စစ်သည်စုဆောင်းခြင်းအတွက် သတ်မှတ်ချက်များသည် အလုပ်သမားများထက်များစွာပို၍ မြင့်မားသည်။ ဤကိုယ်ရံတော်များသည် အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြားရှိပြီး မည်သည့်ကိုယ်ခန္ဓာချို့ယွင်းချက်မျှမရှိဘဲ ကျန်းမာသန်စွမ်းသော အမျိုးသားများဖြစ်ရမည်။
ထို့အပြင် ဤကိုယ်ရံတော်များသည် စစ်မြေပြင်သို့ အချိန်မရွေးထွက်ခွာရမည်ဖြစ်ပြီး နောက်တန်းတွင် ဘေးကင်းစွာအလုပ်လုပ်ရခြင်းနှင့်မတူဘဲ စစ်တိုက်ခြင်းမှာ အသက်အန္တရာယ် ရှိနိုင်သည်။
ထို့ကြောင့် လီကျစ်သည် သူတို့၏ လစဉ်လစာကို အတော်လေးမြင့်မားစွာ သတ်မှတ်ထားသည်။ အခြားအလုပ်သမားများကဲ့သို့ပင် တစ်နေ့ သုံးနပ်အသားဟင်းဖြင့် ကျွေးမွေးမည့်အပြင် တစ်လလျှင် ငွေ ၃ သျှူး ပေးအပ်မည်ဖြစ်သည်။
လီကျစ်သည် အိမ်စေကိုယ်ရံတော်စုဆောင်းခြင်းဆိုင်ရာ ကြေညာချက်ကို ရေးသားစေခဲ့ပြီး လစာနှင့် ခံစားခွင့်များကို အသေးစိတ်ဖော်ပြထားကာ အလုပ်ရှင်မှာ ထန်းကျင်းမြို့ အရှေ့ဘက်မှ လီမိသားစု၏ အကြီးအကဲဖြစ်ကြောင်းကို အထူးတလည် အလေးပေးဖော်ပြထားသည်။
ယခုအချိန်တွင် အထည်စက်ရုံနှင့် ဆပ်ပြာအလုပ်ရုံတို့မှပေးအပ်သော မြင့်မားသည့် လူမှုဖူလုံရေး ခံစားခွင့်များမှာ ထန်းကျင်းမြို့နှင့် အနီးတစ်ဝိုက်တွင် နာမည်ကျော်ကြားနေပြီဖြစ်သည်။ ထို့ကြောင့် ထန်းကျင်းမြို့အရှေ့ဘက်မှ လီမိသားစုဟူသောအမည်မှာ ယုံကြည်စိတ်ချရသည့် ရွှေတံဆိပ်နာမည်တစ်ခုဖြစ်နေသဖြင့် လီကျစ်က ထိုနာမည်ကို သဘာဝကျကျပင် အသုံးချလိုခြင်းဖြစ်သည်။
စုဆောင်းရေးကြေညာချက်ကို ပြင်ဆင်ပြီးနောက် လီကျစ်သည် သူ၏အစေခံများကို ထန်းကျင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ မြို့နယ်… ကျေးရွာများသို့ စေလွှတ်၍ကြေညာချက်များ ကပ်စေခဲ့သည်။ ထို့နောက် ဖန့်ကျားရွာ၏ အပြင်ဘက်တွင် ကိုယ်ကာယစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ပြုလုပ်ရန် နေရာများကို စတင်ပြင်ဆင်လေတော့သည်။
ဖန့်ကျားရွာ တပ်မှူးရုံး၏ ဘေးတွင်ကပ်ထားသော စုဆောင်းရေးကြေညာချက်ကို မြင်သောအခါ ဟွာကျန်းသည် ကျန်းချုံ၏အိမ်သို့ ချက်ချင်း ပြေးသွားတော့သည်။
"ကျန်းချုံ... ကျန်းချုံရေ… တပ်မှူးငယ်က ကိုယ်ရံတော်တွေ စုဆောင်းနေပြီဟေ့"
ကျန်းချုံသည် သူ့တွင်ရှိသမျှထဲ၌ ဖာထေးမှုအနည်းဆုံးဖြစ်ကာ အကောင်းဆုံးဖြစ်သော အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်လျက်ထွက်လာပြီး…
