ချင်ကတော်က နှုတ်ခမ်းကိုမဲ့လိုက်ရင်း မကျေမနပ်ဖြင့် ပြောလိုက်သည်။
“သုံးနှစ်တာကာလအတွင်း အဂတိကင်းတဲ့ နယ်စားမင်းတစ်ဦးဟာ ငွေသျှူး တစ်သိန်းတောင် အလွယ်တကူရှာနိုင်တယ်လို့ ပြောစမှတ်ရှိကြတယ်။ ရှင်ကတော့ ဂုဏ်သရေရှိလှတဲ့ နန်းတွင်းအမတ်ချုပ်ကြီး ဖြစ်နေပြီးတော့ ငွေတစ်သျှူးတောင်လက်မခံရဲဘူးလား။ သူများတွေက အတင်းအဓမ္မလာပေးတာတွေ ကျွန်မသားကို ပေးတဲ့ငွေတွေကိုတောင် ရှင်က နည်းလမ်းမျိုးစုံနဲ့ ပြန်ပို့ဖို့ပဲ ကြိုးစားနေတာပဲ။ ရယ်စရာကြီးပါပဲရှင်”
(မှတ်ချက်။ ။ "သုံးနှစ်တာကာလအတွင်း အဂတိကင်းတဲ့ နယ်စားမင်းတစ်ဦးဟာ ငွေသျှူး တစ်သိန်း ရနိုင်တယ်" ဆိုသည်မှာ အဂတိကင်းစင်သည်ဟုဆိုသော အမတ်ပင်လျှင် လာဘ်ငွေဖြင့် ငွေအမြောက်အမြား ရရှိနိုင်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ဤစကားပုံသည် မင်မင်းဆက်နှောင်းပိုင်းတွင် အလွန်ခေတ်စားခဲ့သော စကားပုံတစ်ခု ဖြစ်သည်။)
နန်းတွင်းအမတ်ချုပ်ကြီးက မျက်မှောင်ကြုတ်ကာ ဆို၏။
“ငါ အတွင်းဝန်ရုံးကိုတက်နိုင်ဖို့ ကြိုးစားနေတုန်းက ‘ချန်ချန်ယီ’ ရဲ့ နန်းတွင်းစာမေးပွဲ အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်ခဲ့လို့ ‘တုန်းလင်’ အုပ်စုနဲ့ ရန်ငြိုးဖွဲ့ခဲ့မိတယ်။ အခုဆိုရင် နန်းတွင်းရော ပြည်သူတွေကြားမှာပါ အုပ်စုဖွဲ့ ဂိုဏ်းဂဏစွဲတာတွေက အရမ်းများနေပြီ။ နေရာတိုင်းမှာ သူတို့ရဲ့ မျက်စိနဲ့ နားတွေရှိနေတာ။ ငါက ဘက်မလိုက်ဘဲ ဖြောင့်မတ်အောင်လုပ်နေရင်တောင်မှ သူတို့က ငါ့ကို သစ္စာဖောက်အမတ် ဒါမှမဟုတ် မိန်းမစိုးအုပ်စုဝင်ဆိုပြီး စွပ်စွဲပြစ်တင်ကြဦးမှာပဲ။ အဲဒီလို အခြေအနေမှာ ငါက ဘယ်လိုလုပ်ပြီး သူများဆီက ငွေကို လက်ခံရဲပါ့မလဲ”
ချင်ကတော်က မဲ့ရွဲ့ကာ တံတွေးထွေးလိုက်ပြီး…
“ရှင်ကလည်း ဘာလို့ ဒီနန်းတွင်းအမတ်ကြီး ရာထူးကိုမှ အတင်းလုယူခဲ့တာလဲ… အခုတော့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာသလို ဖြစ်နေပြီ”
နန်းတွင်းအမတ်ချုပ်ကြီးက သက်ပြင်းချကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒီလောကမှာ ယောက်ျားကောင်းတစ်ယောက်ဖြစ်ပြီး သာမန်ကာလျှံကာ ဘဝနဲ့ ဘယ်လိုလုပ် တင်းတိမ်နိုင်ပါ့မလဲ။ အခု ငါက နန်းတွင်းအမတ်ချုပ် ဖြစ်နေပြီမို့လို့ လူယုတ်မာတွေကို နှိမ်နင်းပြီး သစ္စာရှိတဲ့ အမတ်တွေကိုမြှောက်ပင့်ပေးနိုင်ပြီ။ ဒီလိုနဲ့ အားနည်းနေတဲ့ တိုင်းပြည်ကြီးကို တစ်နေ့ထက်တစ်နေ့ ပြန်လည်နိုးထလာအောင် လုပ်ဆောင်နိုင်မှာပါ။ ငါ အခုလောလောဆယ်မှာ စိတ်ဆင်းရဲစရာတွေကြုံနေရပေမဲ့လည်း ဧကရာဇ်မင်းမြတ်က ငါ့ရဲ့ သစ္စာရှိမှုကိုသိပါတယ်။ တစ်နေ့မှာတော့ တိမ်တွေကင်းစင်ပြီး လသာတဲ့နေ့ကို ရောက်လာမှာပါ”
“ရှင် နန်းတွင်းအမတ်ရုံးကို ရောက်ကတည်းက အဲဒီစကားကို ပြောလာတာ လေးနှစ်ရှိပြီ။ အခု နန်းတွင်းအမတ်ချုပ်ကြီး ဖြစ်နေတာတောင်မှ သူများတွေရဲ့အကောက်အကြံကိုကြောက်ပြီး ကျောက်ဖျာပေါ် လမ်းလျှောက်နေရသလို သတိထားနေရတုန်းပဲမဟုတ်လား။ ဧကရာဇ်ရဲ့ စိတ်တိုင်းကျပဲ လုပ်နေရတာပဲ။ ဧကရာဇ်ရဲ့ အကာအကွယ်သာ တစ်ရက်လောက်မရှိတော့ရင် အဲဒီ ‘လူကြီးလူကောင်း’ ဆိုသူတွေက ရှင့်ကို ရိုက်သတ်ကြမှာပဲ”
ချင်ကတော်၏ စကားကိုကြားသောအခါ နန်းတွင်းအမတ်ချုပ်ကြီး အံ့အားသင့်သွားသည်။ သူသည် နန်းတွင်းအမတ်ရုံးတွင်အမှုထမ်းနေသည်မှာ လေးနှစ်ပင်ရှိသွားပြီဖြစ်ကြောင်းကို သတိမထားမိဘဲ ရှိနေခဲ့သည်။ သူက သက်ပြင်းချရင်း…
“တစ်နေ့မှာတော့ တိမ်တွေကင်းစင်ပြီး လသာတဲ့နေ့ကို ရောက်လာမှာပါ” ဟုသာ ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။
ထိုသို့ပြောပြီးနောက် ဇနီးမောင်နှံနှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။ နန်းတွင်းအမတ်ချုပ်ကြီး ကိုယ်တိုင်ပင် သူပြောသောစကားကို အပြည့်အဝယုံကြည်ပုံမရပေ။
အတော်ကြာမှ နန်းတွင်းအမတ်ချုပ်ကြီးက…
“သူတို့ကို ခေါ်လိုက်ပါ… ဒီပိတ်စတွေကိုပဲ ပေးလိုက်တော့”
ချင်ကတော်က ခန္ဓာကိုယ်ကိုလွှဲလိုက်ပြီး…
“ရှင်ဘာသာ ရှင်ခေါ်ပြောပါ။ ကျွန်မတော့ သူတို့ကို မျက်နှာပြပြီး စကားမပြောနိုင်ဘူး” ဟု ဆိုကာ ထွက်သွားလေသည်။
ဇနီးဖြစ်သူက ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည်ကို မြင်သောအခါ နန်းတွင်းအမတ်ချုပ်ကြီးမှာ အနေခက်စွာ ချောင်းဟန့်လိုက်မိသည်။ အခြားနည်းလမ်းမရှိတော့သဖြင့် သူ့အစေခံဖြစ်သူ ‘ဝမ်တာ’ ကို ခေါ်ကာ လီမိသားစုမှပေးပို့သော အကောင်းစားပိတ်စများကိုယူဆောင်ပြီး အခြားအိမ်တော် အစေပါးများကို သွားရောက်ပေးကမ်းစေလိုက်သည်။
