အနွယ်တော် ဦးဇောတိဆီတွင် ပညာသင်ယူနေသည်မှာ သုံးနှစ်တိတိ ရှိပြီ ဖြစ်သည်။ စာပေများ သင်ကြားတတ်မြောက်ပြီးနောက် အနွယ်တော်သည် သမထဂိုဏ်း အပြင်စည်း စာကြည့်တိုက်ထဲမှ သိပ်မထွက်တော့ပေ။ စာပေဆိုသည်မှာ ကမ္ဘာကြီးနှင့် ပထမဆုံး ထိတွေ့ပေးသည့် တံခါးပေါက် တစ်ပေါက်ဟု အနွယ်တော် ယူဆထားသည်။
စောရဝိဇ္ဇာသည်လည်း တစ်ခါတရံ တောင်အောက်ဆင်းသည်မှ လွဲ၍ သားဖြစ်သူနှင့်သာ အချိန်ကုန်ဆုံးလေ့ရှိသည်။ ထိုအချိန်တွင် စောရဝိဇ္ဇာမှာ ယခင်လို တစ်ယောက်တည်း မဟုတ်တော့ဘဲ သားတစ်ယောက် ရှိလာပြီဖြစ်ရာ သူ့တန်ခိုးများ ပျက်စီးသွားသည်ကိုပင် မေ့လျော့နေပြီ ဖြစ်သည်။
ယနေ့တွင် အနွယ်တော်သည် ထုံးစံအတိုင်း စာကြည့်တိုက်သို့ သွားဖို့ ပြင်နေသည်။
"သား ဒီနေ့တော့ စာကြည့်တိုက် မသွားနဲ့ဦး။ အဖေ ပြောစရာ ရှိတယ်" အနွယ်တော် စာကြည့်တိုက် သွားဖို့ ပြင်နေသည်ကို မြင်သဖြင့် စောရဝိဇ္ဇာက လှမ်းတားလိုက်သည်။
"ဘာဖြစ်လို့လဲ အဖေ။ သားကို အထူးတလည် ဘာများ ပြောမလို့လဲ" အနွယ်တော် ပြောကာ ဖခင်ဆီ လျှောက်လာခဲ့သည်။
အနွယ်တော်သည် ကလေးဆန်သည့် မျက်နှာ မပျောက်သေးသော်လည်း မျက်ခုံးကောင်းကောင်း မေးရိုးချွန်ချွန် ရှိလေရာ ရုပ်ရည်မှာ လွန်စွာ ချောမောနေတော့သည်။
စောရဝိဇ္ဇာသည် သားဖြစ်သူ၏ ရုပ်ရည်ကို ကြည့်ကာ မနာလိုပင် ဖြစ်ရသည်။ သူသည် ဆေးတံအား တစ်ချက် ဖွာရှိုက်ကာ ဘေးမှ ကုလားထိုင်တွင် သားဖြစ်သူအား ထိုင်ရန် လက်ဟန်ပြလိုက်သည်။
အနွယ်တော် ကုလားထိုင်တွင် ဝင်ထိုက်ကာ ခဖင်အား ကြည့်လိုက်သည်။
"ငါ့သားလည်း သင့်တင့်တဲ့ အရွယ်ရောက်လာပြီမို့ ရှေ့ဆက်ရမယ့် လမ်းကို ရွေးရတော့မယ်။ သား ဘဝက ဒီတိုင်း ရေစုန်မျောနေလို့ မရဘူး။ သား ဘဝက ဒီနေရာမှာ ရှိနေရမှာ မဟုတ်ဘူး" စောရဝိဇ္ဇာ ဆေးတံအား ရှေ့က စားပွဲပေါ်တွင် တင်၍ ပြောလိုက်သည်။
"ဘာကို ဆိုလိုတာလဲ အဖေ" အနွယ်တော် နားမလည်နိုင်စွာ ပြန်မေးသည်။
