သို့သော်လည်း လက်မှုပညာသည်များအနေဖြင့် အရစ်အကြောင်းကိုနားလည်ရန် မလိုအပ်ပေ။ လီကျစ်ပေးသော ပုံစံကြမ်းအတိုင်းသာ ပြုလုပ်ပေးရန်လိုအပ်သည်။ လီကျစ်၏ ကြီးကြပ်လမ်းညွှန်မှုအောက်တွင် ပညာသည်ငါးဦးသည် နောက်ထပ်ဆယ်ရက်ခန့် အချိန်ယူကာ ပုံစံကြမ်းများအတိုင်း အစိတ်အပိုင်းများကိုပြုလုပ်ခဲ့ကြပြီး လက်လှည့်အရစ်ဖော်စက် ငါးလုံးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ကြသည်။
အရစ်ဖော်စက်တိုင်းတွင် အသွားများဖော်ထားသော သံချောင်းတစ်ချောင်း ပါဝင်သည်။ ထိုသံချောင်းကို အရှေ့အနောက် ရွေ့လျားစေသောအခါ စက်တွင်တပ်ဆင်ထားသည့် ပုံသေအထိန်းဘောင်ကို ဖြတ်သန်းသွားရသည်။ ထိုအခါ အထိန်းဘောင်နှင့် သံချောင်းပေါ်ရှိအသွားများ ချိတ်ဆက်မိပြီး သံချောင်းသည် ပုံမှန်အမြန်နှုန်းဖြင့် အလိုအလျောက် လည်ပတ်သွားသည်။
ထိုသံချောင်း၏ အစွန်းတစ်ဖက်တွင် သေနတ်ပြောင်းအတွင်းသို့ ထိုးသွင်းရမည့် သံမဏိဘောစေ့တစ်လုံးကို တပ်ဆင်ထားသည်။ ဘောစေ့၏အောက်တွင် အထူစားစက္ကူများကို အထပ်လိုက် ခံထားပေးနိုင်ပြီး စက္ကူအထူကို တဖြည်းဖြည်း တိုးပေးလိုက်သည်နှင့်အမျှ ဘောစေ့သည် အပြင်ဘက်သို့ ပိုမိုထွက်ပေါ်လာမည်ဖြစ်သည်။ ဤနည်းဖြင့် သံချောင်းကိုလည်ပတ်ကာ သေနတ်ပြောင်းအတွင်း အရှေ့အနောက် ရွေ့လျားစေသောအခါ သံမဏိဘောစေ့က ပြောင်းအတွင်းပိုင်းကို ပွတ်တိုက်စားသွားပြီး လိုအပ်သော အရစ်ကြောင်းများကို တဖြည်းဖြည်း ဖော်ယူနိုင်မည် ဖြစ်သည်။
ဤကဲ့သို့သော အရစ်ဖော်စက်မျိုးသည် အလွန်အမင်းတိကျမှုမလိုအပ်ဘဲ ခဲကျည်ကို လည်ပတ်သွားစေနိုင်မည့် အရစ်ကြောင်းများဖော်ပေးနိုင်ရန်သာလိုအပ်သည်။ ၁၉ ရာစုမှ သေနတ်ပညာရှင်များပင်လျှင် ဤကဲ့သို့သော အရစ်ဖော်စက်များကို လူကိုယ်တိုင်လုပ်အားဖြင့်သာ တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။
လီကျစ်အနေဖြင့် အရစ်ဖော်စက်ငါးလုံး တည်ဆောက်ခိုင်းရခြင်း၏အကြောင်းရင်းမှာ ရိုင်ဖယ်၏ အရစ်အတွက် မည်သည့်လည်ပတ်မှုဒီဂရီက အကောင်းဆုံးဖြစ်မည်ကို မသိသောကြောင့်ဖြစ်သည်။ အရစ်ဖော်စက်ငါးလုံးတွင် မတူညီသော လည်ပတ်မှုဒီဂရီများကို အသုံးပြုထားသဖြင့် လီကျစ်အနေဖြင့် နောက်ဆုံးတွင်အကောင်းဆုံးရလဒ်ပေးမည့် တစ်လုံးကို ရွေးချယ်နိုင်မည်ဖြစ်သည်။
