အမြောက်သွန်းလုပ်သည့်နည်းပညာမှာ အခက်အခဲများစွာရှိသဖြင့် လီကျစ်အနေဖြင့် လောလောဆယ် အမြောက်များကိုမထုတ်လုပ်နိုင်သေးပေ။ သို့သော် ရိုင်ဖယ်သေနတ်များ… ပို၍တိကျစွာပြောရလျှင် ပြောင်းရစ်ပါသောရိုင်ဖယ်ထုတ်လုပ်သည့် နည်းပညာမှာမူမခက်ခဲလှပေ။ လီကျစ်က ပုံစံကြမ်းများသာဆွဲပေးလိုက်ပါက မင်မင်းဆက်မှ ငှက်ပစ်သေနတ်များ ပြုလုပ်တတ်သော လက်မှုပညာသည်များအနေဖြင့် အလွယ်တကူ ပုံတူကူးယူ ထုတ်လုပ်နိုင်ပေသည်။
မီးခတ်ကျောက်သေနတ်၏ အစိတ်အပိုင်းများအတွက်မူ လက်မှုပညာသည်များကို ပုံစံကြမ်းအတိုင်းပြုလုပ်ခိုင်းပြီးနောက် တပ်ဆင်လိုက်ရုံသာဖြစ်သည်။ အသစ်ထပ်တိုးလာမည့် တစ်ခုတည်းသောအရာမှာ လက်လှည့်ပြောင်းရစ်ဖော်စက်ပင်ဖြစ်သည်။
သို့သော် ဤစက်အမျိုးအစားမှာ အလွန်အမင်းတိကျမှုမလိုအပ်ပေ။ လီကျစ်က ပုံစံကြမ်းဆွဲပေးလိုက်သည်နှင့် မင်မင်းဆက်မှ ပန်းပဲဆရာများကအလွယ်တကူ တည်ဆောက်နိုင်ပေသည်။
ဖန့်ကျားရွာတွင် ငှက်ပစ်သေနတ်များပြုလုပ်တတ်သော လက်မှုပညာသည်များမရှိပေ။ ထို့ကြောင့် လီကျစ်သည် ထန်းကျင်းမြို့သို့ပြန်သွားကာ ငှက်ပစ်သေနတ်ပြုလုပ်တတ်သော လက်မှုပညာသည် ငါးဦးကိုရှာဖွေခဲ့ပြီး သူ့ကိုပြသရန်အတွက် ငှက်ပစ်သေနတ်များကို အရင်ဆုံး ပြုလုပ်ခိုင်းခဲ့သည်။
မင်မင်းဆက်ကာလတွင် လက်မှုပညာသည်များသည် မျိုးရိုးစဉ်ဆက်လုပ်ကိုင်ရသော အဆင့်အတန်းတစ်ခုရှိပြီး အလုပ်သမားရေးရာရုံး၏ လက်အောက်တွင်ရှိကာ အလှည့်ကျ ပညာသည်များနှင့် အမြဲတမ်းပညာသည်များဟူ၍ နှစ်မျိုးခွဲခြားထားသည်။ မင်မင်းဆက် အစောပိုင်းကာလစည်းမျဉ်းများအရ အလှည့်ကျပညာသည်များသည် ဘုရင့်အလုပ်ရုံများတွင် တစ်နှစ်လျှင်တစ်ကြိမ် သို့မဟုတ် ငါးနှစ်လျှင်တစ်ကြိမ် အလှည့်ကျတာဝန်ထမ်းဆောင်ရပြီး အလှည့်ကျချိန်တစ်ကြိမ်လျှင် ပျမ်းမျှသုံးလခန့်ကြာမြင့်သည်။ အမြဲတမ်း ပညာသည်များမှာမူ တစ်လလျှင် ဆယ်ရက်ခန့် ဘုရင့်အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရသည်။ သို့သော် မင်မင်းဆက် နှောင်းပိုင်းကာလသို့ရောက်သောအခါ လက်မှုပညာသည် စနစ်မှာပျက်စီးယိုယွင်းနေပြီဖြစ်ပြီး လက်မှုပညာသည်များသည် ငွေပေးသွင်းရုံဖြင့် တာဝန်ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရနေကြပြီဖြစ်သည်။
အလှည့်ကျပညာသည်တစ်ဦးသည် နှစ်စဉ် အလှည့်ကျပညာသည်ကြေးအဖြစ် ငွေ ၄ ကျန် နှင့် ၅ ဖန်း ပေးသွင်းရပြီး အမြဲတမ်းပညာသည်များမှာမူ လစဉ် ငွေ ၁ ကျန် ပေးသွင်းရသည်။
ငွေပေးသွင်းပြီးပါက လက်မှုပညာသည်များမှာ လွတ်လပ်ခွင့်ရရှိသွားပြီး မည်သူမဆို ငှားရမ်းခန့်အပ်နိုင်ပြီဖြစ်သည်။ ဥပမာအားဖြင့် လီကျစ်သည် ထန်းကျင်းမြို့ရှိ လက်မှုပညာသည်များကို လွတ်လပ်စွာ ငှားရမ်းခွင့်ရှိသည်။ ယခင်က လွန်းပျံရက်ကန်းစင်များပြုလုပ်ရန် လီကျစ် ငှားရမ်းခဲ့သော ပန်းပဲဆရာအချို့မှာလည်း ဤကဲ့သို့သော လက်မှုပညာသည်များပင် ဖြစ်ကြသည်။
လီကျစ် ရှာဖွေတွေ့ရှိခဲ့သော လက်မှုပညာသည်ငါးဦးစလုံးမှာ အမြဲတမ်းပညာသည်များ ဖြစ်ကြသည်။ သူတို့သည် လစဉ် အမြဲတမ်းပညာသည်ကြေးကို ပေးသွင်းပြီးနောက် မြို့တော်အတွင်း ပန်းပဲလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။
နန်းတော်အတွက် လက်နက်များပြုလုပ်ပေးရခြင်းမှာမူ ရံဖန်ရံခါသာရှိတတ်ပြီး ထိုသို့လုပ်ပေးရသည့်အတွက် ဘုရင့်ထံမှ ငွေတစ်ပြားတစ်ချပ်မျှမရခဲ့ဖူးကြပေ။ ထို့ကြောင့် ယခု ဖန့်ကျားရွာမှ တပ်မှူးငယ်က သူတို့ကို ငှက်ပစ်သေနတ်များပြုလုပ်ခိုင်းသည်ဟု ကြားသောအခါ အလုပ်ကြမ်းလုပ်ရပြီး အခကြေးငွေမရမည့် နောက်ထပ်ကိစ္စတစ်ခုဟုသာယူဆကာ လူတိုင်းက ငြင်းဆန်လိုကြသည်။ အခြေအနေကို နားလည်သွားသောအခါ လီကျစ်သည် သူတို့ငါးဦးစလုံးကို ပစ္စည်းဖိုးနှင့် လုပ်အားခအဖြစ် ငွေ ၅ သျှူးစီ ပေးလိုက်ရာ သူတို့အားလုံး အလွန်ဝမ်းသာသွားကြပြီး ဘာမှထပ်မပြောတော့ဘဲ ငှက်ပစ်သေနတ်များကို စတင်ပြုလုပ်ကြတော့သည်။
လီကျစ်သည် ဖန့်ကျားရွာရှိ အခြေအနေအရပ်ရပ်ကို အကျွမ်းတဝင်ရှိအောင် လေ့လာနေရင်း တစ်ဖက်မှလည်း လက်မှုပညာသည်များ၏ လုပ်ငန်းတိုးတက်မှုကို စစ်ဆေးရန်အတွက် မြို့တော်သို့ မကြာခဏ မြင်းစီး၍ သွားရောက်ခဲ့သည်။