***
နှစ်ဆန်း ၄ လပိုင်းလယ်သို့ ရောက်သောအခါ နွေရာသီ၏ ငွေ့အသက်များမှာ ပို၍ သိသာထင်ရှားလာခဲ့ပြီဖြစ်သည်။ နံနက်ပိုင်းအချိန်သာရှိသေးသောလည်းနေရောင်ခြည်မှာ ပြင်းပြသဖြင့် အပြင်ဘက်ရှိလူများကို ချွေးပြန်စေသည်။ လီကျစ်သည် ပိုးထည်ဝတ်ရုံတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသော်လည်း နေပူရှိန်ကိုခံစားနေရသည်။
သူသည် ရက်ကန်းစက်ရုံအပြင်ဘက် တံတိုင်းနားတွင် ပန်းရန်ခေါင်းဆောင်နှင့်အတူ စက်ရုံအသစ်များ ဆောက်လုပ်ရန်စီစဉ်နေသည်။
“သခင်လေးလီ… ဒီရေမြောင်းတူးဖို့က လုပ်သားအင်အားအများကြီး လိုလိမ့်မယ်ခင်ဗျ”
“လုပ်သားအင်အားက ပြဿနာမရှိပါဘူး။ ရေမြောင်းမရှိရင် မိုးရွာတဲ့အခါ ရေတွေဝပ်နေပြီး ဒုက္ခပေးလိမ့်မယ်”
“စက်ရုံတံတိုင်းကိုတော့ မူလတံတိုင်းအတိုင်းပဲ ဆက်ယူလို့ရတော့ တစ်ဖက်သက်သာသွားမယ်။ အခန်းတွေကို အရင်ကထက် နှစ်ဆလောက်ဆောက်မယ်ဆိုရင် ငွေသျှူး နှစ်ရာ့နှစ်ဆယ်လောက် ကုန်ကျနိုင်ပါတယ်”
“ကောင်းပြီ… ပြီးတော့ ငါနဲ့ တာဝန်ခံတွေအစည်းအဝေးလုပ်ဖို့ အစည်းအဝေးခန်းမကြီး တစ်ခုလည်း လိုချင်တယ်”
ပန်းရန်ခေါင်းဆောင်နှင့် ဆွေးနွေးပြီးနောက် လီကျစ်သည် စက်ရုံကို နှစ်ဆချဲ့ထွင်ရန်အတွက် အဖွဲ့ဖွဲ့လိုက်သည်။
ယခင်က ချည်ငင်စက်ရုံ စတင်လည်ပတ်ပြီးနောက် ရက်ကန်းအလုပ်ရုံသည် ချည်ချောများကို အသုံးပြုကာ ‘လီမိသားစု အကောင်းစားပိတ်စ’ များကို ရက်လုပ်ခဲ့သည်။ ဤပိတ်စအသစ်သည် တစ်နိုင်ငံလုံးတွင် ချက်ချင်းဆိုသလိုလူကြိုက်များသွားပြီး မြို့တော်ရှိအမတ်ကြီးများ၏ အိမ်တော်များအထိပင် ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း ခေတ်သစ်မှ ကူးပြောင်းလာသူဖြစ်သည့် လီကျစ်တွင် ပိုမိုကြီးမားသော အစီအစဉ်များရှိသည်။
သူသည် ‘တာတာ’ များ တပ်ဖွဲ့အင်အားများနှင့် မဝင်ရောက်လာမီ တစ်ခုခုကိုအောင်မြင်အောင် လုပ်ဆောင်လိုသဖြင့် ရောင့်ရဲမနေဝံ့ပေ။ သူသည် စက်ရုံအသစ်များထပ်မံဆောက်လုပ်ရန်နှင့် ရက်ကန်းစင်သစ်များ… ချည်ငင်စက်သစ်များကို ထပ်မံဖြည့်တင်းကာ ရက်ကန်းအလုပ်ရုံနှင့် ချည်ငင်စက်ရုံ နှစ်ခုစလုံး၏ အတိုင်းအတာကို နှစ်ဆတိုးချဲ့ရန် စီစဉ်ခဲ့သည်။
လီကျစ်သည် ရက်ကန်းစင်နှင့် ချည်ငင်စက် အရေအတွက်ကို ရှစ်ရာအထိ တိုးမြှင့်လိုသည်။
