လူဟွားရုံ ထွက်သွားသည်နှင့်တစ်ပြိုင်နက် လီကျစ်သည် ထန်းကျင်းမြို့ရှိ အစိုးရရုံးတော်သို့ အမြန်သွားရောက်ခဲ့သည်။
လီကျစ်သည် တံခါးစောင့်နေသော ရုံးအမှုထမ်းအား ငွေ ၅ ကျန် ကို ခပ်သွက်သွက် ကမ်းပေးလိုက်ရင်း
"ကျွန်တော်မျိုး အိမ်တော်ထိန်း ဆွန်းယိုမင်ကို တွေ့ချင်လို့ပါ" ဟု ပြောလိုက်သည်။
ရုံးအမှုထမ်းသည် ငွေကိုရသဖြင့်ဝမ်းသာအားရဖြစ်သွားပြီး ရုံးတော်အတွင်းသို့ ဝင်ကာ ဆွန်းယိုမင်ကို ခေါ်ထုတ်ပေးခဲ့သည်။
ဆွန်းယိုမင်သည် လီကျစ်ကိုမြင်သည်နှင့်…
"သခင်လေးလီ… တစ်စုံတစ်ခု အခက်အခဲ ကြုံနေလို့လား"
လီကျစ်က ဆွန်းယိုမင်အား ငွေသျှူး ၅ သျှူးကို ထပ်မံပေးကမ်းလိုက်ပြီး ပြုံးလျက်…
"အကြောင်းမရှိဘဲ ကျွန်တော်မျိုးမလာပါဘူး။ လီကျစ်မှာ ဘုရင်ခံမင်းကြီးနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခုရှိနေလို့ပါ။ စီမံခန့်ခွဲရေးမှူးဆွန်းက လမ်းပြပေးဖို့တောင်းဆိုချင်ပါတယ်"
ဆွန်းယိုမင်သည် လက်ထဲရှိ ငွေကိုကြည့်ကာ ညီရင်းအစ်ကိုကဲ့သို့ ရင်းနှီးဖော်ရွေသွားပြီး
"ဘုရင်ခံမင်းကြီးက အခု နန်းဆောင်သုံးခုမြောက်မှာ နေ့ခင်းပိုင်းအနားယူနေတယ်… ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မင်း ငါနဲ့အတူ အပြင်မှာခဏစောင့်နေ နိုးလာတာနဲ့ ငါ ချက်ချင်း ခေါ်သွားပေးမယ်
လီကျစ်က ဦးညွှတ်ကာ…
"အိမ်တော်ထိန်းရဲ့ အစီအစဉ်အတိုင်းပါပဲခင်ဗျာ"
ဆွန်းယိုမင်သည် လီကျစ်ကို ရုံးတော်အတွင်းသို့ခေါ်သွားကာ ခန်းမနှစ်ခုကိုဖြတ်ကျော်ပြီး တတိယမြောက် နန်းဆောင်သို့ရောက်ရှိလာသည်။ သူသည် လီကျစ်ကို အပြင်တွင်ရပ်ခိုင်းထားပြီး ဘုရင်ခံမင်းကြီး ‘ဟဲရှိရှို့’ နိုးလာမည့်အချိန်ကို တိတ်ဆိတ်စွာစောင့်ဆိုင်းနေကြသည်။
ရုံးတော်တွင် အမှုထမ်းနေသူဖြစ်သဖြင့် ဆွန်းယိုမင်သည် ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို အလွန်နားလည်သည်။ လီကျစ်က ဘုရင်ခံမင်းကြီးနှင့် တွေ့လိုသည့် အကြောင်းအရင်းကိုမပြောသဖြင့် သူကလည်း စပ်စုခြင်းမပြုဘဲ ငြိမ်သက်စွာရပ်နေလေသည်။
အချိန်အတော်ကြာစောင့်ဆိုင်းပြီးနောက် နန်းဆောင်အတွင်းမှလှုပ်ရှားသံများ ကြားလိုက်ရသဖြင့် ဘုရင်ခံမင်းကြီး နိုးလာပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဆွန်းယိုမင်သည် တံခါးကို အသာဟ၍ ချောင်းကြည့်လိုက်သည်။ ဘုရင်ခံမင်းကြီး အမှန်တကယ်နိုးနေသည်ကို မြင်သောအခါမှ တံခါးကို ဖွင့်၍ အတွင်းသို့ဝင်သွားခဲ့သည်။
