နောက်တစ်နေ့ နံနက်တွင် အနွယ်တော်သည် ဖခင်ဖြစ်သူ ပြင်ပေးသော မနက်စာအား စားကာ ဦးဇောတိကျောင်းသို့ ထွက်လာခဲ့သည်။ ဦးဇောတိ၏ကျောင်းမှာ သူတို့နေသော ကျောင်းဆောင်နှင့် သိပ်မဝေးဘဲ ဆယ်မိနစ်ခန့်သာ လမ်းလျှောက်ရသည်။
အနွယ်တော် ကျောင်းဆောင် အနားသို့ ရောက်လာသည်တွင် ရသေ့ငယ်များ၏ ဆူညံသံများအား ကြားလိုက်ရသည်။ ပုံမှန်ဆိုလျှင် စာသင်သံမှ လွဲ၍ မည်သည့်အသံမျှ မထွက်တတ်သော ကျောင်းဆောင်က ယနေ့တွင် ဆူညံနေသည်မှာ ထူးဆန်းလှချေသည်။ အနွယ်တော် သိလိုစိတ်ဖြစ်ကာ ခပ်သွက်သွက် လျှောက်ကာ ကျောင်းဆောင်ထဲ ဝင်လိုက်သည်။
"ဒီမှာ ဘာဖြစ်လို့ ဆူညံနေတာလဲ" အနွယ်တော်သည် ပထမဆုံး တွေ့ရသော ရသေ့ငယ် ပုညအား မေးလိုက်သည်။
"ဟေ့ အနွယ်တော်၊ မင်း မသိဘူးလားကွ။ ဦးဇောတိ ဈာန်အဆင့်ကို တက်သွားလို့ အတွင်းစည်းကို ပြောင်းရတော့မယ်။ ငါကြောင့် ငါတို့တွေ ဝမ်းသာနေတာပေါ့" ရသေ့ငယ် ပုညက ဝမ်းသာစွာ ပြောသည်။
"တကယ်လား၊ ဒါ သတင်းကောင်းပဲ။ ဦးဇောတိရော ဘယ်မှာလဲ" အနွယ်တော် စိတ်လှုပ်ရှားကာ မေးလိုက်သည်။
"ဦးဇောတိ ဘရသေ့ဆီ သွားလျှောက်တယ်။ ပြီးရင် ဒီလို ပြန်လာလိမ့်မယ်" ရသေ့ငယ် ပုညက ပြောသည်။
"ဟေ့ အနွယ်တော်၊ မင်း ဒီနေ့ စာကြည့်တိုက် သွားရင် ငါ့အတွက် ဇာတ်ကြီးဆယ်ဘွဲ့ စာအုပ်လေး ယူခဲ့ပေးပါ။ ငါ ရှာတာ မတွေ့ခဲ့လို့" တစ်ဖက်မှ ရသေ့ငယ် သာဝကက ပြောသည်။
"ကောင်းပြီ။ ကျွန်တော် ယူခဲ့ပေးပါ့မယ်" အနွယ်တော် ခေါင်းညိတ်ကာ ပြောလိုက်သည်။
ရသေ့ငယ်များမှာ အဆော့မက်သဖြင့် စာအုပ်များကို အချိန်ယူပြီး မရှာတတ်ပေ။ သူတို့ လိုချင်သော စာအုပ်များကို နာမည်ပြောကာ အနွယ်တော်အား ယူလာခိုင်းတတ်သည်။ အနွယ်တော်သည်လည်း ထိုကိစ္စများကို အားတတ်သရော ကူညီပေးတတ်ပေရာ ရသေ့ငယ်များအတွက် အတော်ပင် ဟန်ကျနေလေသည်။
မကြာမီမှာပင် ကျောင်းဆောင်သို့ ရသေ့ပျိုများ ရောက်ရှိလာကြသည်။ ရသေ့ပျိုများ ဝင်လာသည်နှင့် ရသေ့ငယ်များ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ သူတို့ နေရာတွင် ငြိမ်ငြိမ် ထိုင်ပြီး ရှေ့သို့ လမ်းလျှောက်သွားနေသော ရသေ့ပျိုများအား မော့ကြည့်နေကြသည်။
