လီကျစ်သည် ကျန်းမာသန်စွမ်းသော စစ်သည် ၆၀၀ ကို စုဆောင်းပြီးနောက် နောက်လတွင် လာရောက်သတင်းပို့ရန်ညွှန်ကြားလိုက်သည်။ ထို့ကြောင့် ဤလအတွင်း လီကျစ်အနေဖြင့် စစ်တန်းလျားများ ဆောက်လုပ်ခြင်းကို အရှိန်မြှင့်လုပ်ဆောင်ရတော့မည်ဖြစ်သည်။
လီကျစ်သည် တစ်ခန်းလျှင် စစ်သည်လေးဦးနှုန်းဖြင့် အခန်းပေါင်း ၇၅ ခန်း ဆောက်လုပ်ရန် စီစဉ်ထားသည်။
တစ်လအတွင်း ဤမျှများပြားသောအဆောက်အဦးများကို ဆောက်လုပ်ရန်အတွက် လက်မှုပညာသည် အမြောက်အမြားလိုအပ်သဖြင့် လီကျစ်သည် ထန်းကျင်းမြို့အနီးရှိ ပန်းရန်ဆရာနှင့် လက်သမားအားလုံးနီးပါးကို လိုက်လံငှားရမ်းခဲ့ရသည်။
လီကျစ် ဆောက်လုပ်မည့်အဆောက်အဦးများမှာ စစ်တန်းလျားများဖြစ်ကြောင်း သိလိုက်ရသောအခါ ပန်းရန်ဆရာကြီး တောက်ယိုမောက်မှာ များစွာအံ့အားသင့်သွားပြီး…
"တပ်မှူးငယ်… ဒီလောက်ကြီးမားတဲ့စစ်တန်းလျားကို တကယ်ဆောက်မှာလား။ စစ်သားဘယ်နှစ်ယောက်လောက် ထားမှာမို့လို့လဲ"
တောက်ယိုမောက်သည် ရှည်လျားပြီးတွဲကျနေသော နှုတ်ခမ်းမွေးနှစ်ဖက်ရှိသည့် ပိန်ပိန်ပါးပါး အလတ်တန်းစား အမျိုးသားတစ်ဦးဖြစ်သည်။
သူ စကားပြောသည့်အခါတိုင်း ထိုနှုတ်ခမ်းမွေးကြီးများက လှုပ်စိလှုပ်စိဖြစ်နေတတ်သဖြင့် ကြည့်ရသည်မှာ အတော်လေး ရယ်စရာကောင်းလှသည်။
စုဆောင်းထားသော စစ်သည်အရေအတွက်မှာ လျှို့ဝှက်ချက်မဟုတ်သော်လည်း လီကျစ်အနေဖြင့် လူအများကြီးကိုမသိစေချင်ပေ။ အနည်းဆုံးတော့ နောင်တစ်ချိန်တွင် ကျန့်ကျိုး နုအာဟားချီ သို့မဟုတ် ဓားပြများနှင့် တိုက်ခိုက်ရသည့်အခါ ရန်သူကို မိမိ၏တကယ့်အင်အားကို မသိစေလိုခြင်းဖြစ်သည်။
လီကျစ်က တောက်ယိုမောက်ကို တစ်ချက်ကြည့်လိုက်ပြီး…
"မေးခွန်းတွေ အများကြီး မမေးနဲ့။ မင်းရဲ့လူတွေကို မြန်မြန်စုပြီး အလုပ်စရအောင်ပဲလုပ်"
တောက်ယိုမောက်က တတွတ်တွတ်ဖြင့် သဘောတူလိုက်သော်လည်း ထို့နောက် သက်ပြင်းချကာ…
