လီကျစ်သည် အမတ်ဝတ်စုံကို အပြည့်အစုံဝတ်ဆင်ပြီးနောက် ဟဲရှိရှို့ကို ပြသရန် ရုံးတော်ရှေ့ခန်းသို့ ပြန်လာသောအခါ ဟဲရှိရှို့က တဟားဟား ရယ်မောလေသည်။
“ကောင်းတယ်… မင်းဆီမှာ သူရဲကောင်းပီသတဲ့ အရှိန်အဝါရှိတယ်… ဒီအမတ်ဝတ်စုံက မင်းနဲ့ တကယ်လိုက်ဖက်တာပဲ”
ထို့နောက် ဟဲရှိရှို့က လီကျစ်အား ကြေးမှန်တစ်ချပ် ယူဆောင်ပြစေသည်။ လီကျစ်သည် မှန်ထဲတွင် မိမိကိုယ်ကိုယ်ပြန်ကြည့်ရင်း ‘လူမှာအဝတ်၊ တန်ဆာမှာအချိတ်’ ဆိုသည့်စကားမှာ မှန်လှသည်ဟု တွေးမိသွားသည်။ အမတ်ဝတ်စုံကို ဝတ်ဆင်လိုက်သောအခါ တစ်မျိုးထူးခြားသွားပြီး အသက် ၁၈ နှစ်အရွယ် သူ့ရုပ်သွင်မှာ ခန့်ညားထည်ဝါသောရှိန်အဝါများ ပိုမိုတိုးလာသည်။ ဤခေတ်ကာလသို့ ကူးပြောင်းရောက်ရှိလာသည်မှာ ၇ လခန့်သာ ရှိသေးသော်လည်း အင်ပါယာ၏ အမတ်တစ်ဦးဖြစ်လာခဲ့ပြီဖြစ်သည်။ ရာထူးမှာ အဆင့်နိမ့် တပ်မှူးငယ်မျှသာ ဖြစ်သော်လည်း အစိုးရရာထူးတစ်ခုဖြစ်သည်မှာအမှန်ပင်။ လီကျစ်မှာ စိတ်ကြည်လင်နေသဖြင့် ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးနေမိသည်။
လီကျစ် ဝမ်းသာနေသည်ကို မြင်သောအခါ ဟဲရှိရှို့သည် မုတ်ဆိတ်မွှေးကိုသပ်ရင်း ခဏမျှ စဉ်းစားကာပြောလိုက်သည်။
“အခု မင်းမှာ အမတ်ဝတ်စုံရှိပြီဆိုတော့ ကြံ့ခိုင်တဲ့မြင်းကောင်းတစ်စီးလည်း လိုအပ်သေးတာပေါ့။ စစ်ဘက်အမတ်တစ်ယောက်မှာ စီးတော်မြင်းရှိမှသာ အာဏာစက်က ပိုပြီးပြည့်စုံမှာ”
“ဘုရင်ခံမင်းကြီး ပြောတာမှန်လှပါတယ် ဘုရား။ ကျွန်တော်မျိုး မြို့အနောက်ဘက်က မြင်းဈေးကိုသွားပြီး တစ်စီးလောက် ဝယ်လိုက်ပါ့မယ်”
ဟဲရှိရှို့က အားရပါးရရယ်မောကာ….
