ဝေ့ကျိဟု ခေါ်သော ရုံးအမှူထမ်ဒသည် အသေအချာစဉ်းစားပြီးနောက်…
“ဦးကြီးချန်... ဒါတွေက ကျွန်တော်တို့ ဒုတိယသခင်လေး ဖမ်းခိုင်းထားတဲ့ ရာဇဝတ်သားတွေပဲ။ သူတို့ကို ဒီအတိုင်း ဘယ်လိုလုပ်ပြီး ကြိုးဖြည်ပေးလို့ ရမှာလဲ”
စာရေးကြီး ချန်ချိရှို့မှာ ခြေဆောင့်ကာ ဒေါသတကြီး ဆဲဆိုလေတော့သည်။ …
“ဝေ့ကျိ... မင်းက ငါ့အမိန့်ကို ဖီဆန်ရဲတာလား။ သခင်ကြီးကိုယ်တိုင် မင်းကိုတားဖို့ ငါ့ကို အပြင်းအထန်မှာလိုက်တာ။ သခင်လေးလီကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး ရုံးတော်ရဲ့ တတိယမြောက် နန်းဆောင်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်ခိုင်းလိုက်တာကွ”
ဦးကြီးချန်၏ စကားကိုကြားသောအခါ ဝေ့ကျိနှင့် ကျန်ရုံးအမှုထမ်းများမှာ ထပ်မံ၍ ဆွံ့အသွားကြပြန်သည်။
“တတိယမြောက် နန်းဆောင်မှာ ဆွေးနွေးဖို့ဟုတ်လား။ ဒုတိယသခင်လေးက သူ့ကို ရုံးတော်ရှေ့ခန်းမှာ စစ်ဆေးဖို့ ခေါ်လာခိုင်းတာ မဟုတ်ဘူးလား”
“ဘယ်က ဒုတိယသခင်လေးလဲ။ ဒုတိယသခင်လေးရဲ့စကားကို မင်းက ဧကရာဇ်ရဲ့ အမိန့်တော်လို့ မှတ်နေတာလား။ ချင်းစစ်ရေးရာရုံးမှာ သခင်ကြီးတစ်ယောက်ပဲရှိတယ်”
“ဝေ့ကျိ... မင်းက ငါ့စကားကိုပါ နားမထောင်တော့ဘူးပေါ့လေ”
ထိုအခါမှသာ ရုံးအမှုထမ်းများသည် အိပ်မက်မှနိုးလာသကဲ့သို့ အသိဝင်လာကြသည်။ သူတို့သည် လီကျစ်ထံသို့ အပြေးအလွှားသွားကာ ကြိုးများကိုဝိုင်းဖြည်ပေးကြတော့သည်။ ရုံးအမှုထမ်းများမှာ စိတ်ထဲတွင်ထိတ်လန့်နေကြသဖြင့် လက်အစုံမှာတုန်ရီနေပြီး လီကျစ်၏ နောက်ကျောမှ ကြိုးထုံးကိုဖြည်ရန် အတော်ပင်အချိန်ယူလိုက်ရသည်။
လီကျစ်၏ ကိုယ်ပေါ်မှကြိုးများပြုတ်သွားသည်ကိုမြင်မှသာ ဦးကြီးချန်မှာ သက်ပြင်းချနိုင်တော့သည်။ သူသည် လီကျစ်ကို အလွန်အမင်းရိုသေစွာ ဦးညွှတ်လိုက်ပြီး…
“သခင်လေးလီ... ထိတ်လန့်သွားစေမိလို့ ခွင့်လွှတ်ပါဗျာ… ကျွန်တော်က ချင်းစစ်ရေးရာရုံးရဲ့ ပြစ်မှုဌာနစာရေးကြီး ချန်ချိရှို့ ပါ။ ကျွန်တော့်ရဲ့ သခင်ကြီး ဝန်ထောက်မင်းရဲ့ ညွှန်ကြားချက်အရ သခင်လေးကို ချင်းစစ်ရေးရာရုံးမှာ ဆွေးနွေးဖို့ လာရောက် ဖိတ်ခေါ်တာပါ”
ပြစ်မှုဌာနစာရေးကြီး ချန်ချိရှို့ ဟုတ်လား။ သူသည် ရှောင်ကွမ်းဝေ၏ အားကိုးရာ ဦးကြီးချန် မဟုတ်ပါလား။ သူက ဘာလို့ ငါ့ရှေ့မှာ ဒီလောက်အထိ ပျာပျာသလဲ ဖြစ်နေရတာလဲ။
လီကျစ်သည် ကြိုးမှလွတ်လာသော သူ့လက်များကိုခါလိုက်ရင်း…
