လီကျစ်သည် စမ်းသပ်ရန်အတွက် အုတ်နှစ်ချပ်ကို ထပ်မံယူလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ လီကျစ် မည်မျှပင်လှုပ်ယမ်းစေကာမူ ဒုတိယအုတ်ချပ်မှာ ပထမအုတ်ချပ်နှင့် တင်းတင်းကြပ်ကြပ် ကပ်နေဆဲဖြစ်သည်။
လီကျစ်သည် အုတ်နှစ်ချပ်၏အဆက်ကို ဓားဖြင့် ခုတ်ကြည့်ရာ ခဲသွားသောဘိလပ်မြေမှာ ကျောက်ခဲကဲ့သို့ မာကျောနေသည်ကို တွေ့ရသည်။ သံမဏိဓားဖြင့် အားပြင်းပြင်းခုတ်လိုက်သောအခါ မီးပွင့်သွားပြီး ဘိလပ်မြေပေါ်တွင် အမှတ်အသားအနည်းငယ်သာ ထင်ကျန်ရစ်သည်။
ဤမျှ ခိုင်ခံ့မှုရှိလျှင် မြို့ရိုးများတည်ဆောက်ရန်အတွက် လုံလောက်သည်ထက်ပင် ပိုနေပြီဖြစ်သည်။
လက်မှုပညာသည်များသည်လည်း ဘိလပ်မြေ၏ အာနိသင်ကိုမြင်သောအခါ များစွာ အံ့အားသင့်သွားကြသည်။ သူတို့ မြင်ဖူးသမျှတွင် အစွမ်းထက်ဆုံးစေးကပ်ပစ္စည်းမှာ သုံးမျိုးစပ် အင်္ဂတေသာ ဖြစ်ပြီး ဘိလပ်မြေကဲ့သို့ ကျောက်ခဲလိုမာကျောသောအရာမျိုးကို တစ်ခါမျှ မမြင်ဖူးကြပေ။
ထုံးဆရာလေးဦးသည် ကပ်နေသော အုတ်နှစ်ချပ်ကိုဝိုင်းကြည့်ကာ ဆွဲကြည့်ခြင်း… ခေါက်ကြည့်ခြင်း… ထုကြည့်ခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း အုတ်နှစ်ချပ်ကို ခွဲထုတ်၍ မရနိုင်ကြပေ။
နောက်ဆုံးတွင် ဆရာကြီးလျန်က ခေါင်းခါလိုက်ပြီး လီကျစ်ထံသို့ လျှောက်သွားကာ…
"အမတ်မင်း… အမတ်မင်းရဲ့ နည်းလမ်းတွေက တကယ့်ကိုအံ့မခန်းပါပဲ။ ဒီဘိလပ်မြေကို မြို့ရိုးတွေပြုပြင်ရာမှာ သုံးမယ်ဆိုရင် အလွန်ခိုင်ခံ့တဲ့ခံတပ်ကြီးဖြစ်လာမှာ သေချာပါတယ်"
ဘိလပ်မြေကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သဖြင့် လီကျစ်လည်း များစွာကျေနပ်သွားပြီး…
"မင်းတို့ လေးယောက်က ဘိလပ်မြေကိုအောင်မြင်အောင် ထုတ်နိုင်ခဲ့တဲ့အတွက် အကျိုးကျေးဇူး အများကြီးရှိတယ်။ မင်းတို့ တစ်ယောက်ချင်းစီကို ဆုလာဘ်အနေနဲ့ ငွေ ၅ သျှူးစီ ချီးမြှင့်မယ်" ဟု အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
ငွေ ၅ သျှူးဆိုသည်မှာ လူသုံးယောက်ရှိသော မိသားစုတစ်စုအတွက် နှစ်လ၊ သုံးလစာ အသုံးစရိတ်အတွက်လုံလောက်သည်။ ထိုထုံးဆရာလေးဦးမှာ ခက်ခဲသောဘဝများကို ဖြတ်သန်းခဲ့ရသူများ ဖြစ်ကြပြီး လီကျစ်ထံတွင် အလုပ်လုပ်၍ တစ်လ ၃ သျှူး ရနေသည်ကိုပင် အလွန် ကျေးဇူးတင်နေကြသူများ ဖြစ်သည်။