"ကဲ ဒီနေ့ကတော့ မင်္ဂလာရှိတဲ့ နေ့ပဲ။ နောင်တော်ကြီး ဦးဇောတိ အတွင်းစည်းကို ပြောင်းရတော့မယ်။ ဒါကြောင့် ဒီစာသင်ကျောင်းကို ဦးရသေ့က တာဝန်ယူပေးမယ်။ ရသေ့ငယ်တို့လည်း စာပေကို အရင်လိုပဲ ကြိုးကြိုးစားစား သင်ယူကြဖို့ ပြောချင်ပါတယ်" ဦးဒီပါက ရသေ့ငယ်များအား ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ၊ တပည့်တော်တို့ သေချာ သင်ယူပါ့မယ်" ရသေ့ငယ်များက ပြန်ဖြေသည်။
အနွယ်တော်သည်လည်း သူတို့နှင့်အတူ လိုက်ဖြေသည်။ ဦးဇောတိ အတွင်းစည်း ရောက်သွားသည်ကို သူသည်လည်း ထပ်တူ ဝမ်းသာပေသည်။
"ကောင်းပါပြီ။ ဒီနေ့တော့ သင်ခန်းစာ မရှိဘူး။ ရသေ့ငယ်တို့ ပြန်လို့ ရပါပြီ။ မနက်ဖြန်ရောက်ရင် စာသင်ချိန်ကို အရင်တိုင်းပဲ ပြန်လာခဲ့ကြပါ" ဦးဒီပါက ပြောကာ တခြားရသေ့များနှင့်အတူ ကျောင်းဆောင် အပြင်သို့ ပြန်ထွက်သွားသည်။
ရသေ့ငယ်များမှာ တစ်ယောက်တစ်ပေါက် ဆူညံကာ ကျောင်းဆောင်အပြင်သို့ ထွက်သွားကြလေသည်။ အနွယ်တော်သည်လည်း အပြင်ထွက်ကာ ဘရသေ့ ကျောင်းဆောင်ဘက် ထွက်လာခဲ့သည်။ ဦးဇောတိ ထိုနေရာတွင် ရှိနေမည်မှန်း သူသိသည်။
မကြာခင် သူ ဘရသေ့ ကျောင်းဆောင်သို့ ရောက်လာသည်။ ထိုနေရာတွင် ရသေ့ပျိုများ စုံညီစွာ ရှိနေကြသည်။ အပြင်စည်းတွင် လူဦးရေ နည်းသော်လည်း အားလုံးမှာ မိသားစုတမျှ ညီညွတ်ကြသည်။ သူတို့ ဤနေရာတွင် စုရုံးနေသည်မှာ ဦးဇောတိအား အတွင်းစည်းသို့ လိုက်ပို့ရန် ဖြစ်သည်။ အနွယ်တော်သည်လည်း ဦးဇောတိအား လိုက်ပိုချင်သဖြင့် ဤနေရာသို့ လာခဲ့ခြင်း ဖြစ်သည်။
ဦးဇောတိသည် အနွယ်တော် ငယ်စဉ်က တောထဲမှ နွားမကြီးအား ဖမ်းကာ နို့တိုက်ပေးခဲ့သူ ဖြစ်သည်။ ဦးဇောတိမှာ သူ့အတွက် ဖခင်တစ်ဦးနှင့် တခြားပေ။ ထို့ကြောင့်လည်း အနွယ်တော်မှာ ဦးဇောတိအား အလွန် သံယောဇဉ် ရှိနေခြင်း ဖြစ်သည်။
"အနွယ်တော်လား" ဦးဇောတိသည် အနွယ်တော်အား လှမ်းမြင်သဖြင့် နှုတ်ဆက်လိုက်သည်။
"ဈာန်အဆင့် တက်သွားလို့ ဂုဏ်ယူပါတယ် ဦးရသေ့" အနွယ်တော်က လက်အုပ်ချီကာ ပြောသည်။
ဦးဇောတိ ပြုံးကာ အနွယ်တော်ဆီ လျှောက်လာသည်။
"အနွယ်တော်၊ သားက ထူးခြားတယ်ဆိုတာ ဦးရသေ့ သိပါတယ်။ ဦးရသေ့ရဲ့ ဒီအောင်မြင်မှုလေးက သားအတွက် ဘာမှ မပြောပလောက်ပါဘူး။ နောင်တစ်ချိန် သား အမြင့်ကို ရောက်သွားတဲ့အခါ ဦးရသေ့ သင်ပေးခဲ့တဲ့ ကိုယ်ကျင့်တရားတွေ၊ စာရိတ္တတွေကို ပြန်သတိရပါ။ သားက ဦးရသေ့ရဲ့ ဂုဏ်ယူစရာ အကောင်းဆုံး ကျောင်းသားပဲ" ဦးဇောတိက အနွယ်တော်အား ခေါင်းကို ပုတ်ကာ ပြောသည်။
"သား မှတ်ထားပါ့မယ် ဦးရသေ့။ သားက ဦးရသေ့ကို မျက်နှာပျက်အောင် မလုပ်ပါဘူး" အနွယ်တော်က ပြုံးကာ ပြန်ဖြေသည်။