“ဒါက ဘာပြဇာတ် ခင်းနေကြတာလဲ”
ခုနက ရုံးမှုများသည် လူဟွားရုံ၏ လက်စားချေရန်စေလွှတ်မှုကြောင့် ဤမျှအထိ ရက်စက်ကြမ်းကြုတ်ခဲ့ခြင်းဖြစ်ကြောင်း လီကျစ် သိသည်။ သို့သော် ယခုအခါ စာရေးကြီးများက ဤမျှအထိ ရိုသေနေကြခြင်းမှာ ထန်းကျင်း ဘုရင်ခံမင်းကြီး ဟဲရှိရှို့က ဝန်ထောက်မင်း လုဟွာလင်ကို သွားရောက်ပြောဆိုပေးလိုက်၍သာ ဖြစ်ပေလိမ့်မည်။ ဘုရင်ခံမင်းကြီးက သူ့ကို ဗိုလ်မကျရန် ဝန်ထောက်မင်းကို ညွှန်ကြားလိုက်သဖြင့် ယခုကဲ့သို့ အခြေအနေမှာ ရုတ်ခြည်းပြောင်းလဲသွားခြင်း ဖြစ်သည်။
ဘုရင်ခံမင်းကြီးကိုပေးလိုက်သော ငွေများမှာ အလကားမဖြစ်သွားပေ။ ဤဘုရင်ခံမှာ ငွေယူပြီးလျှင် အလုပ်တော့တကယ်လုပ်ပေးသားပဲဟု လီကျစ် စိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော်လည်း လီကျစ်မှာ ခုနလေးတင် အရှက်ခွဲခံထားရသဖြင့် ဤရုံးအမှုထမ်းများနှင့် စာရေးကြီးများကို ပြန်လည်ပညာပေးလိုစိတ် ပေါ်လာသည်။
“ခင်ဗျားတို့က ကျွန်တော့်ကို ဖိတ်ခေါ်တာလား… ဒါမှမဟုတ် ကြိုးတုပ်တာလား။ ဒီလို အပြုအမူမျိုးနဲ့တော့ ကျွန်တော် မလိုက်ရဲဘူး”
လီကျစ်က ရုံးတော်သို့မလိုက်နိုင်ကြောင်း ပြောသောအခါ ချန်ချိရှို့မှာ ချွေးပြန်သွားပြီး
“နားလည်မှု လွဲတာပါ သခင်လေးလီ။ ဒါတွေအားလုံးက နားလည်မှုလွဲတာပါ။ ကျွန်တော့်သခင်ကြီးက သခင်လေးကို သေချာပေါက်ဆွေးနွေးဖို့ ဖိတ်ခေါ်ခိုင်းလိုက်တာပါ”
လီကျစ်က မကျေနပ်သေးသည့် အမူအရာပြနေသည်ကိုမြင်သောအခါ ဦးကြီးချန်သည် အံကြိတ်ကာ ရုံအမှုထမ်း ဝေ့ကျိထံသို့ လျှောက်သွားပြီး ပါးရိုက်လိုက်လေသည်။
“မင်းက ဘယ်လိုသတ္တိနဲ့ သခင်လေးလီကို အခက်တွေ့အောင် လုပ်ရတာလဲ”
ဝေ့ကျိမှာ အရှိန်ပြင်းပြင်းအရိုက်ခံလိုက်ရသဖြင့် နောက်သို့ယိုင်သွားသည်။ သူသည် အံ့အားသင့်စွာဖြင့် နီမြန်းသွားသော သူ့ပါးကို လက်ဖြင့်အုပ်ကာ ချန်ချိရှို့ကို ကြည့်နေမိပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။
ဤထူးဆန်းသော မြင်ကွင်းကိုကြည့်နေသည့် ပတ်ဝန်းကျင်မှ ပြည်သူများမှာလည်း ထပ်မံ၍ ဆူညံသွားကြပြန်သည်။
“ရုံးအမှုထမ်း အရိုက်ခံရပြီဟေ့… ရုံးတော်ကလူတွေ အချင်းချင်း ပြန်ချနေကြပြီ”
“ရုံးအမှုထမ်းတွေ တစ်ယောက်နဲ့တစ်ယောက် ပြန်ရိုက်နေကြပြီ”
“ရုံးအမှုထမ်းက ကျစ်အာကို ဆွေးနွေးဖို့ ဖိတ်ခေါ်နေတာတဲ့”