"လောကကြီးက အလွန် ကျယ်ပြောတယ် ငါ့သား။ ဒါကြောင့် လောကမှာ တန်ခိုးတွေ ရဖို့ လမ်းစဉ်တွေ အများကြီး ရှိတယ်။ ငါ့သား ဘယ်လမ်းကို ရွေးမလဲ အဖေ သိချင်တယ်။ သား လမ်းစဉ်တစ်ခုတော့ ရွေးရမယ်။ ဒါဟာ အဖေက သားကို ဒီလမ်းပေါ် အတင်း တွန်းပို့တာ မဟုတ်ဘူး။ သားအတွက် မဖြစ်မနေမို့ပါ"
"ဘာဖြစ်လို့ မဖြစ်မနေလဲ အဖေ။ သားလည်း လောကကြီးကို လျှောက်ကြည့်နိုင်ဖို့၊ အားနည်းတဲ့ လူတွေကို ကယ်တင်ဖို့ တန်ခိုးတွေ ရချင်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် မဖြစ်မနေလဲ အဖေ" အနွယ်တော် သိချင်စိတ် ပြင်းပြစွာ မေးသည်။
"ဒီအချိန်မှာ အဖေ ဘာကိုမှ မပြောချင်သေးဘူး။ မလိုအပ်သေးလို့လည်း ပါတာပေါ့။ အကြောင်းရင်းကို သားသိသင့်တဲ့ အချိန်ရောက်ရင် အဖေ ပြောပြမှာပါ။ ကဲ... အဖေ မေးတဲ့ မေးခွန်းကို သား ဖြေတော့" စောရဝိဇ္ဇာ ခေါင်းယမ်းကာ ပြောသည်။
အနွယ်တော်မှာ ထိုစကားကြောင့် မချင့်မရဲ ဖြစ်သွားသည်။ သူ ဖခင်အား မေးလိုသည့် မေးခွန်းများမှာ ရင်ထဲတွင် ပြည့်နေပြီ ဖြစ်သည်။ မေးလိုက်တိုင်းလည်း ဖခင်က အချိန်မတန်သေးသည်ဟုသာ ပြောလေ့ရှိသည်။ သူ မည်သည့်အချိန်ရောက်မှ အချိန်တန်မည်နည်း။ အနွယ်တော် ဖခင်အား တွန်းအား မပေးလိုသဖြင့် ထိုမေးခွန်းကိုလည်း မျိုသိပ်ထားလိုက်သည်။
"သား ဝိဇ္ဇာလမ်းစဉ်ကို လျှောက်ချင်တယ် အဖေ။ ဘရသေ့တို့ ကျင့်ကြံကြတဲ့ သမထကျင့်စဉ်က လိုက်နာရမယ့် စည်းကမ်းတွေ တအား များတယ်။ သားနဲ့ မကိုက်ဘူးလို့ ခံစားရတယ်။ ဝိဇ္ဇာတွေက ပြည်သူတွေကို ကာကွယ်ပေးကြတယ်လို့ ငယ်ငယ်ကတည်းက သားကြားဖူးတယ်။ သား သူတို့ကို အားကျတယ်။ သူတို့လို ဖြစ်ချင်တယ်" အနွယ်တော် စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"အများအကျိုးကို ကြည့်တာ မွန်မြတ်တဲ့ စိတ်ထားပါ။ ဒါပေမဲ့ အများအကျိုးကို အရင်မကြည့်ခင် ကိုယ့်ကိုယ်ကိုယ် အရင် ကြည့်ရမယ်။ ဒါဟာ အဖေက သားကို တစ်ကိုယ်ကောင်းဆန်ဖို့ ပြောတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်တဲ့ လူတစ်ယောက်က အများကို ဘယ်လို ကယ်တင်မလဲ။ ဘယ်အရာမဆို တစ်ဆင့်ချင်း သွားပါ" စောရဝိဇ္ဇာ စကား ခဏရပ်ကာ ရေနွေးကြမ်း ငှဲ့သောက်လိုက်သည်။
