လီကျစ် စုဆောင်းထားသော လက်မှုပညာသည်များနှင့် ပန်းပဲဆရာများအားလုံးသည် ပိုမိုကောင်းမွန်သော အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။
ပန်းပဲဆရာ ဟယ်လောင်အာ ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာသည်မှာ ဒုတိယမြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ တပ်မှူးငယ်မင်း၏ ဦးလေးဖြစ်သူ ပင်မသေနတ်ပညာရှင် ဒုတိယဦးလေး လီတောက်က ဟယ်လောင်အာအတွက် ရွာ၏မြောက်ဘက်ခြမ်းရှိ ခြံဝင်းငယ်လေးတစ်ခုကို စီစဉ်ပေးခဲ့သည်။ ခြံဝင်းထဲတွင် အခန်းသုံးခန်းနှင့် မီးဖိုချောင်တစ်ခုပါရှိသော်လည်း အချိန်အတော်ကြာ လူမနေဘဲ ပစ်ထားခဲ့သဖြင့် ခေါင်မိုးစွန်းများကျိုးပဲ့ကာ အမိုးကြွေပြားများကွာကျနေပြီး အလွန်ပင် ယိုယွင်းပျက်စီးနေသည်။ ဟယ်လောင်အာနှင့် သူ၏ဇနီးဖြစ်သူတို့မှာ ပင့်ကူအိမ်များကို ရှင်းလင်းရန်နှင့် အိမ်ထဲတွင် နေရာယူထားသော ကြွက်များ၊ အင်းဆက်များကို မောင်းထုတ်ရန် တစ်နေကုန် အချိန်ယူခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် တပ်မှူးငယ်မင်း၏ ကျေးဇူးကြောင့် ပြောင်းရွှေ့စရိတ်အဖြစ် ငွေ ၁၀ သျှူး ရရှိထားသဖြင့် ထိုငွေကိုအသုံးပြု၍ အိမ်ကိုပြုပြင်ရန် ပန်းရံဆရာများကို ငှားရမ်းနိုင်ခဲ့သည်။
သူ၏ မိသားစုသည် အမိုးကြွေပြားများ အကောင်းပကတိ ကျန်ရှိနေသေးသော အခန်းတစ်ခုတွင် အရင်ဆုံးဝင်ရောက်နေထိုင်ပြီး ပန်းရံဆရာများကို ကျန်အခန်းနှစ်ခန်းအား ပြုပြင်စေသည်။ ထိုအခန်းနှစ်ခန်းပြုပြင်ပြီးစီးသွားပါက မိသားစုက ထိုအခန်းများသို့ ပြောင်းရွှေ့နေထိုင်ပြီး ပန်းရံဆရာများက ကျန်ရှိနေသော အခန်းတစ်ခန်းနှင့် မီးဖိုချောင်ကို ဆက်လက် ပြုပြင်ကြမည်ဖြစ်သည်။
ထိုနေ့ မိုးမလင်းမီအချိန်မှာပင် ဟယ်လောင်အာ အိပ်ရာမှ ထလာခဲ့သည်။
ဟယ်လောင်အာ၏ ဇနီးဖြစ်သူမှာ ဟယ်လောင်အာ ထလာသဖြင့်နိုးသွားသည်။ သူမက ထိုင်လိုက်ပြီး အိပ်မှုန်စုံမွှားမျက်လုံးများဖြင့်...
"ဟယ်လောင်အာ... ရှင် ဘာလို့ ဒီလောက် စောစောစီးစီး ထနေရတာလဲ။ သရဲများ မြင်လို့လား။ ဒီနှစ်တွေတစ်လျှောက်လုံး ရှင် ဒီလောက်စောစောထတာ တစ်ခါမှမမြင်ဖူးပါဘူး…"
ဟယ်လောင်အာက သူ၏ဇနီးကို စူးစူးရဲရဲတစ်ချက်ကြည့်လိုက်ပြီး...
