လီကျစ်က ခဏမျှစဉ်းစားပြီးနောက်…
“လူဟွားရုံမှာ အပြစ်မရှိဘူးဆိုတာ သေချာလို့လား”
လီကျစ်က ထပ်ခါတလဲလဲမေးနေသည်ကိုမြင်သောအခါ ဝန်ထောက်မင်း လုဟွာလင်က မကျေမနပ်ဖြစ်သွားဟန်ဖြင့် ….
“ဒီအမတ်က အကြိမ်ကြိမ်စစ်ဆေးပြီးပြီ… သူက တကယ်ပဲ ဒီကိစ္စမှာ မပါဝင်ပတ်သက်ဘူး”
လီကျစ်သည် သူ၏ မေးခွန်းများအားလုံးပယ်ချခံရသည်ကို မြင်သောအခါ လုဟွာလင်သည် သူ့ညီအရင်းကို မည်သို့မျှအပြစ်ပေးမည်မဟုတ်ကြောင်း သိလိုက်သည်။ လူမိုက်များနှင့် လုမိသားစု၏ လက်ပါးစေများကို ဒုတ်ဖြင့်ရိုက်ခြင်းမှာ သူ့ကို ကျေနပ်စေရန်ပြုလုပ်သည့် ဟန်ပြသက်သက်သာ ဖြစ်သည်။ ဘုရင်ခံမင်းကြီးကိုယ်တိုင် ကြားဝင်ပေးထားပါလျက် လုဟွာလင်က ဤသို့သာ ကိုင်တွယ်သဖြင့် သာမန်ပြည်သူတစ်ဦးဖြစ်သော လီကျစ်မှာ ဆက်လက်၍ မပြောရဲတော့ပေ။
“ဝန်ထောက်မင်းရဲ့ အဆုံးအဖြတ်ကို ကျွန်တော်မျိုး လက်ခံပါတယ်”
“ကောင်းပြီ... ရုံးအမှုတွေက သက်ဆိုင်သူတွေကို အကျဉ်းခန်းထဲမှာဖမ်းထားပြီးပြီ။ အခု ငါ ရုံးတော်ရှေ့ခန်းကိုသွားပြီး အမှုကို စီရင်တော့မယ်။ သခင်လေးလီလည်း လိုက်ကြည့်နိုင်ပါတယ်”
လီကျစ်သည် ရုံးတော်ရှေ့ခန်းသို့ ဝင်လိုက်သောအခါ လုမိသားစုမှ လက်ပါးစေဆယ်ဦးမှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေကြသည်ကို တွေ့ရသည်။ ရုံးတော်၏ ဝဲယာတွင် ရုံအမှုထမ်းများ တန်းစီရပ်နေကြသည်။ လူဟွားရုံမှာမူ တစ်ဖက်တွင်ရပ်နေပြီး လီကျစ်ကို အကျေနပ်သလိုဝန်တိုမှုများဖြင့် စိုက်ကြည့်နေသည်။ သူသည် လီကျစ်အပေါ် အလျှော့ပေးလိုပုံမရပေ။
ဤကုန်သည်အမတ်မှာ မောက်မာရုံသာရှိပြီး ဉာဏ်ပညာပိုင်းတွင်မူ သူ့အစ်ကိုလောက် မထက်မြက်သည်မှာ သိသာလှသည်။
ဘုရင်ခံမင်းကြီး၏ ကျောထောက်နောက်ခံရှိနေသဖြင့် ချင်းစစ်ရေးရာရုံးသည် လီကျစ်ကို မျက်နှာသာအတော်ပေးထားသည်။ လီကျစ်အား ရုံးအမှုတစ်ဦးက လမ်းပြ၍တရားလိုနေရာတွင် ရပ်စေကာ ဒူးထောက်ရန် မလိုဘဲ ဝန်ထောက်မင်း ရုံးတက်လာသည်ကို စောင့်ဆိုင်းစေသည်။
ရုံးတော်ရှေ့ခန်း၏ တံခါးများမှာပွင့်နေသော်လည်း ရုံးတော်၏အပြင်ဘက် တံခါးကြီးကိုမူ ပိတ်ထားသည်။ ဝန်ထောက်မင်းသည် သူ၏ စီရင်ချက်မှာ တရားမျှတမှုမရှိသည်ကို သိသဖြင့် ပြည်သူများ လာရောက်ကြည့်ရှုမည်ကို မလိုလားခြင်းဖြစ်ပေလိမ့်မည်။
ရုံးတက်ပြီဖြစ်ကြောင်း အော်ဟစ်အကြောင်းကြားသံနှင့်အတူ ဝန်ထောက်မင်း လုဟွာလင်သည် နောက်ခန်းမှထွက်လာသည်။ သူ နေရာယူပြီးနောက် သစ်သားတူဖြင့် ထုလိုက်သောအခါ ရုံးအမှုထမ်းများက သူတို့၏ တရားစီရင်ရေးတုတ်များကို မြေပြင်ပေါ်သို့ ဆောင့်ကာ….