"သား မှတ်ထားပါ့မယ်" အနွယ်တော် ခေါင်းညိတ်ကာ ပြောသည်။
"ဝိဇ္ဇာလမ်းစဉ်ဆိုတာ အကောင်းရှိသလို အဆိုးလည်း ရှိတယ်။ ဒါကြောင့် ကောင်းတဲ့ ဝိဇ္ဇာရှိသလို ဆိုးတဲ့ ဝိဇ္ဇာလည်း ရှိတယ်ဆိုတာ သား သိထားရမယ်။ အဖေကိုယ်တိုင်လည်း အရင်က ဝိဇ္ဇာလမ်းစဉ်ကို လျှောက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဖေက ဆိုးတဲ့ဘက်မှာ ပါတယ်။ ငါ့သားကို အဖေ့လို လမ်းမှား မလျှောက်စေချင်ဘူး။ ငါ့သား ဝိဇ္ဇာဖြစ်ချင်တယ်ဆို အကောင်းဆုံး လမ်းကို လျှောက်ရမယ်" စောရဝိဇ္ဇာက တည်ကြည်စွာ ပြောသည်။
"ဘယ်လို ဆိုးတာလဲ အဖေ" အနွယ်တော် သိလိုစိတ်ဖြစ်ကာ မေးသည်။
"အဖေ့ရဲ့ ဆိုးဝါးတဲ့ အတိတ်ကို ပြည်ဖုံးကားချလိုက်ပါပြီ။ ဒီအကြောင်းတွေကို အဖေ ပြန်မတွေးချင်တော့ဘူး သား။ အရင်က အဖေ ဘယ်လိုပဲ ဆိုးခဲ့ ဆိုးခဲ့ ခုချိန်မှာ လူကောင်းဖြစ်အောင် ကြိုးစားနေပါတယ်" စောရဝိဇ္ဇာ စိတ်မကောင်း ဖြစ်သွားသည်။ မကောင်းမှု ဆိုသည်မှာ သူ့တစ်သက်တာလုံး အရိပ်လို တကောက်ကောက် လိုက်နေတော့မည်မှာ သေချာလေသည်။
"သားက ဒီသဘောမျိုး ပြောတာ မဟုတ်ပါဘူး အဖေ။ သား စကားမှားသွားလို့ တောင်းပန်ပါတယ်" အနွယ်တော် စိုးရိမ်တကြီး ပြန်ရှင်းပြလိုက်သည်။
"ရပါတယ် သားရယ်။ အဖေ ဒါတွေကို ခံနိုင်ရည် ရှိပါတယ်" စောရဝိဇ္ဇာ အတွေးများအား ပြန်ရုတ်သိမ်းလိုက်သည်။
"စကား ပြန်ဆက်ရရင်... ဝိဇ္ဇာလမ်းစဉ်တွေ အများကြီး ရှိတယ်။ ဆေးဝိဇ္ဇာ၊ မန္တန်ဝိဇ္ဇာ၊ သံဝိဇ္ဇာနဲ့ ဝိဇ္ဇာသခင်တို့ ဆိုတာက အထင်ရှားဆုံး မဟာလမ်းစဉ်တွေပဲ။ ဒီလမ်းစဉ် လေးခုမှာ ဝိဇ္ဇာသခင်ဆိုတာက အခက်ခဲဆုံးနဲ့ တန်ခိုးအကြီးဆုံး လမ်းစဉ်ပဲ" စောရဝိဇ္ဇာ ခဏနားကာ ဆေးတံအား ယူ၍ တစ်ရှိုက် ဖွာလိုက်သည်။
"ဟုတ်ကဲ့ပါ အဖေ"
