လီကျစ်သည် ဆရာကြီးရွှီနှင့် လပေါင်းများစွာဆက်ဆံခဲ့ပြီးနောက် ဆရာကြီးရွှီသည် အဆက်အသွယ်ကောင်းသော်လည်း ငွေဂုဏ်မောက်သူမဟုတ်ဘဲ သူတစ်ပါးကိုလည်း ဒုက္ခပေးလေ့မရှိသဖြင့် ပေါင်းသင်းရလွယ်ကူသူဖြစ်ကြောင်းသိရှိခဲ့သည်။ ထို့ကြောင့် ဆရာကြီးရွှီ၏ ရှေ့တွင် လီကျစ်သည် ဟန်ဆောင်မှုများမလုပ်တော့ဘဲ ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။
“ကျွန်တော်မျိုးမှာ တပ်ဖွဲ့တွေကို လေ့ကျင့်ပေးဖို့နဲ့ စစ်တိုက်ဖို့အတွက် ကိုယ်ပိုင်အတွေးအခေါ် တချို့ရှိပါတယ်။ သူပုန်တွေပဲလာလာ မန်ချူး တပ်ဖွဲ့တွေပဲလာလာ ကျွန်တော်မျိုးသူတို့ကို မကြောက်ပါဘူး”
လီကျစ်၏ စကားကို ကြားသောအခါ ဆရာကြီးရွှီသည် အံ့သြတကြီး ကြည့်လိုက်မိသည်။
အကယ်၍သာ ဆရာကြီးရွှီ၏ရှေ့တွင် အခြားလူငယ်တစ်ဦးက ထိုကဲ့သို့ စစ်လေ့ကျင့်ရေးနှင့် စစ်တိုက်ရေးအကြောင်းကို ယုံကြည်မှုအပြည့်ဖြင့်လာရောက်ပြောဆိုပါက ဆရာကြီးရွှီအနေဖြင့် ထိုလူငယ်၏ မောက်မာမှုဟုသာ သတ်မှတ်ပေလိမ့်မည်။ သို့သော် လီကျစ်က ပြောသည်ဆိုပါက အခြေအနေက တစ်မျိုးပြောင်းသွားပြီဖြစ်သည်။
လီကျစ်သည် ဆပ်ပြာ၊ လွန်းပျံရက်ကန်းစင်နှင့် ချည်ငင်စက်များကို တီထွင်ခဲ့သူ မဟုတ်ပါလား။
အစပိုင်းတွင် ဆရာကြီးရွှီသည် လီကျစ်၏ ဆပ်ပြာတီထွင်မှုမှာ လူငယ်တစ်ဦး၏ ကံကောင်းမှုဟုသာထင်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ လီကျစ်သည် စွမ်းဆောင်ရည်မြင့် ရက်ကန်းစက်ပစ္စည်းများကို ထပ်မံဖန်တီးပြီး ငွေအမြောက်အမြား ရှာနိုင်ခဲ့ပြန်သည်။ ဆပ်ပြာနှင့် ရက်ကန်းစက်အသစ်များကို တစ်ပြိုင်နက်တည်း တီထွင်နိုင်ခြင်းမှာ ကံကောင်းမှုသက်သက်ဖြင့် မဖြစ်နိုင်ပေ။ လီကျစ်သည် သာမန်လူများနားမလည်နိုင်သော အနုပညာနှင့် စက်မှုပညာရပ်တွင် ထူးချွန်ထက်မြက်သည့် ပါရမီရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားလှသည်။