ခြူးရစ်ဖော်သည့်လုပ်ငန်းမှာ အချိန်သိပ်မယူရပေ။ ၈ လပိုင်း အလယ်ခန့်သို့ ရောက်သောအခါ လက်မှုပညာသည်များသည် ဤခေတ်ကာလ၏ ပထမဆုံးသော ပြောင်းရစ်ပါသောရိုင်ဖယ် ငါးလက်ကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြသည်။ ထို့နောက် ထိုပညာသည်ငါးဦးသည် လီကျစ်၏ ပုံစံကြမ်းများအတိုင်း ပုံသွင်းခွက်များကိုပြုလုပ်ကာ ခဲများကိုအသုံးပြု၍ အခေါင်းပွခဲကျည် ရာပေါင်းများစွာကို ထုတ်လုပ်ခဲ့ကြသည်။
စမ်းသပ်ပစ်ခတ်သည့်နေ့တွင် ခဲကျည်၏စွမ်းဆောင်ရည်က လက်မှုပညာသည် ငါးဦးကို အံ့သြမင်တက်သွားစေခဲ့သည်။
ပြောင်းရစ်ပါသောရိုင်ဖယ် ပေါ်ပေါက်လာခြင်းသည် သေနတ်သမိုင်းတွင် တကယ့်ကိုကြီးမားသည့် ခြေလှမ်းတစ်ရပ်ပင် ဖြစ်သည်။
၁၈၅၁ ခုနှစ်တွင် ပြင်သစ်တပ်မတော်မှအသုံးပြုလာသော ရိုင်ဖယ်များကို ရင်ဆိုင်နိုင်ရန်အတွက် ဗြိတိသျှ စစ်သေနာပတိအဖွဲ့သည် ပြည်တွင်းဖြစ် ပြောင်းဝမှ ကျည်ထည့်ရသော ရိုင်ဖယ်ပုံစံဒီဇိုင်းများကို စတင်ရှာဖွေခဲ့သည်။ ၁၈၅၃ ခုနှစ် နှောင်းပိုင်းတွင် Enfield 1853 ရိုင်ဖယ်ကို စစ်ဘက်ရေးရာဌာနက တရားဝင်အသုံးပြုရန်အတည်ပြုခဲ့သည်။ ၁၈၆၀ နှင့် ၁၈၇၀ ပြည့်လွန်နှစ်များအတွင်း Enfield 1853 ရိုင်ဖယ်သည် ထိုခေတ်က ကမ္ဘာတစ်ဝှမ်းရှိ အဓိကစစ်ပွဲတိုင်းနီးပါးတွင် ပါဝင်ပတ်သက်ခဲ့သည်။
ပြောင်းရစ်ပါသောရိုင်ဖယ်သည် ရိုင်ဖယ်အမျိုးအစားတွင်ပါဝင်ပြီး သီအိုရီအရ ပစ်ခတ်နိုင်စွမ်းတွင် ခေတ်သစ်ရိုင်ဖယ်များနှင့် ကွာခြားမှုမရှိလှပေ။ တစ်ခုတည်းသော ကွာခြားချက်မှာ လီကျစ်၏ လက်မှုပညာသည်များ၏ ထုတ်လုပ်မှုတိကျသေချာမှုပင်ဖြစ်သည်။ တစ်နည်းဆိုရသော် လီကျစ်၏ လက်မှုပညာသည်များက သေချာဂရုတစိုက် ပြုလုပ်သရွေ့ ရိုင်ဖယ်၏ ပစ်ခတ်နိုင်စွမ်းမှာ အံ့မခန်းဖြစ်ပေလိမ့်မည်။
"၁၈၅၃ ခုနှစ်က ဗြိတိသျှ စစ်သေနာပတိအဖွဲ့၏ စမ်းသပ်မှုများအရ ၃၃ လက်မရှိသော Enfield 1853 ရိုင်ဖယ်၏ တိကျမှုသည် ၄၀ လက်မရှိသော Springfield စီးရီး ရိုင်ဖယ်များနှင့် တန်းတူ သို့မဟုတ် ပို၍ပင်သာလွန်ကြောင်း တွေ့ရှိရသည်။ ၎င်း၏ ချိန်ရွယ်ကိရိယာကို ပေ ၂၇၀၀ (၈၂၂ မီတာ) အထိ ချိန်ညှိနိုင်ပြီး ထိုအကွာအဝေးအထိ သေစေနိုင်စွမ်းကို ထိန်းသိမ်းထားနိုင်သည်။"
