။
အစေခံတွေအတွက် နွေရာသီအဝတ်အစားချုပ်ပေးဖို့ ဒီအထည်ကို သုံးတာက ကြမ်းတမ်းတဲ့ အထည်တွေသုံးတာထက် အများကြီးပိုကောင်းတယ်"
ချင်ကတော်က သက်ပြင်းချကာ…
"ရှင်က နန်းတွင်းအမတ်ကြီး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဂရုမစိုက်ပေမယ့် ကျမကတော့ ဒုတိယအဆင့် ကတော်တစ်ယောက်ရဲ့ မျက်နှာကို ဂရုစိုက်သေးတယ်…
ကျမတို့ဆီမှာရှိတဲ့ အစေခံ ဆယ်ယောက်ကျော်ထဲကအများစုက ကျမတို့နဲ့အတူရှိနေတာ ဆယ်နှစ်ကျော်ပြီ။ အနည်းဆုံးဆိုရင်တောင် ရှင့်ဆီမှာ လေးငါးနှစ်လောက် ရှိနေကြပြီ။
ရှင်က သူတို့ကို ဒီချည်ထည်ချော အလိပ်အနည်းငယ်လေးနဲ့ပဲ လွှတ်ချင်နေတာလား။ သူတို့အတွက် အဝတ်အစားချုပ်ပေးဖို့ ပိုးထည်လေးဘာလေးတောင် မဝယ်ပေးနိုင်ဘူးလား
နန်းတွင်းအမတ်ကြီး ဝမ်တီရန်က အနေခက်စွာပြုံးလိုက်ပြီး…
"သခင်မရယ်... ကိုယ်တော့်ရဲ့လစာက တစ်လကို ငွေဆယ်သျှူးကျော်လေးပဲရှိတာလေ။ ဒါပေမယ့် ငါတို့မိသားစုမှာ လူရှစ်ယောက်တောင်ရှိတယ်။
အစေခံတွေအတွက် ပိုးထည်အဝတ်အစားတွေချုပ်ပေးဖို့ ငွေကို ကိုယ်တော် ဘယ်ကသွားရှာရမှာလဲ"
ထိုစကားကို ကြားသောအခါ ချင်ကတော်က အလွန်မကျေမနပ်ဖြစ်သွားပြီး…
"လူတွေပြောတာ ကြားဖူးပါတယ်။ နန်းတွင်းအမတ်ကြီး အိမ်တံခါးဝက သတ္တမအဆင့် အမတ်လေးတစ်ယောက်ကတောင် ဩဇာညောင်းတယ်ဆိုပဲ။ အဲဒါများ ဘာလို့ ကျမတို့ရဲ့ အစေခံတွေက ဒီလောက်တောင် စုတ်ပြတ်သတ်နေရတာလဲ။ သာမန် ဒုတိယမြို့ဝန်တစ်ယောက်… ဒါမှမဟုတ် အဆင့်နိမ့် တရားသူကြီးလေး တစ်ယောက်ရဲ့ အိမ်စေတွေတောင် ခမ်းနားတဲ့ အဝတ်အစားတွေဝတ်ပြီး မြင်းကောင်းတွေ စီးနေကြတာပဲ။ ရှင်လို ဂုဏ်သိက္ခာကြီးမားတဲ့ နန်းတွင်းအမတ်ကြီးတစ်ယောက်က ကိုယ့်ရဲ့ အစေခံတွေကို ချည်ထည်အဝတ်အစားတွေ ဝတ်ခိုင်းထားတော့ သူတို့အပြင်ထွက်တဲ့အခါ တခြားမိသားစုက အိမ်စေတွေရဲ့ လှောင်ပြောင်တာကို ခံရမှာပေါ့။
ကျမက အထက်တန်းလွှာ ကတော်တွေနဲ့ သွားတွေ့တဲ့အခါ သူတို့က ကျမရဲ့ အနေခက်မှုနဲ့ ကျမရဲ့ အစေခံမလေးရဲ့ စုတ်ပြတ်နေတဲ့ပုံစံကို အထင်သေးတဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်"
ဇနီးဖြစ်သူ၏ ညည်းတွားသံများကိုကြားသောအခါ နန်းတွင်းအမတ်ကြီး ဝမ်တီရန်က
"ကိုယ်တော် သခင်မကို မျက်နှာငယ်စေခဲ့မိပြီ…" ဟုသာ ဖြည်းညှင်းစွာ ပြောနိုင်တော့သည်။