သုံးရက်ကြာပြီးနောက် လီကျစ်သည် သူ၏လျှို့ဝှက်နည်းပညာများကို လွှဲပြောင်းပေးခြင်း မရှိသဖြင့် လူဟွားရုံသည် လူပေါင်းခြောက်ဆယ်ကျော်ကို ခေါ်ဆောင်ကာ လီကျစ်၏ ရက်ကန်းစက်ရုံသို့ ရောက်ရှိလာသည်။
ထိုလူ ခြောက်ဆယ်ကျော်ထဲတွင် ငါးဦး… ခြောက်ဦးခန့်မှာ လူဟွားရုံ၏ လူများဖြစ်ပြီး ကျန်လူများမှာ ထန်းကျင်းမြို့ရှိ နာမည်ကြီး လူမိုက်များဖြစ်ကြသည်။ လူဟွားရုံသည် ဝန်ထောက်မင်း၏ ညီဖြစ်သဖြင့် သူ၏အရှိန်အဝါကိုအသုံးချကာ ဗိုလ်ကျစိုးမိုးလေ့ရှိရာ ထိုလူဆိုးလူမိုက်များ၏ ခေါင်းဆောင်သဖွယ် ဖြစ်နေလေသည်။ သူ တစ်ခုခုဆိုသည်နှင့် ထိုလူမိုက်များကို စုစည်းနိုင်စွမ်းရှိသည်။ ယခုလည်း ထိုလူခြောက်ဆယ်စလုံးသည် သစ်သားဒုတ်များ သို့မဟုတ် သံဒုတ်များကို ကိုင်ဆောင်ကာ လူဟွားရုံ၏နောက်မှ ကြုံးဝါးလျက်လိုက်ပါလာကြသည်။
ရက်ကန်းစက်ရုံတံခါးကို စောင့်ကြပ်နေသောအစောင့်များသည် လူဟွားရုံတို့ လူအုပ်ကို မြင်သည်နှင့် တစ်ပြိုင်နက် သတိပေးခေါင်းလောင်းကိုတီးလိုက်ကြသည်။ လီစစ်က ဦးဆောင်ကာ စက်ရုံမှ ကိုယ်ရံတောာ်အယောက်လေးဆယ်ခန့်သည် ဒုတ်များကိုကိုင်ဆောင်လျက် ပြေးထွက်လာကြပြီး စက်ရုံအဝင်ဝတွင်တန်းစီကာ ဆီးကြိုလိုက်ကြသည်။
စက်ရုံတံခါးဝတွင် လီကျစ်၏ ကိုယ်ရံတော်များနှင့် လူဟွားရုံ၏ လူမိုက်များသည် ထိပ်တိုက် ရင်ဆိုင်မိကြလေတော့သည်။
လီကျစ်၏ ကိုယ်ရံတော်များသည် နေ့စဉ်နှင့်အမျှလေ့ကျင့်ထားသူများ ဖြစ်သဖြင့် စစ်ဗျူဟာအတိုင်း ကျွမ်းကျင်စွာနေရာယူလိုက်ကြသည်။ ကိုယ်ရံတော်များသည် ဒုတ်ရှည်များကို ကိုင်ဆောင်ကာ အတန်းနှစ်တန်းခွဲ၍ လခြမ်းပုံစံနေရာယူပြီး သူတို့ကိုဝိုင်းရံထားသော လူဟွားရုံ၏ လူများကို ရင်ဆိုင်လိုက်သည်။ လီကျစ်၏ ကိုယ်ရံတော်များသည် မိမိတို့နေရာတွင်ပင် ကျောက်တိုင်ကဲ့သို့ ခိုင်ခိုင်မာမာ ရပ်တည်နေကြရာ ကြည့်ရသည်မှာ အလွန်ပင်ခန့်ညားထည်ဝါလှသည်။ တစ်ဖက်မှလူမိုက်များနှင့် နှိုင်းယှဉ်ပါကသူတို့သည် စည်းကမ်းစနစ်ပိုမိုရှိကြသဖြင့် အသာစီးရနေပုံ ပေါ်သည်။