“အို...” ဟု တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
မြင်ကွင်းမှာ အလွန်ပင်ခန့်ညားထည်ဝါလှသဖြင့် မြေပြင်ပေါ်ရှိ လုမိသားစု လက်ပါးစေဆယ်ဦးမှာ ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။
လုဟွာလင်သည် သူ၏ အမတ်ထိုင်ခုံတွင်ထိုင်လိုက်ပြီး သစ်သားတူဖြင့် ထပ်မံထုကာ မြေပြင်ပေါ်ရှိ အပေါင်းအပါများကို မေးမြန်းလိုက်သည်။
“လုကျိုနဲ့ တခြားလက်ပါးစေဆယ်ယောက်... မင်းတို့ လူယုတ်မာတွေက လီမိသားစုရဲ့ ပိုင်ဆိုင်မှုကို လိုချင်တပ်မက်ပြီး လူစုလူဝေးနဲ့ ဆူပူအောင်လုပ်တယ်… လီမိသားစုခေါင်းဆောင်ကိုလည်း ငွေညှစ်ဖို့ကြိုးစားတယ်။ တရားလိုဘက်က ဒီကိစ္စကိုသေချာတင်ပြထားသလို စုံစမ်းစစ်ဆေးချက်အရလည်း ဒါဟာ မင်းတို့ဘာသာကြံစည်လုပ်ဆောင်တာဖြစ်ပြီး နောက်ကွယ်က ခိုင်းစေသူ မရှိဘူးဆိုတာ အတည်ပြုပြီးပြီ။ မင်းတို့ အပြစ်ရှိကြောင်း ဝန်ခံသလား”
လုဟွာလင်သည် စကားတစ်ခွန်းတည်းဖြင့် အမှုကိုအဆုံးသတ်လိုက်ပြီး လူဟွားရုံတွင် တာဝန်မရှိကြောင်း ဖယ်ထုတ်ပေးလိုက်သည်။
မြေပြင်ပေါ်ရှိ လက်ပါးစေများနှင့် လူမိုက်များမှာလည်း ကြိုတင်ညွှန်ကြားထားခြင်း ခံရပြီးဖြစ်သဖြင့် တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။
“ကျွန်တော်မျိုးတို့ အပြစ်ရှိကြောင်း ဝန်ခံပါတယ်… အပြစ်ပေးတာကိုလည်း ခံယူပါ့မယ် ဘုရား”
သူ့ညွှန်ကြားချက်အတိုင်း လက်ပါးစေများကလိုက်နာသည်ကိုမြင်သောအခါ လုဟွာလင်၏ မျက်နှာတွင် ကျေနပ်သည့် အရိပ်အယောင်ပေါ်လာပြီး အော်ပြောလိုက်သည်။
“ဒီကိစ္စရဲ့ အသေးစိတ်ကိုစုံစမ်းပြီးပြီ… တရားခံတွေကလည်း အပြစ်ဝန်ခံပြီးပြီမို့လို့ ထပ်ပြီး စစ်ဆေးနေဖို့ မလိုတော့ဘူး”
“လုကျိုနဲ့ ကျန်တဲ့သူတွေကို တစ်ယောက်ကို ဒုတ်နဲ့ အချက် ၄၀ စီ ရိုက်စေ။ တခြားသူတွေအတွက် သတိပေးချက်ဖြစ်စေရမယ်”