"မအော်နဲ့လေ... ကျူးအာ နိုးသွားလိမ့်မယ်"
အသက်သုံးဆယ်ကျော်အရွယ် ဤဇနီးမောင်နှံနှစ်ဦးတွင် အသက်လေးနှစ်အရွယ် ကျူးအာ ဟုခေါ်သော သားတစ်ယောက်တည်းသာရှိပြီး အလွန်အမင်းအလိုလိုက်ထားကြသည်။ ဟယ်လောင်အာက ကျူးအာ၏ နာမည်ကိုပြောလိုက်သည်နှင့် အမျိုးသမီးဖြစ်သူမှာ အသံကိုနှိမ့်လိုက်ပြီး...
"ရှင် ဘာသွားလုပ်မလို့လဲ"
"ငါ့ဆရာ့အိမ်ကို ပြင်နေတာလေ... ငါ ကူညီစရာတစ်ခုခုများ ရှိမလားလို့ သွားကြည့်မလို့…"
"ကိုယ့်အိမ်ကိုတောင်ပြင်နေတာ ရှင်က ဂရုမစိုက်ဘဲ ဆရာ့အိမ်ကို ဘာလို့ သွားကူညီရမှာလဲ"
"မင်းလို မိန်းမသားက ဘာနားလည်မှာလဲ။ တပ်မှူးငယ်မင်းက အခု တစ်လလစာ ငွေ ၂ သျှူးတောင်ပေးထားတာ။ အလကားပေးတယ်လို့ထင်နေလား။ ခြောက်လအတွင်း ရိုင်ဖယ် လုပ်တတ်အောင်သင်ဖို့အတွက် ပေးထားတာ။ ငါသာ ဆရာနဲ့ အဆင်မပြေလို့ ခြောက်လပြည့်တဲ့အထိ မသင်တတ်ဘူးဆိုရင် ငါ့လစာက ငွေ ၁ သျှူးနဲ့ ၅ မူး အထိ လျော့သွားမှာ... အဲဒီကျရင် အခုလောက် နေသာထိုင်သာ ရှိမှာမဟုတ်ဘူး…"
ဟယ်လောင်အာ၏ ဇနီးက တံတွေးထွေးလိုက်ပြီး...
"ရှင်က ဘာကိုကြောက်နေတာလဲ။ ရှင် မတတ်ရင် ခြောက်လပြည့်တဲ့အခါ ဆရာ့လစာလည်း ဖြတ်ခံရမယ်လို့ ရှင်ပဲ ပြောခဲ့တာမဟုတ်ဘူးလား။ သူက မသင်ပေးမှာကို ရှင်ကကြောက်နေတာလား"
ဟယ်လောင်အာက ခေါင်းခါရင်း...
"မင်းက ဘာနားလည်လို့လဲ။ သူများဆီကနေ ပညာသင်ယူတဲ့အခါ ကြိုးကြိုးစားစားလုပ်တာ ပိုကောင်းတယ်…"
သူက ခေတ္တရပ်လိုက်ပြီး ဆက်၍...
"ငါသာ နည်းပညာကိုတတ်မြောက်သွားရင် ငါ့လစာက ငွေ ၃ သျှူးအထိ တက်သွားမှာ... ပြီးတော့ ရိုင်ဖယ်လုပ်နိုင်ရင် ဆုကြေးငွေတွေလည်းရဦးမှာ။ အဲဒီအချိန်ကျရင် ငါတို့မိသားစု တကယ်ကို ကောင်းကောင်းမွန်မွန် နေရတော့မှာ…"
ဟယ်လောင်အာ၏ ဇနီးက ရယ်မောလိုက်ပြီး...
