ငွေရလျှင် သိုဝှက်ထားတတ်သောကုန်သည်များ၊ အသုံးအဆောင် ပစ္စည်းဆန်းများကိုသာ ဝယ်ယူတတ်သော သူဌေးများနှင့်နှိုင်းယှဉ်ပါက လီကျစ်၏ စက်မှုလုပ်ငန်းမှာစီးပွားရေးကို ဆွဲတင်ပေးနိုင်စွမ်း အလွန်ကြီးမားလှသည်။ လီကျစ်၏ ဆပ်ပြာနှင့် အကောင်းစား ချည်ထည်များသည် တစ်နိုင်ငံလုံးသို့ အဆက်မပြတ်ရောင်းချနေရသဖြင့် အရပ်ရပ်မှ ငွေများသည် ထန်းကျင်းမြို့အတွင်းသို့ စက်မှုရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်သမားလစာများအဖြစ်စီးဝင်လာပြီး မြို့၏ စည်ကားဝပြောမှုကို တိုက်ရိုက်မြှင့်တင်ပေးနေသည်။
၆ လပိုင်း ရောက်သောအခါ ထန်းကျင်းမြို့အတွင်းရှိ တောင်းရမ်းစားသောက်သူ ဦးရေမှာ သိသိသာသာလျော့နည်းသွားပြီး လမ်းသွားလမ်းလာပြည်သူများ၏ ခြေလှမ်းများပင် ပိုမိုသွက်လက် တက်ကြွလာကြသည်။
ခေတ်ကူးပြောင်းလာသူတစ်ဦးအနေဖြင့် လီကျစ်သည် လွန်ခဲ့သောလအနည်းငယ်အတွင်း ထန်းကျင်းမြို့၏ပြောင်းလဲမှုများကို စေ့စေ့စပ်စပ်လေ့လာကြည့်မိသည်။ သူ့လုပ်ငန်းများက ထန်းကျင်းရှိ သာမန်ပြည်သူများအပေါ် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေသည်ကိုသူသိသည်။ သို့သော်လည်း ဝမ်းနည်းစရာမှာ သူသည် ထန်းကျင်းမြို့၏ အမတ်တစ်ဦးမဟုတ်သဖြင့် သူ့လုပ်ငန်းမှ ထွက်ပေါ်လာသော အကျိုးဆက်များကို အခြားသူများကသာ ခံစားနေရခြင်းကို ဘေးမှကြည့်နေရရုံသာ ရှိသည်။ ဤသည်ကို မြင်သောအခါ လီကျစ်သည် ဒေသတစ်ခုကို တိုက်ရိုက်အုပ်ချုပ်စီမံနိုင်ရန်အတွက် ဤခေတ်ကာလ၏ အမတ်ရာထူးတစ်ခုခုကို ရယူရန် စတင်စဉ်းစားလာမိသည်။
သို့သော်လည်း လက်တွေ့ဘဝမှာပြင်းထန်လှသည်။ လီကျစ်သည် သူ့လုပ်ငန်းအကျိုးအမြတ်များကို မခံစားရသည့်အပြင် လုပ်ငန်းချဲ့ထွင်မှုကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကပါ သူ့ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာတော့သည်။
၆ လပိုင်း ၁၃ ရက်နေ့ နံနက်တွင် လီကျစ်သည် နံနက်စာစားပြီးနောက် ရက်ကန်းစက်ရုံသို့ သွားရန် ပြင်ဆင်နေစဉ် ထန်းကျင်းမြို့၏ထိပ်သီးကုန်သည် ရှစ်ဦးထဲတွင်ပါဝင်သော ‘လူဟွားရုံ’ သည် လူအုပ်ကြီးနှင့်အတူ သူ့အိမ်ရှေ့သို့ရောက်လာသည်ကိုတွေ့လိုက်ရသည်။ လူဟွားရုံမှာ အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ပါအစောင့်အရှောက် တစ်ဒါဇင်ကျော်မှာလည်း အမည်းရောင် အင်္ကျီတိုများကို ဆင်တူဝတ်ဆင်ထားကြရာ ကြည့်ရသည်မှာ ကြောက်စရာကောင်းလှသည်။