ယခုအခါ လီကျစ်က စစ်လေ့ကျင့်ရေးနှင့် စစ်တိုက်ရေးတွင်လည်းအမြင်ရှိသည်ဟု ဆိုလာပြန်သည်။ လီကျစ်သည် ဆန်းကြယ်သော လက်နက်များကိုပါ ဖန်တီးနိုင်စွမ်းရှိနေဦးမလားဟု ဆရာကြီးရွှီ တွေးမိသွားသည်။
လက်ရှိ မဟာမင်မင်းဆက်ကြီးမှာ ပြည်တွင်းပြည်ပဒုက္ခများဖြင့် လုံးပန်းနေရချိန်ဖြစ်သည်။ အနောက်မြောက်ဘက်တွင် သူပုန်များကထကြွနေသလို ‘ကျန့်ကျိုး’မှ မန်ချူး တပ်ဖွဲ့များကလည်း အခွင့်ကောင်းကို စောင့်ကြည့်လျက် မကြာခဏဆိုသလို နယ်စပ်ကို ကျူးကျော်ဝင်ရောက်နေကြသည်။ အကယ်၍ လီကျစ်သာ လက်နက်သစ်များကိုတီထွင်နိုင်မည်ဆိုပါက ၎င်းသည် မဟာမင်မင်းဆက်အတွက် ဆုလာဘ်တစ်ခုဖြစ်လာမည်ဖြစ်ပြီး လီကျစ်၏ အနာဂတ်မှာလည်း အတိုင်းအဆမရှိ တောက်ပပေလိမ့်မည်။
ဤလူငယ်လေးသည် အမြဲတမ်းအံ့သြစရာများကို ယူဆောင်လာပေးတတ်သူပင်။ ဆရာကြီးရွှီသည် လီကျစ်နှင့် ဆက်ဆံရေးကောင်းအောင် ပိုမိုထိန်းသိမ်းထားရန် လိုအပ်ကြောင်း ခံစားလိုက်ရသည်။ သို့မှသာ လီကျစ် အောင်မြင်ကျော်ကြားလာချိန်တွင် သူပါ အကျိုးကျေးဇူးအချို့ ခံစားရမည် မဟုတ်ပါလား။
ခဏမျှစဉ်းစားပြီးနောက် ဆရာကြီးရွှီက …
“ညီလေးလီ... မင်းက ဘယ်လိုအဆင့်ရှိတဲ့ အမတ်ရာထူးကို ရယူချင်တာလဲ”
“ကျွန်တော်မျိုး အဆင့် (၆) တပ်မှူးငယ် ဖြစ်ချင်ပါတယ်”
ဆရာကြီးရွှီက ခေါင်းခါရင်း …
“မင်းမှာ စစ်ရေးအောင်မြင်မှု ဘာမှမရှိဘူး။ ဘယ်လိုလုပ်ပြီး ချက်ချင်း တပ်မှူးငယ်ဖြစ်နိုင်မှာလဲ။ အမတ်ကြီးတစ်ယောက်ယောက်က မင်းအတွက် စစ်ရေးအောင်မြင်မှုတွေ လုပ်ကြံဖန်တီးပေးရင်တောင်မှ အများဆုံး အဖွဲ့ခေါင်းဆောင် အဆင့်လောက်ပဲ ရနိုင်မှာပါ”
ဆရာကြီးရွှီ၏ စကားကိုကြားသောအခါ လီကျစ်သည် သူ့ကို ဆွေးနွေးတိုင်ပင်မိသည်မှာ မှန်ကန်ကြောင်းသိလိုက်သည်။ မဟုတ်ပါက ဘုရင်ခံမင်းကြီးထံတွင် မဖြစ်နိုင်သောရာထူးကို တောင်းဆိုမိပါက အရာရာပျက်စီးသွားနိုင်သည်။ လီကျစ်က ခဏမျှ စဉ်းစားပြီးနောက်….