"ရှင် ဆရာကြီးဖြစ်သွားရင် ငါတို့ သမီးလေးတစ်ယောက် ထပ်ယူကြမယ်လေ… သားရော သမီးရော စုံသွားတာပေါ့…"
ဟယ်လောင်အာက သူ၏ဇနီးကို မနှစ်မြို့သလိုတစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်သို့ လှည့်သွားသော်လည်း ပြုံးလိုက်မိသည်။ ရှေ့လျှောက်ကြုံတွေ့ရမည့် ကောင်းသောနေ့ရက်များကို တွေးမိသောအခါ သုံးနာရီခန့်သာအိပ်ထားရသော ဟယ်လောင်အာမှာ ပင်ပန်းနွမ်းနယ်မှု လုံးဝမရှိတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားတွေ ပြည့်လျှံလာသလို ခံစားလိုက်ရသည်။
ရေစည်ထဲမှ ရေတစ်ဝက်ခန့်ကိုခပ်ယူ၍ မျက်နှာသစ်ပြီးနောက် ဟယ်လောင်အာသည် ဖာထေးထားသော အဝတ်အစားများကိုဝတ်ဆင်ကာ သူ၏ဆရာဖြစ်သူ ရှန်တာကွေ့၏ အိမ်ဆီသို့ လျှောက်သွားလေသည်။ ရှန်တာကွေ့၏ ခြံဝင်းရှေ့သို့ရောက်သောအခါ ခြံတံခါးကြီးပွင့်နေသည်ကို တွေ့လိုက်ရသည်။ ယိုယွင်းနေသော အခန်းများအတွင်း ညအိပ်ခဲ့ကြသည့် ပန်းရံဆရာများနှင့် လက်သမားအချို့မှာ ထလာကြပြီး အလုပ်စတင်နေကြပြီဖြစ်သည်။
ရှန်တာကွေ့သည် ဟယ်လောင်အာထက် ခုနစ်ရက်စော၍ ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယခုအချိန်တွင် သူ၏အိမ်ပြုပြင်မှုမှာ ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်သည်။ တပ်မှူးငယ်မင်းပေးထားသော ပြောင်းရွှေ့စရိတ်နှင့် များပြားလှသောလစဉ်လစာငွေတို့ကြောင့် ရှန်တာကွေ့သည် အိမ်ပြုပြင်ရာတွင် ငွေသုံးရန်ဝန်မလေးဘဲ ခိုင်ခံ့သောပစ္စည်းများကိုသာ အသုံးပြုထားသည်။ ယခုအခါ ပြီးစီးလုနီးပါးဖြစ်နေသော ရှန်မိသားစ ခြံဝင်းမှာ တော်တော်လေး ကြည့်ကောင်းနေပြီဖြစ်သည်။
ခြံဝင်းအတွင်း၌ ရှန်တာကွေ့၏ ပန်းပဲဖို၊ ပေတုံးနှင့် ကိရိယာအမျိုးမျိုးတို့ကို နေရာချထားပြီးဖြစ်ကာ သေနတ်များ စတင်ပြုလုပ်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ရှန်တာကွေ့က ဟယ်လောင်အာကို ဒီလောက်စောစောစီးစီး ရောက်လာသည်ကို မြင်သောအခါ ရယ်မောလိုက်ပြီး...
"ဟယ်လောင်အာ... ငါ မီးဖိုတောင် မမွှေးရသေးဘူး… မင်းက ရောက်နေပြီလား"
ဟယ်လောင်အာက အားတက်သရောဖြင့်...
"ဆရာ... ဆရာ့အိမ်ပြင်နေတာ ကူညီစရာများရှိမလားလို့ လာကြည့်တာပါ"
ဟယ်လောင်အာ၏ စကားကို ကြားသောအခါ ရှန်တာကွေ့က ပြုံးလိုက်ပြီး ချစ်ခင်ယုယစွာဖြင့်...