“သာမန်မြင်းဈေးမှာ ဘယ်လိုလုပ်ပြီး မြင်းကောင်း မြင်းမြတ်တွေ ရှိနိုင်ပါ့မလဲ။ ငါ့ဆီမှာ ငွေသျှူး တစ်ရာတန်တဲ့ ‘ဝူစွန်း’ ရတနာမြင်းတစ်စီးရှိတယ်။ အဲဒီမြင်းကို တပ်မှူးငယ် မင်းကို ငါ လက်ဆောင်ပေးမယ်”
ငွေသျှူး တစ်ရာဆိုသည်မှာ ထိုခေတ်က အလွန်များပြားသော ပမာဏ ဖြစ်သည်။
လီကျစ် ထိုစကားကို ကြားသောအခါ ဒီဘုရင်ခံကတော့ ဝန်ဆောင်မှု အပြည့်ပေးနေတာပဲ ဟု စိတ်ထဲမှ တွေးလိုက်မိသည်။ ရာထူးအတွက်ပေးရသည့် အခကြေးငွေက မြင့်မားသော်လည်း ဟဲရှိရှို့၏ လုပ်ဆောင်ချက်များမှာ လူမှုရေးအရလည်းအကွက်စေ့လှသည်။ လီကျစ်က ပြုံးလျက်…
“ဘုရင်ခံမင်းကြီးကို လီကျစ် ကျေးဇူးအထူးတင်ရှိပါတယ် ဘုရား”
ဟဲရှိရှို့က လက်ဝေ့ယမ်းလိုက်သည်နှင့် အစေခံတစ်ဦးသည် မြင်းဇောင်းအတွင်းမှ မြင့်မားထည်ဝါသော မြင်းတစ်စီးကို ဦးဆောင်ခေါ်လာခဲ့သည်။ ထိုမြင်းမှာ လူတစ်ရပ်နီးပါး မြင့်မားပြီး နီညိုရောင် ကိုယ်လုံးကိုယ်ပေါက်မှာ သန်မာလှသည်။ မြင်းကို ဆွဲလာစဉ်တွင် တခါတရံ နှာမှုတ်သံများ ထွက်ပေါ်လာရာ အမှန်တကယ်ပင် မြင်းကောင်းတစ်စီး ဖြစ်ပေသည်။
“ဒီမြင်းရဲ့ အမည်က လျှပ်စီး တဲ့… ဒီနေ့ကစပြီး ဒါက မင်းရဲ့ မြင်းပဲ”
လီကျစ်သည် မြင်းကိုလွှဲပြောင်းရယူကာ အသေအချာကြည့်ရှုပြီးနောက် ဟဲရှိရှို့အား လက်အုပ်ချီ ဦးညွှတ်ကာ…
“လျင်မြန်တဲ့ မြင်းကောင်းတစ်စီး ချီးမြှင့်တဲ့အတွက် ကျေးဇူးကြီးလှပါတယ် အရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ ရုံးလုပ်ငန်းတွေကို မနှောင့်ယှက်တော့ဘဲ ကျွန်တော်မျိုး ခွင့်ပြုပါဦး ဘုရား” ဟု ဆိုကာ နှုတ်ဆက်လိုက်သည်။
လီကျစ်သည် မြင်းစီးခြင်းကို အထူးတလည် သင်ယူခဲ့ဖူးခြင်းမရှိသော်လည်း ခေတ်သစ်ကာလ ခရီးသွားနေရာများတွင် နာရီအနည်းငယ်ကြာစီးဖူးသဖြင့် မြင်းစီးနည်းအခြေခံကိုတော့ အနည်းငယ် သိထားသည်။
ဘုရင်ခံမင်းကြီးကို နှုတ်ဆက်ပြီးနောက် လီကျစ်သည် အမတ်ဝတ်စုံကိုဝတ်ဆင်ကာ မြင်းကောင်းကိုစီးလျက် ကိုယ်ရံတော်နှစ်ဦးနှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။ လမ်းသွားလမ်းလာများက လီကျစ်ကို မြင်သည်နှင့် အထူးအဆန်းဖြစ်ကာကြည့်ရှုရင်း လမ်းဖယ်ပေးကြသည်။ တပ်မှူးငယ် ဆိုသည်မှာ ရာထူးအဆင့်နိမ့်သော်လည်း မင်မင်းဆက်၏ သာမန်ပြည်သူများသည် အမတ်များကို သဘာဝအလျောက် ကြောက်ရွံ့ကြသဖြင့် တစ်ဦးချင်းစီက လမ်းကိုအပြေးအလွှား ဖယ်ပေးကြခြင်း ဖြစ်သည်။