"နောက်တစ်ခုက သား ဒီလောကြီးအကြောင်းကို သိထားဖို့ လိုတယ်။ အဖေတို့ အခုရောက်နေတဲ့ နေရာက မြင်းမိုရ်တောင်နဲ့ တစ်ဆက်တည်းရှိတဲ့ ဟိမဝန္တာ တောင်တန်းပဲ။ ဒါကိုတော့ သား သိပြီးသား ဖြစ်မှာပါ။ ဒီနေရာက သီးသန့်နေရာပဲ။ နောက်ပြီးတော့ ဒီနေရာက ထွက်လိုက်ရင် မြင်းမိုရ်တောင်ကို ဝန်းရံထားတဲ့ ကျွန်းကြီးလေးကျွန်းဆိုတာ ရှိတယ်။ သား လေးစားတဲ့ ဝိဇ္ဇာတွေဆိုတာ ရှမ်းဗဲလားလို့ ခေါ်တဲ့ တောင်ကျွန်းမှာ ရှိတယ်။ သား ဝိဇ္ဇာဖြစ်ချင်တယ်ဆို အဲဒီကျွန်းကို သွားရမယ်။ အဖေတို့နဲ့ အနီးဆုံး ဒါမှမဟုတ် တစ်ဆက်တည်း ဖြစ်နေတာ ဒီကျွန်းပဲ ရှိတယ်။ နောက်တစ်ခုက ကဝေသာရလို့ ခေါ်တဲ့ အနောက်ကျွန်းပဲ။ အဲဒီကျွန်းမှာ အောက်လမ်းဂိုဏ်းဖြစ်တဲ့ ကဝေတွေ ကြီးစိုးကြတယ်။ သိပ်ကို ရက်စက်ကြတဲ့ မျိုးနွယ်တွေ စုဝေးနေထိုင်ကြတယ်"
"ဟုတ်ကဲ့ပါ အဖေ" အနွယ်တော် စိတ်ရှုပ်ရှားကာ ခေါင်းညိတ်လိုက်သည်။
"နောက်တစ်ခုက ကာဠာဂီရိလို့ ခေါ်တဲ့ မြောက်ကျွန်းပဲ။ အဲဒီကျွန်းမှာတော့ အစားအသောက် သောင်းကျန်းတဲ့ ဘီလူးမျိုးနွယ်တွေ ဖြစ်တဲ့ ယက္ခဂိုဏ်းက ကြီးစိုးထားတယ်။ သူတို့တွေက မြို့တစ်မြို့စာလောက် လူတွေကို မိနစ်ပိုင်းအတွင်း အရိုးပဲ ကျန်တဲ့ထိ စားနိုင်ကြတယ်။ တကယ်ကို ကြောက်ဖို့ကောင်းတဲ့ ကောင်တွေပေါ့" စောရဝိဇ္ဇာသည် အတိတ်ကို ပြန်သတိရကာ အသက်ပြင်းပြင်း တစ်ချက် ရှူမိသည်။ ထိုယက္ခများ၏ ရက်စက်ပုံအား လူတိုင်း မကြောက်ဘဲ မနေနိုင်ပေ။
"နောက်တစ်ခုက သားရဲတွေ ကြီးစိုးရာ နယ်မြေဖြစ်တဲ့ အရှေ့ကျွန်းပဲ။ အဲဒီကျွန်းမှာ သားရဲမျိုးနွယ်တွေ အများကြီး ရှိကြတယ်။ သူတို့တွေက မွေးရာပါ အားကောင်းကြတဲ့ သတ္တဝါဖြစ်လို့ အန္တရာယ် အလွန် များတယ်။ နောက်ဆုံးတစ်ခုကတော့ ကျွန်းကြီးလေးကျွန်းနဲ့ မြင်းမိုရ်တောင် ကြားက သမုဒ္ဒရာ လေးစင်းကိုတော့ ရေနေသားရဲတွေက စိုးမိုးထားကြတယ်။ သူတို့က နယ်မြေအကျယ်ကြီး ယူထားတော့ မျိုးနွယ် အရေအတွက်က ခန့်မှန်းလို့ မရလောက်အောင် များတယ်" စောရဝိဇ္ဇာ ရှင်းပြသည့် အချက်အလက်များ များလွန်းသဖြင့် အာခြောက်သွားကာ ရေနွေးကြမ်း ငှဲ့သောက် ပြန်သည်။
အနွယ်တော်မှာမူ လောကကြီး မည်မျှ ကျယ်ပြောပုံ၊ မည်မျှ အန္တရာယ်များပုံအား သိလိုက်ရသဖြင့် တအံ့တဩ ဖြစ်နေလေသည်။ ထိုအကြောင်းအရာများကို ကြေညက်စေရန် သူ အချိန်အတော် ယူလိုက်ရသည်။
***