"လာ... လာ... ဝင်ကြည့်လှည့်။ မင်း ကူညီလို့ရတာတွေအများကြီးရှိတယ်…"
ရှန်တာကွေ့က ထိုသို့ပြောသော်လည်း တကယ်တမ်းတွင် သူ၏ခြံဝင်းမှာ အများစု ပြုပြင်ပြီးစီးနေပြီဖြစ်ရာ ကူညီစရာသိပ်မရှိတော့ပေ။ ရှန်တာကွေ့က ဟယ်လောင်အာကို ဆွဲခေါ်ကာ ခြံဝင်းအတွင်း လိုက်လံပြသသော်လည်း နံရံများသန့်ရှင်းခြင်းနှင့် အမိုးကြွေပြားများ ခင်းကျင်းခြင်းဖြင့် အလုပ်များနေသော ပန်းရံဆရာ အချို့ကိုသာတွေ့ရသည်။ သူတို့နှစ်ဦးမှာ အလုပ်လုပ်နေသည်ကို ရပ်ကြည့်နေရုံသာ ရှိတော့သည်။
၁၅ မိနစ် ခန့် ကြည့်ရှုပြီးနောက် ရှန်တာကွေ့၏ အခြားအလုပ်သင်တစ်ဦးလည်း ရောက်ရှိလာသည်။
ရှန်တာကွေ့က...
"မင်းတို့နှစ်ယောက်စလုံး ရောက်လာပြီဆိုတော့ မီးဖိုမွှေးပြီး ရိုင်ဖယ်တွေစလုပ်ကြတာပေါ့… ငါက ရှေ့ကနေ သရုပ်ပြမယ်... မင်းတို့နှစ်ယောက်က ဘေးကနေသေချာကြည့်ထား"
ခဏမျှ စဉ်းစားပြီးနောက် ရှန်တာကွေ့က ဆက်၍...
"မင်းတို့နှစ်ယောက်စလုံးက ပန်းပဲဆရာဟောင်းတွေဆိုတော့ သေနတ်ပြောင်းပုံစံကြမ်းကို ဘယ်လိုထုရိုက်ရမလဲဆိုတာတော့ သိပြီးသားနေမှာပါ။ ဒါပေမဲ့ သေနတ်ပြောင်းအတွင်းပိုင်းကို ဖြောင့်တန်းသွားအောင် ဘယ်လိုဖောက်ရမလဲဆိုတာ သိလား"
ရှန်တာကွေ့၏ မေးခွန်းကိုကြားသောအခါ ရှန်တာကွေ့က လျှို့ဝှက်ချက်မထားဘဲ အစွမ်းကုန် သင်ကြားပေးတော့မည်ကို ဟယ်လောင်အာ သိလိုက်သဖြင့် သူ၏ ရင်ထဲတွင်ဝမ်းသာပီတိများ ပြည့်လျှံသွားတော့သည်။
"ဆရာ... သင်ပေးပါခင်ဗျာ…"
ရှန်တာကွေ့က ခေါင်းညိတ်လိုက်ပြီး...