“ကျစ်အာက တကယ်တော်တာပဲ။ ဘယ်သူမှ လွယ်လွယ်နဲ့ ဗိုလ်ကျလို့မရဘူး။ အဲဒီ ရုံးအမှုထမ်းက ခံထိုက်ပါတယ်”
မင်မင်းဆက်ကာလတွင် ရုံးအမှုထမ်းနှင့် စာရေးကြီးများမှာ နိမ့်ကျသောရာထူးများအဖြစ် သတ်မှတ်ခံရပြီး နန်းတွင်းစာမေးပွဲများကို ဝင်ရောက်ဖြေဆိုခွင့်မရှိကြပေ။ သို့သော်လည်း အာဏာနှင့် နီးစပ်သူများဖြစ်ကြသဖြင့် ၎င်းတို့မှာ ပြည်သူများအပေါ် ဗိုလ်ကျစိုးမိုးလေ့ရှိပြီး နည်းမျိုးစုံဖြင့် ငွေညှစ်တတ်ကြရာ ပြည်သူများက ၎င်းတို့ကို မုန်းလည်းမုန်း… ကြောက်လည်း ကြောက်ကြသည်။ ယခုအခါ စာရေးကြီးတစ်ဦးက ရုံးအမှုတစ်ဦးကို ရိုက်နှက်သည်ကိုမြင်ရသောအခါ ပြည်သူများမှာ ခွေးအချင်းချင်း ကိုက်သည်ကို ကြည့်ရသကဲ့သို့ အလွန်ပင်ကျေနပ်နေကြတော့သည်။
ပြည်သူများ၏ ပြောဆိုသံများကိုကြားသောအခါ ဝေ့ကျိ၏ မျက်နှာမှာ ပန်းသီးမှည့်ကဲ့သို့ နီမြန်းသွားပြီး ခေါင်းမဖော်ရဲတော့ပေ။ ရိုက်လိုက်သော ချန်ချိရှို့ပင်လျှင် အနည်းငယ် အနေခက်သွားရသည်။
လီကျစ်က ပတ်ဝန်းကျင်ရှိ အိမ်နီးနားချင်းများကို လက်အုပ်ချီနှုတ်ဆက်ကာ
“အိမ်နီးနားချင်းတို့ခင်ဗျာ... ဝန်ထောက်မင်းက ကျွန်တော့်ကို ဆွေးနွေးဖို့ဖိတ်ခေါ်တာ ဖြစ်တဲ့အတွက် လီမိသားစုရဲ့ ကိစ္စတွေကိုစိတ်မပူကြပါနဲ့တော့။ အားလုံးပဲ လူစုခွဲလိုက်ကြပါဦး” ဟု ပြောလိုက်သည်။
ထို့နောက် ချန်ချိရှို့ကို ကြည့်ကာ…
“ဦးကြီးချန်... လမ်းပြပါဦး… ကျွန်တော် လိုက်ခဲ့ပါ့မယ်”
ထိုအခါမှသာ ချန်ချိရှို့မှာ စိတ်အေးသွားတော့သည်။ သူသည် အလျင်အမြန်ပင်…
“ကြွပါခင်ဗျာ”
လီကျစ်ကို ချင်းစစ်ရေးရာရုံးသို့ ခေါ်ဆောင်သွားတော့သည်။
ရုံးစေ ငါးဦးမှာမူ အရှက်ရနေသောမျက်နှာများဖြင့် လီကျစ်၏နောက်မှ လိုက်ပါလာကြသည်။ ရှေ့တွင် စာရေးကြီးကလမ်းပြပြီး အနောက်တွင် ရုံးအမှုထမ်းများက လိုက်ပါလာရသဖြင့် လီကျစ်မှာ အခြွေအရံများ ဝန်းရံထားသကဲ့သို့ ဖြစ်နေတော့သည်။
ချင်းစစ်ရေးရာရုံးမှာမြို့၏ မြောက်ဘက်ပိုင်းတွင်ရှိသည်။ ထိုရုံးတော်မှာ ဘုရင်ခံရုံးတော်ထက် အနည်းငယ်သေးငယ်ပြီး အတော်ပင်ဟောင်းနွမ်းနေပြီ ဖြစ်သည်။
ရုံးတော်အတွင်းသို့ ရောက်သောအခါ ချန်ချိရှို့သည် လီကျစ်ကို တတိယမြောက် နန်းဆောင်သို့ ခေါ်ဆောင်သွားသည်။ ထိုနေရာတွင် ထန်းကျင်းမြို့ ချင်းစစ်ရေးရာရုံး ဝန်ထောက်မင်း လုဟွာလင်မှာ ထိုင်၍ စောင့်ဆိုင်းနေသည်။ လုဟွာလင်မှာ အသက် ၄၀ ကျော်၊ ၅၀ နီးပါးခန့် ရှိပြီး လေးထောင့်ကျကျ မျက်နှာထားနှင့် မုတ်ဆိတ်မွှေးမရှိသော ချောမွေ့သည့် မေးစေ့ရှိသည်။ သူသည် အဆင့် (၅) အမတ် ဝတ်စုံကိုဝတ်ဆင်ကာ အခန်း၏ အလယ်တွင် ထိုင်နေသည်။