လူဟွားရုံသည် လီကျစ်၏ ကိုယ်ရံတော်အဖွဲ့ကို အတော်ကြာအောင်စိုက်ကြည့်နေမိပြီး သူ့မျက်လုံးများတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များပေါ်လာသည်။
လီကျစ်သည် စက်မှုလုပ်ငန်းတိုးတက်အောင် လုပ်ဆောင်နိုင်သည့် လျှို့ဝှက်ချက်ရှိရုံသာမက ကိုယ်ရံတော်များကို လေ့ကျင့်ပေးရာတွင်လည်း အလွန်ထူးချွန်ပုံရသည်။ လအနည်းငယ်အတွင်း၌ ဤမျှ စည်းကမ်းရှိသော အဖွဲ့တစ်ခုဖြစ်လာအောင် သူ မည်သို့ လေ့ကျင့်ပေးလိုက်ပါသနည်း။
သို့သော်လည်း လူဟွားရုံသည် သူ့ဘက်တွင်လူအင်အား ပိုများနေခြင်းနှင့် သူ့လူများမှာ ရန်ဖြစ်ရာတွင် ဝါရင့်နေသူများဖြစ်ခြင်းကိုအားကိုးကာ အလွန်အမင်း မောက်မာနေဆဲပင်။
လီကျစ် ရက်ကန်းစက်ရုံအတွင်းမှ ထွက်လာသည်ကိုမြင်သောအခါ လူဟွားရုံက…
“လီကျစ်... ငါ မင်းကို နောက်ဆုံးတစ်ကြိမ်အခွင့်အရေးပေးမယ်။ မင်း ရောင်းမှာလား၊ မရောင်းဘူးလား”
လီကျစ်က မျက်မှောင်ကြုတ်ကာ…
“ကျွန်တော် မရောင်းဘူးဆိုရင် ခင်ဗျား ဘာလုပ်မှာလဲ”
လူဟွားရုံက နှာခေါင်းရှုံ့ကာ…
“မင်းလို နားမလည်တဲ့ကောင်က မရောင်းဘူးဆိုရင်တော့ ငါ့လူတွေနဲ့ အထဲကိုအတင်းဝင်ပြီး မင်းရဲ့ စက်တွေကို လုယူရုံပဲ ရှိတာပေါ့”
လီကျစ်က လူဟွားရုံ၏ လူမိုက်များကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ကိုယ်ရံတော်များကို ပြန်ကြည့်ကာ လှောင်ပြုံးပြုံးရင်း…
“ခင်ဗျားမှာ အဲဒီလို လုပ်နိုင်တဲ့အရည်အချင်း ရှိမယ်မထင်ဘူးနော်”
လူဟွားရုံက ဒေါသတကြီးဖြင့် …
“မင်း ရောင်းမှာလား… မရောင်းဘူးလား”
လီကျစ် ခဏမျှတိတ်ဆိတ်သွားပြီးနောက် အေးအေးဆေးဆေးပင်…
“မရောင်းဘူး”
ထိုစကားကို ကြားသောအခါ လူဟွားရုံ၏မျက်နှာမှာ ဒေါသကြောင့်နီမြန်းသွားသည်။ သူသည် လီကျစ်ကို မျက်မှောင်ကြုတ်စိုက်ကြည့်ရင်း သူ့လက်ပါးစေများနှင့် လူမိုက်များကို လက်ဝေ့ယမ်းကာ…
“သွားကြစမ်း... အကုန်လုံးကို ရိုက်နှက်ပြီး စက်တွေကို လုယူကြ” ဟု အမိန့်ပေးလိုက်လေသည်။