"လွန်သွားနဲ့ အပေါက်ဖောက်တိုင်း သေနတ်ပြောင်းကို အလင်းရောင်ရှိတဲ့ဘက်ကို မြှောက်ပြီး ချိန်ကြည့်ရမယ်... တစ်ဖက်ကို အလင်းပေါက် မြင်ရလားဆိုတာကိုပေါ့။ အကယ်၍ ရှင်းရှင်းလင်းလင်း မမြင်ရဘူးဆိုရင် အလင်းကိုကွယ်နေတဲ့နေရာကို တူနဲ့ခေါက်ပြီး သေနတ်ပြောင်းအတွင်းပိုင်းတစ်ခုလုံး အတိအကျ ဖြောင့်တန်းသွားတဲ့အထိ အဲဒီနေရာကို ဖြောင့်ပေးရမယ်။ ပြီးမှ ပိုကြီးတဲ့ လွန်သွားကိုသုံးပြီး ထပ်ဖောက်ရမယ်…"
"ဒီအလုပ်ရဲ့ လျှို့ဝှက်ချက်က ကိုယ်တိုင်လုပ်ကြည့်မှပဲ နားလည်နိုင်မယ့်အရာမျိုးပါ။ ဒီနေ့က ပထမဆုံးနေ့ဆိုတော့ မင်းတို့နှစ်ယောက် ငါလုပ်ပြတာကိုပဲ သေချာကြည့်ထားကြ…"
***
ရိုင်ဖယ်များ ထုတ်လုပ်ရန်စီစဉ်ပြီးနောက် လီကျစ်သည် အမှုထမ်းများ စတင်စုဆောင်းလေတော့သည်။ မင်မင်းဆက်နှောင်းပိုင်းကာလတွင် အင်အားမရှိပါက ငွေမည်မျှပင် ရှာနိုင်စေကာမူ လေထဲတွင်တည်ဆောက်ထားသော ရဲတိုက်ကြီးတစ်ခုကဲ့သို့သာဖြစ်ပြီး နောက်ဆုံးတွင် တာတာများနှင့် ဓားပြများ၏ လုယက်ဖျက်ဆီးခြင်းကို ခံရမည်သာဖြစ်သည်။
လီကျစ်သည် ဆပ်ပြာအလုပ်ရုံရော ချည်ထည်စက်ရုံကိုပါ ဖန့်ကျားရွာသို့ပြောင်းရွှေ့ရန် ရည်ရွယ်ထားသည်။ ၎င်းတို့ကို သူ၏ တိုက်ရိုက်စီမံခန့်ခွဲမှုအောက်ရှိနယ်မြေတွင် ထားရှိခြင်းက လျှို့ဝှက်ချက်ကိုထိန်းသိမ်းရန် ပိုမိုလွယ်ကူစေပြီး လုံခြုံမှုလည်းပိုရှိစေမည်ဖြစ်သည်။ သို့သော် ဖန့်ကျားရွာမှာ သေးငယ်လွန်းလှသည်။ ရွာထဲတွင် အိမ်လွတ်များမကျန်တော့သဖြင့် အလုပ်သမား နှစ်ထောင်နီးပါးနှင့် သူတို့၏ မိသားစုများကို နေရာချထားပေးရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် လီကျစ်၏ ပထမဆုံးဦးစားပေးလုပ်ငန်းမှာ ဖန့်ကျားရွာနှင့် ကပ်လျက်တွင် မြို့သစ်တစ်ခု တည်ဆောက်ရန် ဖြစ်သည်။ စက်ရုံများနှင့် လူနေအိမ်များကို မြို့သစ်တွင်တည်ဆောက်ကာ အလုပ်သမားများကို နေရာချထားပေးမည်ဖြစ်သည်။