ယခုအခါ လီကျစ်က ဆုလာဘ်အဖြစ် ငွေထပ်ပေးလိုက်သဖြင့် သူတို့ လေးဦးမှာ ဝမ်းသာအားရ ပြုံးဖြီးသွားကြတော့သည်။
"ကျွန်တော်မျိုးတို့က လုပ်တာမဟုတ်ပါဘူး… တပ်မှူးငယ်ရဲ့ ညွှန်ကြားချက်အတိုင်း လုပ်တာပါ"
"တပ်မှူးငယ်က တကယ့်ကို ရက်ရောတာပဲ။ ကျေးဇူးတင်ပါတယ် တပ်မှူးငယ်ခင်ဗျာ"
"ကျေးဇူးတင်ပါတယ် တပ်မှူးငယ်"
လီကျစ်က ထုံးဆရာများ၏ ကျေးဇူးတင်စကားကို ပြုံးလျက်နားထောင်ပြီးနောက်…
"ဒါပေမဲ့ ဒီဘိလပ်မြေရဲ့ဖော်မြူလာကိုတော့ ဘယ်သူ့ကိုမှမပေါက်ကြားစေနဲ့။ တစ်ယောက်ယောက်ကသာ ပေါက်ကြားအောင်လုပ်ခဲ့ရင် စစ်ဥပဒေအတိုင်း ပြတ်ပြတ်သားသား အရေးယူမယ်"
ထုံးဆရာ လေးဦးကလည်း …
"ကျွန်တော်မျိုးတို့ သိပါတယ်"
"နားလည်ပါပြီ" ဟု ချက်ချင်း ပြန်ဖြေကြသည်။
ဘိလပ်မြေကို စမ်းသပ်ထုတ်လုပ်မှုအောင်မြင်ပြီးနောက် လီကျစ်သည် အစုလိုက်အပြုံလိုက် စတင်ထုတ်လုပ်စေသည်။
သူသည် ထုံးဖုတ်အလုပ်သမား ၁၂ ဦးကို ထပ်မံငှားရမ်းလိုက်ပြီး ဆရာကြီးလျန်၏ လမ်းညွှန်မှုအောက်တွင် ဒေါင်လိုက်မီးဖိုသစ်သုံးခုကို တည်ဆောက်စေခဲ့သည်။ မကြာမီမှာပင် ဒေါင်လိုက်မီးဖို လေးခုလုံးမှ ဘိလပ်မြေများကို အရှိန်အဟုန်ဖြင့် ထုတ်လုပ်နိုင်ခဲ့သည်။
မီးဖိုတစ်ခုလျှင် တစ်နေ့ကို ဘိလပ်မြေ သုံးသုတ်ထွက်ပြီး တစ်သုတ်လျှင် ကျင် ၂၀၀ လေးသဖြင့် မီးဖိုလေးခုမှ တစ်နေ့လျှင် ဘိလပ်မြေ ကျင် ၂၄၀၀ ခန့် ထွက်ရှိသည်။
ဤမျှ ပမာဏရှိသောဘိလပ်မြေမှာ ဖန့်ကျားရွာ၏ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လုံလောက်သည်ထက် ပိုသဖြင့် ပိုလျှံသည်များကို စျေးကွက်ထဲတွင်ပင် ရောင်းချနိုင်သည်။
ဘိလပ်မြေများထွက်လာသောအခါ ဖန့်ကျားရွာမှ ပန်းရန်ဆရာများသည် ဤစေးကပ်ပစ္စည်းအသစ်ကို ပထမဆုံးအသုံးပြုခွင့် ရကြသူများဖြစ်လာသည်။ လီကျစ်သည် စစ်တန်းလျားများ ဆောက်လုပ်နေသော ပန်းရန်ဆရာများထံသို့ သုံးမျိုးစပ် အင်္ဂတေအစား အသုံးပြုရန် ဘိလပ်မြေများကို ပေးပို့လိုက်သည်။
သို့သော်လည်း သုံးမျိုးစပ် အင်္ဂတေကိုသာ အသုံးများနေသော ပန်းရန်ဆရာများသည် လီကျစ်၏ ဘိလပ်မြေကို သိပ်ပြီးအယုံအကြည် မရှိကြပေ။
ပန်းရန်ဆရာကြီး တောက်ယိုမောက်သည် လီကျစ် ပေးပို့လိုက်သော ဘိလပ်မြေကို ကြည့်ကာ သူ၏ နှုတ်ခမ်းမွေးကြီးများကို လှုပ်စိလှုပ်စိလုပ်၍ ဘေးမှလက်မှုပညာသည်များကို ပြောလိုက်သည်။