လီကျစ်သည် ဖန့်ကျားရွာအပြင်ဘက် သဲပြင်ပေါ်တွင် လူတစ်ရပ်စာအရွယ်အစားရှိ သစ်သားပစ်မှတ်များကို မီတာ ၁၅၀၊ မီတာ ၂၀၀ နှင့် မီတာ ၂၅၀ အကွာအဝေးများတွင် အသီးသီး စိုက်ထူထားလိုက်သည်။
လီကျစ်၏ စမ်းသပ်ပစ်ခတ်မှုမှာ သေနတ်များ၏အမြင့်ဆုံးစွမ်းဆောင်ရည်ကို စစ်ဆေးရန် အဓိကရည်ရွယ်သဖြင့် လူများကို သံညှပ်များအသုံးပြု၍ ရိုင်ဖယ်များကို စင်ပေါ်တွင်တပ်ဆင်စေပြီး အဝေးမှပစ်မှတ်ကို တည်ငြိမ်စွာချိန်ရွယ်မိသည်အထိ ထောင့်ချိုးများကို ဖြည်းဖြည်းချင်း ချိန်ညှိစေကာမှ ပစ်ခတ်မှု စတင်စေခဲ့သည်။
ရိုင်ဖယ်ငါးလက်ကို တစ်လက်ချင်းစီ စမ်းသပ်ပစ်ခတ်ခဲ့သည်။ စွမ်းဆောင်ရည် အညံ့ဆုံးရိုင်ဖယ်ပင်လျှင် မီတာ ၁၅၀ အကွာအဝေးရှိပစ်မှတ်ကို အကြိမ်ကြိမ်မှန်ကန်နိုင်ခဲ့ပြီး တစ်လက်မအထူရှိသော သစ်သားပစ်မှတ်ကို အပေါက်ဖောက်နိုင်စွမ်းရှိသည်။
ထိုသို့သော ရလဒ်များကိုမြင်သောအခါ လက်မှုပညာသည်များမှာ အံ့သြတကြီး ရေရွတ်မိကြတော့သည်။ သူတို့နှင့် အကျွမ်းတဝင်ရှိသော မဟာမင်မင်းဆက်၏ ငှက်ပစ်သေနတ်များမှာ အများဆုံး ခြေလှမ်း ၅၀ခန့်သာ ပစ်ခတ်နိုင်ကြောင်း သူတို့ ကောင်းကောင်းသိသည်။ အကယ်၍ ခြေလှမ်း ၇၀ (မီတာ ၁၀၀ ခန့်) အကွာအဝေးရှိ ပစ်မှတ်ကို ပစ်ခတ်ပါက မှန်ကန်နိုင်စွမ်းမှာ ၅၀-၆၀% ခန့်သာ ရှိသည်။ ခြေလှမ်း ၁၀၀ (မီတာ ၁၅၀ ခန့်) အကွာအဝေးကို ပစ်ခတ်ပါကမူ ကံစမ်းမဲနှိုက်ရသကဲ့သို့သာဖြစ်ပြီး ဆယ်ချက်ပစ်လျှင် တစ်ချက်မှန်ပါကပင် အောင်ပွဲခံရမည့် အခြေအနေဖြစ်သည်။
သို့သော် ယခုအခါ အညံ့ဆုံးရိုင်ဖယ်ပင်လျှင် ခြေလှမ်း ၁၀၀ အကွာအဝေးရှိ ပစ်မှတ်ကို ယုံကြည်စိတ်ချစွာမှန်ကန်နိုင်နေသည်။ မည်မျှတောင် အံ့သြစရာကောင်းလိုက်သနည်း။ ငှက်ပစ်သေနတ်များပြုလုပ်ရင်း ကုန်ဆုံးခဲ့ရသည့် သူတို့၏ ဘဝတစ်ဝက်မှာ အလကားဖြစ်သွားခဲ့သလို ခံစားလိုက်ရပြီး ယခုမှသာ တိမ်တိုက်များကင်းစင်၍ နေရောင်ခြည်ကိုမြင်တွေ့လိုက်ရသကဲ့သို့ ခံစားသွားကြရသည်။
ရိုင်ဖယ်များကို စမ်းသပ်ပစ်ခတ်နေစဉ် ဖန့်ကျားရွာမှ အမှုထမ်းမိသားစုအများအပြားလည်း ပွဲလာကြည့်ကြသည်။ ခြေလှမ်း ၁၀၀ အကွာအဝေးရှိ သစ်သားပစ်မှတ်ကို သေနတ်များက အကြိမ်ကြိမ် ထိုးဖောက်သွားသည်ကိုမြင်သောအခါ သူတို့၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားကြသည်။