"ငါ သိပြီးသားပါ" ဟု ပြောလိုက်သည်။
ဟွာကျန်းက အမောတကောဖြင့်…
"မင်းက ဘယ်လိုလုပ် သိတာလဲ"
"ဒီရက်ပိုင်းအတွင်း ငါက ရုံးတော်နားမှာပဲ ဝဲလည်ဝဲလည် လုပ်နေတာလေ။ သူက မွန်းတည့်အချိန်မှာ ကြေညာချက်ကပ်လိုက်တာကို ငါမြင်ခဲ့တာ။ အောက်က စာလုံးအသေးလေးတွေကို ငါမဖတ်တတ်ပေမဲ့ ကိုယ်ရံတော်စုဆောင်းခြင်းဆိုတဲ့ စာလုံးအကြီးကြီးတွေကိုတော့ ငါသိတယ်" ဟု ပြန်ပြောပြသည်။
ဟွာကျန်းက ခေါင်းညိတ်ကာ…
"ရုံးတော်မှာ စာဖတ်တတ်တဲ့ ဦးလေးလျှိုပြောတာတော့... အမတ်က အခုတစ်ခါမှာ ကိုယ်ရံတော်တွေ စုဆောင်းနေတာတဲ့။ လစာက ၃ တောင်… ပြီးတော့ တစ်နေ့ သုံးနပ်လုံး အသားဟင်းနဲ့ ကျွေးမှာတဲ့ဗျ။ ဒီထက်ကောင်းတာ ဘာရှိဦးမှာလဲ"
ကျန်းချုံသည် စာလုံးများစွာကိုမသိသဖြင့် ကြေညာချက်ပါ အသေးစိတ်အချက်အလက်များကို နားမလည်သော်လည်း ခံစားခွင့်များကို ကြားရသောအခါ အလွန်ဝမ်းသာသွားသည်။
သူက စိတ်ကိုထိန်းကာ…
"မြို့အရှေ့ဘက်က လီမိသားစုက ခန့်တာဆိုတော့ ခံစားခွင့်တွေကဆိုးမှာမဟုတ်ဘူး…"
ခေတ္တရပ်ပြီးနောက် ကျန်းချုံက…
"သွားကြစို့… အခုပဲ တောင်ဘက်တံခါးကိုသွားပြီး ကိုယ်ရံတော်အဖြစ် လျှောက်ကြရအောင်။ ငါတို့သာ တပ်မှူးငယ်ရဲ့ အဖွဲ့ထဲဝင်ခွင့်ရရင် ဘဝပြောင်းသွားမှာပဲ။ နောက်နှစ်အနည်းငယ်ဆိုရင် မိန်းမယူဖို့ ငွေလည်း အလုံအလောက် ရှိလာမှာ"
"သွားကြတာပေါ့!"
သူတို့နှစ်ဦးသည် မြို့ပြင်ရှိ စုဆောင်းရေးနေရာသို့ အတူတူလျှောက်လာကြရာ ထိုနေရာတွင် တဲကြီးအချို့ ထိုးထားသည်ကို တွေ့လိုက်ရသည်။
သူတို့အနီးသို့ ရောက်သွားသောအခါ တဲတစ်လုံးစီတွင် စားပွဲပေါင်းများစွာရှိနေပြီး စားပွဲနောက်တွင် မြို့အရှေ့ဘက်မှ လီမိသားစု၏ စီမန်အုပ်ချုပ်သူများထိုင်နေကြသည်ကို မြင်ရသည်။
စားပွဲများအပြင် တဲအချို့တွင် ထူးဆန်းသော ကိရိယာတန်ဆာပလာများလည်း ရှိနေသည်။
ကြေညာချက်ကပ်ပြီးကာစပင်ရှိသေးသော်လည်း လာရောက်လျှောက်ထားသူများမှာ အတော်လေး များပြားနေပြီဖြစ်သည်။
ကျန်းချုံက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တဲအသီးသီး၏ ရှေ့တွင် လူပေါင်း နှစ်ရာ၊ သုံးရာခန့် တန်းစီနေကြသည်ကို ခန့်မှန်းလိုက်မိသည်။
သူတို့ ခေတ္တမျှကြည့်နေစဉ်မှာပင် အလုပ်များကိုစီစဉ်ပေးနေသော အစေခံလူငယ်တစ်ဦးက ရောက်လာပြီး….