ထိုအမိန့်ကို ကြားသည်နှင့် ဝဲယာရှိ ရုံးအမှုထမ်းများ ရှေ့သို့တက်လာပြီး ပြစ်ဒဏ်ကျသူများကို တစ်ဦးချင်း မြေပြင်ပေါ်သို့ ဖိချကာ ဒုတ်ဖြင့် စတင်ရိုက်နှက်ကြတော့သည်။
လီကျစ်သည် ဒုတ်ချက်များအောက်တွင် အသားများစုတ်ပြတ်ကာ သွေးချင်းချင်းနီမည့် မြင်ကွင်းကို မြင်ရလိမ့်မည်ဟု မျှော်လင့်ထားသော်လည်း လက်တွေ့တွင်မူ စိတ်ပျက်ခဲ့ရသည်။
ဤလက်ပါးစေများ… လူမိုက်များနှင့် ချင်းစစ်ရေးရာရုံးမှ လူများမှာ လုမိသားစု ညီအစ်ကို၏ လူများ တစ်ဖွဲ့တည်းသားများသာဖြစ်ကြသည်။ ရုံးအမှုထမ်းများက ရိုက်နှက်သောအခါ လီကျစ်ကို မြင်သာအောင် ဟန်ပြသက်သက်သာ ရိုက်ကြခြင်းဖြစ်သည်။ ရုံးအမှုထမ်းများက ဒုတ်ကို အမြင့်သို့ မြှောက်ကာ အားရပါးရအော်ဟစ်သော်လည်း ရိုက်ချလိုက်သောအခါတွင်မူ အသာလေးသာ ထိစေသည်။ မြေပြင်ပေါ်ရှိ လူများကလည်း အပေးအယူမျှကြသည်။ ဒုတ်တစ်ချက်ချတိုင်း ခြေထောက် ကျိုးသွားသယောင် အလွန်အမင်း နာကျင်ဟန်ဆောင်ကာ အော်ဟစ်ညည်းတွားပြကြသည်။
လီကျစ်သည် ဒါတွေအားလုံးမှာ သူ့ကို လှည့်စားနေခြင်းဖြစ်ကြောင်းသိသော်လည်း ဘာမှ မတတ်နိုင်ပေ။ ရာထူးကြီးသူက ရာထူးငယ်သူကို လွယ်လွယ်ကူကူဖိနှိပ်နိုင်သည့် ခေတ်ဖြစ်ရာ သာမန်ပြည်သူတစ်ဦးမှာ မည်သို့ ပြောနိုင်မည်နည်း။ ဘုရင်ခံမင်းကြီး၏ အကာအကွယ် ရှိနေသော်လည်း သူသည် အမတ်များရှေ့တွင် ဤပြဇာတ်ကို ငြိမ်သက်စွာထိုင်ကြည့်နေရုံသာရှိသည်။
အချိန်နည်းငယ်ကြာသောအခါ အချက် ၄၀ ပြည့်သွားသည်။ မြေပြင်ပေါ်ရှိ လူများမှာ အသားအနည်းငယ် စုတ်ပြဲပြီး ညိုမည်းစွဲရုံသာရှိသော်လည်း ပြင်းထန်သောဒဏ်ရာ တစ်စုံတစ်ရာ မရရှိခဲ့ကြပေ။
သို့သော်လည်း လီကျစ်အတွက်မူ ပြဿနာရှာသော လုမိသားစုလက်ပါးစေများကို အနည်းငယ်မျှ အပြစ်ပေးနိုင်ခြင်းကပင် တာဝန်ယူမှုတစ်ခုဖြစ်ပေသည်။
ပြစ်ဒဏ်ပေးပြီးနောက် လုဟွာလင်သည် သစ်သားတူဖြင့်ထုကာ…
“ရုံးသိမ်းစေ” ဟု အော်ဟစ်လိုက်သည်။