“ကျွန်တော်မျိုးက ဒေသတစ်ခုရဲ့ စစ်ဘက်နဲ့ အရပ်ဘက်ကိစ္စတွေကို အုပ်ချုပ်စီမံနိုင်တဲ့ တပ်မှူးငယ်မျိုး ဖြစ်ချင်တာပါ။ အဲဒီလို ရာထူးမျိုး ရှိပါသလား”
ဆရာကြီးရွှီက ခေါင်းညိတ်ကာ “အဲဒါဆိုရင်တော့ ခံတပ်ရွာတစ်ရွာရဲ့ ‘ကင်းစခန်းမှူး’ ရာထူးပေါ့။ ညီလေးလီသာ ငွေသုံးဖို့ ဝန်မလေးဘူးဆိုရင် အဲဒီလို ရာထူးမျိုး ရှာလို့ရပါတယ်”
လီကျစ်က “ဆရာကြီးရွှီ... ဒီလိုအမတ်ရာထူးမျိုးရဖို့အတွက် ဘယ်သူ့ဆီကို ချဉ်းကပ်ရမလဲခင်ဗျာ”
ဆရာကြီးရွှီက “ထန်းကျင်းမှာဆိုရင်တော့ ဘုရင်ခံမင်းကြီးထံကိုပဲ သွားရမှာပေါ့”
“ဒါဆိုရင် ငွေသျှူး ဘယ်လောက်လောက် ကုန်ကျနိုင်မလဲခင်ဗျာ”
ဆရာကြီးရွှီသည် ထရပ်ကာ အခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း စဉ်းစားပြီးမှ
“ဘယ်အဆက်အသွယ်မှ မရှိဘဲ တပ်မှူးငယ် ရာထူးတစ်ခုရဖို့ဆိုရင် အနည်းဆုံး ငွေသျှူး သုံးထောင်လောက်တော့ ကုန်လိမ့်မယ်”
လီကျစ်က ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
နောက်တစ်နေ့တွင် လီကျစ်သည် ငွေလွှဲလက်မှတ်များကို ယူဆောင်ကာ ထန်းကျင်း ဘုရင်ခံရုံးတော်သို့ ထပ်မံရောက်ရှိလာခဲ့သည်။
ဤသည်မှာ လီကျစ် ရုံးတော်သို့ ရောက်ရှိလာခြင်း တတိယအကြိမ်မြောက် ဖြစ်သဖြင့် သူသည် နေရာနှင့် ရင်းနှီးနေပြီဖြစ်သည်။ စီမံခန့်ခွဲရေးမှူး ဆွန်းယိုမင်၏ လမ်းပြမှုဖြင့် ဘုရင်ခံမင်းကြီး ဟဲရှိရှို့နှင့် တွေ့ဆုံခွင့် ရခဲ့သည်။
လီကျစ်သည် ဟဲရှိရှို့ထံ ကိစ္စတစ်ခုခုဖြင့်လာတိုင်း လက်ဆောင်ငွေများကို ရက်ရက်ရောရော ပေးတတ်သဖြင့် ဟဲရှိရှို့မှာ အလွန်ပင်ကျေနပ်နေသည်။ လီကျစ်က ဂါရဝပြုပြီးသည်နှင့် အဘိုးကြီးဖြစ်သူ ဟဲရှိရှို့က ချက်ချင်းပင် ထိုင်ရန်ခေါ်သည့်အပြင် လက်ဖက်ရည်အသစ်ဖြင့်ပါ ဧည့်ခံစေသည်။
လီကျစ်သည် ဘုရင်ခံမင်းကြီး၏ အချိန်ကိုမဖြုန်းဝံ့သဖြင့် စကားကိုတိုက်ရိုက်ပင် စတင်လိုက်သည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုး တောင်းဆိုစရာ ကိစ္စတစ်ခု ရှိလို့ပါ ဘုရား”
ဟဲရှိရှို့က လက်ဖက်ရည်ကို တစ်ငုံသောက်ကာ အေးအေးဆေးဆေးပင်…
“သခင်လေးလီ... ဘာများ တောင်းဆိုချင်လို့လဲ”
လီကျစ်က ချက်ချင်းပြန်မဖြေဘဲ သူ့ဝတ်ရုံစထဲမှ ငွေသျှူး သုံးထောင်တန် ငွေလွှဲလက်မှတ်များကိုထုတ်ယူကာ ဟဲရှိရှို့အား ဆက်သလိုက်သည်။ ဟဲရှိရှို့သည် ငွေလွှဲလက်မှတ်ပေါ်ရှိ ပမာဏကို ကြည့်ကာ ခေါင်းညိတ်ပြပြီး ဘေးတွင် ချထားလိုက်သည်။
ထိုအခါမှသာ လီကျစ်က….
“ကျွန်တော်မျိုး ခံတပ်ရွာတစ်ရွာကို အုပ်ချုပ်ရတဲ့ တပ်မှူးငယ်ရာထူးကို ရယူချင်ပါတယ် ဘုရား” ဟု လျှောက်တင်လိုက်သည်။
ဟဲရှိရှို့က သိလိုစိတ်ဖြင့်…
“မင်းက စစ်ဘက်အမတ်၊ တပ်မှူးငယ်လုပ်ချင်တာလား”
“မှန်လှပါဘုရား… ကျွန်တော်မျိုး ခံတပ်ရွာကိုစီမံခန့်ခွဲဖို့အတွက် တပ်မှူးငယ်ရာထူးကို ရယူလိုပါတယ်”
လီကျစ်၏ စကားကိုကြားသောအခါ ဟဲရှိရှို့သည် သူ့ကုလားထိုင်ပေါ်တွင် ထိုင်ရင်း မုတ်ဆိတ်မွှေးကို ဖြည်းဖြည်းချင်းသပ်ကာ အတော်ကြာအောင် တိတ်ဆိတ်နေလေသည်။
ဟဲရှိရှို့၏ အမူအရာကိုကြည့်ကာ လီကျစ်က စိုးရိမ်တကြီးဖြင့်….