"မင်းတို့က ကိုယ်ရံတော် လျှောက်မလို့လား"
ဟွာကျန်းက ချက်ချင်းပင်…
"ဟုတ်ကဲ့... ကျွန်တော်တို့ လျှောက်မလို့ပါ။ ဒါပေမဲ့ ဘယ်လိုလျှောက်ရမလဲခင်ဗျာ"
လူငယ်က သူတို့အားအကွက်များပါသော မာကျောသည့် စက္ကူကတ်ပြားနှစ်ခုကို ကမ်းပေးလိုက်ပြီး…
"ဒီကတ်ပြားတွေကို ယူသွားပါ။ ပထမဆုံးတဲမှာ ကိုယ်ကာယစစ်ဆေးဖို့ တန်းစီပါ။ အောင်မြင်ရင် စစ်ဆေးတဲ့သူဆီမှာ တံဆိပ်တုံး ထုခိုင်းပါ။ အဲဒီနောက် ဒုတိယတဲကိုသွားပြီး တံဆိပ်တုံးထု… ပြီးရင် တတိယတဲ... အဲဒီလိုပဲ တဲတွေအားလုံးကိုဖြတ်ကျော်ပြီး တံဆိပ်တုံး ခြောက်ခုလုံးရပြီဆိုရင် နောက်ဆုံးတဲမှာ လူတွေ့စစ်ဆေးခြင်း ခံယူရပါမယ်"
ကျန်းချုံသည် လက်ထဲမှစက္ကူကတ်ပြားကို ကြည့်ရင်း….
"ကိုယ်ကာယစစ်ဆေးတာ မအောင်ရင် ဘာဖြစ်မလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။
လူငယ်ကပြုံးလျက်…
"ဒါဆိုရင်တော့ အရည်အချင်းမပြည့်မီလို့ အိမ်ပြန်ရုံပဲပေါ့"
ကျန်းချုံက မျက်နှာပျက်သွားပြီး ဘာမှထပ်မပြောဘဲ ဟွာကျန်းနှင့်အတူ ပထမဆုံးတဲထဲသို့ ဝင်သွားတော့သည်။
တဲထဲတွင် ကျန်းချုံသည် ထူးဆန်းသော ပေတံကြီး ငါးခုကို တွေ့လိုက်ရသည်။
ထိုပေတံများကို မြေပြင်ပေါ်တွင်ထောင်လျက် စိုက်ထားပြီး အပေါ်တွင်ရွှေ့လျားနိုင်သော သစ်သားပြားတစ်ခုစီ ပါရှိသည်။
ကိုယ်ရံတော်လျှောက်ထားသူများသည် ပေတံတစ်ခုစီ၏ရှေ့တွင် တန်းစီနေကြပြီး သူတို့အလှည့်ရောက်သောအခါ ဖိနပ်ချွတ်၍ သစ်သားပြားအောက်တွင် မတ်တတ်ရပ်ကြရသည်။ ၎င်းမှာ အရပ်တိုင်းတာခြင်း ဖြစ်ပုံရသည်။
ကျန်းချုံအနေဖြင့် ဤကဲ့သို့သောစနစ်ကျလှသည့် အရပ်တိုင်းကိရိယာကို မြင်ဖူးသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဤကိရိယာဖြင့် အရပ်တိုင်းရာတွင် တိကျသောကိန်းဂဏန်းတစ်ခုရရန် သစ်သားပြားကို ဖိချလိုက်ရုံသာ လိုအပ်သဖြင့် အမှန်တကယ်ပင် ကောင်းသည်။
အရပ်တိုင်းပေတံကိုကြည့်ရင်း ကျန်းချုံသည် တပ်မှူးငယ်မှာ သာမန်လူမဟုတ်ကြောင်း ပိုမိုခံစားလာရသည်။
တန်းစီခိုင်းသည့် တပ်မှူးငယ်၏ အကြံဉာဏ်က လူတိုင်း၏ခွန်အားကို အမှန်တကယ်ပင် သက်သာစေသည်။