"အရှင်မင်းကြီး... ဆပ်ပြာချက်တဲ့ လီကျစ် ရောက်နေပါတယ်။ အရေးကြီးကိစ္စရှိလို့ တွေ့ခွင့်တောင်းနေပါတယ် ဘုရား"
"အို... ဟုတ်လား"
ဟဲရှိရှို့သည် အိပ်ရာမှနိုးကာစဖြစ်သဖြင့် ဝေဝေဝါးဝါးဖြစ်နေသေးသည်။ သူသည် ခဏမျှ စဉ်းစားပြီး မျက်နှာကို လက်ဖြင့်ပွတ်သပ်လိုက်သည်။ ထို့နောက်မှ လီကျစ်ဆိုသည်မှာ သူ့အား ငွေသျှူး နှစ်ထောင် ပေးကမ်းခဲ့သူဖြစ်ကြောင်း သတိရသွားကာ လက်ဝေ့ယမ်း၍…
"သူ့ကို အထဲလွှတ်လိုက်"
ဆွန်းယိုမင်သည် အပြင်သို့ပြန်ထွက်လာပြီး လီကျစ်ကို အထဲသို့ဝင်စေသည်။ လီကျစ်သည် နန်းဆောင်အတွင်းသို့ ဝင်သွားကာ ဒူးထောက်ဦးချဂါရဝပြုလိုက်ပြီးမှ မတ်တပ်ရပ်ကာ လက်အုပ်ချီလျက်…
"အရှင်မင်းကြီး... ချင်းစစ်ရေးရာရုံး ဝန်ထောက်မင်းရဲ့ ညီ လူဟွားရုံက ကျွန်တော်မျိုးရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်တပ်မက်နေပါတယ်။ သူက ကျွန်တော်မျိုးကို ချင်းစစ်ရေးရာရုံး ထောင်ထဲ ထည့်မယ်လို့လည်း ခြိမ်းခြောက်နေပါတယ်။ ဘုရင်ခံမင်းကြီးအနေနဲ့ ကျွန်တော်မျိုးကို ကယ်တင်ပေးဖို့ တောင်းပန်အပ်ပါတယ် ဘုရား"
ဟဲရှိရှို့က မုတ်ဆိတ်မွှေးကို သပ်ရင်း…
"သူက မင်းရဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်လို လိုချင်နေတာလဲ"
"လူဟွားရုံက ဆပ်ပြာဖော်ဆပ်နည်းနဲ့ ရက်ကန်းစက် နည်းပညာတွေကိုလွှဲပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်မျိုးက ငြင်းလိုက်တော့ သူက လူမိုက်ခြောက်ဆယ်ကိုခေါ်ပြီး ကျွန်တော်မျိုးရဲ့ ရက်ကန်းစက်ရုံမှာ လာရောက်ပြဿနာရှာပါတယ်။ ကျွန်တော်မျိုးရဲ့ ကိုယ်ရံတော်တွေက သူ့လူတွေကို မောင်းထုတ်လိုက်တာကို သူက အခု လူသတ်ဖို့ကြံရွယ်တယ်ဆိုပြီး မဟုတ်မမှန်စွပ်စွဲကာ ချင်းစစ်ရေးရာရုံးက ရုံးအမှုထမ်းတွေကိုလွှတ်ပြီး ဖမ်းခိုင်းနေပါတယ်"
ဟဲရှိရှို့က သက်ပြင်းချကာ…
"ဒီဝန်ထောက်မင်း လုဟွာလင်ကတော့ ပြဿနာမပြီးနိုင်သေးပါလား"
လီကျစ်သည် သူ့ရင်ဘတ်ထဲမှ ငွေသျှူး တစ်ထောင်တန် ငွေလွှဲလက်မှတ်ကို ထုတ်ယူကာ ဦးညွှတ်လျက် ဟဲရှိရှို့အား ဆက်သလိုက်သည်။ ဟဲရှိရှို့သည် ငွေလွှဲလက်မှတ်ပေါ်ရှိ ပမာဏကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"ကိစ္စမရှိပါဘူး… ငါ လုဟွာလင်နဲ့ စကားပြောလိုက်မယ်။ မင်းအိမ်ပြန်ပြီး သတင်းကိုသာ စောင့်နေတော့"