စမ်းသပ်မှုအတွင်း အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ခဲ့သော ရိုင်ဖယ်ကမူ ဤပညာသည်များနှင့် အမှုထမ်းများကို ပို၍ပင် ဆွံ့အသွားစေခဲ့သည်။
ဤအကောင်းဆုံးရိုင်ဖယ်သည် မီတာ ၁၅၀ အကွာအဝေးကို မှန်နိုင်ရုံသာမက မီတာ ၂၀၀ (ခြေလှမ်း ၁၄၀ ခန့်) အကွာအဝေးရှိ ပစ်မှတ်ကိုလည်း တိတိကျကျနှင့် အကြိမ်ကြိမ်မှန်ကန်နိုင်ခဲ့ပြီး ထူထဲသော သစ်သားပစ်မှတ်ကြီးကို ဆန်ခါပေါက်ဖြစ်သွားစေသည်။ ထိုမျှမကသေးဘဲ ဤရိုင်ဖယ်သည် မီတာ ၂၅၀ အကွာအဝေးရှိ လူပုံစံပစ်မှတ်ကိုပင် ၆၀% ထိမှန်နှုန်းဖြင့် မှန်ကန်နိုင်ခဲ့ပြီး သစ်သားပြားကို အနည်းငယ် ဖောက်ထွက်သွားနိုင်သေးသည်။
မှတ်သားထားရမည့်အချက်မှာ မီတာ ၂၅၀ အကွာအဝေးကိုပစ်ခတ်ခြင်းသည် သေနတ်တိကျမှုရှိမရှိ ပြဿနာမဟုတ်တော့ဘဲ ပစ်ခတ်သူအနေဖြင့် ထိုမျှဝေးကွာသောပစ်မှတ်ကို ချိန်ရွယ်နိုင်စွမ်းရှိမရှိ ပြဿနာသာဖြစ်သည်။ တစ်နည်းဆိုရသော် ပစ်ခတ်သူသာ အခြေအနေအကောင်းဆုံးဖြစ်ပြီး တိကျစွာချိန်ရွယ်နိုင်ပါက ဤရိုင်ဖယ်၏ သီအိုရီအရ ပစ်ခတ်နိုင်စွမ်းမှာ မီတာ ၂၅၀ ထက်ပင် ကျော်လွန်ကြောင်းပြသနေသည်။
ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့မမြင်ရပါက ဤကဲ့သို့သောရိုင်ဖယ်များကို သူတို့ကိုယ်တိုင် ဖန်တီးခဲ့သည်ဟု ဤပညာသည်ငါးဦး မည်သို့ ယုံကြည်နိုင်ပါမည်နည်း။
ဘေးမှကြည့်ရှုနေသူများပင်လျှင် ဤမြင်ကွင်းကိုမြင်သောအခါ အံ့အားသင့်စွာဖြင့် မျက်လုံးပြူးကာ တစ်ယောက်ကိုတစ်ယောက်ကြည့်နေမိကြပြီး အသံပင်မထွက်နိုင်အောင် ဆွံ့အသွားကြသည်။ ခြေလှမ်းတစ်ရာကျော် အကွာအဝေးကနေ အသက်ကိုနှုတ်ယူနိုင်တယ်ဆိုတာ ဘယ်လိုသဘောတရားမျိုးလဲ။ ပုံပြင်ပြောသူတွေတောင် သူတို့ရဲ့ပုံပြင်တွေထဲမှာ ဒီလိုမျိုး ချဲ့ကားပြောရဲမှာမဟုတ်ဘူး… စောင့်ကြည့်နေရင်းဖြင့် အမှုထမ်းမိသားစုများသည် နတ်ဘုရားစစ်သည်တော်များ ဆင်းသက်လာသကဲ့သို့ခံစားလိုက်ရပြီး လူတိုင်း အသက်ရှူမှားသွားကြသည်။