ကျန်းချုံနှင့် ဟွာကျန်းတို့သည် အခြားသူများနည်းတူ လူနည်းသောတန်းတွင် ဝင်စီလိုက်ရာ မကြာမီမှာပင် သူတို့အလှည့် ရောက်လာသည်။
ကျန်းချုံက ဖိနပ်ချွတ်၍ ရပ်လိုက်ရာ အရပ်တိုင်းပေးသောသူက သစ်သားပြားကို ကျန်းချုံ၏ ခေါင်းပေါ်သို့ ဖိချလိုက်ပြီး "၁ မီတာ ၇၀၊ အောင်တယ်…" ဟု အော်ပြောလိုက်သည်။
ထို့နောက် ဘေးမှလူတစ်ဦးက ကျန်းချုံ၏ စက္ကူကတ်ပြားရှိ ပထမအကွက်တွင် ကိုယ်ပိုင်တံဆိပ်တုံးတစ်ခုကို ထုပေးလိုက်သည်။
"နောက်တဲကို သွားတော့…"
ကျန်းချုံသည် ဝမ်းသာအားရဖြင့် ကတ်ပြားကိုယူကာ နောက်တဲသို့ လျှောက်သွားသည်။
ထိုတဲတွင် သူသည် မြားပုံစံ ရာပေါင်းများစွာ ဆွဲထားသော ထူးဆန်းသည့် ဆိုင်းဘုတ်ကြီး ၁၀ ခုကျော်ကို တွေ့လိုက်ရသည်။
မြားများသည် သုံးခုတစ်အုပ်စုစီ ဖြစ်နေပြီး ကွဲပြားသော လားရာများကို ညွှန်ပြနေကြသည်။
ဆိုင်းဘုတ်၏အပေါ်ဆုံးမှ မြားများကကြီးမားပြီး အောက်ဘက်သို့ရောက်လေ သေးငယ်လေဖြစ်ကာ အောက်ဆုံးမှ မြားများမှာ လက်သည်းခွံခန့်သာရှိသည်။
လျှောက်ထားသူများသည် သုံးလံ အကွာတွင်ရပ်ရပြီး ဇွန်းတစ်ခုဖြင့် မျက်စိတစ်ဖက်ကို ပိတ်ကာ ကျန်မျက်စိတစ်ဖက်ဖြင့် စစ်ဆေးသူက သစ်သားတံဖြင့်ထောက်ပြသော မြား၏ဦးတည်ချက်ကို လက်ဖြင့် ပြကြရသည်။
ကျန်းချုံသည် တန်းစီရင်း ခေတ္တမျှစောင့်ကြည့်ပြီးနောက် ဤသည်မှာ မျက်စိအလင်းအား စမ်းသပ်ခြင်းဖြစ်ကြောင်း နားလည်သွားသည်။
ဤသည်မှာ နောက်ပိုင်းခေတ်၏ မျက်စိစမ်းသပ်နည်းဖြစ်ရာ ကျန်းချုံကဲ့သို့သော ရှေးခေတ်လူတစ်ဦးက မည်သို့မြင်ဖူးပါမည်နည်း။
ကျန်းချုံသည် တန်းစီနေရင်း ဤစမ်းသပ်နည်းမှာအမှန်တကယ်ပင် မျက်စိအလင်းအား ကောင်းမကောင်းကို လျင်မြန်စွာခွဲခြားနိုင်ကာ အမြင်အာရုံချို့တဲ့သူများကို ဖယ်ထုတ်နိုင်ကြောင်း တွေးနေမိသည်။
မြို့အရှေ့ဘက်က လီမိသားစုမှာ အံ့သြစရာကောင်းလှသည်။ ဤကဲ့သို့သော ကောင်းမွန်သည့် နည်းလမ်းများကို ဘယ်ကများ ရသလဲမသိပေ။
