"တကယ်တော့ လမ်းစဉ်ဆိုတာ ကိုယ့်အတွက် အဖော်မွန် တစ်ဦးလိုပဲ။ အရေးအကြီးဆုံးကတော့ တန်ခိုးအဆင့်ပဲ။ လမ်းစဉ်ရဲ့ အောင်မြင်မှုက တန်ခိုးအဆင့်ပေါ် မူတည်တယ်။ သား လမ်းစဉ်နဲ့ ပတ်သက်ပြီး ဘယ်လောက်ပဲ အောင်မြင်မှု ရနေပါစေ တန်ခိုးအဆင့်က နိမ့်နေရင် လမ်းစဉ်ရဲ့ စွမ်းအားကို သုံးလို့ မရဘူး" စောရဝိဇ္ဇာက ဆက်လက် ရှင်းပြသည်။
"စိတ်ဝင်စားဖို့ ကောင်းလိုက်တဲ့ အယူအဆပါလား" အနွယ်တော် သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
"တန်ခိုးအဆင့်တွေ အများကြီး ရှိတယ်။ ပထမဆုံး အဆင့်ကတော မြေအဆင့်လို့ ခေါ်တယ်။ မြေအဆင့်ဆိုတာ မြေကြီးရဲ့ သဘောတရားကို နားလည်အောင် ဆင်ခြင်ခြင်း ဖြစ်တယ်။ မြေကြီးရဲ့ သဘောတရားတွေ ဖြစ်တဲ့ သည်းခံခြင်း၊ ဆွဲငင်ခြင်းနဲ့ မာကျောခြင်းတွေကို နယ်ပယ်သုံးခု အဖြစ် ခွဲထားတယ်။ ဒါတွေ နားလည်မှသာ မြေကြီးအဆင့် ပြီးမြောက်တယ်လို့ ခေါ်တယ်" စောရဝိဇ္ဇာ အချက်အလက်များကို ရှင်းပြသည်။
"ဆက်ပါဦး အဖေရဲ့" အနွယ်တော် သိလိုစိတ် ဖြစ်ကာ ဆက်မေးသည်။
"ပထမဆုံးကတော့ မြေကြီးရဲ့ သည်းခံခြင်းကို နားလည်အောင် ဆင်ခြင်ရတယ်။ ဒါဟာ တန်ခိုးကျင့်ဖို့အတွက် စိတ်ဓာတ်ကို သွေးပေးတဲ့ အဆင့်ပဲ။ မြေကြီးလိုမျိုး သည်းခံနိုင်စွမ်း မြင့်မားမှသာ ကျင့်စဉ်တွေကို မပျင်းဘဲ အဆုံးထိ လေ့ကျင့်နိုင်လိမ့်မယ်။ တကယ်ကို အရေးပါတဲ့ အဆင့်တစ်ဆင့်ပေါ့။ နောက်တစ်ခုတော့ မြေကြီးရဲ့ ဆွဲငင်ခြင်း အဆင့်ပဲ။ မဟာပထဝီမြေကြီးက အရာအားလုံးကို ဆွဲငင်နိုင်တယ်။ သားတို့အဖေတို့ ဒီမြေကြီးပေါ်မှာ ရပ်တည်နေနိုင်တာဟာ မြေကြီးက ဆွဲငင်ထားလို့ပဲ" ထိုနေရာတွင် စောရဝိဇ္ဇာက ခဏရပ်ကာ အနွယ်တော်အား အကဲခတ်လိုက်သည်။ သားဖြစ်သူ စိတ်ဝင်တစား နားထောင်နေသည်ကို မြင်မှ စကားဆက်ပြောသည်။
"အဲဒီလိုပဲ၊ တန်ခိုးကျင့်တဲ့ ပုဂ္ဂိုလ်တွေဟာလည်း လောကကြီးဆီက ကိုယ်နဲ့ ကိုက်ညီတဲ့ စွမ်းအားတွေကို စုပ်ယူရတယ်။ ဒီနေရာက မျိုးနွယ်တွေ တန်ခိုးစွမ်းအား ကွဲပြားသွားတဲ့ အချက်ပဲ။ ကဝေတွေက သေခြင်းတွေ ရှင်ခြင်းတွေကို စုပ်ယူကြတယ်။ ယက္ခတွေက အဆိပ်တွေ ဝိညာဉ်စွမ်းအားတွေကို စုပ်ယူကြတယ်။ မတူကြဘူးပေါ့"