မြို့သစ်တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်၍ ထန်းကျင်းမြို့ ဘုရင်ခံမင်းကြီး ဟဲရှိရှို့ထံ လီကျစ်က ကြိုတင်တိုင်ပင်ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ဟဲရှိရှို့သည် လီကျစ်ထံမှ ငွေများရရှိထားသဖြင့် လီကျစ်ကို အလွန်ပင်ထောက်ခံအားပေးသည်။ လီကျစ်က ကိုယ်ပိုင်ရန်ပုံငွေကို အသုံးပြု၍ ထန်းကျင်းမြို့၏ ကာကွယ်ရေးအင်အားကို တောင့်တင်းခိုင်မာစေရန် မြို့သစ်တစ်ခု တည်ဆောက်မည်ဟု ကြားသောအခါ အလွန်ပင်ချီးကျူးထောပနာပြုခဲ့သည်။ ဟဲရှိရှို့သည် ရုံးတော်မှနေ၍ ဖန့်ကျားရွာ၏ မြို့ရိုးများကို တိုးချဲ့တည်ဆောက်ခွင့် စာရွက်စာတမ်းကို လီကျစ်အား အထူးထုတ်ပေးခဲ့ပြီး အကူအညီ လိုအပ်ပါက သူ့ကို အသိပေးရန်ပြောကြားခဲ့သည်။
တကယ်တမ်းတွင် လီကျစ်အနေဖြင့် ဟဲရှိရှို့ထံမှ မည်သည့်အကူအညီမျှမလိုအပ်ပေ။ အခြားသူများက အတင်းအဖျင်းပြောဆိုခြင်း သို့မဟုတ် သူ့ကို တိုက်ခိုက်ခြင်းများမပြုလုပ်နိုင်ရန် ဤကိစ္စအတွက် ဟဲရှိရှို့၏ ခွင့်ပြုချက်ကို ရယူထားရန်သာ လိုအပ်ခြင်းဖြစ်သည်။
ထို့အပြင် လီကျစ်သည် တပ်သား ခြောက်ရာ စုဆောင်းရန်လည်း စီစဉ်ထားသည်။ ဖန့်ကျားရွာမှ တပ်မှူးငယ်တစ်ယောက်အနေဖြင့် ထိုမျှများပြားသော ရွာစောင့်တပ်သားများ လုံးဝမလိုအပ်ပေ။ လီကျစ် စုဆောင်းမည့် အမှုထမ်းများအားလုံးမှာ သူ၏ ကိုယ်ရံတော်များအဖြစ်သာ တာဝန်ထမ်းဆောင်ကြမည် ဖြစ်သည်။
မင်မင်းဆက်နှောင်းပိုင်းကာလတွင် စစ်သူကြီးများသည် ကိုယ်ရံတော်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် ပုံမှန်တပ်ဖွဲ့မှ တပ်သားများသည် နန်းတွင်း၏ လက်အောက်တွင်သာရှိသောကြောင့်ဖြစ်သည်။ စစ်သူကြီးတစ်ဦးသည် ဤတပ်သားများကို အစွမ်းထက်လာစေရန် ငွေမည်မျှပင်အကုန်အကျခံ၍ လေ့ကျင့်ပေးစေကာမူ အပြောင်းအရွှေ့ အမိန့်စာတစ်စောင်ထွက်လာသည်နှင့် ထိုတပ်သားများမှာ ထွက်ခွာသွားကြမည်ဖြစ်ပြီး သူ၏ ကြိုးပမ်းအားထုတ်မှုများအားလုံးမှာ အခြားသူများအတွက်သာ အကျိုးရှိသွားမည်ဖြစ်သည်။ မင်မင်းဆက်နှောင်းပိုင်းကာလ၏ အမတ်လောကမှာ အလွန်ပင်ရှုပ်ထွေးပွေလီလှသည်။ တပ်များကို ဦးဆောင်နေသော စစ်သူကြီးများပင်လျှင် လုံခြုံမှုမရှိဟု ခံစားကြရသဖြင့် ယေဘုယျအားဖြင့် သူတို့၏ ငွေကြေးများကို သူတို့နောက်သို့အမြဲတမ်းလိုက်ပါမည့် ကိုယ်ရံတော်များအတွက်သာ သုံးစွဲလေ့ ရှိကြသည်။ စစ်တိုက်ရာတွင်ပင်လျှင် အဓိကတိုက်ခိုက်ရေးအင်အားစုမှာ စစ်သူကြီး၏ ကိုယ်ရံတော်များသာ ဖြစ်သည်။