လီကျစ် ကျင်းပြန်ရပ်ကွက်အတွင်းသို့ ဝင်လိုက်သောအခါ အိမ်နီးနားချင်းများကြားတွင် ပြောစရာများ ပိုမိုများပြားသွားတော့သည်။
“အို... အဲဒီအမတ်က ဘယ်ကလာတာလဲ စီးလာတဲ့မြင်းကလည်း တကယ့်မြင်းကောင်းပဲဟေ့”
“ဟိုမျက်နှာကို ကြည့်စမ်း... ကျစ်အာ မဟုတ်ဘူးလား”
“ကျစ်အာ အမတ် ဖြစ်သွားပြီလား… ဘယ်တုန်းကလဲဟ”
“ကျစ်အာကတော့ တကယ့်ကို အောင်မြင်တဲ့သူပဲ။ လုပ်ငန်းကြီးတွေ ရှိရုံတင်မကဘူး အခုတော့ အမတ်တောင် ဖြစ်နေပြီ”
လီကျစ်သည် အိမ်နီးနားချင်းများ၏ စကားကို ဂရုမစိုက်ဘဲ ပြုံးလျက် အိမ်သို့စီးလာခဲ့သည်။ လီအိမ်တော်ဝင်းထဲသို့ ရောက်မှသာ မြင်းပေါ်မှ ဆင်းလိုက်သည်။ လီရှင်းနှင့် မိခင် ကျန်းသျှီတို့မှာ လီကျစ်တစ်ယောက် ဘုရင်ခံရုံးတော်သို့ ရာထူးဝယ်ရန်သွားသည်ကို သိထားကြသဖြင့် ရလဒ်ကို စိုးရိမ်တကြီး စောင့်နေကြခြင်းဖြစ်သည်။ လီကျစ် အမတ်ဝတ်စုံဖြင့် ပြန်လာသည်ကို မြင်သောအခါ နှစ်ဦးစလုံးက ဝမ်းသာအားရဖြင့် ဆီးကြိုကြသည်။
“အစ်ကိုကြီး... ဘုရင်ခံမင်းကြီးက အားလုံး စီစဉ်ပေးလိုက်ပြီပေါ့”
လီကျစ်က ခေါင်းညိတ်ပြကာ မြင်းကို အိမ်ဝင်းအတွင်း ချည်နှောင်လိုက်သည်။
လီရှင်းက လျှပ်စီး၏ လည်ဆံမွှေးကို စိတ်လှုပ်ရှားစွာသပ်ရင်း…
“ဒီမြင်းက တကယ်ကို ခန့်ညားတာပဲ… ဒါကို ဘုရင်ခံကပဲ ပေးလိုက်တာလား” ဟု ရယ်မောကာ မေးသည်။
မိခင် ကျန်းသျှီက ရင်ဘတ်ကိုလက်ဖြင့်ဖိကာ…
“ကျစ်အာ... ဘုရင်ခံကဘာလို့ မင်းကို ဒီလောက်ခန့်ညားတဲ့ မြင်းကြီးပေးရတာလဲ။ တပ်မှူးငယ်ဆိုတာ တကယ်တော့ ဘယ်လောက်အဆင့်ရှိတဲ့ အမတ်လဲကွဲ့”
“ဒီမြင်းက ဘုရင်ခံက လက်ဆောင်ပေးလိုက်တာပါ မိခင်ကြီး။ တပ်မှူးငယ်ဆိုတာ အဆင့် (၆) စစ်ဘက်အမတ်ပါ။ စစ်ဘက်အမတ်တွေက ပညာရှိအမတ်တွေလောက် တန်ဖိုးမရှိဘူးဆိုပေမဲ့ ခံတပ်ရွာတစ်ရွာကို အုပ်ချုပ်ရတဲ့ အမတ်ပါပဲ” ဟု ရှင်းပြလိုက်သည်။
မိခင်ကျန်းသျှီ၏မျက်နှာတွင် ဝမ်းသာမှုများပြည့်လျှံသွားကာ…
“ခံတပ်ရွာတစ်ရွာကို အုပ်ချုပ်ရမယ်… အဲဒါ တကယ့် ရာထူးကြီးပဲပေါ့”