"တပ်မှူးငယ်က ငါတို့ကို နောက်နေတာလားပဲ။ ငါ ပန်းရန်ဆရာလုပ်လာတဲ့ တစ်သက်မှာ သုံးမျိုးစပ် အင်္ဂတေထက် ကောင်းတဲ့အရာမျိုး တစ်ခါမှမကြားဖူးဘူး။ တောင်ဘက်က ချမ်းသာတဲ့ အမတ်တွေနဲ့ သူဌေးတွေ အိမ်ဆောက်ရင် သုံးမျိုးစပ်အင်္ဂတေထဲကို သကြားညို ထည့်တတ်ကြတာတော့ ကြားဖူးတယ်။ အဲဒါက သာမန်ထက် နည်းနည်းပိုကောင်းပေမဲ့ စရိတ်ကအရမ်းကြီးတယ်။ အခု တပ်မှူးငယ် ပေးပို့လိုက်တဲ့ ဒီ 'ဘိလပ်မြေ' ဆိုတာက ကြည့်ရတာစျေးပေါတဲ့ ပစ္စည်းတစ်ခုလိုပဲ… ဘယ်လိုလုပ် သုံးမျိုးစပ် အင်္ဂတေကို ယှဉ်နိုင်မှာလဲ"
တောက်ယိုမောက်၏ ညည်းတွားသံကိုကြားသောအခါ ဘေးမှပန်းရန်ဆရာများကလည်း ဝိုင်းဝန်း ပြောဆိုကြတော့သည်။
"ဟုတ်ပဗျာ… သုံးမျိုးစပ် အင်္ဂတေထဲမှာ ကောက်ညှင်းရည်တွေတောင်ပါတာ။ တခြားပစ္စည်းတွေက ဘယ်လိုလုပ် သုံးမျိုးစပ် အင်္ဂတေလောက် အသုံးဝင်မှာလဲ"
"တပ်မှူးငယ်က ငွေကုန်သက်သာအောင် စရိတ်လျှော့ပြီး လုပ်နေတာများလား"
"ဖြစ်နိုင်တယ်ဗျ… တပ်မှူးငယ် ငွေပြတ်နေတာများလား"
ခေတ္တမျှအတွင်းမှာပင် ပန်းရန်ဆရာများမှာ လီကျစ်၏ ငွေကြေးအခြေအနေကို ဝိုင်းဝန်း ဆွေးနွေးနေကြတော့သည်။ လီကျစ်၏ ဘိလပ်မြေမှာ သူတို့သိထားသော ပန်းရန်လောက၏ အသိအမြင်များကို စိန်ခေါ်နေသဖြင့် သူတို့က လီကျစ်ကို အစအဆုံးဝေဖန်နေကြပြီး ဘိလပ်မြေသည် သုံးမျိုးစပ် အင်္ဂတေထက် ကောင်းသည်ဟု မယုံကြည်နိုင်ကြပေ။
ကျွမ်းကျင်ပန်းရန်ဆရာတစ်ဦးက တောက်ယိုမောက်ထံ လျှောက်သွားကာ စိုးရိမ်တကြီးဖြင့်…
"ဆရာကြီးတောက်… ပြီးခဲ့တဲ့ရက်ပိုင်းက ဆရာကြီးပြောတော့ တပ်မှူးငယ်မှာ ငွေတွေအများကြီးရှိပြီး မြို့ရိုးတွေ ဆောက်ခိုင်းမယ်ဆို။ အခုတော့ စစ်တန်းလျား ဆောက်တာတောင် စရိတ်လျှော့နေပြီ။ တပ်မှူးငယ်မှာ မြို့ရိုးဆောက်ဖို့ ငွေမရှိတော့ဘူး ထင်ပါရဲ့"
ထိုပန်းရန်ဆရာက ဆက်လက်၍… "ကျွန်တော်တို့တွေဒီရက်ပိုင်း စစ်တန်းလျားကို ပစ္စည်းကောင်းတွေသုံးပြီး အသေအလဲလုပ်ပေးနေတာက မြို့ရိုးဆောက်တဲ့အလုပ်ရချင်လို့လေ။ အခုတော့ စိတ်ကူးယဉ်ခဲ့တာတွေ အလကားဖြစ်ကုန်ပြီ ထင်တယ်"
တောက်ယိုမောက်သည် သူ၏တပည့်များပြောသည်ကို နားထောင်ပြီးနောက် ခေတ္တစဉ်းစားကာ လက်ကာပြလိုက်ပြီး…
"ကဲ… ကဲ… အရင်ဆုံး ဒီဘိလပ်မြေရဲ့ အာနိသင်ကိုစမ်းသပ်ကြည့်ပြီး သုံးလို့ရမရ ကြည့်ကြတာပေါ့"