လူအုပ်ကြီး ရောက်လာသည်ကိုမြင်သောအခါ လီကျစ်၏ အိမ်တံခါးတွင် စောင့်နေသော အစောင့်နှစ်ဦးမှာ အလွန်အမင်းသတိရှိသွားပြီး လူဟွားရုံ၏ လူများကို အိမ်ဝင်းအတွင်းမဝင်နိုင်ရန် အတင်းပိတ်ဆို့တားဆီးကြသည်။
သို့သော် အစောင့်နှစ်ဦးတည်းဖြင့် လူတစ်ဒါဇင်ကျော်ကို မည်သို့တားဆီးနိုင်မည်နည်း။ လူဟွားရုံ၏ လက်ပါးစေများသည် ချက်ချင်းပင်လှုပ်ရှားလိုက်ကြသည်။ လေးငါးဦးခန့်က ရှေ့သို့ ပြေးတက်လာပြီး လူအင်အားအသာစီးဖြင့် လီကျစ်၏ အစောင့်များကိုနံရံတွင် ကပ်ထားလိုက်ကြသည်။ အစောင့်များ၏ ဒေါသတကြီးဆဲဆိုသံများကိုဂရုမစိုက်ဘဲ လှုပ်ရှားမရအောင်သာ ချုပ်ထားလိုက်ကြသည်။ ထို့နောက် လူဟွားရုံက နှာခေါင်းရှုံ့ကာလှောင်ပြုံးပြုံးပြီး လီမိသားစု အိမ်ဝင်းအတွင်းသို့ ဝင်လာခဲ့သည်။
တံခါးဝရှိ ရုန်းရင်းဆန်ခတ်သံများကိုကြားသောအခါ အိမ်ထဲတွင်ရှိနေသည့် ကျန်အစောင့် ရှစ်ဦးမှာလည်း ဒုတ်များကိုကိုင်ဆောင်ကာ ပြေးထွက်လာပြီး အိမ်ဝင်းအတွင်း၌ လူဟွားရုံ၏ လူများနှင့် ရင်ဆိုင်လိုက်ကြသည်။
လီကျစ်၏ ညီဖြစ်သူ လီရှင်းနှင့် မိခင်ဖြစ်သူ ကျန်းသျှီတို့မှာ ရောက်လာသူများကိုမြင်ပြီး အံ့အားသင့်ကာ ထိတ်လန့်သွားကြသည်။ ဘာဖြစ်သည်ကိုမသိသဖြင့် လီကျစ်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။
အိမ်ဝင်းအလယ်တွင် ရပ်နေသော လူဟွားရုံက လီကျစ်၏ ကိုယ်ရံတော်များကိုကြည့်ကာ …
“လီကျစ်... ထွက်ခဲ့စမ်း”
လီကျစ်ကတော့ ဒုက္ခရောက်ပြီဖြစ်ကြောင်း စိတ်ထဲမှသက်ပြင်းချရင်း သိလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူသည် အိမ်ရှေ့ခန်းမှထွက်လာပြီး လူဟွားရုံကိုကြည့်ကာ…
“ကျွန်တော့်ကို ရှာနေတာလား”
“ဒါပေါ့... မင်းကို ရှာတာပေါ့”
လူဟွားရုံက သူ့မျက်လုံးမှေးမှေးလေးများဖြင့် လီကျစ်ကို စိုက်ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“လီကျစ်… ပြီးခဲ့တဲ့အကြိမ်က မင်းကြိုက်တဲ့ဈေးပြောပြီး ဆပ်ပြာဖော်စပ်နည်းကို ငါ့ဆီ ရောင်းဖို့ ပြောထားတာ ဘယ်လိုလဲ စဉ်းစားပြီးပြီလား”