"တပ်မှူးငယ်ရဲ့ စစ်သည်တွေက မြို့တော်စောင့်တပ်မှူးကြီးရဲ့ စစ်သည်တွေထက်တောင် များနေဦးမယ်။ ရှုပ်ထွေးကုန်ပြီ… တကယ့်ကို ရှုပ်ထွေးကုန်ပြီ" ဟု ရေရွတ်လိုက်သည်။
လီကျစ်က တောက်ယိုမောက်ကို စိုက်ကြည့်ကာ…
"ကောလာဟလတွေ လျှောက်မဖြန့်နဲ့နော်။ မင်းသာ လျှောက်ပြောလို့ကတော့ ငါ မင်းရဲ့လျှာကို ဖြတ်ပစ်မယ်"
အမတ်၏ ငေါက်သံကိုကြားသောအခါ ပန်းရန်ဆရာကြီးမှာ ခေါင်းလေးပုသွားပြီး ရယ်ကျဲကျဲဖြင့်…
"အမတ်မင်း… ကျွန်တော်မျိုးက ဘာလို့ ကောလာဟလလျှောက်ဖြန့်ရမှာလဲ။ အံ့သြလွန်းလို့ ကိုယ့်ဘာသာကိုယ် ရေရွတ်မိတာပါ။ အပြင်မှာ ဘယ်တော့မှလျှောက်မပြောပါဘူး"
ထို့နောက် တောက်ယိုမောက်က အနည်းငယ်စဉ်းစားပြီး…
"အမတ်မင်းက ရည်မှန်းချက်ကြီးမားပြီး စစ်သည်တွေအများကြီး မွေးမြူထားတာပဲ။ နောင်တစ်ချိန်မှာ စစ်ရေးအောင်မြင်မှုတွေရပြီး ရာထူးတွေအမြန်တိုးမှာ သေချာပါတယ်။ တပ်မှူးငယ်… မဟုတ်ဘူး… စစ်သူကြီးတောင် ဖြစ်လာဦးမှာ" ဟု ပြောလိုက်သည်။
လီကျစ်သည် ဤလအနည်းငယ်အတွင်း အတွေ့အကြုံများစွာရရှိခဲ့ပြီး မင်မင်းဆက်နှောင်းပိုင်းတွင် အမတ်ရာထူးမရှိဘဲ ရပ်တည်ရန်မလွယ်ကူကြောင်း နားလည်ထားသဖြင့် ရာထူးကြီးကြီး ရလာမည့်အရေးကိုလည်း အနည်းငယ်မျှော်လင့်မိသည်။
သူက ပြုံးပြီး…
"ဒါဆိုရင်တော့ မင်းရဲ့ ကောင်းချီးစကားအတိုင်း ဖြစ်ပါစေပေါ့"
တောက်ယိုမောက်သည် လီကျစ်၏ မျက်နှာအမူအရာကို အကဲခတ်လိုက်ရာ စိတ်ဆိုးခြင်းမရှိသည်ကို တွေ့ရသဖြင့် ဆက်လက်၍…
"အမတ်မင်း… ဘာလို့ စစ်တန်းလျားတွေကို မြို့ထဲမှာမဆောက်တာလဲ။ နောင်တစ်ချိန်မှာ တာတာ တွေ ဝင်လာရင် အကာအကွယ်မဲ့နေမှာ မစိုးရိမ်ဘူးလား"
လီကျစ်က ပြုံးလျက်…
"ဖန့်ကျားရွာ မြောက်ဘက်က ဒီနယ်မြေတစ်ခုလုံးကို နောင်မှာ မြို့တစ်မြို့အဖြစ် တည်ဆောက်မှာပါ။ ပတ်လည်ခြေလှမ်းနှစ်ထောင်ရှိပြီး အုတ်တံတိုင်းတွေနဲ့ ကာရံထားတဲ့ မြို့တံခါးလေးခုပါတဲ့ မြို့ကို ငါ တည်ဆောက်မှာ" ဟု ပြောပြလိုက်သည်။
ပန်းရန်ဆရာကြီးမှာ ကြောင်အသွားပြီး…