တောက်ယိုမောက်၏ စကားကိုကြားသောအခါ ကျွမ်းကျင်ပန်းရန်ဆရာက အသံကျယ်ကျယ်ဖြင့်…
"ဘာစမ်းစရာလိုသေးလဲ ဆရာကြီးတောက်ရဲ့။ ဒီဘိလပ်မြေက မည်းတူးနေတာပဲ… ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး"
တောက်ယိုမောက်က သူ၏ နှုတ်ခမ်းမွေးကိုလှုပ်ယမ်းလိုက်ပြီး…
"ငါ စမ်းကြည့်မယ်ဆိုရင် စမ်းကြည့်ရမှာပဲ။ စမ်းပြီးမှ ဆက်ပြောမယ်" ဟု ခပ်ပြတ်ပြတ် ပြောလိုက်သည်။
တောက်ယိုမောက် ထိုသို့ပြောလိုက်သဖြင့် အားလုံးကဆက်မငြင်းကြတော့ဘဲ မည်းနက်နေသော ဘိလပ်မြေကို စတင်စမ်းသပ်ကြတော့သည်။ ဘိလပ်မြေလာပို့သော အစေခံလူငယ် ပြောပြခဲ့သည့်အတိုင်း ပန်းရန်ဆရာများသည် ဘိလပ်မြေနှင့် သဲကို ၁ အချိုး ၅ ဖြင့် ရောစပ်လိုက်သည်။ ထို့နောက် ဘိလပ်မြေနှင့် သဲအရောထဲသို့ ရေတွင်းရေကို လောင်းထည့်ကာ ဂေါ်ပြားဖြင့် တဖြည်းဖြည်း မွှေနှောက်လိုက်ကြသည်။
မည်းနက်သော ဘိလပ်မြေမှုန့်များသည် မွှေနှောက်လိုက်သောအခါ စေးကပ်သောရွှံ့နွံကဲ့သို့ အရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဤသည်ကို မြင်သောအခါ ဘေးမှ ပန်းရန်ဆရာများအားလုံး အံ့အားသင့်သွားကြသည်။
"ရွှံ့နွံလို ဖြစ်သွားတာပဲ…"
"နည်းနည်းတော့ စိတ်ဝင်စားစရာပဲဗျ"
"သုံးမျိုးစပ် အင်္ဂတေလောက် မကောင်းတာသေချာပေမဲ့ စေးကပ်မှုတော့ ရှိဦးမှာပဲ"
"တပ်မှူးငယ်က စရိတ်လျှော့တယ်ဆိုပေမဲ့ အတော်လေးတော့ စဉ်းစားထားပုံရပါတယ်"
တောက်ယိုမောက်သည်လည်း ဘိလပ်မြေ၏ပြောင်းလဲမှုကို မြင်သောအခါ အတော်လေး အံ့သြသွားသည်။ သူက လူများကိုခိုင်း၍ ဤဘိလပ်မြေကိုသုံးကာ မြေကျင်းထဲတွင် လေးပေခန့်မြင့်သော နံရံတစ်ခုကို အုတ်စီခိုင်းလိုက်သည်။
ပန်းရန်ဆရာများမှာ ဝါရင့်သူများဖြစ်ကြသဖြင့် ဤဘိလပ်မြေမှာ မခြောက်ခင်တွင် သုံးမျိုးစပ် အင်္ဂတေကဲ့သို့ပင် စေးကပ်မှုရှိသဖြင့် နံရံကိုလျင်မြန်စွာ စီနိုင်ခဲ့ကြသည်။
နာရီဝက်မပြည့်မီမှာပင် အလျား လေးပေ၊ အမြင့် လေးပေရှိသော အုတ်နံရံတစ်ခု ပြီးစီးသွားသည်။ နံရံစီပြီးသောအခါ အားလုံးက အုတ်နံရံ၏ အောက်ခြေကို မြေကြီးဖြင့် ဖုံးအုပ်လိုက်ပြီး ဘိလပ်မြေ ခြောက်သွားသည်အထိ စောင့်ဆိုင်းကြတော့သည်။
နေဝင်ချိန်ရောက်သောအခါ ဘိလပ်မြေမှာ တဖြည်းဖြည်းခြောက်သွေ့သွားပြီး အားလုံးက တောက်ယိုမောက်ရှိရာသို့ ပြန်လည်စုရုံးလာကြသည်။ တောက်ယိုမောက်က…