စက်အလုံးရေ ရှစ်ရာရှိလာပါက လီကျစ်၏ ရက်ကန်းစက်ရုံမှ ထွက်ရှိနှုန်းသည် တစ်လလျှင် ပိတ်လိပ်ပေါင်း သုံးသောင်းအထိ ရှိလာမည်ဖြစ်သည်။ ပိတ်စများ အလွန်အကျွံထုတ်လုပ်ခြင်းက ဒေသတွင်း ရက်ကန်းလုပ်ကိုင်သူငယ်များကို ထိခိုက်စေနိုင်သော်လည်း လီကျစ်၏ စက်ရုံမှာ အလွန်အမင်းကြီးမားခြင်း မရှိသေးသဖြင့် ဈေးကွက်ကတောင့်ခံနိုင်ပါသေးသည်။ ထို့ပြင် လီကျစ်၏ အရောင်းအဝယ်မှာ ထန်းကျင်းမြို့ရှိ ချည်ကုန်သည်ကြီး ‘တုန်းမိသားစု’ အပေါ်တွင် မှီခိုနေခြင်းဖြစ်သည်။ တုန်းမိသားစု၏ အရောင်းကွန်ရက်မှာတစ်နိုင်ငံလုံးသို့ ဖြန့်ကျက်ထားသဖြင့် ပိတ်လိပ်ပေါင်း သုံးသောင်းဆိုသည်မှာ မင်မင်းဆက် တစ်ပြည်လုံးအတိုင်းအတာဖြင့် ကြည့်လျှင် အလွန်များပြားလှသည် မဟုတ်ပေ။
ဥပမာအားဖြင့်… ၄ လပိုင်းတွင် တုန်းမိသားစုသည် လီမိသားစု၏ အကောင်းစားပိတ်စ နှစ်ထောင်ခန့်ကို မြို့တော်သို့ရောင်းချခဲ့သည်။ ၎င်းမှာ မြို့တော်၏ချည်ထည်လိုအပ်ချက်၏ တစ်ဆယ့်ငါးပုံတစ်ပုံပင်မရှိပေ။ ထို့ကြောင့် လီကျစ်၏ စက်ရုံကို အဆပေါင်းများစွာ ထပ်မံမချဲ့ထွင်သရွေ့ သာမန်အရပ်သား ရက်ကန်းလုပ်ကိုင်သူများအပေါ် သက်ရောက်မှု အနည်းငယ်သာရှိမည်ဖြစ်သည်။
ရက်ကန်းစင်နှင့် ချည်ငင်စက်များကို တိုးချဲ့သည့်အပြင် လီကျစ်သည် ဂွမ်းထုတ်စက် တစ်ရာ့ခုနစ်ဆယ်ကိုလည်း ထပ်မံဖြည့်တင်းခဲ့သည်။ မင်မင်းဆက်၏ ဂွမ်းထုတ်စက် နည်းပညာမှာ ‘ဟွမ်တောက်ဖို’ က ‘ယာကျိုး’ ရှိ ‘လီ’ လူမျိုးစုများထံမှ သင်ယူခဲ့ခြင်းဖြစ်ပြီး ထိုခေတ်က အနောက်နိုင်ငံများထက် သာလွန်ကာ စွမ်းဆောင်ရည်မြင့်မားသည်။ လီကျစ်သည် လောလောဆယ်တွင် ပိုမိုရှုပ်ထွေးသော ဂွမ်းထုတ်စက်ကိုတီထွင်ရန် မရည်ရွယ်သေးသဖြင့် မင်မင်းဆက်၏ ဂွမ်းထုတ်စက်များကိုသာ တိုက်ရိုက်အသုံးပြုခဲ့သည်။
ဤဂွမ်းထုတ်စက်များရှိလာခြင်းကြောင့် လီကျစ်သည် ဂွမ်းစိမ်းများကိုအသုံးပြု၍ အကောင်းစား ပိတ်စများကို တိုက်ရိုက်ထုတ်လုပ်နိုင်ပြီဖြစ်သည်။ သူသည် ကြိတ်ပြီးသားဂွမ်းများကို ဝယ်ယူရန် မလိုတော့ဘဲ တုန်းမိသားစုထံမှ ဈေးသက်သာသော ဂွမ်းစိမ်းများကို တိုက်ရိုက်ဝယ်ယူနိုင်မည်ဖြစ်ရာ တုန်းမိသားစုက ကြားကရရှိမည့် အမြတ်ငွေကိုပါ ချွေတာနိုင်မည်ဖြစ်သည်။
ထုတ်လုပ်မှုစွမ်းဆောင်ရည်မြင့်မားလာခြင်းနှင့် ကုန်သွယ်မှုဈေးနှုန်းကွာဟချက်ကို ချွေတာနိုင်ခြင်းတို့ကြောင့် လီကျစ်အတွက် ငွေများစွာ ပိုမိုရရှိလာစေသည်။ လီကျစ်၏ ခန့်မှန်းချက်အရ စက်ရုံတိုးချဲ့ပြီး ပြန်လည်လည်ပတ်ပါက တစ်လလျှင် အမြတ်ငွေ သျှူး ရှစ်ထောင်ခန့် ရရှိနိုင်သည်။ ဤမျှများပြားသော အမြတ်ငွေသည် လီကျစ်အတွက် အခြားသောစက်မှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် လုံလောက်သော အရင်းအနှီး ဖြစ်လာပေမည်။