"သူတို့က လောကကြီးဆီက စုပ်ယူလို့ ရနေသားနဲ့ ဘာဖြစ်လို့ လူတွေ သတ်ဖို့ လိုတာလဲ အဖေ" အနွယ်တော် နားမလည်နိုင်စွာ မေးသည်။
"ဟင်း... လောကကြီးက စုပ်ယူလို့ ရတဲ့ စွမ်းအားတွေက ပြန်ပြီး သန့်စင်ဖို့ လိုသလို ပါရမီပေါ် မူတည်ပြီးတော့လည်း အနည်း အများ ကွာသွားတယ်။ ဒါပေမဲ့ သက်ရှိတွေကို သတ်ပြီး ရလာတဲ့ စွမ်းအားတွေက သန့်စင်ရတာ လွယ်သလို ပိုပြီးတော့လည်း များတယ်။ ဒါကြောင့်ပဲ သူတို့တွေက သက်ရှိတွေကို လောဘတကြီး သတ်နေကြတာပေါ့" စောရဝိဇ္ဇာ သက်ပြင်းချကာ ရှင်းပြသည်။
"ဝိဇ္ဇာတွေကရော ဘာစွမ်းအားကို သုံးလဲ" အနွယ်တော် သိလိုစိတ် ပြင်းပြသွားသည်။
"ဝိဇ္ဇာတွေကတော့ သိမ်မွေ့တဲ့ သိဒ္ဓိစွမ်းအားကို သုံးကြတယ်။ အစွမ်းထက်တဲ့ မန္တန်တွေ၊ အင်းတွေ၊ ဆေးတွေကို သိဒ္ဓိတင်ပြီး သူတို့ရဲ့ တန်ခိုးတွေကို မြှင့်တင်ကြတယ်။ ဝိဇ္ဇာသခင်တွေ အင်မတန် ရှားပါးတာကလည်း ဒါကြောင့်ပဲ။ အစွမ်းထက်ပြီးသား အင်းတွေ၊ မန္တန်တွေနဲ့ ဓာတ်လုံးတွေတောင် ကိုယ်တိုင် ပြန်ပြီး သိဒ္ဓိတင်ရတာ ကောင်းကင်တက်ရသလို ခက်ခဲလှတာ။ ဘာအစွမ်းမှ မရှိတဲ့ ပညာရပ်တစ်မျိုးကို သိဒ္ဓိဝင်အောင် တင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလေ" စောရဝိဇ္ဇာက အလေးအနက် ရှင်းပြသည်။
အနွယ်တော်မှာမူ ဝိဇ္ဇာလမ်းစဉ်၏ ခက်ခဲပုံအား တွေးတောကာ စိတ်လှုပ်ရှားနေတော့သည်။ မည်သည့်အရာမဆို ခက်ခဲမှသာ တန်ဖိုးရှိသည် မဟုတ်လော။
"ဒီလမ်းစဉ်တွေဟာ ခက်ခဲတယ်၊ အစွမ်းထက်တယ် ဆိုပေမဲ့ လောကမှာ ဒီလမ်းစဉ် တစ်ခုတည်းနဲ့ ရပ်တည်လို့ မရဘူး ငါ့သား။ ရန်သူနဲ့ ကြုံလာရင် တကယ်တမ်း အရေးကြီးတာ သိုင်းပညာပဲ။ ဒါကြောင့်ပဲ ဝိဇ္ဇာသခင်တွေထဲမှာ သိုင်းဝိဇ္ဇာတွေက လွှမ်းမိုးထားတာပေါ့။ သိုင်းဝိဇ္ဇာတွေဆိုတာ တိုက်ခိုက်ရေးမှာဆို တကယ့်ကို မဟာပုဂ္ဂိုလ်ပဲ။ သူတို့တွေ ရောက်လေရာ နေရာတိုင်းမှာ လူတိုင်းက လေးစားကြရတယ်" စောရဝိဇ္ဇာက ရှင်းပြလိုက်တော့သည်။
အနွယ်တော်မှာမူ မျက်လုံးများ တလက်လက် တောက်ပလာတော့သည်။ ထိုမျှ အံ့ဩဖို့ ကောင်းသည့် ပုဂ္ဂိုလ်မျိုး လောကတွင် အမှန်တကယ် ရှိသည်လော။
ထိုသို့ဖြင့် စောရဝိဇ္ဇာသည် အနွယ်တော်အား တန်ခိုးကျင့်စဉ်များအကြောင်း၊ သူရဲကောင်းများအကြောင်းနှင့် လောက၏ အခြေခံ အသိပညာများကို ရှင်းပြလေတော့သည်။