ထိုမျှမကသေးဘဲ ဤရိုင်ဖယ်သည် စနက်ကြိုးအသုံးပြုရန်မလိုအပ်ဘဲ မီးခတ်ကျောက်ကို အသုံးပြုထားသည်။ ယခင်က ငှက်ပစ်သေနတ်သမားများ စနက်ကြိုးကြောင့် သူတို့၏ မျက်လုံးများနှင့် မျက်ခုံးမွေးများ မီးမလောင်စေရန် အမြဲသတိထားနေရသည့် အခြေအနေမျိုးမရှိတော့ဘဲ ပစ်ခတ်သူအနေဖြင့် တည်ငြိမ်စွာချိန်ရွယ်နိုင်ပြီဖြစ်သည်။ ထို့ပြင် မီးခတ်ကျောက်ကို အသုံးပြုခြင်းကြောင့် စနက်ကြိုးတပ်ခြင်း… စနက်ကြိုးမီးညှိခြင်း… ယမ်းခွက်ကို လေမှုတ်ခြင်း သို့မဟုတ် ပစ်ခတ်ချိန်တွင် စနက်ကြိုးကိုစမ်းသပ်ခြင်း စသည့်အဆင့်များ လုပ်ဆောင်ရန် မလိုတော့သဖြင့် အချိန်များစွာသက်သာစေပြီး ပစ်ခတ်နှုန်းကို အလွန်အမင်း တိုးတက်စေသည်။
တပ်မှူးငယ်က အဘယ်ကြောင့်လျှို့ဝှက်ချက်ကို ဤမျှအလေးထားနေရသနည်းကို ပညာသည်များ ယခုမှသာကောင်းကောင်းနားလည်သွားကြတော့သည်။ ဤရိုင်ဖယ်သည် မကြုံစဖူးသော နတ်ဘုရားလက်နက်တစ်ခုပင်ဖြစ်သည်။ လက်ရှိ ရှိနေသော သေနတ်များအားလုံးသည် ဤရိုင်ဖယ်ရှေ့တွင် ဒူးထောက်အရှုံးပေးရုံသာရှိတော့သည်။ ဤလက်နက်များတပ်ဆင်ထားသော တပ်ဖွဲ့များသည် မည်မျှအထိ အစွမ်းထက်လိုက်မည်နည်း။
ဤကဲ့သို့ ပြိုင်ဘက်ကင်းသောရိုင်ဖယ်များဖြင့် တပ်ဖွဲ့တစ်ဖွဲ့ကို တပ်ဆင်လိုက်နိုင်ပါက တပ်မှူးငယ်၏အနာဂတ်က... ပညာသည်ငါးဦးမှာ ရိုင်ဖယ်၏ စွမ်းဆောင်ရည်ကို အံ့သြမင်တက်လျက် စိတ်ထဲတွင် အမျိုးမျိုးတွေးတောနေမိကြပြီး လီကျစ်ကို ကြည့်သော သူတို့၏ မျက်လုံးများတွင် ကြည်ညိုလေးစားမှု အရိပ်အယောင်များ အပြည့်အဝ ပေါ်နေသည်။
ရိုင်ဖယ်၏ စွမ်းဆောင်ရည်ကိုမြင်တွေ့ရသောအခါ လီကျစ် ကိုယ်တိုင်လည်း အလွန် ကျေနပ်သွားသည်။ ဤသည်မှာ သူ ခေတ်ကူးပြောင်းလာပြီးနောက် ပထမဆုံးအောင်မြင်စွာ ဖန်တီးနိုင်ခဲ့သော လက်နက်ဖြစ်သည်။ ဤအစွမ်းထက်သောလက်နက်ဖြင့် သူ၏ အနာဂတ် ရည်မှန်းချက်များမှာ တောက်ပနေပြီဖြစ်သည်။
သို့သော်လည်း အမြဲမပြတ်တိုးတက်စေရမည်ဟူသော အတွေးအခေါ်ကို လက်ကိုင်ထားသဖြင့် လီကျစ်သည် ပညာသည်များအား အရစ်ဖော်စက် ငါးလုံး၏ အသွားဒီဂရီများကို ချိန်ညှိစေခဲ့သည်။ အကောင်းဆုံး စွမ်းဆောင်ရည်ပြသနိုင်ခဲ့သော အရစ်ဖော်စက်၏ ဒီဂရီကိုအခြေခံ၍ အသေးစိတ် ချိန်ညှိမှုများပြုလုပ်စေကာ အရစ်အတွက်အပြည့်စုံဆုံးသော ဒီဂရီကိုရရှိနိုင်ရန် ကြိုးပမ်းလေတော့သည်။