ငှက်ပစ်သေနတ်ပြုလုပ်ခြင်း၏ ပထမအဆင့်မှာ သေနတ်ပြောင်းပင်ဖြစ်သည်။ လက်မှုပညာသည်များသည် သံစိမ်းတုံးအချို့ကိုရှာဖွေကာ အပြားဖြစ်အောင်ထုရိုက်ကြသည်။ ထို့နောက် ထိုသံပြားများကို ရဲရဲနီသည်အထိအပူပေးကာ အလယ်တွင်သံမဏိချောင်းဝိုင်းတစ်ခုခံပြီး သံမဏိခွက်ခြမ်းပုံစံခွက်တစ်ခုအတွင်း ထပ်ခါတလဲလဲ လှည့်လည်ထုရိုက်ခြင်းဖြင့် သံပြားများကို သေနတ်ပြောင်းပုံစံဖြစ်အောင်ပုံသွင်းကြသည်။ ထို့နောက် သံမှုန့်နှင့် လက်ချားတို့ကို အသုံးပြု၍ အဆက်နေရာများကို ဂဟေဆော်ကာ ခိုင်မြဲသွားသည်အထိ ထပ်ခါတလဲလဲထုရိုက်ကြသည်။ သေနတ်ပြောင်းပုံစံကြမ်းရရှိသွားသောအခါ လက်မှုပညာသည်များသည် ၎င်းကို လွန်စက်ပေါ်တွင်တင်ကာ ဆီသုတ်ထားသောလွန်သွားဖြင့် အပေါက်ဖောက်ကြသည်။ လွန်သွားအရွယ်အစားကို တဖြည်းဖြည်းကြီးသည်ထက်ကြီးအောင် ပြောင်းလဲအသုံးပြုရင်း ပြောင်းအတွင်းပိုင်းရှိ မညီညာသော အစိတ်အပိုင်းများကိုချောမွေ့သွားသည်အထိ ဖြည်းဖြည်းချင်း ဖောက်ယူကြသည်။
ဤအပေါက်ဖောက်သည့်လုပ်ငန်းစဉ်မှာ အချိန်အကုန်ဆုံးဆုံးဖြစ်သည်။ လက်မှုပညာသည်တစ်ဦးသည် စံမီသောသေနတ်ပြောင်းတစ်ခုရရှိရန် ဆယ်ရက်ကျော်ခန့် အချိန်ယူရသည်။ သေနတ်ပြောင်းရရှိသွားပါက ငှက်ပစ်သေနတ်ပြုလုပ်ခြင်းလုပ်ငန်းစဉ်မှာ အများစု ပြီးစီးသွားပြီဖြစ်ပြီး သေနတ်ဒင်ကဲ့သို့သော ကျန်ရှိသည့်အစိတ်အပိုင်းများကို ပြုလုပ်ရန်မှာ အလွန်လွယ်ကူလှသည်။
လက်မှုပညာသည် ငါးဦးစလုံးသေနတ်ပြောင်းများ ဖောက်လုပ်ပြီးစီးသည်အထိ လီကျစ် စောင့်ဆိုင်းနေပြီးနောက် သူတို့ကို လုပ်ငန်းစဉ် ရပ်ခိုင်းလိုက်သည်။
"ငှက်ပစ်သေနတ်က ပစ်လိုက်တဲ့အခါ ပြောင်းကွဲမထွက်သွားအောင် ဘယ်လိုကာကွယ်သလဲ"
ဆရာကြီးဝမ် ဟုခေါ်သော လက်မှုပညာသည်မှာ သူတို့ငါးဦးထဲတွင် ကျွမ်းကျင်မှုအရှိဆုံးဖြစ်ပြီး ခေါင်းဆောင်အဖြစ် သတ်မှတ်ခံရသူဖြစ်သည်။
သူက... "တပ်မှူးငယ်မင်းခင်ဗျာ... စည်းမျဉ်းတွေအရတော့ သေနတ်ပြောင်းပြုလုပ်ပြီးသွားရင် ပြောင်းထဲကို ပုံမှန်ယမ်းပမာဏရဲ့ လေးဆလောက်ထည့်ပြီး တစ်ကြိမ်စမ်းသပ်ပစ်ခတ်ရပါတယ်။ ပစ်ခတ်ပြီးတဲ့အခါ ပြောင်းအက်ကွဲမသွားဘူးဆိုရင် အဲဒီသေနတ်ပြောင်းကို အောင်မြင်တယ်လို့ သတ်မှတ်ပါတယ်။ အက်ကွဲသွားတဲ့ သေနတ်ပြောင်းတွေကိုတော့ အပိုင်းအစတွေအဖြစ် စွန့်ပစ်ရပါတယ်။ ဒီစမ်းသပ်မှုအဆင့်ကို ကျော်ဖြတ်ပြီးရင်တော့ ထုတ်လုပ်လိုက်တဲ့ ငှက်ပစ်သေနတ်တွေက ပြောင်းကွဲထွက်တာမျိုး မဖြစ်နိုင်တော့ပါဘူး"
ဆရာကြီးဝမ်က ခေတ္တရပ်လိုက်ပြီး ဆက်၍...