“ကျွန်တော် အိမ်ရှေ့မှာ ဗျောက်အိုးတွေ သွားဖောက်လိုက်ဦးမယ်… အိမ်နီးနားချင်းတွေ အကုန်လုံး ကျွန်တော်တို့ မိသားစုရဲ့ သတင်းကောင်းကိုသိအောင်လို့” ဟု အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည်။
လီကျစ် မြင်းတစ်စီးရသွားသောအခါ မြင်းရှိခြင်း၏ အကျိုးကျေးဇူးကိုသိသွားတော့သည်။ နောက်တစ်နေ့တွင် သူသည် မြင်းဈေးသို့သွားကာ မြင်းကောင်း အစီး ၂၀ ကို ဝယ်ယူခဲ့ပြီး သူ့လက်အောက်ငယ်သားများကို ခွဲဝေပေးလိုက်သည်။ လီကျစ်သည် သူ၏ ရာထူးသစ်သို့ သွားရာတွင် ကိုယ်ရံတော် ၁၀ ဦးကို ခေါ်ဆောင်သွားရန်လိုအပ်ပြီး ထိုကိုယ်ရံတော်များအားလုံး မြင်းစီးရန် လိုအပ်သည်။ ထို့ပြင် လုပ်ငန်းအုပ်ချုပ်သူများသည်လည်း ယခုအခါ အလွန်အလုပ်များနေသဖြင့် နေ့စဉ် သွားလာရေးတွင် မြင်းများပေးထားပါက ပိုမိုထိရောက်ပေလိမ့်မည်။ နောက်ဆုံးအနေဖြင့် လီကျစ်၏ တာဝန်ကျရာနေရာနှင့် ထန်းကျင်းမြို့အကြား ကိုယ်ရံတော်များ မြင်းစီး၍သတင်းပို့ပါက ပိုမို လျင်မြန်ပေလိမ့်မည်။
လီရှင်းနှင့် အခြားသူများသည် မြင်းများရရှိကြသဖြင့် အလွန်ဝမ်းသာသွားကာ ရက်ကန်းစက်ရုံရှေ့တွင် မြင်းများကို စိတ်လှုပ်ရှားစွာ စမ်းစီးနေကြတော့သည်။
ရက်ကန်းစက်ရုံနှင့် ဆပ်ပြာအလုပ်ရုံမှ အလုပ်သမားများသည်လည်း လီကျစ် အမတ်ဝတ်စုံဖြင့် အမတ်ဖြစ်သွားသည်ကိုမြင်သောအခါ အလုပ်ကိုပိုမိုကြိုးစားလာကြသည်။ ထိုခေတ်ကာလတွင် ပြည်သူများသည် အင်ပါယာ၏အမတ်များကို အထွတ်အမြတ်ထား၍ရိုသေကြသည်။ လီကျစ် အမတ်ရာထူးရရှိခြင်းမှာ တပ်မှူးငယ်မျှသာဖြစ်သော်လည်း စီမံခန့်ခွဲမှုအပိုင်းတွင်မူ ပိုမို လွယ်ကူသွားစေသည်။
လီကျစ်သည် ရက်ကန်းစက်ရုံနှင့် ဆပ်ပြာအလုပ်ရုံကို နောက်တစ်ကြိမ်စစ်ဆေးပြီး အုပ်ချုပ်သူများကို ညွှန်ကြားချက်အချို့ ပေးကာ သူ၏ ရာထူးသစ်သို့ တာဝန်ထမ်းဆောင်ရန် မြင်းစီး၍ ထွက်ခွာခဲ့သည်။
လီကျစ်သည် တပ်မှူးငယ်ဟူသော စစ်ဘက်ဘွဲ့အဆင့်ကိုရရှိထားသော်လည်း ယိုယွင်းနေသော ခေတ်စနစ်အရ ထိုဘွဲ့မှာ အမည်ခံဂုဏ်ပုဒ်မျှသာဖြစ်ပေသည်။ လက်ရှိရာထူးမှာ တပ်မှူးငယ်ဖြစ်သော်လည်း တာဝန်တစ်ခုမရှိပါက ဤတပ်မှူးငယ်ရာထူးမှာ အသုံးမဝင်သလောက် ဖြစ်ပေလိမ့်မည်။ သို့သော် သူ၏ လက်တွေ့တာဝန်မှာ 'ဖန့်ကျားရွာ' ၏ 'ကင်းစခန်းမှူး' ဖြစ်ရာ… ထိုရာထူးကြောင့်သာ လီကျစ်သည် ခံတပ်ရွာတစ်ခုလုံးကို စိတ်ကြိုက်စီမံခန့်ခွဲနိုင်သည့် အုပ်ချုပ်သူအစစ်အမှန် ဖြစ်လာခဲ့လေသည်။"