"အမတ်မင်းက တကယ့်ကိုရည်မှန်းချက်ကြီးတာပဲ။ အမတ်မင်း ပြောတာက ခရိုင်မြို့တစ်မြို့လောက်ကြီးတဲ့မြို့ကို တည်ဆောက်မယ်လို့ပြောတာလား" ဟု တိုးတိုးလေး မေးရှာသည်။
လီကျစ်က ဂုဏ်ယူစွာဖြင့်ခေါင်းညိတ်လိုက်ပြီး…
"အတိအကျပဲ။ နောက်လအနည်းငယ်အတွင်းမှာ ဒီမြို့သစ်ကို မင်း မြင်ရလိမ့်မယ်" ဟု ဆိုသည်။
"ထန်းကျင်းမြို့အရှေ့ဘက်က လီမိသားစုဆိုတာ တကယ်ကိုထိုက်တန်ပါတယ်။ ဘာမှမရှိတဲ့နေရာကနေ မြို့တစ်မြို့ကို တည်ဆောက်နိုင်တာပဲ" ဟု တောက်ယိုမောက်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် စိုးရိမ်လာပုံရသည်။
သူ၏ မျက်လုံးများက ဟိုဟိုဒီဒီဝေ့ကြည့်လိုက်ပြီးနောက် "ဗြုန်း" ခနဲ ဒူးထောက်ချလိုက်ကာ လီကျစ်ကို ဦးတိုက်၍…
"အမတ်မင်း… အုတ်တံတိုင်းတွေနဲ့ မြို့ရိုးဆောက်တဲ့အလုပ်ကိုလည်း ကျွန်တော်မျိုးကို ပေးပါဦး။ ကျွန်တော်မျိုးရဲ့ ပန်းရန်ဆရာနှစ်ရာကျော်က အလုပ်ရဖို့နဲ့ဝမ်းစာရှာဖို့ နေ့တိုင်း စောင့်နေကြတာပါ"
လီကျစ်က ခပ်တည်တည်ဖြင့်…
"အဲဒါက မင်းတို့ အခုဆောက်မယ့် စစ်တန်းလျားတွေရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။ စစ်တန်းလျားတွေက အရည်အသွေးကောင်းရင် မြို့ရိုးဆောက်တဲ့အလုပ်ကို မင်းကို ပေးမယ်"
တောက်ယိုမောက်က မြေကြီးပေါ်တွင် ဦးတိုက်ကာ…
"အမတ်မင်း စိတ်ချပါ။ ဒီစစ်တန်းလျားတွေကို အကောင်းဆုံးဖြစ်အောင် ကျွန်တော်မျိုးတို့ အစွမ်းကုန် ကြိုးစားပါ့မယ်"
မြို့ရိုးများကို တည်ဆောက်တော့မည်ဖြစ်ရာ အုတ်နှင့် ကျောက်ခဲများကိုစေးကပ်စေမည့် ပစ္စည်းများအမြောက်အမြား လိုအပ်မည်ဖြစ်သဖြင့် လီကျစ်သည်…
"ဘိလပ်မြေ" စတင်ထုတ်လုပ်ရန် စီစဉ်ရတော့သည်။
မင်မင်းဆက်တွင် အုတ်နှင့် ကျောက်ခဲများကို စေးကပ်ရန်အတွက် "သုံးမျိုးစပ် အင်္ဂတေကို အသုံးပြုကြသည်။
ထျန်းကုန်းကိုင်ဝူ ဟူသောစာအုပ်တွင် မှတ်တမ်းတင်ထားသည်မှာ- "ဂူဗိမာန်များနှင့် ရေလှောင်ကန်များအတွက် ထုံး တစ်ပုံ၊ မြစ်သဲ နှစ်ပုံနှင့် မြေဝါ နှစ်ပုံကို ကောက်ညှင်းရည်၊ ကီဝီနွယ်ပင်ရည်တို့နှင့် ရောစပ်ရသည်။ ၎င်းကို သုံးမျိုးစပ် အင်္ဂတေဟု ခေါ်သည်" ဟူ၍ ဖြစ်သည်။