"ဒါပေမဲ့ ဒီနောက်ပိုင်းမှာတော့ အမတ်တွေက ပစ္စည်းတွေကိုအလွဲသုံးစားလုပ်ကြလို့ သေနတ်ပြောင်းတွေကို လိုအပ်တဲ့ပစ္စည်း အပြည့်အဝမသုံးဘဲပြုလုပ်ကြရပါတယ်။ ဒါကြောင့် လေးဆယမ်းပမာဏနဲ့စမ်းသပ်ရင် သေချာပေါက် အက်ကွဲကုန်မှာပါ။ ဒါပေမဲ့ ရွေးချယ်စရာမရှိဘူးလေ... ပစ္စည်းမှ မလုံလောက်တာ… စံမမီတဲ့ ငှက်ပစ်သေနတ်တွေကိုတောင် နန်းတော်ဆီအပ်ကြရတာပဲ။ ဒီလို အရေးကြီးတဲ့စမ်းသပ်မှုအဆင့်ကို ဘယ်သူမှ မလုပ်တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ"
မင်မင်းဆက် နှောင်းပိုင်းကာလတွင် သေနတ်နည်းပညာများ အဘယ်ကြောင့် ယိုယွင်းပျက်စီးလာရသည်နှင့် ငှက်ပစ်သေနတ်များကို မည်သူမျှမသုံးရဲကြသည်ကို ဆရာကြီးဝမ်က ဖော်ထုတ်ပြလိုက်ခြင်းဖြစ်သည်။
အမှန်စင်စစ် ဆရာကြီးဝမ် မပြောပြသော နောက်ထပ်အကြောင်းရင်းတစ်ခု ရှိနေသေးသည်။ အမတ်များသည် နန်းတော်အတွက် လက်နက်ထုတ်လုပ်ရာတွင် ငွေကြေးများကို အလွဲသုံးစားလုပ်ကြပြီး တစ်ခါတစ်ရံ လက်မှုပညာသည်များကို လုပ်အားခပင် မပေးကြပေ။ မိသားစုကို ကျွေးမွေးပြုစုရန်အတွက် လက်မှုပညာသည်များသည် ဝင်ငွေရသော အခြားအလုပ်များကိုပါ တွဲလုပ်ရသဖြင့် ဘုရင့်အလုပ်များကိုအချိန်လု၍ ပြီးစလွယ်သာ လုပ်ကြတော့သည်။
မင်မင်းဆက် နှောင်းပိုင်းကာလတွင် အမတ်များ၏ အဂတိလိုက်စားမှုမှာ ကုစား၍မရနိုင်လောက်အောင် ဆိုးရွားနေပြီဖြစ်သည်။ ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ထုတ်လုပ်လိုက်သော လက်နက်များ၏အရည်အသွေးကို မှန်းဆကြည့်နိုင်ပြီး မဟာမင်မင်းဆက်၏ တပ်ဖွဲ့ကြီးသည် မန်ချူး များနှင့် အနည်းငယ် ထိတွေ့ရုံဖြင့် အဘယ်ကြောင့်ပြိုကွဲသွားရသည်မှာလည်း အံ့သြစရာ မဟုတ်တော့ပေ။
ဤလက်မှုပညာသည် ငါးဦးတွင် နည်းပညာပိုင်းဆိုင်ရာ ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် လီကျစ်က ခေါင်းညိတ်လိုက်ပြီး...