ဖန့်ကျားရွာမှာ ထန်းကျင်းမြို့မှ လီ ၄၀ ခန့် ကွာဝေးပြီး လမ်းလျှောက်ပါက ၂ နာရီခန့် ကြာသော်လည်း မြင်းစီးပါက ၁ နာရီမျှသာကြာသည်။ သို့သော် လီကျစ်သည် ဖန့်ကျားရွာသို့ တာဝန်ထမ်းဆောင်ရန် မသွားမီ ယွင်ဖန့်လီ ရှိ သူ၏ အထက်အမတ်ကြီးထံသို့ အရင်ဆုံးသွားရောက် ဂါရဝပြုရမည် ဖြစ်သည်။
ရာထူးအသစ်ရသော အမတ်တစ်ဦးသည် အထက်လူကြီးထံအရင်ဆုံးသွားရောက် ဂါရဝပြုခြင်းမှာ မင်မင်းဆက်နှောင်းပိုင်း အမတ်လောက၏ထုံးစံတစ်ခုဖြစ်သည်။ လီကျစ်၏ အထက်လူကြီးမှာ ‘ကျင့်ဟိုင်’ ရှိတပ်ဖွဲ့၏ တပ်မှူးကြီးဖြစ်ပြီး ယွင်ဖန့်လီ ၏ နယ်ခြားစောင့်အမတ်အဖြစ် တာဝန်ယူထားသူ ယိုဟွားချောင် ဖြစ်သည်။ လီကျစ်သည် သူ့အထက်လူကြီး၏ စရိုက်ကိုမသိသဖြင့် ငွေသျှူး ၅၀ ကျော် တန်ဖိုးရှိသော ပိုးထည်များနှင့် ဂျင်ဆင်း များကို လက်ဆောင်အဖြစ် ဝယ်ယူကာ ကိုယ်ရံတော် ၄ ဦးကို သယ်ဆောင်စေခဲ့သည်။
ယွင်ဖန့်လီသို့ ဝင်ရောက်ကာ ‘တပ်မှူးပြီးရုံးတော်’ ကို ရှာဖွေတွေ့ရှိသောအခါ လီကျစ် မြင်းပေါ်မှ ဆင်းလိုက်သည်။ သူသည် အိမ်တံခါးစောင့်ထံ သူ့အမည်ကတ်ပြားကိုပေးရန် ပြင်စဉ်မှာပင် အမတ်ဝတ်စုံ ဝတ်ဆင်ထားသော အသက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် အခြွေအရံများနှင့်အတူ ထွက်လာသည်ကို တွေ့လိုက်ရသည်။ ထိုသူမှာ အဆင့် (၅) စစ်ဘက်အမတ် ဝတ်စုံကိုဝတ်ဆင်ထားပြီး အရပ်အမောင်း အလယ်အလတ်နှင့် အနည်းငယ် ဝဖြိုးကာ မျက်နှာဝိုင်းဝိုင်းနှင့် မုတ်ဆိတ်မွှေး ကျဲကျဲရှိသူ ဖြစ်သည်။
လီကျစ်၏ အဆင့် (၆) အမတ်ဝတ်စုံကိုမြင်သောအခါ ထိုအမတ်သည် မောက်မာစွာဖြင့် လီကျစ်ကို စေ့စေ့စပ်စပ်ကြည့်လိုက်သည်။ သူ စကားစရန်ပြင်လိုက်စဉ်မှာပင် သူ၏ အကြည့်မှာ လီကျစ်၏ စီးတော်မြင်းဆီသို့ ရောက်သွားတော့သည်။
လီကျစ်၏ မြင်းကိုအတော်ကြာအောင် အကဲခတ်ပြီးနောက် ထိုအမတ်သည် အသက်ကို ပြင်းပြင်းရှူကာ ဖြည်းဖြည်းချင်းမေးလိုက်သည်။