ဤလူဟွားရုံသည် လအနည်းငယ်ကြာငြိမ်နေခဲ့ပြီးနောက် ယနေ့တွင်ဘာကြောင့်မှန်းမသိ လှုပ်ရှားလာခြင်းဖြစ်သည်။ ကြည့်ရသည်မှာ အတင်းအဓမ္မဝယ်ယူရန် ပြင်ဆင်လာပုံရသည်။
လီကျစ်က တည်ငြိမ်စွာပင်…
“ဒီကိစ္စအတွက်နဲ့ ကျွန်တော့်အိမ်ထဲကို အတင်းဝင်လာတာလား”
လူဟွားရုံက နှာခေါင်းရှုံ့ကာ အသံကိုထပ်မြှင့်လိုက်သည်။
“ဒီနေ့က အရင်လိုမဟုတ်တော့ဘူး။ ငါက မင်းရဲ့ ဆပ်ပြာဖော်စပ်နည်းကိုတင်မကဘူး… မင်းရဲ့ ရက်ကန်းစင်အသစ်နဲ့ ချည်ငင်စက်အသစ်တွေရဲ့ နည်းပညာကိုပါဝယ်ချင်တာ။ မင်းကြိုက်တဲ့ဈေးသာ ပြောလိုက်တော့”
လွန်ခဲ့သော လအနည်းငယ်အတွင်း လီကျစ် ထုတ်လုပ်သော အကောင်းစားပိတ်စများသည် အရပ်ရပ်တွင်ကျော်ကြားသွားခဲ့သည်။ လူဟွားရုံသည် ဆပ်ပြာဖော်စပ်နည်းကိုသာမက လီကျစ်၏ ရက်ကန်းစက်ပစ္စည်း နည်းပညာများကိုပါ တစ်ပြိုင်နက် သိမ်းပိုက်လိုနေခြင်းဖြစ်သည်။
အမှန်တကယ်ပင် လူ့လောဘမှာ အဆုံးအစမရှိပေ။
လီကျစ်က အသံကျယ်ကျယ်ဖြင့်ပင် …
“ကျွန်တော် မရောင်းဘူးဆိုရင်ကော”
လူဟွားရုံက မျက်လုံးကိုမှေးလိုက်ပြီး…
“မင်းက ဈေးမပြောရင် ငါပဲ ဈေးသတ်မှတ်ပေးမယ်။ ဆပ်ပြာဖော်စပ်နည်းနဲ့ စက်နှစ်မျိုးလုံးရဲ့ နည်းပညာအတွက် ငွေသျှူး ငါးရာပေးမယ်” ဟု ဆိုကာ မောက်မာစွာ ရယ်မောလိုက်သည်။
“ငွေသျှူး ငါးရာဆိုတာ မင်းတို့ အိမ်ဝင်းမျိုး ငါးခုစာလောက်ဝယ်လို့ရတယ်။ ငါပေးတဲ့ဈေးက မနည်းဘူး မဟုတ်လား”
လီကျစ်က လှောင်ပြုံးပြုံးကာ…
“ကျွန်တော် အရင်ကပြောဖူးသလိုပဲ… ကျွန်တော့်ရဲ့ ဖော်စပ်နည်းကို ဆရာကြီးရွှီနဲ့ ဝေမျှထားတာ။ ရောင်းမရောင်းဆိုတာ ဆရာကြီးရွှီရဲ့ သဘောတူညီချက်လိုတယ်။ ကျွန်တော် သူနဲ့ တိုင်ပင်ပေးခဲ့ပေမဲ့ ဆရာကြီးရွှီက မရောင်းချင်ဘူးလို့ပြောတယ်… ဒါကြောင့် ကျွန်တော်လည်း ဘာမှမတတ်နိုင်ဘူး”
လူဟွားရုံသည် ဆရာကြီးရွှီမင်ချဲ့ကိုကြောက်ရွံ့မှန်း လီကျစ်သိသဖြင့် ယခင်ကအတိုင်း ဆရာကြီးရွှီကို အကြောင်းပြကာ ခုခံလိုက်ခြင်းဖြစ်သည်။
သို့သော်လည်း လူဟွားရုံသည် ဆရာကြီးရွှီနှင့် လီကျစ်၏ ဆက်ဆံရေးကို အသေအချာ စုံစမ်းပြီးဖြစ်လိမ့်မည်ဟု လီကျစ် မထင်မှတ်ထားခဲ့ပေ။
လူဟွားရုံက နှာခေါင်းရှုံ့ကာ ဆဲဆိုလိုက်သည်။
“မင်းလို အမွေးမစုံသေးတဲ့ ကလေးက ငါ့ကို လိမ်ချင်သေးတာလား။ လွန်ခဲ့တဲ့ ငါးရက်ကပဲ ငါ ရွှီအိမ်တော်ကို ကိုယ်တိုင်သွားခဲ့တာ။ ဆရာကြီးရွှီက မင်းရဲ့ ဖော်မြူလာအကြောင်း ဘာမှမသိဘူးလို့ ငါ့ကို ကိုယ်တိုင်ပြောလိုက်တယ်။”