“အရှင်မင်းကြီး... ဒီကိစ္စက အလွန်ပဲခက်ခဲနေလို့လား ဘုရား”
ဟဲရှိရှို့က ပြုံးလိုက်ပြီးမှ…
“လုပ်လို့ရပါတယ်… မနက်ဖြန်ကျရင် မင်းရဲ့ နာမည်ကို အရပ်သားစာရင်းကနေ ပယ်ဖျက်ပြီး စစ်ဘက်ဆိုင်ရာ စာရင်းထဲကို ထည့်သွင်းဖို့ ငါ လူလွှတ်လိုက်မယ်။ အဲဒါဆိုရင် မင်းက စစ်ဘက်ဆိုင်ရာ အဆင့်အတန်းကို ရသွားလိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီလထဲမှာ ထန်းကျင်း ကမ်းရိုးတန်းမှာ ရေတပ်က ပင်လယ်ဓားပြသင်္ဘောတစ်စီးကို ဖမ်းမိထားတယ်။ အဲဒီကိစ္စမှာ မင်းကို စစ်ရေးအောင်မြင်မှု ရရှိသူစာရင်းထဲမှာ ထည့်ပေးလိုက်မယ်။ မင်းရဲ့ အမည်ကို ဂုဏ်ပြုမှတ်တမ်းမှာ အထင်အရှားဖော်ပြပြီး တပ်မှူးငယ်အဖြစ် ရာထူးတိုးမြှင့်ပေးကာ ခံတပ်ရွာတစ်ရွာရဲ့ ကင်းစခန်းမှူးအဖြစ် ခန့်အပ်ပေးမယ်”
ဟဲရှိရှို့၏ ရည်ရွယ်ချက်မှာ ပင်လယ်ဓားပြများကိုနှိမ်နင်းရာတွင် ပါဝင်သူများစာရင်းထဲသို့ လီကျစ်၏ အမည်ကို အတင်းအဓမ္မထည့်သွင်းပြီး ဂုဏ်ပြုမှတ်တမ်း တင်ပြရန်ဖြစ်သည်။ ဒေသန္တရ စစ်ဘက်အမတ်များ၏ ခန့်အပ်မှုနှင့် ရာထူးတိုးမြှင့်မှုများကို ဒေသဆိုင်ရာဘုရင်ခံနှင့် စစ်သေနာပတိတို့ကတင်ပြရပြီး ရုံးတော်၏ရွေးချယ်ရေးဌာနက ပြန်လည်စိစစ်ရခြင်းဖြစ်ကြောင်း ဆရာကြီးရွှီက မနေ့ကပြောပြထားသည်။ ဟဲရှိရှို့သည် ဘုရင်ခံရာထူးသာမက ရုံးတော်၏ ဒုတိယအမတ်ကြီးရာထူးကိုပါ ပူးတွဲထမ်းဆောင်နေသူဖြစ်ရာ ရွေးချယ်ရေးဌာန၏ အထက်လူကြီးလည်းဖြစ်သည်။ သူ၏ ထောက်ခံချက်ဖြင့်ဆိုပါက ရုံးတော်ကလည်း အခက်အခဲလုပ်ရဲမည်မဟုတ်သဖြင့် လီကျစ်အတွက် တပ်မှူးငယ်ရာထူးမှာ သေချာပေါက် ရရှိမည်ဖြစ်သည်။
ဟဲရှိရှို့၏ စကားကိုကြားသောအခါ လီကျစ်သည် ရာထူးရတော့မည်ကိုသိသဖြင့် အလွန်ပင် ဝမ်းသာသွားသည်။ သို့သော် ဟဲရှိရှို့က ဆက်ပြောပြန်သည်။
“ဒါပေမဲ့ ဒီကိစ္စက လူအများကြီးနဲ့ ပတ်သက်နေသလို ကိုင်တွယ်ရတာလည်း နည်းနည်းတော့ လက်ဝင်လိမ့်မယ်”