“စစ်သည်တော်များကို နေ့ရက်များစွာ လေ့ကျင့်ပေးရခြင်းမှာ တစ်နာရီမျှအသုံးပြုရန်အတွက် ဖြစ်သည်” ဟူသော စကားပုံအတိုင်းပင်။ လူဟွားရုံသည် သူ့လက်ပါစေများကို ကျွေးမွေးပြုစုထားပြီး ထိုလူမိုက်များကိုလည်း ငွေပေးကာစည်းရုံးထားသည်မှာ ဤကဲ့သို့ အချိန်မျိုးအတွက်ဖြစ်သည်။ ထိုလူအုပ်ကြီးမှာ စည်းကမ်းမရှိသည့် လူဆိုးလူမိုက်များဖြစ်ကြသော်လည်း ထန်းကျင်းမြို့အတွင်း ဗိုလ်ကျစိုးမိုးပြီး ရန်ပွဲပေါင်းများစွာကိုဖြတ်သန်းလာသည့် ဝါရင့်လူမိုက်များဖြစ်ကြသည်။ တစ်ဦးချင်းစီမှာလည်း လူကြမ်းများဖြစ်ကြပြီး လူအင်အားကလည်း များပြားလှသည်။ လီကျစ်ဘက်တွင် လူအင်အားနည်းနေသည်ကိုမြင်သောအခါ သူတို့ အနိုင်ရမည်ဟုယုံကြည်ကာ အော်ဟစ်ကြုံးဝါးရင်း ရှေ့သို့ ပြေးဝင်လာကြတော့သည်။
လူပေါင်း ခြောက်ဆယ်သည် ဒုတ်များကိုမြှောက်ကာ လီကျစ်၏ ကိုယ်ရံတော်လေးဆယ်ထံသို့ ပြေးဝင်သွားကြသည်။
တစ်ဖက်လူများ ပြေးဝင်လာသည်ကိုမြင်သောအခါ လီကျစ်က…
“ပထမတန်း... ရန်သူရဲ့ ညာဘက်ကိုထိုးစိုက်စမ်း။ ဒုတိယတန်း... ရန်သူ့ရှေ့တည့်တည့်ကို ထိုးစိုက်စမ်း” ဟု အမိန့်ပေးလိုက်သည်။
လီကျစ်၏ ကိုယ်ရံတော်များသည် ဤစစ်ဗျူဟာကို လပေါင်းများစွာလေ့ကျင့်ထားသူများ ဖြစ်သည်။ လီကျစ်၏ အမိန့်ကိုကြားသည်နှင့် သူတို့အားလုံး အားတက်သရော ဟစ်အော်လိုက်ကြပြီး ရှေ့သို့တစ်လှမ်းတက်ကာ လေ့ကျင့်ထားသည့်အတိုင်း ပြေးဝင်လာသောလူမိုက်များကို ဒုတ်များဖြင့် ထိုးစိုက်လိုက်ကြသည်။
လီကျစ်၏ ကိုယ်ရံတော်များသည် ဤထိုးစိုက်သည့် အကွက်တစ်ခုတည်းကိုပင် လပေါင်းများစွာ နေ့စဉ်မပြတ်လေ့ကျင့်ထားသဖြင့် အလွန်ပင်ကျွမ်းကျင်နေကြပြီဖြစ်သည်။ ထို့ပြင် သူတို့၏ ဒုတ်ရှည်များမှာ နှစ်မီတာခန့်ရှည်လျားသဖြင့် လှံရှည်များကဲ့သို့ဖြစ်နေကာ တစ်ဖက်လူများ၏ ဒုတ်တိုများထက်ပိုရှည်နေသည်။ ထို့ကြောင့် အဝေးမှနေ၍ ရန်သူကိုအပြည့်အဝ ထိန်းချုပ်ထားနိုင်လေသည်။
ဒုတ်တိုများ ကိုင်ဆောင်ထားသောရန်သူများ အနားမကပ်နိုင်မီမှာပင် လီကျစ်ဘက်မှ ဒုတ်ရှည်များက ရောက်ရှိသွားပြီဖြစ်သည်။