“ဒါ... ဘုရင်ခံမင်းကြီးရဲ့ လျှပ်စီးမြင်း မဟုတ်လား”
ဤသူမှာ သူ့အထက်လူကြီးဖြစ်မည်ဟု လီကျစ် ခန့်မှန်းလိုက်ပြီး…
“ဒါက ကျွန်တော်မျိုးရဲ့ လျှပ်စီးပါခင်ဗျာ”
ထိုစစ်ဘက်အမတ်သည် လီကျစ်အား ရုတ်တရက်မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးများက ဟိုဟိုဒီဒီ အကဲခတ်သွားပြီးနောက် ချက်ချင်းပင် သူ၏မောက်မာမှုများကိုဖယ်ရှားလိုက်ကာ တောက်ပသောအပြုံးတစ်ခုကို ပြုံးလိုက်ပြီး ရင်းနှီးကျွမ်းဝင်စွာဖြင့် ဆိုလာသည်။
"မင်းက ဖန့်ကျားရွာရဲ့ တပ်မှူးသစ် တပ်မှူးငယ် လီကျစ် ဖြစ်ရမယ်"
ဘုရင်ခံမင်းကြီး၏ လျှပ်စီးမြင်းကြီး အစွမ်းပြနေပြီဖြစ်ကြောင်း လီကျစ် သဘောပေါက်လိုက်သည်။
ဤတပ်မှူးကြီးအတွက်မူ ဘုရင်ခံမင်းကြီးဟူသည် သူ့အားမျက်စိတစ်မှိတ်အတွင်း ရာထူးတိုးပေးနိုင် ဖြုတ်ချနိုင်သည့် အလွန်ဩဇာကြီးမားသော အထက်လူကြီးတစ်ဦးဖြစ်သည်။ ဤဆင်းရဲနွမ်းပါးလှသောအမတ်များ၏ ဝင်ငွေရလမ်းမှာ အသုံးစရိတ်များကို အလွဲသုံးစားလုပ်ခြင်း အပေါ်တွင်သာမှီခိုနေကြရသည်။ သူတို့သည် လီကျစ်ကဲ့သို့ ငွေထောင်ပေါင်းများစွာကို အလွယ်တကူမသုံးစွဲနိုင်သကဲ့သို့ ဘုရင်ခံမင်းကြီးကဲ့သို့သော အမတ်ကြီးများကိုလည်း မျက်နှာချိုသွေးနိုင်စွမ်းမရှိကြပေ။
ထို့ကြောင့်ပင် ဘုရင်ခံမင်းကြီးကို ပို၍အလေးထား အထင်ကြီးကြခြင်းဖြစ်သည်။ ဤတပ်မှူးကြီးမှာ ရာထူးမက်သူတစ်ဦးဖြစ်ရာ အထက်လူကြီးများ၏ အရေးအရာများကို အထူးဂရုစိုက်လေ့ရှိသည်။ ထို့ကြောင့်ပင် ဘုရင်ခံမင်းကြီး၏ အဖိုးတန်မြင်းဖြစ်သော ‘လျှပ်စီး’ ကို သူကောင်းကောင်း မှတ်မိနေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။
ယခုအခါ လီကျစ်က… 'ဒါက ကျွန်တော်မျိုးရဲ့ လျှပ်စီးမြင်းပါ' ဟု ပြောလိုက်သည်ကို ကြားသောအခါ… ဘုရင်ခံမင်းကြီးက သူ၏အဖိုးတန်မြင်းကို လီကျစ်အား ပေးသနားလိုက်ပြီဖြစ်ကြောင်း တပ်မှူးကြီး ချက်ချင်းသဘောပေါက်သွားသည်။ ဘုရင်ခံမင်းကြီးကဲ့သို့သောသူသည် မိမိ၏ အဖိုးတန်မြင်းကို တစ်စုံတစ်ယောက်အား အလွယ်တကူ ပေးသနားမည်မဟုတ်ပေ။ ထို့ကြောင့် လီကျစ်သည် ဘုရင်ခံမင်းကြီးနှင့် အလွန်ထူးခြားနက်ရှိုင်းသော ဆက်ဆံရေးမျိုး ရှိနေရမည်မှာ အသေအချာပင်ဖြစ်သည်။
***