"ကဲ… အခုဆို ခြောက်လောက်ပြီ… စမ်းကြည့်ကြတာပေါ့"
အားလုံး၏ မျက်လုံးများမှာဝင်းလက်သွားပြီး တောက်ယိုမောက် ဘယ်လိုစမ်းသပ်မလဲ ဆိုသည်ကို စိတ်ဝင်တစား ကြည့်နေကြသည်။
တောက်ယိုမောက်က ကျွမ်းကျင်ပန်းရန်ဆရာကို ညွှန်ပြကာ…
"မင်း… သွားပြီး အဲဒီနံရံကို အချက်အနည်းငယ်လောက် ကန်ကြည့်လိုက်စမ်း"
ထိုပန်းရန်ဆရာက "ရတယ်လေ…" ဟု ဟစ်အော်ကာ အင်္ကျီလက်ကိုလိပ်တင်လိုက်ပြီး နောက်သို့ ခြေလှမ်းသုံးလှမ်းခန့် ဆုတ်လိုက်သည်။ ထို့နောက် အော်ဟစ်ကာ အရှိန်ဖြင့်ပြေးဝင်၍ နံရံကို အားရပါးရ ကန်လိုက်တော့သည်။
သူ ကန်လိုက်သည့် အရှိန်ကိုမြင်သောအခါ အားလုံးက နံရံပြိုကျပြီး သူတို့ကိုထိမှန်မည် စိုးသဖြင့် မျက်နှာပျက်ကာ နောက်သို့ ဆုတ်လိုက်ကြသည်။
"အားးးး"
သို့သော်လည်း သူတို့ ထင်ထားသကဲ့သို့ အုတ်နံရံမှာ ပြိုမကျသွားပေ။ ထိုအစား ပန်းရန်ဆရာ၏ နာကျင်စွာအော်ဟစ်သံကိုသာ ကြားလိုက်ရပြီး လှုပ်ရှားမှုမရှိသော အုတ်နံရံရှေ့တွင် သူသည် ခြေထောက်တစ်ဖက်ကို ကိုင်ကာ ခုန်ဆွခုန်ဆွ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ငါ့ခြေထောက်… တောက်ယိုမောက်… ခင်ဗျား ကျုပ်ကို သတ်ဖို့ ဒီနံရံကိုကန်ခိုင်းတာလား။ ကျုပ်ခြေထောက် ကျိုးပြီ ထင်တယ်…"
ပန်းရန်ဆရာ၏ တုံ့ပြန်မှုကိုမြင်သောအခါ အားလုံးမှာမှင်တက်သွားကြပြီး ကြောင်အအဖြင့် ဘိလပ်မြေနံရံကို ပြန်လည် ကြည့်ရှုကြတော့သည်။
ဤတပ်မှူးငယ်၏ ဘိလပ်မြေမှာ အမှန်တကယ်ပင်အသုံးဝင်လှသည်။ အနည်းဆုံးတော့ ဤဘိလပ်မြေသည် သေးငယ်သောရိုက်ခတ်မှုများကိုခံနိုင်ရည်ရှိကာ တစ်ချက်ကန်ရုံဖြင့် ပေါက်ထွက်သွားမည့်အရာ မဟုတ်ပေ။
တောက်ယိုမောက်သည် ဝက်တစ်ကောင်လို အော်ဟစ်နေသော ပန်းရန်ဆရာကို ကြည့်ကာ သူ၏ နှုတ်ခမ်းမွေးကို လှုပ်ယမ်းလိုက်သည်။ ထို့နောက် အခြား လူငယ်ပန်းရန်ဆရာတစ်ဦးကို ညွှန်ပြကာ…
"မင်း… လာခဲ့ဦး… ဒီနံရံကို မင်းရဲ့ကိုယ်နဲ့ အားရပါးရပြေးတိုက်ကြည့်စမ်း" ဟု ထပ်မံ အမိန့်ပေးလိုက်လေတော့သည်။
ခြေထောက်နှင့် ကန်၍မပြိုပါက ဤဘိလပ်မြေသည် ခြောက်သွားလျှင် အလွန်မာကျောသည်ဟု ဆိုနိုင်သည်။ သို့သော် လူတစ်ဦး၏ ကိုယ်ဖြင့်ပြေးတိုက်ခြင်းမှာ ပြင်းထန်သော ရိုက်ခတ်မှုဖြစ်သဖြင့် ဤဘိလပ်မြေနံရံက ထိုဒဏ်ကို ခံနိုင်ရည် ရှိမရှိမှာ နောက်ထပ်စမ်းသပ်ရမည့် ကိစ္စပင် ဖြစ်သည်။
***