လီကျစ် အခန်းထဲသို့ ဝင်လာသောအခါ လုဟွာလင်မှာ ခရီးဦးကြိုရန် ထရပ်လိုက်သည်။ လီကျစ်က ဒူးထောက်ရန်ပြင်လိုက်စဉ်မှာပင် လုဟွာလင်က…
“ထုံးတမ်းစဉ်လာတွေ မလိုပါဘူး” ဟု ဟန့်တားလိုက်သည်။
လီကျစ်မှာ အံ့အားသင့်သွားပြီး ဘုရင်ခံမင်းကြီး၏ ပြောစကားမှာတကယ်ပင် ထိရောက်ကြောင်း တွေးလိုက်မိသည်။ ဒူးထောက်ဂါရဝပြုခြင်းကိုပင် ကင်းလွတ်ခွင့်ပေးလိုက်သည်မဟုတ်ပါလား။ လီကျစ်က လုဟွာလင်ကို ကြည့်ကာ…
“သာမန်ပြည်သူ ကျွန်တော်မျိုး လီကျစ်က ဝန်ထောက်မင်းကို ဂါရဝပြုပါတယ်”
လုဟွာလင်က ခေါင်းညိတ်ကာ…
“ထိုင်ပါ လီကျစ်… ထိုင်ပါဦး”
နှစ်ဦးသား ထိုင်လိုက်ကြသောအခါ အစေခံငယ်လေးတစ်ဦးက လက်ဖက်ရည် ယူဆောင်လာပေးသည်။ ရုံးတော်သို့လာပြီး လက်ဖက်ရည်ဖြင့် ဧည့်ခံခံရခြင်းမှာ မဆိုးလှဟု လီကျစ် စိတ်ထဲမှတွေးလိုက်မိသည်။ သူသည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်စဉ်မှာပင် ဝန်ထောက်မင်းက စကားကို တိုက်ရိုက်ပင်စတင်လိုက်သည်။
“လီကျစ်... မင်းနဲ့ လူဟွားရုံတို့ကြားက ပြဿနာကို ငါ ကြားသိပြီးပြီ”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လုဟွာလင်က ပြုံးလျက်…
“လီကျစ်... မင်းက ဘုရင်ခံမင်းကြီးနဲ့ အတော်လေး ရင်းနှီးတာလား”
လုဟွာလင်သည် သူ့ကို ဘုရင်ခံမင်းကြီးနှင့် မည်သို့ပတ်သက်သည်ကို စုံစမ်းလိုနေခြင်းဖြစ်ကြောင်း လီကျစ်သိလိုက်သည်။ ဘုရင်ခံနှင့် မည်မျှအထိရင်းနှီးသည်ကို သိမှသာလျှင် ဤအမှုကို မည်သို့စီရင်ရမည်ကို ဝန်ထောက်မင်းက ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ အကယ်၍ ဘုရင်ခံနှင့် အလွန်ရင်းနှီးပါက စီရင်ချက်မှာ လီကျစ်ဘက်သို့ ပို၍ ဘက်လိုက်ပေလိမ့်မည်။
ခဏမျှ စဉ်းစားပြီးနောက် လီကျစ်က လိမ်ညာ၍…
“ကျွန်တော်တို့က ဆွေမျိုးတွေပါ”
လီကျစ်သည် ယခင်က ထန်းကျင်းဘုရင်ခံထံသို့ ငွေသျှူး သုံးထောင် ပေးအပ်ခဲ့ဖူးသဖြင့် ဟဲရှိရှို့အနေဖြင့် သူ့ကို အထူးဂရုစိုက်ပေးမည်ဟု သူ ယူဆထားသည်။ သူသည် ဘုရင်ခံ၏ ဆွေမျိုးအဖြစ် ဟန်ဆောင်လိုက်လျှင်ပင် ဟဲရှိရှို့ သိသွားပါက သူ့ကို အပြစ်တင်လိမ့်မည်မဟုတ်ပေ။ အပြန်အလှန်အားဖြင့် လီကျစ်က ဟဲရှိရှို့နှင့် ဘာမှမပတ်သက်ဟု ပြောလိုက်ပါက လူများက ဟဲရှိရှို့ကို လာဘ်စားသည်ဟု သံသယဝင်ကြမည်ဖြစ်ရာ ၎င်းမှာ ဘုရင်ခံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပေသည်။