စပိန်စတိုင် တိုက်ကွက်မှာလည်း အလွန်ပင်ထူးခြားလှသည်။ ရှေ့တည့်တည့်မှ ထိုးစိုက်လိုက်သောဒုတ်များကို ရှောင်ရန်လွယ်ကူသော်လည်း ညာဘက်မှ ကန့်လန့်ဖြတ် ထိုးစိုက်လာသော ဒုတ်များကိုမူ ရှောင်တိမ်းရန် မဖြစ်နိုင်သလောက်ပင်။ လီကျစ်၏ ကိုယ်ရံတော်များသည် ခန္ဓာကိုယ်၏ချက်ကောင်းနေရာများကိုသာ ဦးတည်၍ထိုးစိုက်ကြသည်။ သစ်သားဒုတ်များဖြစ်သော်လည်း အရှိန်အပြည့်ဖြင့် ထိုးစိုက်လိုက်သောအခါ တစ်ဖက်လူကို ကောင်းကောင်းကြီး အထိနာစေသည်။
ရှေ့ဆုံးမှ ပြေးဝင်လာသော လူမိုက်တစ်ဦးသည် ရှေ့တည့်တည့်မှ ဒုတ်ကို ကံကောင်းထောက်မစွာ ရှောင်လိုက်နိုင်သော်လည်း ညာဘက်မှဒုတ်က သူ့ရင်ဘတ်ကို အရှိန်ဖြင့်ထိမှန်သွားလေသည်။ သူသည် အသက်ရှူပင် မဝတော့ဘဲ ရင်ဘတ်ကို ဖိကာလဲကျသွားတော့သည်။
အခြားလူမိုက်တစ်ဦးမှာမူ ရှေ့မှဒုတ်ကို သူကိုင်ထားသောသံဒုတ်ဖြင့် အတင်းကာကွယ်လိုက်သော်လည်း ညာဘက်မှ ရောက်လာသောဒုတ်က သူ့ဦးခေါင်းကို အရှိန်ပြင်းပြင်း ထိမှန်သွားသည်။ သူ့ဦးခေါင်းမှ သွေးများချက်ချင်းပန်းထွက်လာပြီး ခေါင်းကိုကိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
လီကျစ်၏ ကိုယ်ရံတော်များ၏ ပထမအကြိမ်ထိုးစိုက်မှုမှာပင် လူဟွားရုံ၏ လူ ဆယ့်ခုနစ်၊ ဆယ့်ရှစ်ဦးခန့် ထိမှန်သွားပြီး ခုနစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာရကာ လဲကျသွားသည်။ ဓား သို့မဟုတ် လှံများဖြင့် ခုတ်ထိုးခြင်းမဟုတ်သော်လည်း ထိုလဲကျသွားသူများမှာ အတွင်းကြေဒဏ်ရာများ ရရှိသွားကြသဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ညည်းတွားနေကြပြီး ချက်ချင်းပြန်မထနိုင်ကြတော့ပေ။
အောင်ပွဲခံမည်ဟုယုံကြည်နေသော လူမိုက်များသည် ရုတ်တရက်အထိနာသွားသဖြင့် ကြောင်အသွားကြသည်။
သူတို့သည် တစ်ဖက်လူ၏အားကောင်းလှသော စစ်ဗျူဟာကို အံ့သြနေစဉ်မှာပင် လီကျစ်၏ အသံကို ထပ်မံကြားလိုက်ရသည်။
“ထပ်ပြီး ထိုးစိုက်စမ်း”
လီကျစ်၏ ကိုယ်ရံတော်များသည် တညီတညွတ်တည်းဟစ်အော်ကာ ရှေ့သို့ နောက်ထပ်တစ်လှမ်းတိုးလိုက်ပြီး ပြေးဝင်လာသောရန်သူများကို ထပ်မံထိုးစိုက်လိုက်ကြပြန်သည်။