ရုံးအမှုထမ်းများ၏ တရားစီရင်ရေးတုတ်များ မြေပြင်ပေါ်ဆောင့်သံနှင့်အတူ လုဟွာလင်သည် နောက်ခန်းသို့ ဝင်သွားပြီး ပြန်ထွက်မလာတော့ပေ။
လူဟွားရုံမှာမူ အရှက်ရနေသဖြင့် လီကျစ်ကို ဒေါသတကြီးစိုက်ကြည့်ကာ ရုံးတော်မှ ချက်ချင်း ထွက်ခွာသွားသည်။
မြေပြင်ပေါ်ရှိ လက်ပါးစေများနှင့် လူမိုက်များသည်လည်း တစ်ဦးကိုတစ်ဦးတွဲကူကာ ရုံးတော်အတွင်းမှ ဖြည်းဖြည်းချင်း ထွက်လာကြသည်။
ကိစ္စများ ပြီးဆုံးသွားသောအခါ ပြစ်မှုဌာနစာရေးကြီး ချန်ချိရှို့သည် လီကျစ်ထံသို့ ချဉ်းကပ်လာပြီး ပြုံးလျက်မေးလိုက်သည်။
“သခင်လေးလီ... ဒီအစီအစဉ်ကို ကျေနပ်ရဲ့လားခင်ဗျာ”
လီကျစ်က ခေါင်းညိတ်ကာ…
“လက်ခံနိုင်ပါတယ်”
ချန်ချိရှို့သည် ထိုစကားကိုကြားသောအခါ ဝမ်းသာအားရဖြစ်သွားပြီး…
“သခင်လေး ကျေနပ်ရင်တော်ပါပြီ။ သခင်လေးအနေနဲ့ ကျွန်တော့်သခင်ကြီးရဲ့အကြောင်းကို ဘုရင်ခံမင်းကြီးထံမှာ ကောင်းကောင်းလေးပြောပေးပါဦးခင်ဗျာ”
လီကျစ်သည် ဟဲရှိရှို့၏ ဆွေမျိုးအဖြစ် ဟန်ဆောင်လိုက်ခြင်းကြောင့် ဤအမတ်များက သူ့ကို ပိုမိုရိုသေလေးစားလာကြပြီး လီကျစ်က ဟဲရှိရှို့ထံ သွားရောက်တိုင်တန်းမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ အမှန်စင်စစ် လီကျစ်သည် သူ့တွင် အာဏာအရှိန်အဝါမရှိကြောင်း သိသဖြင့် သူ၏ တောင်းဆိုချက်မှာ အလွန်နည်းပါးသည်။ လူဟွားရုံအနေဖြင့် သူ့ကို နောက်နောင် မနှောင့်ယှက်ဝံ့အောင် သတိပေးလိုရုံသာဖြစ်သည်။ သူသည် ချန်ချိရှို့နှင့် စကားရှည်ရှည်မပြောတော့ဘဲ ခေါင်းညိတ်ပြကာ ချင်းစစ်ရေးရာရုံးမှ ထွက်လာခဲ့သည်။
လူဟွားရုံ၏ ပြဿနာကိုဖြေရှင်းပြီးနောက် လီကျစ်သည် အိမ်တွင်တစ်ရက်ခန့် အနားယူရင်း သူ၏ ရှေ့ဆက်ရမည့် လမ်းကြောင်းကို စဉ်းစားနေမိသည်။
လူဟွားရုံနှင့် ဖြစ်ပွားခဲ့သော ကိစ္စပြီးနောက် လီကျစ်သည် ဤခေတ်ကာလတွင် အာဏာရှိရန် မည်မျှအရေးကြီးကြောင်း ပိုမိုသတိပြုမိလာသည်။ အစိုးရရာထူးတစ်ခု မရှိဘဲနှင့်မူ သူ၏ ပိုင်ဆိုင်မှုများသည် အနှေးနှင့်အမြန် အခြားသူများ၏သိမ်းပိုက်ခြင်းကို ခံရပေလိမ့်မည်။ လီကျစ်သည်