"ဒီနှစ်တွေထဲမှာ ခင်ဗျားတို့ရဲ့ ဘဝအခြေအနေတွေ ဘယ်လိုရှိလဲ"
ဆရာကြီးဝမ်မှာ လီကျစ်က အဘယ်ကြောင့် ဤမေးခွန်းကို ရုတ်တရက် မေးလာရသနည်းဟု နားမလည်နိုင်ဘဲ ကြောင်အသွားသည်။ သူက ဗလုံးဗထွေးဖြင့်...
"ရိုးရိုးသားသားပြောရရင် တပ်မှူးငယ်မင်းခင်ဗျာ... ကျွန်တော်တို့ ငါးယောက်စလုံး သိပ်ကို ခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကို ဖြတ်သန်းနေရပါတယ်။ ဘုရင့်အတွက် လက်နက်တွေ ပြုလုပ်ပေးတဲ့အခါ အမတ်တွေက ပစ္စည်းဖိုးငွေတွေကို အလွဲသုံးစားလုပ်ရုံတင်မကဘဲ နှစ်နဲ့ချီပြီး ကြန့်ကြာနေတဲ့ လုပ်အားခတွေကိုလည်းမပေးကြပါဘူး။ အခုဆို စစ်ပွဲတွေ… ဆူပူသောင်းကျန်းမှုတွေကြောင့် လုပ်ငန်းအကုန်လုံးကျဆင်းနေတော့ အပြင်ဘက်မှာလည်း ပန်းပဲလုပ်ငန်းသိပ်မရတော့ပါဘူး။ နေ့တိုင်း အလုပ်လက်မဲ့ထိုင်နေရပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့တောင် တော်တော်လေး ခက်ခဲနေပါတယ်"
လီကျစ်က ခေါင်းညိတ်လိုက်ပြီး...
"ခင်ဗျားတို့က ကျွမ်းကျင်တဲ့ပညာသည်တွေပဲ။ နောင်ကျရင် ကျွန်တော့်ဆီမှာ အလုပ်လုပ်မယ်ဆိုရင် ခင်ဗျားတို့ တစ်ယောက်ကို တစ်လ ငွေ ၃ သျှူးစီ ပေးမယ်။ ဒါ့အပြင် တစ်နေ့ သုံးနပ် ကျွေးမယ်… အဲဒီသုံးနပ်စလုံးမှာ အသားဟင်းပါရမယ်။ ဘယ်လိုလဲ"
လီကျစ်၏ စကားကိုကြားသောအခါ သူတို့ငါးဦးစလုံး၏မျက်နှာတွင် မယုံကြည်နိုင်သည့် အမူအရာများ ပေါ်လာသည်။ အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် ဆရာကြီးဝမ်က...
"တပ်မှူးငယ်မင်း... ဒီလောက်များပြားတဲ့ လစာငွေကိုပေးတယ်ဆိုတော့ ကျွန်တော်တို့ကို ဘာများပြုလုပ်ခိုင်းမလို့လဲ ခင်ဗျာ"
"ကျွန်တော်က ခင်ဗျားတို့ကို ရိုင်ဖယ်သေနတ် အမျိုးအစားသစ်တစ်ခုထုတ်လုပ်ခိုင်းမလို့ပါ။ ဒီရိုင်ဖယ်က စနက်ကြိုးသုံးစရာမလိုဘဲ ခြေလှမ်းတစ်ရာကျော် အကွာအဝေးက ပစ်မှတ်တွေကို တိတိကျကျ မှန်နိုင်တယ်"
မင်မင်းဆက်ကာလမှ လူများသည် တစ်လှမ်းဟူသည်ကို ဘယ်ခြေတစ်လှမ်းနှင့် ညာခြေတစ်လှမ်းပေါင်းထားသော ခြေလှမ်းနှစ်လှမ်းဟု သတ်မှတ်ကြသည်။