ဤသုံးမျိုးစပ် အင်္ဂတေမှာ ကောက်ညှင်းရည်လိုအပ်သဖြင့် အလွန်စျေးကြီးသည်။ ထို့ကြောင့် ရှေးခေတ်တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများမှာ ကုန်ကျစရိတ်အလွန်မြင့်မားခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် ဘိလပ်မြေနှင့် နှိုင်းယှဉ်ပါက ဤသုံးမျိုးစပ် အင်္ဂတေ၏ အရည်အသွေးမှာ များစွာ နိမ့်ကျလှသည်။
လီကျစ်သည် သူ၏ ရှင်သန်ရပ်တည်ရေးအတွက် မြို့ရိုးတည်ဆောက်နေခြင်းဖြစ်သဖြင့် အကောင်းဆုံးပစ္စည်းများကိုသာ အသုံးပြုလိုသည်။ ထို့ကြောင့် ၁၉ ရာစု အစောပိုင်းတွင် ပေါ်ပေါက်ခဲ့သော ထုတ်လုပ်ရလွယ်ကူပြီးခိုင်ခံ့သည့် "ပေါ့တလန် ဘိလပ်မြေ" ကို ထုတ်လုပ်ရန် ရွေးချယ်လိုက်သည်။
ပေါ့တလန် ဘိလပ်မြေသည် သုံးမျိုးစပ်အင်္ဂတေထက် များစွာစျေးသက်သာပြီး အာနိသင်မှာလည်း ပို၍ကောင်းမွန်သည်။ ဘိလပ်မြေကို မြို့ရိုးတည်ဆောက်ရာတွင်သာမက နောင်တွင် လီကျစ်၏ လုပ်ငန်းများတိုးချဲ့လာသည်နှင့်အမျှ ဆောက်လုပ်ရေးလုပ်ငန်းများမှာလည်း များပြားလာမည်ဖြစ်ရာ နေရာတိုင်းတွင် ဘိလပ်မြေ လိုအပ်လာမည်ဖြစ်သည်။
ပေါ့တလန် ဘိလပ်မြေ ထုတ်လုပ်ရန်အတွက် ထုံးကျောက်နှင့် မြေစေးတို့ လိုအပ်ပြီး ဖုတ်ပြီးနောက်တွင် အေးခဲမှုကို ထိန်းညှိပေးမည့် "ကျောက်ဂျစ် " အနည်းငယ် ထည့်ရသည်။
ထုံးကျောက်နှင့် မြေစေးတို့မှာ အလွန်စျေးသက်သာပြီး အလွယ်တကူ ရနိုင်သည်။ လီကျစ်သည် သတ္တုကုန်သည်တစ်ဦးထံမှ ထုံးကျောက် ကျင် ၁ သိန်းနှင့် မြေစေး ကျင် ၃ သောင်းကို ငွေသျှူး ဆယ်ဂဏန်းမျှဖြင့် မှာယူလိုက်သည်။
ဂျစ်ပဆန် မှာလည်း မင်မင်းဆက်နှောင်းပိုင်းတွင် ဆေးဝါးအဖြစ်အသုံးပြုကြသဖြင့် များစွာ မစျေးကြီးပေ။ လီကျစ်သည် ထန်းကျင်းမြို့ရှိ ဆေးဆိုင်ကြီးတစ်ခုတွင် စျေးဆစ်၍ ကျောက်ဂျစ် ကျင် ၁၀၀၀ ကို ၁ ကျင် ကြေးပြား သုံးပြားနှုန်းဖြင့် မှာယူလိုက်သည်။