သူ၏ ရိုင်ဖယ် စမ်းသပ်ပစ်ခတ်မှု၏ အထင်ကြီးလောက်ဖွယ်ရာ ပြကွင်းပြကွက်သည် ဖန့်ကျားရွာရှိ လူများစွာ၏ စိတ်နေစိတ်ထားကို ပြောင်းလဲသွားစေမည်ကို လီကျစ် မသိခဲ့ပေ။
ဖန့်ကျားရွာမှ ရွာစောင့်တပ်သားတစ်ဦးဖြစ်သော ကျန်းချုံး သည် ထိုနေ့နံနက်က သူ၏ လေ့ကျင့်ရေးအစီအစဉ်ကို ပြီးဆုံးပြီးနောက် သူ့အိမ်ခြံဝင်းတံခါးဝတွင် အလုပ်မရှိအကိုင်မရှိ ရပ်နေစဉ် သူ၏ ငယ်သူငယ်ချင်းဖြစ်သူ ဟွာကျန်း ရောက်လာသည်ကို မြင်လိုက်ရသည်။ ဟွာကျန်းက ကျန်းချုံးကို မြင်သည်နှင့် အနားသို့ လျှောက်လာပြီး သူ၏ လက်မောင်းကို လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။
"မင်း အဒေါ်ရဲ့ ယောက်ျားဆီက စာပြန်လာပြီလား"
ကျန်းချုံးက ဟွာကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေးပင်...
"ဘာသတင်းမှ မရသေးဘူး…"
ဟွာကျန်းက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ...
"အခုထိ သတင်းမရသေးဘူးလား။ မင်းကို မလာစေချင်လို့ တမင်သက်သက် အချိန်ဆွဲနေတာတော့ မဟုတ်ဘူးမလား"
ကျန်းချုံးနှင့် ဟွာကျန်းတို့သည် ကျန်းချုံး၏ ဖန့်ကျားရွာမှ ထွက်ပြေးကာ ရှင်းကျီခရိုင်ရှိ သူ၏ အဒေါ်ယောက်ျားထံ သွားရောက် ခိုလှုံမည့် အစီအစဉ်အကြောင်းကို ဆွေးနွေးနေကြခြင်းဖြစ်သည်။
အမှုထမ်းတစ်ဦး၏ဘဝမှာ အလွန်တရာခက်ခဲကြမ်းတမ်းလှသည်။ နာမည်ခံအားဖြင့် ထန်းကျင်းတပ်မဟာမှ စခန်းစောင့်တပ်သားများအားလုံး လစဉ်လစာအဖြစ် ငွေနှစ်သျှူး ရရှိသည်ဟု ဆိုသော်လည်း ဤငွေမှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်သည်။ နန်းတွင်းမှ ချပေးသော လစာငွေများမှာ မူလကတည်းက မလုံလောက်သည့်အပြင် အဆင့်ဆင့်သော အမတ်များကလည်း ထပ်မံ၍ အလွဲသုံးစားလုပ်ကြသဖြင့် သူတို့လက်ထဲသို့ တစ်လလျှင် ငွေ ၅ ဖန်း ပင် မရောက်တတ်ပေ။ ထိုသို့ရရှိခြင်းမှာပင် အခြေအနေကောင်းသောလများ၌သာဖြစ်ပြီး တစ်ခါတစ်ရံ အမတ်များ အလွန်အမင်းလောဘတက်သောအခါ လစဉ်လစာ လုံးဝမရရှိသည့် လများပင် ရှိသေးသည်။
မင်မင်းဆက်၏ အမတ်များသည် စစ်မြေပြင်သို့သွား၍ အသက်စွန့်ရမည့် အချိန်မရောက်မချင်း လစဉ်လစာကို အပြည့်အဝထုတ်ပေးလေ့မရှိကြပေ။ တစ်ခါတစ်ရံ စစ်မြေပြင်သို့ ထွက်ခွာရမည့်အချိန်တွင်ပင် လစာမထုတ်ပေးသဖြင့် တပ်သားများမှာ တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ရန်သူနှင့် အနည်းငယ် ထိတွေ့ရုံဖြင့် ပြိုကွဲသွားတတ်ကြသည်။