ဘုရင်ခံမင်းကြီး ကိုယ်တိုင်ကိုင်တွယ်ပေးမည်ဆိုပါက ချင်းစစ်ရေးရာရုံး ဝန်ထောက်မင်းအနေဖြင့် လီကျစ်ကို ဘာမှလုပ်နိုင်မည် မဟုတ်တော့ပေ။ ထိုစကားကို ကြားသောအခါ လီကျစ်၏ရင်ထဲမှ အလုံးကြီးကျသွားပြီး ပြုံးလျက်…
"ကျွန်တော်မျိုးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးကြီးလှပါတယ် ဘုရင်ခံမင်းကြီး။ ကျွန်တော်မျိုး ခွင့်ပြုပါဦး ဘုရား"
ရုံးတော်မှ ထွက်လာပြီး အိမ်သို့ပြန်ကာ စောင့်ဆိုင်းနေစဉ်မှာပင် ချင်းစစ်ရေးရာရုံးမှ ရုံးအမှုထမ်းများနှင့် အရင်ဆုံးတိုးတော့သည်။
ရုံးအမှုထမ်းငါးဦးသည် ကျင်းပြန်ရပ်ကွက်အတွင်းသို့ မောက်မာစွာဝင်ရောက်လာပြီး လီအိမ်တော်တံခါးဝရှိ အစောင့်များကိုတွန်းဖယ်ကာ ခါးတွင်ဓားများကိုယ်စီဖြင့် လီကျစ်အိမ်ထဲသို့ အတင်းဝင်လာကြသည်။ အိမ်ရှေ့ခန်းတွင်ရှိနေသော လီကျစ်တို့မိသားစုသုံးဦးကို မြင်သောအခါ ခေါင်းဆောင်ဖြစ်သူ ရုံအမှုထမ်းက လီကျစ်နှင့် လီရှင်းကို တစ်ချက်ကြည့်ကာ…
"ဟေ့... ဖမ်းစမ်း… လီကျစ် ဆိုတာ ဘယ်သူလဲ"
လူဟွားရုံ၏ လက်စားချေမှုက ဘုရင်ခံမင်းကြီးထက် အလျင်ဦးစွာရောက်လာပြီဖြစ်ကြောင်း လီကျစ် သိလိုက်သည်။ သူသည် ဝတ်ရုံစကိုခါလိုက်ပြီး မတ်တပ်ရပ်ကာ…
"ကျွန်တော်ပါပဲ"
ရုံးစေများသည် စကားရှည်ရှည်မပြောဘဲ လီကျစ်ကို ချက်ချင်းဖမ်းဆီးကာ လက်နှစ်ဖက်ကို နောက်ပြန် ကြိုးတုပ်လိုက်ကြသည်။
၎င်းကိုမြင်သောအခါ မိခင်ဖြစ်သူ ကျန်းသျှီသည် ချက်ချင်းပင်ငိုယိုကာ ဒူးထောက်ကျသွားပြီး
"အမတ်မင်းတို့ရယ်... ကျွန်မတို့ကို အသက်ချမ်းသာပေးကြပါ။ ကျွန်မတို့က ဥပဒေကို လေးစားတဲ့ သာမန်ပြည်သူတွေပါ။ ဘာလို့ ဖမ်းတာလဲရှင်" ဟု ငိုယို တောင်းပန်ရှာသည်။
ဦးဆောင်လာသော ရုံးအမှုထမ်းက လှောင်ပြုံးပြုံးလိုက်ပြီးမှ မျက်နှာကို ရုတ်တရက်ပြောင်းကာ
"ဒုတိယသခင်လေးကို စော်ကားထားပြီးမှ ဥပဒေလေးစားတယ် ဟုတ်လား။ မင်းတို့ တစ်လှမ်းချင်းစီက အသက်နဲ့ လဲရလိမ့်မယ်"
ရုံးအမှုထမ်းပြောသော "ဒုတိယသခင်လေး" ဆိုသည်မှာ ဝန်ထောက်မင်း၏ ညီ လူဟွားရုံ ဖြစ်ပေလိမ့်မည်။
လီရှင်းသည် သူ့ရင်ဘတ်ထဲမှ ငွေတစ်သျှူးကို အမြန်ထုတ်ယူကာ ရုံးအမှုထမ်းခေါင်းဆောင်အား ကမ်းပေးရင်း….