အနွယ်တော်သည်လည်း ဖခင်ပြောပြသည့် အချက်များကို သေချာစွာ မှတ်ထားသည်။ သူက စာကြည့်တိုက်မှ ဗုဒ္ဓဝင်ကျမ်းများကိုပင် တစ်ခါ ဖတ်ပြီးသည်နှင့် လုံးဝ မမေ့သည့် ဉာဏ်ရည်မျိုး ပိုင်ဆိုင်ထားလေရာ ဖခင် ပြောသည့် အကြောင်းအရာများအား မှတ်ရသည်မှာ မခက်ခဲတော့ပေ။
"ကဲ... ဒီနေ့တော့ ဒီလောက်ပဲ။ နောက်ရက်ကနေ စပြီး အဖေ ပြောတဲ့ နည်းလမ်းအတိုင်း သား စပြီး ကျင့်ကြံရမယ်။ သား ဆွဲငင်ခြင်း အဆင့်ရောက်ရင် အဖေတို့ ရှမ်းဗဲလား ကုန်းမြေဆီ ခရီးထွက်ကြမယ်" စောရဝိဇ္ဇာက ထိုစကားကို ပြောပြီးနောက် ဆေးတံအား ကောက်ကာ လမ်းလျှောက်ထွက်သွားတော့သည်။
အနွယ်တော်မှာမူ စိတ်လှုပ်ရှားရင်း ကျန်ခဲ့တော့သည်။ သူ ဆွဲငင်ခြင်း အဆင့်သို့ အမြန်ဆုံး ရောက်အောင် လေ့ကျင့်ရမည်။ သူ့အိပ်မက်ထဲက ရှမ်းဗဲလား ကုန်းမြေသို့ သွားရန် သူ မစောင့်နိုင်တော့ပေ။
စောရဝိဇ္ဇာသည် ဆေးတံအား ဖွာရှိုက်ကာ အနာဂတ်အတွက် ရင်လေးနေသည်။ သူ တောင်အောက်သို့ မကြာမကြာ ဆင်းနေသည်မှာ ဝယ်စရာရှိသဖြင့်သာ မဟုတ်ဘဲ သတင်းစုဆောင်းဖို့အတွက် ဖြစ်သည်။ အထက်ဘုံက သတင်းက အောက်ဘုံသို့ ရောက်လာပြီ ဖြစ်သည်။ မဟာပုဂ္ဂိုလ်များက သူ အောက်ဘုံတွင် ရှိနေနိုင်သည်ဟု သံသယ ဝင်သွားပြီ ဖြစ်သည်။
ယခုအချိန်တွင် ကဝေဂိုဏ်းနှင့် ယက္ခဂိုဏ်းက တခြားကျွန်းများသို့ စတင် ကျူးကျော်နေပြီ ဖြစ်သည်။ မကြာခင် ဟိမဝန္တာတောင်တန်းသို့ ရောက်လာတော့မည် ဖြစ်သည်။ ဤနေရာက သံသယဝင်ဖို့ အကောင်းဆုံး နေရာ ဖြစ်သော်လည်း အလွန် ဝေးကွာနေသဖြင့် သူတို့ အချိန်ကြာနေပုံရသည်။ သို့သော် သူတို့အတွက် နောက်ထပ် အချိန် များများစားစာ ရတော့မည် မဟုတ်ပေ။
သူတို့ကြောင့်နှင့် ဤငြိမ်းချမ်းရာ အရပ်အား မပူလောင်စေချင်ပေ။ သူတို့ သမထဂိုဏ်းအား ဤမျှ ဒုက္ခပေးရသည်မှာပင် လွန်လွန်းနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူတို့ ဤနေရာမှ ထွက်သွားရမည် ဖြစ်သည်။ သူတို့ ရောက်လာကြောင်းကို သမထဂိုဏ်း တစ်ဂိုဏ်းလုံး သိထားပြီး ဖြစ်လေရာ တိဘက်ပြည်သို့လည်း သတင်းများ ရောက်သင့်သလောက် ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ထိုလူများ ရောက်လာပါက သူတို့အကြောင်းကို ချက်ချင်း သိသွားမည် ဖြစ်သည်။
***