လူမိုက်တစ်ဦးသည် ညာဘက်မှလာသော ဒုတ်ကိုရှောင်ရန် နောက်သို့ဆုတ်လိုက်သော်လည်း ရှေ့တည့်တည့်မှ ရောက်လာသောဒုတ်က သူ့နှာခေါင်းကို အရှိန်ဖြင့်ထိမှန်သွားလေသည်။ နှာခေါင်းရိုး ကျိုးသွားကာ သွေးများ ချက်ချင်းပန်းထွက်လာပြီး အော်ဟစ်လျက် လဲကျသွားတော့သည်။
အခြားလူမိုက်တစ်ဦးမှာမူ ညာဘက်မှဒုတ်က သူ့ညာဘက်ရင်အုံကိုထိမှန်ပြီးနောက် ရှေ့မှ ဒုတ်က သူ့ဘယ်ဘက်ရင်အုံကို ထပ်မံထိမှန်သွားသည်။ သူသည် ရင်ဘတ်တစ်ခုလုံး စူးစူးရှရှ နာကျင်သွားကာ မြေပြင်ပေါ်သို့ ပုံကျသွားလေသည်။
ဤတစ်ကြိမ်တွင်လည်း နောက်ထပ် ဆယ့်ခုနစ်၊ ဆယ့်ရှစ်ဦးခန့်ထိမှန်သွားပြီး ရှစ်ဦးမှာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ ချက်ကောင်းနေရာများကို အရှိန်ဖြင့်ထိမှန်သွားသူများမှာ မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ညည်းတွားနေကြတော့သည်။
အနောက်တွင်ရပ်နေသော လူဟွားရုံမှာ မယုံနိုင်သောမျက်လုံးများဖြင့် ကြည့်နေမိသည်။ ဤလူမိုက်များသည် ထန်းကျင်းမြို့တွင် တစ်ဦးလျှင် နှစ်ဦးကိုပင်ယှဉ်နိုင်သည့် နာမည်ကြီးများ ဖြစ်ကြသည်။ လီကျစ်၏ ကိုယ်ရံတော်များရှေ့တွင် အဘယ်ကြောင့် ဤမျှအားနည်းနေကြရသနည်း။ လီကျစ်မှာ သာမန်ကုန်သည်တစ်ဦးသာဖြစ်ပြီး သူ့ကိုယ်ရံတော်များက အဘယ်ကြောင့် ဤမျှ တိုက်ခိုက်ရေးကျွမ်းကျင်နေကြရသနည်း။ ရင်ဆိုင်မှု နှစ်ကြိမ်အတွင်းမှာတင် သူ့လူ တစ်ဆယ့်ငါးဦးမှာ လဲကျသွားခဲ့ပြီဖြစ်သည်။
သို့သော် သူ အံ့သြ၍ မဆုံးသေးမီမှာပင် လီကျစ်၏ အမိန့်သံ ထပ်ထွက်လာပြန်သည်။
ရှေ့တန်းက ညာဘက်ကိုထိုး… နောက်တန်းက တည့်တည့်ထိုး။ လီကျစ်၏ လူများသည် ရှေ့သို့ နောက်ထပ် တစ်လှမ်းတိုးလိုက်ကြပြီး ပြေးဝင်လာသောလူမိုက်များကို အဝေးမှနေ၍ ထိုးစိုက်လိုက်ကြပြန်သည်။ အော်ဟစ်သံများစွာ ထပ်မံထွက်ပေါ်လာပြီး လူဟွားရုံ၏ လူ နောက်ထပ် ရှစ်ဦး လဲကျသွားပြန်သည်။