လူဟွားရုံက မျက်လုံးပြူးကာ …
“ကလေး... ငါ အရှိကိုအရှိအတိုင်း ပြောပြမယ်။ ငါ့အစ်ကိုက ‘ချင်းစစ်ရေးရာရုံး ဝန်ထောက်မင်း’ ကွ။ ငါ မင်းကို ငွေသျှူး ငါးရာပေးမယ်။ မင်းရဲ့ ဖော်စပ်နည်းနဲ့ စက်တွေကို မင်းရောင်းချင်ချင် မရောင်းချင်ချင် ရောင်းရမယ်”
လူဟွားရုံက ဆရာကြီးရွှီထံအထိ သွားရောက်စုံစမ်းခဲ့လိမ့်မည်ဟု လီကျစ် မထင်ထားခဲ့ပေ။ ထို့ကြောင့်လည်း ယနေ့တွင် သူ၏ အိမ်ဝင်းထဲအထိ မရမကဝင်ရောက်လာရဲခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း လီကျစ်၏ လိမ်လည်မှုပေါ်သွားသည့်တိုင် သူ နောက်ဆုတ်၍မရပေ။ လူဟွားရုံသည် လီကျစ်၏ လျှို့ဝှက်ချက်အားလုံးကို တစ်ခါတည်း ဝါးမြိုလိုနေသဖြင့် လီကျစ်အနေဖြင့် အရှုံးပေး၍ မဖြစ်ပေ။
လီကျစ်သည် လူဟွားရုံ၏ မျက်လုံးကိုစိုက်ကြည့်ကာ အသံကျယ်ကျယ်ဖြင့်
“စိတ်မကောင်းပါဘူး… ဆပ်ပြာဖော်စပ်နည်းနဲ့ ရက်ကန်းစက်တွေကို မရောင်းနိုင်ပါဘူး” ဟု ပြတ်သားစွာ ပြောလိုက်သည်။
လီကျစ်၏ စကားကိုကြားသောအခါ လူဟွားရုံ၏ မျက်နှာပျက်သွားသည်။ သူက အေးစက်စွာဖြင့်…
“လီကျစ်… ငါ အခု မင်းကို ငွေသျှူး ငါးရာ ပေးနေတုန်း အေးအေးဆေးဆေး ယူလိုက်စမ်းပါ။ အကောင်းပြောတုန်း မရရင်တော့ အဆိုးမဆိုနဲ့။ ငါ မင်းကို သုံးရက်အချိန်ပေးမယ်။ သုံးရက်ကြာလို့မှ မင်း မဆုံးဖြတ်ရသေးရင် ငါ လူဟွားရုံက အတင်းအဓမ္မ လုယူမှာကိုတော့ အပြစ်မတင်နဲ့”
“လူဟွားရုံ… ခင်ဗျား ကျွန်တော့်ရဲ့လူတွေကို လက်ဖျားနဲ့တောင်ထိရဲလို့လား” ဟု ပြန်အော်လိုက်သည်။
လူဟွားရုံက အားရပါးရရယ်မောကာ
“မင်းရဲ့ ကိုယ်ရံတော်တွေကို ငါက ရိုက်ရင်လည်း အလကားရိုက်မှာပဲ။ မင်းရဲ့ အစောင့်တွေကသာပြန်ခုခံရဲရင် ဝန်ထောက်မင်းက မင်းကို ထောင်ထဲထည့်လိမ့်မယ်။ မင်းမှာ ကိုယ်ရံတော်ဘယ်လောက်ပဲ ရှိရှိ… မင်းက ပုန်ကန်ရဲလို့လား”
ထိုစကားကိုကြားသောအခါ လီကျစ်၏ အစောင့်များအားလုံးဆွံ့အသွားကြသည်။ အမတ်ကြီးများ၏ ဆွေမျိုးများမှာ မောက်မာတတ်ကြသော်လည်း လူဟွားရုံကဲ့သို့ အဆင့်အထိတော့ မရှိခဲ့ဖူးပေ။ ဤသူမှာ ကုန်သည်တစ်ဦး မဟုတ်ဘဲ ဓားပြဂိုဏ်းဝင်တစ်ဦးနှင့်သာ တူနေတော့သည်။