၅ လပိုင်း အစောပိုင်းတွင် စက်ရုံအဆောက်အအုံများ ဆောက်လုပ်ပြီးစီးသဖြင့် လီကျစ်သည် အလုပ်သမားပေါင်း ကိုးရာ့ခုနစ်ဆယ်ကို စတင်ခေါ်ယူခဲ့သည်။
ဤမျှ အတိုင်းအတာရှိသော လူခေါ်ယူမှုမှာ ထန်းကျင်းမြို့တွင် ကြီးမားသောဖြစ်ရပ်တစ်ခု ဖြစ်သည်။ ယခုအခါ “မြို့အရှေ့ပိုင်းမှ လီမိသားစု” ၏ ကျော်ကြားမှုမှာ ပြန့်နှံ့နေပြီဖြစ်ရာ လီကျစ်သည် သူ့အလုပ်သမားများကို အလွန်ကောင်းမွန်သောခံစားခွင့်များ ပေးထားကြောင်း ထန်းကျင်းတစ်မြို့လုံး သိနေကြပြီဖြစ်သည်။ လူတွေ့စစ်ဆေးသည့်နေ့တွင် အလုပ်လက်မဲ့များသာမက အလုပ်ရှိပြီးသား ဝင်ငွေနည်းပါးသည့် ပြည်သူများပင်ရောက်ရှိလာကြသည်။ လူပေါင်း သုံးလေးထောင်ခန့်သည် ရက်ကန်းစက်ရုံအပြင်ဘက်ရှိ မြေကွက်လပ်တွင် တိုးဝှေ့နေကြသည်။
လီကျစ်သည် ထိုလူများကို နံပါတ်စဉ်များ သတ်မှတ်ပေးကာ မှတ်ပုံတင်စေပြီး အသုတ်လိုက် လူတွေ့စစ်ဆေးခဲ့သည်။
လူအားလုံးကို လီကျစ်တစ်ယောက်တည်း စစ်ဆေးရန်မဖြစ်နိုင်တော့သဖြင့် သူသည် လီရှင်း၊ ကျန်းခိုင်ချန်း၊ လီလေး၊ ကျန်းယွမ်၊ လီတောက် နှင့် အခြားမန်နေဂျာများကို ခေါ်ယူကာ အစည်းအဝေးခန်းမတွင် လူတွေ့စစ်ဆေးရေးစားပွဲ ဆယ်လုံးပြင်ဆင်လိုက်သည်။ လီကျစ်က အင်တာဗျူးမည့်သူများကို စံနှုန်းတစ်ခုသတ်မှတ်ပေးထားသည် - အင်တာဗျူးမှတစ်ဆင့် လျှောက်ထားသူ၏ အရည်အချင်းကိုဆုံးဖြတ်ရန်နှင့် ရိုးသားပြီးအားကိုးထိုက်သူများကိုသာ ရွေးချယ်ခန့်အပ်ရန်ဖြစ်သည်။
ရိုးသားပြီး စိတ်ချရသူများကသာ လီကျစ်၏ ပိုင်ဆိုင်မှုနှင့် လျှို့ဝှက်ချက်များကို စောင့်ရှောက်နိုင်မည် မဟုတ်ပါလား။
သုံးရက်အကြာတွင် လူတွေ့စစ်ဆေးမှုများပြီးဆုံးသွားပြီး လီကျစ်သည် အလုပ်သမား တစ်ထောင်နီးပါးကို အောင်မြင်စွာခန့်အပ်နိုင်ခဲ့သည်။ အသစ်ခန့်အပ်ထားသော ဝန်ထမ်းများအပါအဝင် လီကျစ်၏ အလုပ်သမားနှင့် ကိုယ်ရံတော်ဦးရေမှာ နှစ်ထောင်နီးပါး ရှိလာခဲ့ပြီဖြစ်သည်။
၅ လပိုင်းလယ်တွင် ရက်ကန်းစင်သစ်များနှင့် ချည်ငင်စက်သစ်များလည်း ထုတ်လုပ်ပြီးစီးသွားသဖြင့် တိုးချဲ့ထားသော ထုတ်လုပ်မှုစွမ်းအားဖြင့် စတင်လည်ပတ်ခဲ့သည်။