စစ်မြေပြင်တွင် လက်နက်ပိုရှည်လေလေ ပို၍အားသာလေလေဖြစ်သည်။ လီကျစ်၏ ကိုယ်ရံတော်များ ကိုင်ဆောင်သောဒုတ်ရှည်များမှာ လူဟွားရုံ၏ လူများထက် ပို၍ရှည်လျားသဖြင့် သူတို့၏ စစ်ဗျူဟာမှာ အလွန်ပင်ထိရောက်လှပြီး လူဟွားရုံ၏လူများကို ပြန်လည်မတုံ့ပြန်နိုင်အောင် ဖိနှိပ်ထားနိုင်သည်။ ထို့ပြင် လူဟွားရုံ၏ လူများသည် တစ်ဦးချင်းတိုက်ခိုက်ခြင်းကိုသာ အားသန်ကြပြီး စနစ်တကျ တိုက်ကွက်များမရှိကြပေ။ လီကျစ်၏ လူများမှာမူ စုဖွဲ့မှုဖြင့် တိုက်ခိုက်ကြခြင်းဖြစ်သည်။ ထိုးစိုက်မှု သုံးကြိမ်အပြီးတွင် ရန်သူ အယောက်နှစ်ဆယ်ကျော်ကို ဖြိုလဲနိုင်ခဲ့ပြီဖြစ်သည်။
ရှေ့ဆုံးမှ အတင်းပြေးဝင်လာသော ရဲရင့်သည့် လူမိုက် အယောက်နှစ်ဆယ်ကျော်မှာ လဲကျသွားခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသော လူမိုက်သုံးဆယ်ကျော်မှာမူ ထိုမျှအထိ မရဲရင့်ကြတော့ပေ။ ဤမျှ တစ်ဖက်သတ်ဆန်လှသော တိုက်ပွဲကိုမြင်သောအခါ သူတို့ ရှေ့သို့မတိုးရဲကြတော့ဘဲ ခြေလှမ်းများကိုရပ်တန့်ကာ လီကျစ်၏ ကိုယ်ရံတော်များကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေကြတော့သည်။
သို့သော် လီကျစ်ကတော့ ထိုလူမိုက်များကို လွှတ်ပေးရန်ဆန္ဒမရှိဘဲ…
“ရှေ့ကို သုံးလှမ်းတိုးပြီး ထိုးစိုက်စမ်း” ဟု အော်ဟစ်လိုက်သည်။
လီကျစ်၏ ကိုယ်ရံတော်များသည် ရှေ့သို့သုံးလှမ်းတိုးလိုက်ပြီး သူတို့၏ ဒုတ်ရှည်များကို တင်းတင်းကြပ်ကြပ်ကိုင်ကာ ရှေ့မှ ရန်သူများကို ထိုးစိုက်လိုက်ကြပြန်သည်။
“အား...”
အော်ဟစ်သံများစွာ ထပ်မံထွက်ပေါ်လာပြီး လူ ဆယ့်ခုနစ်၊ ဆယ့်ရှစ်ဦးခန့် ထပ်မံထိမှန်သွားကာ ခုနစ်ဦးမှာ ချင်ကောင်းနေရာများကိုထိမှန်ပြီး ဒဏ်ရာများကိုဖိကာ လဲကျသွားကြသည်။
လူမိုက်တစ်ဦးမှာမူ ဒုတ်ဖြင့် ဆီးခုံကိုအရှိန်ပြင်းပြင်း ထိုးစိုက်ခြင်းခံလိုက်ရသည်။ သူသည် တစ်ကိုယ်လုံးနာကျင်လွန်းသဖြင့် အားအင်များဆုတ်ယုတ်သွားကာ မြေပြင်ပေါ်တွင် ကွေးကွေးလေး လဲကျပြီး အော်ဟစ်နေတော့သည်။
လူဟွားရုံ၏ လူတစ်ဦးလည်းထိမှန်သွားသည်။ သူသည် မျက်လုံးကိုဒုတ်ဖြင့် ထိုးစိုက်ခံလိုက်ရသဖြင့် မျက်စိကွယ်သွားခြင်းရှိမရှိ မသေချာသော်လည်း တိုက်ခိုက်နိုင်စွမ်းတော့ မရှိတော့ပေ။ သူသည် မျက်လုံးကို အုပ်ကာ မြေပြင်ပေါ်တွင် လဲကျနေလေသည်။