သူ၏ ခြိမ်းခြောက်မှုများပြီးဆုံးသွားသောအခါ လူဟွားရုံက လီကျစ်၏မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာမည်ကိုမျှော်လင့်ကာ အောင်နိုင်သူတစ်ဦးကဲ့သို့ စိုက်ကြည့်နေသည်။
သို့သော် အကြာကြီးစောင့်ကြည့်သော်လည်း လီကျစ်၏မျက်နှာတွင် ကြောက်ရွံ့သည့် အရိပ်အယောင်မတွေ့ရပေ။ လီကျစ်မှာ မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကိုအလေးအနက် စဉ်းစားနေပုံရပြီး လူဟွားရုံ၏ ခြိမ်းခြောက်မှုကို ဂရုစိုက်ပုံမရပေ။ လူဟွားရုံက စိတ်ထဲမှကျိန်ဆဲရင်း လီကျစ်တစ်ယောက် ကြောက်လန့်ပြီးကြောင်သွားသည်ဟုသာ ထင်လိုက်မိသည်။
သူပြောချင်သည်များကို ပြောပြီးသွားပြီဖြစ်သဖြင့် လူဟွားရုံသည် သူ့လက်ပါးစေများကို ခေါ်ကာ လီမိသားစု ဝင်းအတွင်းမှထွက်သွားလေသည်။ ကြောင်တောင်တောင်ဖြစ်နေသော ကိုယ်ရံတော်များနှင့် လီမိသားစုဝင် သုံးဦးသာ ကျန်ရစ်ခဲ့သည်။
လူဟွားရုံတို့ လူအုပ်ထွက်သွားသည်ကိုကြည့်ရင်း လီကျစ်၏ မိခင် ကျန်းသျှီမှာ ခြေလက်များမခိုင်တော့ဘဲ ကုလားထိုင်ပေါ်သို့ပုံကျသွားကာ…
“ကျစ်အာ... ငါတို့တော့ ဒီတစ်ခါ ဒုက္ခအကြီးအကျယ်တွေ့ပြီ။ ငါတို့မိသားစုက အဲဒီလို လူမျိုးကို ဘယ်လိုများယှဉ်နိုင်ပါ့မလဲ။ ငါတို့မိသားစုရဲ့ အောင်မြင်မှုတွေလည်း ဒီမှာတင်လမ်းဆုံးပြီ ထင်ပါရဲ့” ဟု တိုးတိုးလေး ရေရွတ်နေရှာသည်။
လီရှင်းကလည်း လီကျစ်ကိုကြည့်ကာ
“အစ်ကိုကြီး... သူ့နောက်မှာ ဝန်ထောက်မင်းရှိနေတာ… ကျွန်တော်တို့ဘယ်လိုမှ ပြန်မခုခံနိုင်ဘူး”
လီကျစ်က သူ့မိခင်နှင့် ညီကို ကြည့်ကာ ခေါင်းခါရင်း…
“အဲဒီလိုတော့လည်း မဟုတ်သေးပါဘူး”
ထိုစကားကြောင့် မိခင်ကျန်းသျှီ၏ မျက်လုံးများ လင်းလက်သွားပြီး…
“ကျစ်အာ... မင်းမှာ နည်းလမ်းရှိလို့လား။ ငါတို့က ‘ချင်းစစ်ရေးရာရုံး’ ကို ယှဉ်နိုင်လို့လား” ဟု မေးလိုက်သည်။
“အမေ... မထင်မှတ်ထားတာတွေ မဖြစ်လာဘူးဆိုရင်တော့ ကျွန်တော်တို့ အဲဒီလူဟွားရုံကို တကယ်ပဲယှဉ်နိုင်ပါတယ်”
လီကျစ်၏စကားကြောင့် လီရှင်းနှင့် မိခင်ကျန်းသျှီတို့မှာ တစ်ဦးကိုတစ်ဦးကြည့်ကာ ဆွံ့အသွားကြသည်။
လီကျစ်က ခေါင်းခါလိုက်ပြီး…
“လီရှင်း... ငါ ငွေသျှူး တစ်ထောင်ကို ငွေလွှဲလက်မှတ်အဖြစ် အပ်နှံဖို့ ဘဏ်ကိုသွားရမယ်။ မင်း ငါနဲ့ လိုက်ခဲ့”
***