ဘိလပ်မြေထုတ်လုပ်မှုတွင် နှစ်ကြိမ် ကြိတ်ရပြီး တစ်ကြိမ်ဖုတ်ရသည်။ မဖုတ်မီ ထုံးကျောက်နှင့် မြေစေးကို အမှုန့်ညက်အောင်ကြိတ်ရပြီးနောက် ဒေါင်လိုက်မီးဖို ထဲတွင် ဒီဂရီစင်တီဂရိတ် ၁၃၀၀ ရှိသော အပူချိန်မြင့်ဖြင့် ဖုတ်ရသည်။ ဖုတ်ပြီးနောက် ထွက်လာသော ဘိလပ်မြေခဲများကို အမှုန့်ဖြစ်အောင် ထပ်မံကြိတ်ရသည်။
လီကျစ်သည် ဖန့်ကျားရွာ တောင်ဘက်တံခါးအပြင်ဘက်တွင် တံတိုင်းခတ်၍ ပေါ့တလန် ဘိလပ်မြေထုတ်လုပ်မည့် စက်ရုံကိုတည်ဆောက်လိုက်သည်။ ထိုစက်ရုံတွင် ကုန်ကြမ်းများနှင့် ကုန်ချောများကို ကြိတ်ရန်အတွက် မြည်းများဖြင့် လည်ပတ်သော ကျောက်ကြိတ်ဆုံကြီး ၃၀ ရှိသည်။
ထို့အပြင် လီကျစ်သည် ထုံးဖုတ်ရာတွင် ကျွမ်းကျင်သော ထုံးဆရာ လေးဦးကို တစ်လလျှင် လစာ ငွေ ၃ သျှူးဖြင့်ငှားရမ်းကာ စက်ရုံအတွင်း၌ ဘိလပ်မြေဖုတ်ရန် ဒေါင်လိုက်မီးဖိုများကို တည်ဆောက်စေခဲ့သည်။
လီကျစ်သည် ပစ္စည်းများကိုအမှုန့်ကြိတ်စေပြီး ထုံးကျောက်ကို သုံးပုံတစ်ပုံအချိုးဖြင့် ရောစပ်ကာ ဒေါင်လိုက်မီးဖိုအတွင်းထည့်သွင်း၍ ဖုတ်စေသည်။ မီးဖိုမှာ တဖြည်းဖြည်းပူလာပြီး အမြင့်ဆုံး အပူချိန်တွင် သုံးနာရီကြာ ဖုတ်ပြီးနောက် မီးငြိမ်းလိုက်ရာ ကျောက်ခဲငယ်လေးများကဲ့သို့သော ဘိလပ်မြေခဲများကို ရရှိခဲ့သည်။
ထိုဘိလပ်မြေခဲများကို ကျောက်ကြိတ်ဆုံပေါ်တွင် တင်၍ အမှုန့်ကြိတ်စေပြီးနောက် ကျောက်ဂျစ် အနည်းငယ်ကိုရောစပ်စေသည်။ ထုံးဆရာ လေးဦးသည် လီကျစ်၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ကာ ပထမဆုံး စမ်းသပ်ထုတ်ကုန်များကို ထုတ်လုပ်လိုက်ကြသည်။
လီကျစ်က အချို့ကို ယူ၍ စမ်းသပ်ကြည့်သည်။ ဘိလပ်မြေမှုန့်ကို ရေနှင့်ရော၍ အင်္ဂတေလုပ်ကာ အုတ်တစ်ချပ်ကို အခြားအုတ်တစ်ချပ်နှင့်ကပ်လိုက်သည်။ ဘိလပ်မြေ ခြောက်သွားသောအခါ လီကျစ်က အုတ်တစ်ချပ်ကို ကိုင်၍ အုတ်နှစ်ချပ်လုံးကို မြှောက်လိုက်သည်။
အစပိုင်းတွင် ဒုတိယအုတ်ချပ်မှာ ပထမအုတ်ချပ်နှင့် ကပ်နေသော်လည်း အနည်းငယ် လှုပ်လိုက်သည်နှင့် ဒုတိယအုတ်ချပ်မှာ ပြုတ်ကျသွားတော့သည်။