နောက်ဆုံးတွင် ကျန်းချုံ၏အလှည့်ရောက်လာပြီး သူသည် မြားများ၏ ဦးတည်ချက်ကို အစွမ်းကုန် အာရုံစိုက်၍ ဖြေဆိုလေသည်။
သို့သော်စစ်ဆေးသူက အောက်ဘက်သို့ ဆက်တိုက်ထောက်ပြရာ နောက်ဆုံးတွင် လက်သည်းခွံခန့်ရှိသော မြားများကို ကျန်းချုံ မမြင်ရတော့ပေ။
သူသည် အရည်အချင်းမပြည့်မီ၍ ဖယ်ထုတ်ခံရမည်ကိုစိုးရိမ်ကာ အနည်းငယ် ထိတ်လန့်သွားသော်လည်း စစ်ဆေးသူက "၅.၃ ၊ ၅.၂၊ အောင်တယ်…" ဟု အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။
ဘေးတွင်ထိုင်နေသော အခြားစစ်ဆေးသူတစ်ဦးက သူ၏ ကိုယ်ပိုင်တံဆိပ်တုံးကို ယူလိုက်ပြီး "ဗြန်း" ခနဲ မြည်အောင် ကျန်းချုံ၏ စက္ကူကတ်ပြားပေါ်တွင် ဒုတိယတံဆိပ်တုံးကို ထုပေးလိုက်သည်။
ကျန်းချုံသည် အလွန်ဝမ်းသာသွားပြီး ကတ်ပြားကိုကိုင်ကာ ပျော်ရွှင်စွာဖြင့်နောက်တဲသို့ လျှောက်သွားတော့သည်။
တတိယတဲတွင် ကျန်းချုံသည် အရောင်ခွဲခြားနိုင်စွမ်းကို အစမ်းသပ်ခံရသည်။
စတုတ္ထတဲတွင်မူ စစ်ဆေးသူက အရေပြားရောဂါ ရှိမရှိစစ်ဆေးရန်အတွက် ကျန်းချုံကို အဝတ်အစားအားလုံး ချွတ်ခိုင်းပြီး ပဉ္စမတဲတွင်မူ ကြက်မျက်သင့်ရောဂါ ရှိမရှိကို စစ်ဆေးသည်။
တဲတစ်လုံးပြီးတစ်လုံး ဖြတ်ကျော်လာသည်နှင့်အမျှ ကျန်းချုံသည် သူ့ဘေးတွင် လူနည်းသွားသည်ကို သတိထားမိသည်။ လူအများအပြားမှာ စမ်းသပ်မှုအမျိုးမျိုးတွင် ဖယ်ထုတ်ခံလိုက်ရပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ကျန်းချုံနှင့် ဟွာကျန်းတို့နှစ်ဦးစလုံးမှာ သန်စွမ်းကျန်းမာပြီး မည်သည့်ရောဂါမျှ မရှိသဖြင့် ကိုယ်ကာယစစ်ဆေးမှုအားလုံးကို အောင်မြင်ခဲ့ကြသည်။
နောက်ဆုံးတဲသို့ ရောက်သောအခါမှသာ သူတို့နှစ်ဦးသည် နောက်ဆုံးအဆင့်ဖြစ်သော လူတွေ့စစ်ဆေးခြင်းကို တွေ့မြင်ရတော့သည်။
လူတွေ့စစ်ဆေးသူ ၁၀ ဦးသည် စားပွဲ ၁၀ လုံး၏နောက်တွင် ထိုင်နေကြပြီး လျှောက်ထားသူများကို တစ်ဦးချင်း စစ်ဆေးနေကြသည်။
ကျန်းချုံသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး တပ်မှူးငယ် လီကျစ်၏ ရှေ့ရှိ တန်းတွင် တိုက်ရိုက် ဝင်စီလိုက်သည်။