"ကဲ... ဦးဇောတိရေ၊ ဘရသေ့ အဆင်သင့်ဖြစ်ပြီ။ သွားရအောင်လေ" ဘေးမှ ဦးဒီပါက ပြောသည်။
"သား ဦးရသေ့ကို လိုက်ပို့ချင်လို့" အနွယ်တော် မလိုက်ရမည် စိုးသဖြင့် အလောတကြီး ပြောသည်။
ဦးဇောတိ ပြုံးကာ ခေါင်းညိတ်ပြသည်။ ထို့နောက် အနွယ်တော်၏ လက်ကို ဆွဲကာ ရှေ့သို့ လျှောက်သွားတော့သည်။
ရသေ့အုပ်စုမှာ အတွင်းစည်း တံခါးဝသို့ ချီတက်လိုက်ကြသည်။ အတွင်းစည်း တံခါးမှာ အပြင်စည်းနှင့် များစွာ မဝေးသဖြင့် သူတို့ သိပ်မကြာဘဲ ရောက်လာကြသည်။
"ဘာကိစ္စရှိလို့ပါလဲ ခင်ဗျာ့" တံခါးစောင့်သည့် ရသေ့က လက်အုပ်ချီကာ မေးလိုက်သည်။
"အပြင်စည်းက ရသေ့တစ်ပါး ဈာန်အဆင့်တက်လို့ အတွင်းစည်းကို လာပို့ပေးတာပါ" ဦးဒီပါက ရှေ့ထွက်ကာ ပြောလိုက်သည်။
"ဒါက ဝမ်းသာစရာ သတင်းပါ။ အထဲကို ကြွပါ ခင်ဗျာ" တံခါးစောင့် ရသေ့ကာ ပြောလိုက်သည်။
"အနွယ်တော်လေး၊ ဦးရသေ့ သွားတော့မယ်နော်။ လိမ်လိမ်မာမာ နေနော်။ ဦးရသေ့ မှာတာတွေကို မမေ့နဲ့" ဦးဇောတိက အနွယ်တော်အား သေချာ ကြည့်ကာ ပြောသည်။
"စိတ်ချပါ ဦးရသေ့။ သား မှတ်ထားပါ့မယ်" အနွယ်တော် ကတိပေးလိုက်သည်။
ထိုသို့ဖြင့် ဘရသေ့နှင့် ဦးရသေ့တို့ အတွင်းစည်းဂိုဏ်းအတွင်းသို့ ဝင်သွားကြသည်။ ဘရသေ့က ဦးဇောတိအား အပ်နှံပေးဖို့ လိုက်သွားခြင်း ဖြစ်သည်။ တခြားရသေ့များမှာ အကြောင်းကိစ္စ အရေးမကြီးသဖြင့် ဝင်ခွင့်မရှိသောကြောင့် အပြင်တွင်သာ ကျန်ခဲ့သည်။
"ကဲ ငါတို့လည်း ပြန်ကြရအောင်" ဦးဒီပါက နောက်လှည့်ကာ အားလုံးအား ပြောလိုက်သည်။
အနွယ်တော်သည် ရသေ့များနှင့်အတူ အပြင်စည်းသို့ ပြန်လာခဲ့သည်။ ယနေ့တွင် စာသင်စရာလည်း မရှိသဖြင့် သူ ရေခပ်နေကျ မြစ်ငယ်ဘက်သို့ ထွက်လာခဲ့သည်။ ယနေ့တွင် ထိုနေရာ၌ ကသိုဏ်းကျင့်သည့် ရသေ့များ မရှိသဖြင့် ရှင်းလင်းနေသည်။
အနွယ်တော် ထင်းရှူပင်အောက်တွင် ထိုင်ကာ ဦးဇောတိအကြောင်း တွေးနေမိသည်။ ဦးဇောတိသည်တော့ လမ်းစဉ်ပေါ် ရောက်သွားပြီ ဖြစ်သည်။ သူသည်လည်း လမ်းစဉ်ပေါ် ရောက်အောင် ကြိုးစားရပေမည်။
အနွယ်တော်သည် အတွေးများအား ရုတ်သိမ်းကာ ဖခင်ပြောသည့် မြေကြီးအကြောင်း တွေးလိုက်သည်။ မြေကြီး၏ သည်းခံခြင်း ဟူသည်မှာ အဘယ်နည်း။ အနွယ်တော်သည် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးအစုံအား မှိတ်လိုက်တော့သည်။
***