“ဆွေမျိုး ဟုတ်လား။ ဘယ်လိုမျိုး ဆွေမျိုးလဲ”
လီကျစ်က ထိုမေးခွန်းကိုပြန်မဖြေဘဲ လက်ဖက်ရည်ကိုသာ အေးအေးဆေးဆေး သောက်နေလိုက်သည်။
လီကျစ်က ပြန်မဖြေသည်ကို မြင်သောအခါ လုဟွာလင်မှာ လီကျစ်၏ စကားကိုသာ ပြန်လည် စဉ်းစားနေပြီး လီကျစ်မှာ ဟဲရှိရှို့၏ ဝမ်းကွဲညီအစ်ကို တစ်ဦးဦးဖြစ်ပေလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ခဏအကြာတွင် သူသည် အကြံရသွားကာ …
“သခင်လေးလီ... ထိတ်လန့်သွားစေမိပြီ။ မင်းရဲ့ ရက်ကန်းစက်ရုံမှာ ပြဿနာရှာခဲ့တဲ့ လူမိုက် ဆယ်ယောက်ကို အပြင်းအထန်အပြစ်ပေးဖို့ ဒီအမတ်က ဆုံးဖြတ်လိုက်ပြီ။ တစ်ယောက်ကို ဒုတ်နဲ့ အချက် ၄၀ စီ ရိုက်စေမယ်။ ဒါကို မင်း ဘယ်လိုသဘောရလဲ”
လုဟွာလင်သည် လီကျစ်အား ဟဲရှိရှို့၏ ဆွေမျိုးဖြစ်သည်ဟု ယုံကြည်သွားသဖြင့် လီကျစ်အပေါ် ပိုမိုတန်ဖိုးထားလာကာ ‘သခင်လေးလီ’ ဟုပင် ပြောင်းလဲခေါ်ဝေါ်လိုက်သည်။ ဖြစ်စဉ်ကိုလည်း အရပ်သားအချင်းချင်း အငြင်းပွားမှုမှသည် လူမိုက်များက လာရောက်ပြဿနာရှာသည့် အမှုအဖြစ် ပြောင်းလဲလိုက်ရာ လီကျစ်အတွက် ပို၍ အကျိုးရှိသွားသည်။
သို့သော်လည်း သူသည် သူ့ညီဖြစ်သူကိုတော့ ကာကွယ်လိုသဖြင့် လူဟွားရုံကို ချန်လှပ်ထားကာ ပြဿနာရှာသော လူမိုက်များကိုသာ အပြစ်ပေးရန် စီစဉ်ခြင်း ဖြစ်သည်။
လီကျစ်က ခဏစဉ်းစားပြီး …
“လူဟွားရုံကော ဘယ်လိုလဲ”
လီကျစ်၏ မေးခွန်းကိုကြားသောအခါ လုဟွာလင်က တည်ကြည်သောလေသံဖြင့်…
“လူဟွားရုံက ဒီကိစ္စမှာ ပါဝင်ပတ်သက်မှုမရှိဘူးဆိုတာကို ဒီအမတ်က အသေအချာ စုံစမ်းပြီးပြီ။ ဒါဟာ မင်းရဲ့လုပ်ငန်းကို မနာလိုဖြစ်တဲ့ သူ့ရဲ့ နောက်လိုက်တွေက မင်းဆီကနေ ငွေညှစ်ဖို့ လူမိုက်တွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာပဲ။ လူဟွားရုံကတော့ သာမန်ကုန်သည်တစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ လက်အောက်ငယ်သားတွေကို ကောင်းကောင်းမထိန်းနိုင်ခဲ့တာပဲရှိတယ်။ သူကတော့ ကြီးကြီးမားမား ပြစ်မှုကျူးလွန်ထားတာ မရှိပါဘူး”
ခဏအကြာတွင် သူက ထပ်လောင်း၍…
“ဒါပေမဲ့ သူ့လက်ပါးစေတွေကို မထိန်းနိုင်တာကလည်း ပြဿနာတစ်ခုပဲ။ သူ့ရဲ့ အစ်ကိုဖြစ်တဲ့ ဒီအမတ်က သူ့ကို သေချာပေါက် ဆုံးမသွန်သင်သွားမှာပါ”
***