ပြောင်းရစ်ပါသောရိုင်ဖယ်သည် အဝေးပစ်နှင့် တိကျမှုမြင့်မားသော သေနတ်ဖြစ်သည်။ အမေရိကန်ပြည်တွင်းစစ်ကာလအတွင်း ပြောင်းရစ်ပါသောရိုင်ဖယ်များ ပေါ်ပေါက်လာခဲ့ပြီး သာမန်ပြောင်းချောသေနတ်များနေရာတွင် နှစ်စဉ်သိသိသာသာ အစားထိုးဝင်ရောက်လာခဲ့သည်။ စစ်ပွဲ၏ နောက်ဆုံးနှစ်သို့ရောက်သောအခါ ကွန်ဖက်ဒရိတ်တပ်မတော်မှ တပ်ဆင်ထားသော လက်နက်အားလုံး၏ ၇၀% မှာ ပြောင်းရစ်ပါသော ရိုင်ဖယ်များ ဖြစ်နေပြီဖြစ်သည်။
ပြောင်းရစ်ပါသောရိုင်ဖယ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုမီက ဥရောပနှင့် အမေရိကန် စစ်ပွဲများတွင် ခေါင်းဆောင်များသည် ရှေ့တန်းမှနေ၍ တိုက်ပွဲဝင်လေ့ရှိကြသည်။ သို့သော် အမေရိကန်ပြည်တွင်းစစ်ကာလအတွင်း စနိုက်ပါသမားအများအပြားသည် ပြောင်းရစ်ပါသော ရိုင်ဖယ်များကိုအသုံးပြု၍ မီတာသုံးလေးရာအကွာအဝေးမှနေ၍ ရန်သူ့ခေါင်းဆောင်များကို ပစ်မှတ်ထားတိုက်ခိုက်လာကြသဖြင့် ခေါင်းဆောင်များမှာ ကတုတ်ကျင်းထဲမှပင် မထွက်ရဲကြတော့ဘဲ စစ်မြေပြင်၏ ဖွဲ့စည်းပုံကို တိုက်ရိုက်ပြောင်းလဲသွားစေခဲ့သည်။
လီကျစ်၏ စကားကိုကြားသောအခါ ပန်းပဲဆရာ ငါးဦးမှာ ပို၍ပင်အံ့အားသင့်သွားကြသည်။ ဆရာကြီးဝမ်က...
"တပ်မှူးငယ်မင်းခင်ဗျာ... စနက်ကြိုးမသုံးတဲ့ ငှက်ပစ်သေနတ်တွေအကြောင်း ကျွန်တော် ကြားဖူးပါတယ်။ ဒါပေမဲ့ ခြေလှမ်းတစ်ရာကျော်က ပစ်မှတ်တွေကိုမှန်နိုင်တဲ့ ရိုင်ဖယ်ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးပါဘူး… တပ်မှူးငယ်မင်းများ မှားနေတာလား ခင်ဗျာ"
လီကျစ်က ပြုံးလိုက်ပြီး...
"ကျွန်တော် မမှားပါဘူး... ခင်ဗျားတို့ အတွေ့အကြုံနည်းနေလို့ပါ။ ကျွန်တော့်ဆီမှာ ဒီရိုင်ဖယ်ရဲ့ ပုံစံကြမ်းတွေရှိတယ်။ ခင်ဗျားတို့က ကျွန်တော့်ပုံစံကြမ်းအတိုင်းသာ ထုတ်လုပ်မယ်ဆိုရင် သေချာပေါက် လုပ်နိုင်မှာပါ"
"ဒါပေမဲ့ ကျွန်တော် ရှင်းရှင်းလင်းလင်းပြောထားမယ်... ဒီရိုင်ဖယ်ထုတ်လုပ်တဲ့ နည်းပညာဟာ လုံးဝလျှို့ဝှက်ချက်ပဲ။ ကျွန်တော့်ဆီက လစာငွေကိုလက်ခံလိုက်တာနဲ့ ခင်ဗျားတို့ဟာ ကျွန်တော့်နယ်မြေထဲကနေ ထွက်ခွာခွင့်မရှိတော့ဘူး... ပြီးတော့ ဒီရိုင်ဖယ်ထုတ်လုပ်နည်းကို တခြားသူတွေကို သင်ပေးခွင့်လည်း မရှိဘူး"
လီကျစ်က ခေတ္တရပ်လိုက်ပြီး တည်ကြည်သောလေသံဖြင့် ဆက်၍...