ဤသည်မှာ တပ်မှူးငယ်နှင့် စကားပြောခွင့်ရမည့် အခွင့်အရေးကောင်းတစ်ခုဖြစ်သဖြင့် ကျန်းချုံက လက်လွတ်မခံလိုပေ။
နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက် ကျန်းချုံ၏အလှည့် ရောက်လာသည်။
ကျန်းချုံသည် အနည်းငယ်တုန်လှုပ်စွာဖြင့် လီကျစ်၏ ရှေ့တွင် ထိုင်လိုက်သည်။
လီကျစ်က ကျန်းချုံကို ကြည့်ကာ "ဟင်..." ဟု အံ့သြသံလေးပြုပြီး…
"မင်းက ကြည့်ရတာ အတော်လေး ရင်းနှီးနေသလိုပဲ။ ငါတို့ တစ်နေရာရာမှာ တွေ့ဖူးကြသလား"
ကျန်းချုံက ရိုးသားစွာပင် …
"ကျွန်တော်က ဖန့်ကျားရွာက ရွာစောင့်အမှုထမ်းပါ။ ပြီးခဲ့တဲ့လက တပ်မှူးငယ် ရွာစောင့်အမှုထမ်းတွေကို လာစစ်ဆေးတုန်းက ကျွန်တော့်ကိုတွေ့ခဲ့တာပါ" ဟု ပြန်ဖြေလိုက်သည်။
လီကျစ်က "ဪ..." ဟု ရေရွတ်လိုက်ပြီးနောက်…
"မင်းက ဘာလို့ ရွာစောင့်အမှုထမ်းအဖြစ် ဆက်မနေဘဲ ငါ့ရဲ့ ကိုယ်ရံတော်အဖြစ် လာလျှောက်တာလဲ"
"ရွာစောင့်အမှုထမ်းအဖြစ် နေရတာက ဆင်းရဲလွန်းလို့ပါ။ လစာလည်းမရဘူး... ငွေမရှိတော့ မိန်းမလည်း မယူနိုင်ပါဘူး။
တပ်မှူးငယ်ရဲ့ ကိုယ်ရံတော်အဖြစ်လုပ်ရတာက လစာကောင်းတဲ့အပြင် တပ်မှူးငယ်ရဲ့ ရိုင်ဖယ်သေနတ်ကိုတောင် ကိုင်ခွင့်ရနိုင်မယ်ထင်ပါတယ်။ ဒါက အနာဂတ်ရှိပါတယ်…"
ထိုစကားကို ကြားသောအခါ လီကျစ်က…
"ဪ... မင်းက ငါ့ရိုင်ဖယ်အကြောင်းသိတာပဲ။ ဒါဆို ငါ မေးပါရစေ... မင်းသာ ငါ့ရဲ့ ကိုယ်ရံတော်ဖြစ်လာလို့ ရိုင်ဖယ်တစ်လက် ထုတ်ပေးလိုက်မယ်ဆိုရင် မင်းရဲ့သူငယ်ချင်းက အဲဒီသေနတ်ကို ကြည့်ချင်တယ်လို့ ပြောလာရင် မင်း ပေးကြည့်မလား"
ကျန်းချုံက ချက်ချင်းပင်…
"မပေးပါဘူး… ဒီရိုင်ဖယ်က တပ်မှူးငယ်ရဲ့ အဖိုးတန်လက်နက်ဖြစ်လို့ တခြားသူတွေ ကိုင်တွယ်ခွင့်မရှိပါဘူး…" ဟု ဖြေလိုက်သည်။
လီကျစ်က ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး နောက်ထပ်မေးခွန်းအချို့ကို မေးမြန်းလေသည်။
ကျန်းချုံသည် အမှန်တကယ်ပင် အမြင်ကျယ်သူဖြစ်ပြီး သူ၏အဖြေများက လီကျစ်ကို အလွန်ကျေနပ်စေသည်။
နောက်ဆုံးတွင် လီကျစ်က ထိုနေရာမှာပင်…
"ကောင်းပြီ... ကျန်းချုံ… မင်းကို အလုပ်ခန့်လိုက်ပြီ။