ဤအခြေအနေမှာ မင်မင်းဆက်နှောင်းပိုင်းကာလတွင် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ စစ်ဘက်အမတ်တစ်ဦးအနေဖြင့် လီကျစ်သည် ပင်ပန်းဆင်းရဲခံကာ အစွမ်းထက်သော တပ်ဖွဲ့တစ်ခုကိုတည်ဆောက်ပြီးမှ အမိန့်တစ်စောင်ဖြင့်အပြောင်းအရွှေ့ခံရကာ သူ၏ ရိုင်ဖယ် တပ်သားများအားလုံး အခြားသူတစ်ဦး၏ လက်အောက်ခံများဖြစ်သွားခြင်းကို လုံးဝ အလိုမရှိပေ။ ထိုသို့ဖြစ်သွားပါက သူသည် သူတစ်ပါးအတွက် အလုပ်လုပ်ပေးသလို ဖြစ်သွားမည့်အပြင် ရိုင်ဖယ်၏ လျှို့ဝှက်ချက်လည်း လုံးဝ ပေါက်ကြားသွားမည်ဖြစ်သည်။ ထို့ကြောင့် လီကျစ်သည် ဖန့်ကျားရွာ၏ ရွာစောင့်တပ်သား အင်အားကို တိုးချဲ့ရန်မစီစဉ်ဘဲ ကိုယ်ရံတော်ခြောက်ရာကိုသာ စုဆောင်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
သေချာသည်မှာ အများသိအောင်ကိုယ်ရံတော်များဟု ခေါ်ဆိုသော်လည်း အတွင်းရေးအရမူ ဤပထမဆုံး လက်နက်ကိုင်တပ်ဖွဲ့ကို လီကျစ်က ရှေ့ပြေးတပ်ဖွဲ့ဟု ခေါ်ဆိုသည်။ ရှေ့ပြေးတပ်ဖွဲ့တွင် နောင်ခေတ်များမှ တပ်ဖွဲ့တစ်ဖွဲ့၏ အင်အားလောက်မရှိသော်လည်း ၎င်းမှာ ယေဘုယျသဘောတရားအရ သတ်မှတ်ထားသော တပ်ဖွဲ့မျှသာဖြစ်သည်။ ရှေ့ပြေးတပ်ဖွဲ့၏ အောက်ရှိ အဖွဲ့အစည်းယူနစ်များအတွက် လီကျစ်သည် သူ၏တပ်ဖွဲ့များကိုခေါ်ဆိုရာတွင် ခေတ်သစ် အခေါ်အဝေါ်များဖြစ်သော တပ်ခွဲ ၊ တပ်စု၊ တပ်စိတ် အစရှိသည်တို့ကို အသုံးပြုရန်စီစဉ်ထားသည်။ ခေတ်သစ်အခေါ်အဝေါ်များသည် ပို၍တိုက်ရိုက်ကျပြီး သူ၏လူများအနေဖြင့် တပ်ဖွဲ့ဝင်အင်အားကို ချက်ချင်း နားလည်သဘောပေါက်နိုင်စေရန်ဖြစ်သည်။
ကိုယ်ရံတော်ခြောက်ရာဖြင့် တပ်စု လေးစု ဖွဲ့စည်းမည်ဖြစ်သည်။
ကိုယ်ရံတော် ခြောက်ရာဆိုသည်မှာ များပြားလှသည်ဟုထင်ရသော်လည်း မင်မင်းဆက်ကာလတွင် တပ်မှူးကြီးတစ်ဦး၏ လက်အောက်တွင် ရွာစောင့်တပ်သားတစ်ထောင် သို့မဟုတ် နှစ်ထောင်ခန့် ရှိလေ့ရှိရာ လူခြောက်ရာဆိုသည်မှာများပြားသော အရေအတွက်မဟုတ်ဘဲ အထက်လူကြီးများကို အထိတ်တလန့်ဖြစ်စေမည်မဟုတ်ပေ။ ထို့ပြင် ထန်းကျင်းနယ်မြေအတွင်း၌ လီကျစ်သည် သူစုဆောင်းမည့် လူအရေအတွက်ကို ဟဲရှိရှို့ထံ ကြိုတင်အသိပေးထားပြီး ခွင့်ပြုချက်ရရှိထားသဖြင့် အတင်းအဖျင်းပြောဆိုစရာ အကြောင်းမရှိတော့ပေ။