ဤအခြေအနေကိုမြင်သောအခါ ကျန်ရှိနေသောလူမိုက်များသည် ဆက်လက် မတိုက်ခိုက်ရဲကြတော့ဘဲ ထိတ်လန့်တကြား နောက်ဆုတ်ပြေးကြပြီး လူဟွားရုံ၏ အနောက်သို့ ရောက်မှသာ ရပ်တန့်လိုက်ကြတော့သည်။
သူ့လူများ ထိတွေ့ရုံမျှဖြင့်လဲကျသွားသည်ကိုမြင်သောအခါ လူဟွားရုံ၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေသည်။ သို့သော် သူသည် အရှုံးမပေးလိုဘဲ …
“လီကျစ်... မင်း ငါ့လူတွေကို တကယ်ပဲရိုက်ရဲတယ်ပေါ့။ ချင်းစစ်ရေးရာရုံးက မင်းရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူမှာကို မကြောက်ဘူးလား” ဟု အော်ဟစ် ခြိမ်းခြောက်လိုက်သည်။
လီကျစ်က ပြုံးလိုက်ပြီး …
“လူဟွားရုံ... ခင်ဗျားအစ်ကိုတစ်ယောက်တည်းပဲ ထန်းကျင်းမှာ အမတ်လုပ်နေတယ်လို့ ထင်နေတာလား”
လူဟွားရုံက အံကြိတ်ကာ…
“ကောင်းပြီ လီကျစ်…. မင်းက ငါ့လူတွေကို အရင်စပြီး ရန်စတယ်… ငါ့လူတွေကိုလည်း ဒဏ်ရာရအောင်လုပ်တယ်။ ချင်းစစ်ရေးရာရုံးကလူတွေ လာဖမ်းတာကိုသာ စောင့်နေပေတော့”
လူဟွားရုံသည် သူ့အစ်ကိုမှာ ဝန်ထောက်မင်းဖြစ်သည်ကိုအားကိုးကာ လီကျစ်က သူ့ကို အရင်စပြီး ဒဏ်ရာရအောင်လုပ်သည်ဟု အရှိကိုအရှိအတိုင်းမဟုတ်ဘဲ လိမ်လည်ပြောဆိုနေခြင်း ဖြစ်သည်။
ထိုသို့ပြောပြီးနောက် သူသည် ဒေါသတကြီးဖြင့် သူ့ဝတ်ရုံစကိုခါလိုက်ကာ မြေပြင်ပေါ်တွင် လဲကျနေသော ဒဏ်ရာရသူများကိုပင် ဂရုမစိုက်တော့ဘဲ ကျန်ရှိနေသော သူ့လူများနှင့် လူမိုက်များကို ခေါ်ဆောင်ကာ ‘ချင်းစစ်ရေးရာရုံး’ ဆီသို့ ဦးတည်ထွက်ခွာသွားလေတော့သည်။ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သော ဒဏ်ရာရသူအများစုမှာ လူးလှိမ့်ညည်းတွားနေကြဆဲဖြစ်သော်လည်း အချို့မှာမူ တဖြည်းဖြည်း အားပြန်ယူကာ ယိုင်တိုင်တိုင်ဖြင့် ထလာပြီး သူတို့နောက်သို့ လိုက်ပါသွားကြလေသည်။
“ထွက်သွားတဲ့အချိန် တံခါးနဲ့ မတိုက်မိစေနဲ့ဦးနော်” ဟု အနောက်မှ လှမ်း၍ အော်ပြောလိုက်သည်။
လီကျစ်၏စကားကြောင့် ကိုယ်ရံတော်များအားလုံး တဟားဟားရယ်မောလိုက်ကြရာ မလှမ်းမကမ်းသို့ရောက်နေသော လူဟွားရုံ၏မျက်နှာမှာ ဒေါသကြောင့်ပို၍ပင် နီမြန်းသွားလေသည်။
***