စစ်ဘက်ဆိုင်ရာအမတ် ရာထူးတစ်ခုကိုရယူရန် ဆုံးဖြတ်လိုက်သည်။ လက်ရှိ အခြေအနေအရ လီကျစ်တွင် စစ်ဘက်ရာထူးတစ်ခုရှိနေပါက သူ၏ ပိုင်ဆိုင်မှုကို လိုချင်တပ်မက်နေသူများမှာ အနည်းငယ် လန့်သွားပေလိမ့်မည်။
ပညာရှိအမတ်ရာထူးကိုမူ ရယူရန်မဖြစ်နိုင်ပေ။ ပညာရှိအမတ်ဖြစ်ရန်အတွက် နန်းတွင်းစာမေးပွဲများ အောင်မြင်ရန်လိုအပ်ပြီး လီကျစ်အတွက် ထိုအဆင့်သို့ရောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ မင်မင်းဆက်နှောင်းပိုင်းတွင် နန်းတွင်းစာမေးပွဲစနစ်မှာ အကျင့်ပျက် ခြစားနေပြီး ငွေပေး၍ ဖြေရှင်းနိုင်သည့် အခါမျိုးရှိသော်လည်း (ဥပမာ- ကျန်းနန်ရှိ ပြန်လည်ထူထောင်ရေးအသင်း က နန်းတွင်းစာမေးပွဲကို ထိန်းချုပ်ထားသကဲ့သို့မျိုး)။ သို့သော်လည်း ရှေးဟောင်းစာပေများကို ရေးသားတတ်ရန်နှင့် ကျမ်းဂန်များကို အလွတ်ကျက်မှတ်ရန်မှာပင် နှစ်ပေါင်းများစွာ အချိန်ပေးရဦးမည် ဖြစ်သည်။ အကယ်၍ ထိုလမ်းကိုရွေးချယ်ပါက လီကျစ် အမတ်ဖြစ်လာမည့်အချိန်တွင် မန်ချူး တပ်များက တိုင်းပြည်ကို သိမ်းပိုက်ပြီးလောက်ပြီဖြစ်သည်။
သို့သော် စစ်ဘက်အမတ်ဖြစ်ရန်မှာမူ ထိုမျှမခက်ခဲပေ။ စစ်မြေပြင်အောင်မြင်မှုများရှိလျှင် ရနိုင်ပေသည်။ လီကျစ်တွင် စစ်ရေးအောင်မြင်မှုများ မရှိသေးသော်လည်း သူ့တွင် ငွေ ရှိသည်။ ငွေရှိပါက စစ်ရေးအောင်မြင်မှုများကို ဖန်တီးယူရန်မှာလည်း ဖြစ်နိုင်ချေရှိသည်။
ပို၍ အရေးကြီးသည်မှာ စစ်ဘက်အမတ်တစ်ဦးသည် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန်အတွက် တပ်ဖွဲ့တစ်ခုကို တရားဝင်တည်ထောင်ခွင့်ရှိသည်။ ဆူပူသောင်းကျန်းမှုများ များပြားလှသည့် မင်မင်းဆက်နှောင်းပိုင်းတွင် ဤသည်မှာအလွန်အရေးကြီးသည်။ မင်နန်းတွင်းမှ ပညာရှိအမတ်များမှာ ယခုအချိန်တွင် အာဏာရှိနေသော်လည်း