အိမ်ပြန်ပြီး ဒီတစ်လအတွင်း ပြင်ဆင်စရာရှိတာပြင်ဆင်ထားပါ။ ရှေ့လ ၁၅ ရက်နေ့ကျရင် တံဆိပ်တုံးတွေအပြည့်ပါတဲ့ ဒီကတ်ပြားကိုယူပြီး ဖန့်ကျားရွာ တောင်ဘက်တံခါးမှာလာစုရပ်ပါ။ အဲဒီကျရင် တပ်စတင် ဖြန့်ကြက်ဖို့ စောင့်ဆိုင်းရမယ်" ဟု ပြောလိုက်သည်။
လီကျစ်သည် ကျန်းချုံ၏ ကတ်ပြားပေါ်တွင် သူ၏ ကိုယ်ပိုင်တံဆိပ်တုံးကို ထုပေးလိုက်ပြီး ကျန်းချုံထံသို့ ပြန်ပေးလိုက်သည်။
တပ်မှူးငယ်၏ စကားကိုကြားရသောအခါ ကျန်းချုံသည် ရုတ်တရက်ပျံသန်းနေရသကဲ့သို့ ခံစားလိုက်ရပြီး ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားသည်။
လီကျစ် ကမ်းပေးလိုက်သော စက္ကူကတ်ပြားကိုယူကာ ပြန်လည်ပျံထွက်သွားမည်ကို စိုးရိမ်သကဲ့သို့ ရင်ခွင်ထဲတွင် တင်းတင်းကြပ်ကြပ် ပိုက်ထားမိသည်။
သူသည် ပြုံးဖြီးလျက် လူတွေ့စစ်ဆေးသည့်တဲထဲမှ ထွက်လာပြီးနောက် သူနှင့်အတူ လိုက်လာသော ဟွာကျန်းကို စိတ်လှုပ်ရှားစွာဖြင့် တဲအပြင်ဘက်တွင် စောင့်ဆိုင်းနေသည်။
နာရီဝက်ခန့်ကြာပြီးနောက် ဟွာကျန်းသည်လည်း ပျော်ရွှင်သောမျက်နှာထားဖြင့် တဲထဲမှ ပြေးထွက်လာသည်ကို ကျန်းချုံ မြင်လိုက်ရသည်။
"ကျန်းချုံ... ငါ အလုပ်ရပြီဟေ့… မင်းရော အလုပ်ရလား…"
"ငါလည်း အလုပ်ရတယ်… ဒါက အတော်ကောင်းတာပဲ ဟွာကျန်း... မင်းလည်း အလုပ်ရတာ ဝမ်းသာတယ်ကွာ…"
ဟွာကျန်းက ကျန်းချုံ၏ ပခုံးကို အားရပါးရပုတ်လိုက်ပြီး….
"သိပ်ကောင်းတာပဲ ကျန်းချုံ… ငါတို့ ကောင်းကောင်းမွန်မွန်နေရတော့မယ်… သွားကြစို့... တို့တွေ အောင်ပွဲခံတဲ့အနေနဲ့ အသား နှစ်ကျင်း (၂ ကျင်) နဲ့ ဝိုင်တစ်အိုး သွားဝယ်ကြရအောင်…"
ကျန်းချုံက ခေတ္တရပ်ပြီး…
"ဟွာကျန်း... ဝိုင်နဲ့ အသားဝယ်ဖို့ မင်းမှာ ငွေဘယ်ကရမှာလဲ"
ဟွာကျန်းက ဂုဏ်ယူစွာပြုံးလိုက်ပြီး…
"ဒီလထဲမှာ အိမ်ပြင်နေတဲ့ ပန်းရန်ဆရာတွေကို ငါ ကူညီပေးလို့ ငွေ ၁ သျှူးတောင် ရထားတာလေ။ ဒီနေ့ အကုန်သုံးပစ်မယ်…"
"မင်းက အတော်ပါးနပ်တာပဲ… ပန်းရန်ဆရာတွေကို ကူညီပေးဖို့သိတယ်ပေါ့။ သွားကြစို့... "
***