ထန်းကျင်းမြို့တွင် ကုန်သည်များသာများပြားပြီး စက်မှုလုပ်ငန်းများမှာနည်းပါးလှသည်။ တောင်ပိုင်းရှိ မြို့များကဲ့သို့ စက်ရုံကြီးများမရှိပေ။ အမှန်စင်စစ် လီကျစ်သည် ထန်းကျင်းတွင် အလုပ်အကိုင်အများဆုံး ပေးနိုင်သူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်သည်။
လီကျစ် ခန့်အပ်လိုက်သော ဤလူများကြောင့် ထန်းကျင်း၏ စီးပွားရေးမှာ တိုက်ရိုက် မြင့်တက်လာခဲ့သည်။
လီကျစ်သည် လစာငွေကို အပြည့်အဝပေးရုံသာမက အသားပါသောထမင်း သုံးနပ်ကိုပါ ကျွေးမွေးသည်။ အလုပ်သမားတစ်ဦးအတွက် တစ်လလျှင် ငွေသျှူး ၃ သျှူးနှင့် ၅ ကျန် ခန့် ကုန်ကျသည်။ တွက်ချက်ကြည့်ပါက လီကျစ်သည် ဝန်ထမ်းများအတွက် တစ်လလျှင် ငွေသျှူး ခုနစ်ထောင်ခန့် သုံးစွဲနေခြင်းဖြစ်သည်။ ဤငွေများသည် အလုပ်သမားများ၏ လက်ထဲသို့ရောက်ရှိသွားသောအခါ လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ပြန်လည်သုံးစွဲကြမည်ဖြစ်ရာ ဒေသတွင်း လုပ်ငန်းပေါင်းစုံကို သဘာဝအလျောက် မြင့်တင်ပေးသကဲ့သို့ ဖြစ်သွားသည်။
ထန်းကျင်းသည် တောင်နှင့်မြောက်ကိုဆက်သွယ်ထားသော အရေးပါသည့် ကုန်သွယ်ရေးဗဟိုဌာနဖြစ်သော်လည်း လူဦးရေမှာ တစ်သိန်းပင်မပြည့်ပေ။ ရုတ်တရက်ဆိုသလို သုံးနိုင်စွဲနိုင်သော အလုပ်သမားနှစ်ထောင်ခန့်တိုးပွားလာခြင်းက စီးပွားရေးကို ပိုမိုစည်ကားလာစေသည်။ ဆန်နှင့် ဂျုံရောင်းသောကုန်သည်များ… အသားရောင်းသူများ၊ ပိတ်စကုန်သည်များ၊ ဆီနှင့် ဟင်းသီးဟင်းရွက်ရောင်းသူများ၊ သံအိုးလုပ်သူများ၊ အိုးထိန်းသည်များ၊ အပ်ချုပ်သမားများ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ ဖျော်ဖြေရေးသမားများနှင့် ပြည့်တန်ဆာများပင်လျှင် အရောင်းအဝယ်များ သိသိသာသာ ကောင်းမွန်လာခဲ့သည်။
လီကျစ်၏ ဝန်ထမ်းများ ချမ်းသာလာသည်နှင့်အမျှ သူတို့၏ သားသမီး ပညာရေးအတွက်လည်း ပိုမိုရင်းနှီးမြှုပ်နှံလာကြသည်။ ကိုယ်ပိုင်ကျောင်းများမှ ဆရာများပင်လျှင် ကျောင်းသားသစ်များစွာ ရရှိလာကြသည်။
ဤလူများသည် လီကျစ်၏ ဝန်ထမ်းများထံမှငွေရှာကြပြီး ထိုငွေကို ပြန်လည်သုံးစွဲကြရာမှတစ်ဆင့် အခြားလူများစွာ၏ လုပ်ငန်းများကိုပါ ကောင်းမွန်စေကာ ကြီးမားသော ‘ဆင့်ပွားအကျိုးသက်ရောက်မှု’ ကို ဖြစ်ပေါ်စေခဲ့လေသည်။