"အမတ်မင်း... ကျွန်တော့်အစ်ကိုကို ကြိုးမတုပ်ပါနဲ့ဗျာ… ရုံးတော်ကိုပဲ ကောင်းကောင်း ခေါ်သွားပေးပါ"
ရုံးအမှုထမ်းခေါင်းဆောင်သည် လီရှင်းပေးသော ငွေကိုကြည့်ကာ ဖတ် ခနဲ မြေပြင်ပေါ်သို့ ပုတ်ချလိုက်ပြီး…
"ငွေနဲ့ လာပေးနေသေးတာလား… မင်းတို့မိသားစုက ဒုတိယသခင်လေးကို စော်ကားထားတာ… နတ်ဘုရားတောင် မင်းတို့ကို ကယ်နိုင်မှာမဟုတ်ဘူး… ငါသာ သူ့ကို ကြိုးမတုပ်ဘဲခေါ်သွားရင် မနက်ဖြန် ငါပဲ အုပ်ချုပ်သူဆီက အရိုက်ခံရလိမ့်မယ်"
ရုံးအမှုထမ်းက ငွေကိုပုတ်ချလိုက်သဖြင့် လီရှင်းမှာ ထိတ်လန့်သွားကာ ဘာမှမပြောနိုင်တော့ပေ။
ထိုသို့ပြောပြီးနောက် ရုံးအမှုထမ်းသည် လီကျစ်၏ကျောကို အရှိန်ပြင်းပြင်းဖြင့် တွန်းလွှတ်လိုက်ရာ လီကျစ်မှာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးဖြစ်သွားသည်။
"ကျေးဇူးမသိတဲ့ကောင်၊ မြန်မြန်သွားစမ်း"
လူဟွားရုံ၏ လူများက ဤမျှအထိရက်စက်လိမ့်မည်ဟု လီကျစ် မထင်ထားခဲ့ပေ။ ထို့ပြင် ဘုရင်ခံမင်းကြီးကကော သူ့အတွက်မည်သို့ စီစဉ်ပေးထားသည်ကိုလည်း သူ မသိသေးပေ။ သူသည် ရုံးအမှုထမ်းများကို တစ်ချက်ကြည့်ကာ သက်ပြင်းချရင်း အိမ်ဝင်းအတွင်းမှ ထွက်လာခဲ့သည်။
ရုံးအမှုထမ်းများ လီအိမ်တော်ထဲသို့ဝင်သွားသည်ကို မြင်ကတည်းက လမ်းမပေါ်တွင် လူအုပ်ကြီးက သုံးထပ်ခန့် ဝိုင်းအုံနေပြီဖြစ်သည်။ ယခု လီကျစ်ကို ကြိုးတုပ်ကာခေါ်ထုတ်လာသည်ကို မြင်သောအခါ လူအုပ်ကြီးမှာ တီးတိုးစကားဆိုသံများဖြင့် ဆူညံသွားတော့သည်။
"ရုံးအမှုထမ်းတွေက ကျစ်အာကို ဘာလို့ ကြိုးတုပ်ထားတာလဲ"
"ကျစ်အာတို့လို လုပ်ငန်းအကြီးကြီးလုပ်နေတဲ့သူတောင် ချင်းစစ်ရေးရာရုံးရဲ့ ဖမ်းဆီးတာကို ခံရပါလား"
"ကျစ်အာ အဖမ်းခံရပြီဆိုရင် သူ့ဆီမှာ အလုပ်လုပ်နေတဲ့ ငါ့သားလေး ဘာဖြစ်မလဲ"
"ငွေရှိတာလည်း အမြဲတမ်းမကောင်းပါဘူးကွယ်။ အာဏာမရှိရင် ငွေရှိတာကပဲ ဒုက္ခဖြစ်တတ်တာ။ ကျစ်အာတော့ ဒုက္ခတွေ့နေရှာပြီ"
လီကျစ်သည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကိုတစ်ချက်ကြည့်ကာ အသက်ကို ပြင်းပြင်းရှူရင်း အိမ်မှ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
လီကျစ် ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်ကို မြင်သောအခါ ရုံးအမှုထမ်းက အနောက်မှ ထပ်မံတွန်းထုတ်လိုက်သဖြင့် လီကျစ်မှာ အိမ်ဝင်းထဲမှ ယိုင်တိုင်တိုင်ဖြင့် ထွက်လာရသည်။