ဟဲရှိရှို့ ပြောလိုသည့်အဓိပ္ပာယ်ကို လီကျစ် ချက်ချင်းနားလည်လိုက်သည်။ ပေးလိုက်သော ငွေမှာ မလုံလောက်သေးကြောင်း အရိပ်အမြွက် ပြောနေခြင်းပင်။ ကံကောင်းထောက်မစွာဖြင့် လီကျစ်သည် ကြိုတင်ပြင်ဆင်လာခဲ့သည်။ သူသည် သူ့ဝတ်ရုံစထဲမှ နောက်ထပ် ငွေသျှူး တစ်ထောင်တန် ငွေလွှဲလက်မှတ်ကိုထုတ်ယူကာ ဟဲရှိရှို့အား ကမ်းပေးလိုက်သည်။ ဟဲရှိရှို့သည် ၎င်းကို ကြည့်ကာ ခေါင်းညိတ်ပြပြီး စောစောကရသော ငွေသျှူး သုံးထောင်နှင့်အတူ ပေါင်း၍ ထားလိုက်သည်။
“သခင်လေးလီ... စိတ်အေးအေးထားပါ။ ထန်းကျင်းက မြို့တော်နဲ့ မဝေးပါဘူး။ စစ်ရုံးတော်ရဲ့ တရားဝင်ခန့်အပ်လွှာက တစ်လမပြည့်ခင်မှာ ရောက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းက မဟာမင်မင်းဆက်ရဲ့ အဆင့် (၆) စစ်ဘက်အမတ် တစ်ယောက် ဖြစ်လာမှာပါ”
ထိုအခါမှသာ လီကျစ်မှာ စိတ်လက်ပေါ့ပါးသွားတော့သည်။ သူသည် သူ့ကုလားထိုင်တွင် ပြန်ထိုင်ကာ လက်ဖက်ရည်အေးကို တစ်ငုံ သောက်လိုက်လေသည်။
***
တစ်လအကြာတွင် စစ်ရုံးတော်မှ တရားဝင်ချီးမြှင့်မြှောက်စားသည့် ခန့်အပ်လွှာ ရောက်ရှိလာခဲ့သည်။
ဘုရင်ခံ ဟဲရှိရှို့သည် ငွေယူရာတွင် ရက်စက်သော်လည်း လူမှုရေးအရမူ ကတိတည်သူ ဖြစ်သည်။ ငွေယူပြီးလျှင် အလုပ်ကိုလည်းပြီးမြောက်အောင် ဆောင်ရွက်ပေးသည်။ လီကျစ်၏ အမည်မှာ ဂုဏ်ပြုချီးမြှင့်ခံရသူများ စာရင်းတွင်ပါဝင်လာပြီး သူ့ကို တပ်မှူးငယ်အဖြစ် တရားဝင် ရာထူးတိုးမြှင့်ပေးလိုက်သည်။ ဟဲရှိရှို့သည် လီမိသားစုထံသို့ လူလွှတ်၍အကြောင်းကြားသဖြင့် လီကျစ်သည် ဘုရင်ခံရုံးတော်သို့ သွားရောက်ကာ ခါးချိတ်တံဆိပ်ပြား အမိန့်တော်စာနှင့် အမတ်ဝတ်စုံကို သွားရောက် ထုတ်ယူခဲ့သည်။
မင်မင်းဆက်နှောင်းပိုင်းတွင် ပညာတတ်လူကုံထံများမှာ ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ကိုင်ကြလေ့ရှိရာ ပညာရှိအမတ်များသည်လည်း ကုန်သည်များအပေါ် အထူးသဖြင့် ချမ်းသာသော ကုန်သည်များအပေါ် အမြင်စောင်းလေ့မရှိကြပေ။ လီကျစ်မှာ လောလောဆယ်တွင် ရာထူးအဆင့်နိမ့်သော အမတ်ငယ်တစ်ဦးသာဖြစ်သော်လည်း သူနှင့် ဟဲရှိရှို့တို့၏ ဆက်ဆံရေးမှာ ဟဲရှိရှို့အတွက် ငွေအမြောက်အမြားရရှိစေသဖြင့် ဟဲရှိရှို့က