အမှန်တကယ်တော့ မင်မင်းဆက်နှောင်းပိုင်းကာလတွင် ဒေသအသီးသီးရှိတပ်ဖွဲ့များ၏ လေ့ကျင့်ရေးမှာ အလွန်ပင်ပေါ့လျော့လှသည်။ ဒေသခံတပ်သားများသည် လစာမရသော်လည်း လေ့ကျင့်ရေးပြီးဆုံးပါက အိမ်ပြန်၍ လယ်ယာလုပ်ငန်းများလုပ်ကိုင်ကာ မိသားစုကို ရှာဖွေကျွေးမွေးနိုင်သေးသည်။ သို့သော် ဒေသအသီးသီးရှိ စစ်ဘက်အမတ်များသည် အမှုထမ်းများကို အလွယ်တကူ လွှတ်ပေးလိုစိတ်မရှိကြပေ။ တပ်သားများကို အဓမ္မလုပ်အားခိုင်းစေရန် ဖမ်းဆီးကြပြီး နေ့ခင်းဘက်တွင် အမတ်များ၏ ကိုယ်ပိုင်လယ်ယာမြေများ၌ အလုပ်လုပ်စေကာ ညဘက်ရောက်မှသာ မိမိတို့၏ ကိုယ်ပိုင်လယ်ယာများကို လုပ်ကိုင်ခွင့်ပြုကြသည်။
ဘုရင့်အလုပ်နှင့် မိမိကိုယ်ပိုင်အလုပ်ကြားတွင် တပ်သားများမှာ တစ်နေ့လျှင် နာရီပေါင်းများစွာ အလုပ်လုပ်ကြရပြီး ဤမျှခက်ခဲကြမ်းတမ်းသောဘဝတွင် ဝမ်းစာအတွက် အနိုင်နိုင်ရုန်းကန်နေရကာ ဇနီးမယားယူရန်ပင် မတတ်နိုင်ကြတော့ပေ။
ဤမျှ ဆင်းရဲနွမ်းပါးလွန်းသဖြင့် ဖန့်ကျားရွာတွင် အမျိုးသား နေထိုင်သူ နှစ်ရာကျော်ရှိသော်လည်း အမျိုးသမီး နေထိုင်သူ တစ်ရာ့ခြောက်ဆယ်သာရှိရာ အသက်ကြီးလာသည့်တိုင် ဇနီးမယားမရနိုင်သော အမျိုးသား များစွာရှိနေသည်။
ရွာအတွင်းရှိ သန်မာပြီးစွမ်းဆောင်ရည်ရှိကာ အခွင့်အရေးရသူများမှာ အများစု ထွက်ပြေးသွားခဲ့ကြပြီဖြစ်သည်။ ကျန်ရစ်သူများမှာ အိုမင်းမစွမ်းဖြစ်နေသူများ… ဝေးလံသော ခရီးကိုသွားရန်ကြောက်ရွံ့သူများ… သို့မဟုတ် ကျန်းချုံးနှင့် ဟွာကျန်းတို့ကဲ့သို့ သွားစရာနေရာ မရှိသူများသာဖြစ်သည်။ ကျန်းချုံးမှာ အနည်းငယ်ချမ်းသာသောသူ၏ တစ်ဦးတည်းသော အဒေါ်ယောက်ျားထံ သွားရောက်ခိုလှုံလိုသဖြင့် လူကြုံဖြင့်စာပါးထားသော်လည်း လပေါင်းများစွာ ကြာသည်အထိ အကြောင်းပြန်စာမရသေးပေ။ ဟွာကျန်းမှာမူ ရွေးချယ်စရာ ပို၍ပင်နည်းပါးလှသည်။ သူ၏ မိသားစုမှာ မျိုးဆက်သုံးဆက်တိုင်တိုင် တစ်ဦးတည်းသောသားများသာဖြစ်ပြီး အားကိုးစရာ ဆွေမျိုးတစ်ဦးမျှမရှိသဖြင့် ဖန့်ကျားရွာတွင်သာဆက်နေပြီး စစ်ဘက်အမတ်များ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုကို ခံစားနေရုံသာရှိသည်။
***