"အကယ်၍ လျှို့ဝှက်ချက်သာ ပေါက်ကြားသွားရင် ခင်ဗျားတို့ ဘယ်နေရာကိုပဲ ရောက်ရောက် ကျွန်တော် လီကျစ်က ခင်ဗျားတို့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူး"
လီကျစ်၏ သတိပေးစကားကိုကြားသောအခါ လက်မှုပညာသည်ငါးဦးမှာ ကြောက်လန့်တကြား လည်ပင်းများ ပုဝင်သွားကြသော်လည်း အနည်းငယ်ဝမ်းသာအားရဖြင့်...
"တပ်မှူးငယ်မင်းက ဒီလောက်များပြားတဲ့ လစာငွေကိုပေးမှတော့ ကျွန်တော်တို့က တပ်မှူးငယ်မင်းအတွက် ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကို ဖြတ်ရမယ်ဆိုရင်တောင် အသင့်ပါပဲ ခင်ဗျာ။ လျှို့ဝှက်ချက်ကို လုံးဝ ပေါက်ကြားစေမှာ မဟုတ်ပါဘူး"
လီကျစ်က ခေါင်းညိတ်ကာ လက်ဝေ့ယမ်းလိုက်ပြီး...
"ကောင်းပြီ... ဒီကနေ့ကစပြီး ပြောင်းရွှေ့ဖို့ လူငှားလိုက်ကြတော့။ ခင်ဗျားတို့ရဲ့ မီးဖိုတွေနဲ့ ကိရိယာတွေအားလုံးကို ဖန့်ကျားရွာကို ရွှေ့ပြောင်းရမယ်။ ဖန့်ကျားရွာမှာ ခင်ဗျားတို့အတွက် အိမ်တွေ ပြင်ဆင်ထားပြီးပြီ... ပြောင်းရွှေ့စရိတ်အဖြစ် တစ်ယောက်ကို ငွေ ၁၀ သျှူးစီ ပေးမယ်"
လီကျစ် စကားပြောပြီးသည်နှင့် သူ၏ ကိုယ်ရံတော်များကို ပြောင်းရွှေ့စရိတ်များ ဖြန့်ဝေပေးစေခဲ့သည်။ ပြောင်းရွှေ့ရာတွင် ဤမျှများပြားသော ငွေကြေး မည်သို့လိုအပ်မည်နည်း။ ငွေ ၁၀ သျှူးစီ ရရှိလိုက်သော လက်မှုပညာသည်များမှာ ဝမ်းသာလွန်းသဖြင့် ပြောင်းရွှေ့ရန် အလျင်အမြန် စီစဉ်ကြတော့သည်။
နွားလှည်းကြီးများကို ငှားရမ်းကာ ရက်အနည်းငယ်အကြာတွင် လက်မှုပညာသည် ငါးဦးစလုံး သူတို့၏ ပစ္စည်းများအားလုံးကို ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာခဲ့ကြသည်။
လီကျစ်သည် လက်မှုပညာသည်များ၏ အိမ်သစ်များကို လိုက်လံစစ်ဆေးပြီးနောက် သူ၏ ဝတ်ရုံစအတွင်းမှ မီးခတ်ကျောက်သေနတ်နှင့် လက်လှည့်အရစ်ဖော်စက်တို့၏ ပုံစံကြမ်းများကို ထုတ်ယူလိုက်သည်။ ပန်းပဲဆရာငါးဦးသည် လီကျစ်၏ ပုံစံကြမ်းများကိုကြည့်ရှုကာ အတန်ကြာစဉ်းစားပြီးနောက် မီးခတ်ကျောက်သေနတ်၏ ဖွဲ့စည်းပုံကို နားလည်သွားကြသည်။ သူတို့သည် ချက်ချင်းပင်အံ့သြမင်တက်သွားကြပြီး လီကျစ်ကို ကြည့်သော သူတို့၏ အကြည့်များတွင် ရိုသေလေးစားမှု အရိပ်အယောင်များ ပိုမိုတိုးလာသည်။
ပန်းပဲဆရာ ငါးဦးသည် အရစ်ဖော်စက်ကို မည်သို့အသုံးပြုရမည်ကို နားလည်သွားသော်လည်း အရစ်ကို မည်သည့်အတွက် အသုံးပြုသည်ကိုမူ နားမလည်ကြသေးပေ။
***