လီကျစ်၏ သနားစဖွယ်အခြေအနေကိုမြင်သောအခါ လူအုပ်ကြီးမှာ စိတ်မကောင်းဖြစ်ကာ သက်ပြင်းချကြသည်။ မိသားစုဝင်များ လီကျစ်ထံတွင် အလုပ်လုပ်နေသူများနှင့် လီကျစ်၏ ကျေးဇူးရှိသူများမှာမူ ပို၍ပင်မခံမရပ်နိုင်ဖြစ်နေကြသည်။ သို့သော်လည်း အာဏာပိုင်များရှေ့တွင် ၎င်းတို့မှာ ဘာမှမပြောရဲကြပေ။
လူအုပ်မှာ ပို၍များပြားလာပြီး လီအိမ်တော်ရှေ့တွင် လမ်းပိတ်လုနီးပါးဖြစ်နေသည်။ ရုံးအမှုထ်းခေါင်းဆောင်သည် လီကျစ်နောက်မှလိုက်လာရင်း လူအုပ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်ရာ လူအုပ်မှာ ထိတ်လန့်သွားပြီး လမ်းဖယ်ပေးလိုက်ကြသည်။
ရုံးအမှုထမ်းသည် လီကျစ်ကို အကြမ်းပုတမ်းဆွဲခေါ်ကာ ကျင်းပြန်ရပ်ကွက် အပြင်ဘက်သို့ ဦးတည် ခေါ်ဆောင်သွားသည်။
လမ်းပွင့်သွားသည်နှင့် ရုံအမှုထမ်းသည် လီကျစ်ကို ခပ်သွက်သွက်ခေါ်သွားရန် ပြင်စဉ်မှာပင် လူငါးဦးသည် အမောတကော ပြေးလာသည်ကို တွေ့လိုက်ရသည်။
လမ်းတွင် အလွန်အမင်းပြေးလာရသဖြင့် ဦးဆောင်လာသော အမတ်ငယ်မှာ ခါးပတ်ပင် ပြုတ်နေပြီး ပြန်ပတ်ရန်အချိန်မရသဖြင့် သူ့ဘောင်းဘီကို လက်ဖြင့်ဆွဲကိုင်လျက် ပြေးလာရရှာသည်။
ရောက်လာသူများကိုမြင်သောအခါ ရုံးအမှုထမ်းခေါင်းဆောင်က ခြေလှမ်းရပ်လိုက်ပြီးမှ ပြုံးလျက်…
"ဦးကြီးချန်... ဘာလို့ ဒီလောက်အသည်းအသန် ပြေးလာတာလဲ။ ကျွန်တော် 'ဝေ့ကျိ' ရဲ့ အလုပ်ကို မယုံလို့လား"
ဦးကြီးချန်ဟု ခေါ်သောအမတ်ငယ်သည် ရုံးအမှုထမ်း၏ စကားကိုကြားသော် ဒေါသတကြီး ဆဲဆိုလိုက်သည်။…
"ဝေ့ကျိ... သူ့ကို အခုချက်ချင်းကြိုးဖြည်ပေးစမ်း။ သခင်လေးလီကို အခုချက်ချင်း ကြိုးဖြည်ပေးလိုက်စမ်း"
ဦးကြီးချန်၏ စကားကို ကြားသောအခါ ရုံးအမှုထမ်း ငါးဦးစလုံး ချက်ချင်းဆွံ့အသွားကြသည်။
ဘယ်သူ့ကို ကြိုးဖြည်ပေးရမှာလဲ။ ဘယ်သခင်လေးလီလဲ။ သူက ရာဇဝတ်သား မဟုတ်ဘူးလား။
သခင်ကြီးက အမိန့်ပေးပြီး ဒုတိယသခင်လေးကပါ လာဖမ်းခိုင်းထားတာ မဟုတ်လား။
လမ်းဘေးမှကြည့်နေသော လူအုပ်ကြီးမှာလည်း ဤကဲ့သို့ ရုတ်တရက်အခြေအနေ ပြောင်းလဲသွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ လမ်းမပေါ်ရှိ ရာနှင့်ချီသော ပြည်သူများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြလေတော့သည်။
***