ပထမအသုတ် ဘိလပ်မြေမှာမအောင်မြင်ခဲ့ဘဲ အရည်အချင်းမပြည့်မီခဲ့ပေ။ လီကျစ် အနည်းငယ် စိတ်ပျက်သွားသည်။
သူက ခေတ္တမျှစဉ်းစားပြီး သူ၏မှတ်ဉာဏ်ထဲရှိ ပေါ့တလန် ဘိလပ်မြေ ဖော်မြူလာကို ပြန်လည် စစ်ဆေးကြည့်သည်။ ဖော်မြူလာမှာ မှန်ကန်နေသဖြင့် ဒေါင်လိုက်မီးဖို၏ အပူချိန် မလုံလောက်သေးခြင်း ဖြစ်နိုင်သည်ဟု လီကျစ် ခံစားလိုက်ရသည်။
လီကျစ်သည် လူနှစ်ရပ်စာမြင့်သော ဒေါင်လိုက်မီးဖိုဆီသို့ လျှောက်သွားကာ ကြည့်ရှုပြီးနောက် အတွေ့အကြုံအရှိဆုံး ထုံးဆရာကြီးကိုလှမ်းကြည့်ကာ…
"ဆရာကြီးလျန်… အခု အပူချိန်က မလုံလောက်သေးဘူး။ ဒီမီးဖိုရဲ့ အပူချိန်ကိုထပ်တိုးလို့ ရမလား"
စက်မှုဒီဇိုင်နာတစ်ဦးအနေဖြင့် လီကျစ်သည် ဘိလပ်မြေဖော်မြူလာကို သိသော်လည်း ထုံးဖုတ်သည့် မီးဖိုများအကြောင်းကိုလေ့လာခဲ့ခြင်းမရှိသဖြင့် ဤခေတ်ရှိ ပညာရှင်များကိုသာ အားကိုးရတော့မည်ဖြစ်သည်။
ထိုသို့မေးပြီးနောက် လီကျစ်က ဆရာကြီးလျန်ကို အနည်းငယ် စိုးရိမ်စိတ်ဖြင့် ကြည့်နေမိသည်။
ဆရာကြီးလျန်က ရိုသေစွာဖြင့်…
"အမတ်မင်း… အပူချိန်ကို တိုးလို့ရပါသေးတယ်။ ဒါပေမဲ့ ဒေါင်လိုက်မီးဖိုကို နည်းနည်း ပြုပြင်ရပါလိမ့်မယ်" ဟု ပြန်ဖြေသည်။
လီကျစ်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ သူက ဆရာကြီးလျန်၏ ပခုံးကို ပုတ်ကာ ပြုံးလျက်…
"ဒါဆိုရင် မြန်မြန်ပြင်လိုက်တော့။ အချိန်မဖြုန်းနဲ့တော့"
ထိုထုံးဆရာများမှာလည်း ဝါရင့်ပညာရှင်များဖြစ်ကြပြီး မီးဖိုကို ထိန်းချုပ်ရာတွင်အတွေ့အကြုံ များစွာရှိကြသည်။ သူတို့သည် သုံးရက်ကြာအောင် မီးဖိုကိုပြုပြင်ခဲ့ကြပြီး အပူချိန်ကို အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့သည်။
ဒုတိယအကြိမ် ဖုတ်လိုက်သောအခါတွင်မူ လီကျစ်သည် ကမ္ဘာ့ပထမဆုံးသော အရည်အသွေးပြည့်မီသည့် "ပေါ့တလန် ဘိလပ်မြေ" ကို နောက်ဆုံးတွင် ထုတ်လုပ်နိုင်ခဲ့သည်။
***