တပ်ဖွဲ့အင်အားမရှိပါက နောင်တွင် လီကျစ်ချန်း နှင့် ဟုန်ထိုက်ကျိ တို့ရှေ့တွင် စက္ကူကဲ့သို့ လွယ်လွယ်ကူကူပျက်စီးသွားကြပေလိမ့်မည်။ လီကျစ်အနေဖြင့် စစ်ဘက်အမတ်ဖြစ်လာပြီး အနာဂတ်နည်းပညာဖြင့် အဆင့်မြင့်တပ်ဖွဲ့တစ်ခု တည်ထောင်နိုင်ပါက ဤခေတ်ကာလတွင် ရှင်သန်နိုင်မည့် အခြေခံအုတ်မြစ်ကို ရရှိပေလိမ့်မည်။
လီကျစ်သည် စစ်ဘက်အမတ် ရာထူးတစ်ခုကို ရယူရန် အခိုင်အမာဆုံးဖြတ်လိုက်သည်။
လီကျစ်သည် ဆုံးဖြတ်ချက်ချပြီးသော်လည်း ၎င်းမှာ လက်တွေ့တွင် ဖြစ်နိုင်မဖြစ်နိုင်ကို မသိသေးသဖြင့် အမတ်လောကနှင့်ရင်းနှီးသော ဆရာကြီးရွှီ ထံ သွားရောက် ဆွေးနွေးတိုင်ပင်ခဲ့သည်။
ဆရာကြီးရွှီသည် လီကျစ်၏ ရည်ရွယ်ချက်ကိုသိသောအခါ လီကျစ်ကို သဘောကျစွာကြည့်ရင်း ပြုံးလိုက်သည်။
“ညီလေးလီကလည်း အမတ်လုပ်ချင်လို့လား”
“ကျွန်တော်မျိုးက အမတ်လုပ်ချင်လို့ မဟုတ်ပါဘူး… ဒါပေမဲ့ အမတ်ရာထူးတစ်ခု မရှိဘဲနဲ့တော့ လူဟွားရုံလို လူမျိုးတွေကို မကာကွယ်နိုင်လို့ပါ”
“ဒါကလည်း မှန်တဲ့စကားပဲ”
ဆရာကြီးရွှီက ခဏနားပြီးနောက် တည်ကြည်စွာပြောလိုက်သည်။
“ဒါပေမဲ့ ညီလေးလီ... ငါ သတိပေးချင်တာက စစ်ဘက်အမတ်တွေမှာ ကိုယ့်နယ်မြေကို ကာကွယ်ရမယ့် တာဝန်ရှိတယ်။ နယ်မြေကို စွန့်ခွာတာ ဒါမှမဟုတ် မြို့ကို ရန်သူ့လက်ထဲ ကျရှုံးစေတာက သေဒဏ်ပေးခံရနိုင်တဲ့ပြစ်မှုပဲ။ အခုဆိုရင် သူပုန်တွေကလည်း ထကြွနေသလို မန်ချူးတွေကလည်း အရမ်းကြမ်းကြုတ်နေကြတာ။ ထန်းကျင်းမှာ စစ်ဘက်အမတ်လုပ်ရတာ မလွယ်ဘူးနော်။ အမှားအယွင်း အနည်းငယ်က မင်းရဲ့ ခေါင်းကို ပြတ်စေနိုင်တယ်”
လီကျစ်က လက်အုပ်ချီ ဦးညွှတ်ကာ…
“လီကျစ် နားလည်ပါတယ်ခင်ဗျာ”
ဆရာကြီးရွှီက သိလိုစိတ်ဖြင့် မေးလိုက်သည်။
“ညီလေးလီက ဒါတွေကိုသိပါလျက်နဲ့ စစ်ဘက်အမတ် လုပ်ချင်သေးတာလား။ ညီလေးဆီမှာ ရန်သူကို အနိုင်ယူနိုင်မယ့် လျှို့ဝှက်လက်နက် တစ်ခုခုများရှိနေလို့လား”
***