သူ့အပေါ်အလွန်ကျေနပ်နေသည်။ ထိုနေ့တွင် လီကျစ်၏ ကိစ္စကိုပြီးမြောက်အောင် ကူညီပေးနိုင်ခဲ့သဖြင့် ဟဲရှိရှို့မှာ စိတ်ကြည်လင်နေသည်။ လီကျစ်သည် သူ့ပစ္စည်းများကိုရရှိသဖြင့် ဝမ်းသာအားရဖြစ်နေသည်ကို မြင်သောအခါ ဟဲရှိရှို့က လီကျစ်အား အမတ်ဝတ်စုံကိုဝတ်ကြည့်ရန်နှင့် သူကိုယ်တိုင် ကြည့်ရှုလိုကြောင်း ပြောဆိုခဲ့သည်။
လီကျစ်သည် ရုံးတော်၏ဘေးခန်းတွင် ကျားရုပ်တံဆိပ်ပါရှိသော အဆင့် (၆) စစ်ဘက်အမတ်၏ ကြက်သွေးရောင်ဝတ်လုံတော်ကို လဲလှယ်ဝတ်ဆင်ကာ အမတ်ဦးထုပ်နှင့် ဖိနပ်အမည်းတို့ကို ဝတ်ဆင်လိုက်သည်။
လီကျစ်သည် အခန်းအတွင်း ခြေလှမ်းအနည်းငယ် လမ်းလျှောက်ကြည့်လိုက်သောအခါ သူကိုယ်သူ မဟာမင်မင်းဆက်၏ အမတ်တစ်ဦးဖြစ်သွားပြီဟု အပြည့်အဝ ခံစားလိုက်ရသည်။
ထို့နောက် လီကျစ်သည် ခါးချိတ်တံဆိပ်ပြားကိုကြည့်လိုက်သည်။ ၎င်းကို ငွေဖြင့် ပြုလုပ်ထားပြီး တိမ်တောင်တိမ်လိပ်ပုံစံများဖြင့် အလှဆင်ထားသည်။ တံဆိပ်ပြား၏ ထိပ်နှစ်ဖက်တွင် အပေါက်ငယ်လေးများပါရှိပြီး ပိုးကြိုးအနီရောင်ဖြင့် သီထားသည်။ တံဆိပ်ပြား၏ အနောက်ဘက်တွင် စာတန်းငယ်လေး အချို့ကို ထွင်းထုထားသည် - “ကောင်းကင်ဘုံက ပြည်သူတွေကို စောင့်ရှောက်ပြီး ငါကတော့ အုပ်ချုပ်သူ ဖြစ်တယ်။ ငါ့ရဲ့ အရှိန်အဝါက တရုတ်ပြည်တစ်လွှား ပျံ့နှံ့နေတာဟာ သစ္စာရှိတဲ့ အမတ်တွေကြောင့်ဖြစ်တယ်။ မင်းတို့ရဲ့ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းနိုင်ဖို့ ဒီရွှေရောင်တံဆိပ်ကို ငါ ချီးမြှင့်လိုက်တယ်”
၎င်းမှာ မင်မင်းဆက်တည်ထောင်သူ ဧကရာဇ် ‘ဟုန်ဝူ’ ၏ ဆုံးမစကားများဖြစ်ပုံရသည်။ တံဆိပ်ပြားကို လှန်ကြည့်လိုက်သောအခါ ရှေ့ဘက်တွင်…
'ထန်းကျင်းမြို့၊ လက်ဝဲတပ်ဖွဲ့၊ ကျင့်ဟိုင် တပ်မဟာ၏ လက်အောက်ခံ တပ်ဖွဲ့ငယ်၊ တပ်မှူးငယ် လီကျစ်' ဟု ထွင်းထုထားလေသည်။"
ဤခါးချိတ်တံဆိပ်ပြားမှာ အမတ်လောကတွင် လီကျစ်၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြားပင်ဖြစ်သဖြင့် လီကျစ်သည် ၎င်းကို သူ့ခါးတွင်ဂုဏ်ယူစွာ ချိတ်ဆွဲလိုက်လေတော့သည်။