အနွယ်တော် မျက်လုံး မှိတ်လိုက်သည်နှင့် သမာဓိထူထောင်ခြင်း အဆင့်သို့ ချက်ချင်းလိုလို ရောက်ရှိသွားသည်။ ပညာသင်သည့် သုံးနှစ်တာကာလအတွင်း နေ့စဉ် တရားထိုင်ရသဖြင့် အနွယ်တော်အတွက် ထိုအခြေအနေသို့ ရောက်ဖို့ လွယ်ကူပေသည်။
မြေကြီး၏ သည်းခံခြင်း ဆိုသည်မှာ အဘယ်နည်း။ မဟာပထဝီ မြေပြင်သည် သစ်ရွက်ကြွေသည်ကစ တောင်ပြိုသည်အဆုံး မည်သို့မျှ တုန့်ပြန်ခြင်း မပြုဘဲ သည်းခံနိုင်၏။ ရေဆိုသည်မှာ လှိုင်းထတတ်သည်။ လေဆိုသည်မှာ ရိုက်ခတ်တတ်သည်။ မည်သို့မျှ တုန့်ပြန်ခြင်း မပြုဘဲ သည်းခံနိုင်သည်မှာ မဟာပထဝီ မြေကြီးသာ ရှိသည်။
သို့ဆိုလျှင် သည်းခံခြင်း အဆင့်သို့ ရောက်ရှိရန်အတွက် မြေကြီးကဲ့သို့ သည်းခံရမည်လော။ ထိုသို့လည်း မဖြစ်နိုင်ပေ။ ထိုသို့သာ သည်းခံရမည်ဆိုလျှင် လောက၌ တိုက်ပွဲဟူသည်မှာ ရှိတော့မည် မဟုတ်ပေ။ ထိုသို့မဟုတ်လျှင် မည်သို့နည်း။
အနွယ်တော်သည် မေးခွန်းများကို အဖြေရှာရင်း သည်းခံခြင်း အကြောင်းအား ဆက်လက် ဆင်ခြင်လိုက်သည်။
သည်းခံခြင်းဆိုသည်မှာ အရာရာတိုင်းအတွက် သည်းခံရမည် မဟုတ်ပေ။ ကျင့်စဉ်များ ကျင့်ကြံရာတွင်သာ အသုံးပြုရမည့် စိတ်နေစိတ်ထားပင် ဖြစ်သည်။ ကာမဂုဏ်အာရုံများဆိုသည့် ကာမစ္ဆန္ဒ၊ ဒေါသထွက်ခြင်းများ အညှိုးအတေးများနှင့် မကျေမနပ်ဖြစ်ခြင်းများဆိုသည့် ဗျာပါဒ၊ ပျင်းရိခြင်း ထိုင်းမှိုင်းခြင်းဆိုသည့် ထိနမိဒ္ဓ၊ စိတ်ပျံ့လွင့်ခြင်းများ မတည်မငြိမ် ဖြစ်ခြင်းများဆိုသည့် ဥဒ္ဓစ္စကုက္ကုစ္စနှင့် ကျင့်စဉ်အပေါ် သံသယဝင်ခြင်းဆိုသည့် ဝိစိကိစ္ဆာ စသည်တို့မှာ နိဝရဏ ငါးပါးတို့ပင် ဖြစ်သည်။
သည်းခံခြင်းဆိုသည်မှာ ထိုနီဝရဏများအား သည်းခံရခြင်း ဖြစ်သည်။ သည်းခံခြင်းဆိုသည်မှာ လမ်းစဉ်ကို လျှောက်လမ်းရန် စိတ်ဓာတ်အား ထုထစ်ရသည့် အဆင့်တစ်ဆင့်ဟု ဖခင်ဖြစ်သူက ပြောခဲ့ဖူးသည်။ ထိုသည်မှာ ဈာန်တန်ခိုးကျင့်ရန်တွင်လည်း အခြေခံများပင် ဖြစ်လေရာ အနွယ်တော်အတွက် ရင်းနှီးပြီးသား အရာများပင် ဖြစ်သည်။
အနွယ်တော်သည် ရှေ့ဆက်ရမည့် လမ်းကို မြင်နေရပြီ ဖြစ်၍ လျှောက်လှမ်းရန် မခက်ခဲတော့ပေ။ စိတ်ဓာတ်အား ထုထစ်ရာတွင် စိတ်စွမ်းအားကို အဓိကသုံးသော သမထကျင့်စဉ်ထက် မည်သည့်ကျင့်စဉ်မျှ ပိုမကောင်းနိုင်ပေ။
ထိုသို့ဖြင့် အနွယ်တော်သည် စိတ်အား တဖြည်းဖြည်း ပုံဖော်ကာ ထုထစ်လေသည်။ စိတ်ကို မိမိအလိုကျ ထိန်းချုပ်နိုင်ပြီဆိုပါက သည်းခံခြင်းအဆင့် အောင်မြင်ပြီ ဖြစ်လေသည်။
အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးနေလေသည်။ ညနေစောင်းသို့ ရောက်လာချိန်တွင် စောရဝိဇ္ဇာသည် သားဖြစ်သူ ပြန်မလာသဖြင့် လိုက်ရှာနေသည်။ သူ လိုက်ရှာနေရင်း ရေခပ်သွားသည့် ရသေ့ငယ်များ ပြောပြသဖြင့် အနွယ်တော်က မြစ်ငယ်ဘေး၌ တရားထိုင်နေကြောင်း သိလိုက်ရသည်။ စောရဝိဇ္ဇာသည် အနွယ်တော် ရှိနေသည့် နေရာအား သိလိုက်သည်နှင့် ချက်ချင်း ထွက်လာခဲ့သည်။
စောရဝိဇ္ဇာ မြစ်ကမ်းဘေး ရောက်လာသည်တွင် အနွယ်တော်အား လှမ်းမြင်လိုက်ရသည်။ သူ သားဖြစ်သူ အနား ရောက်လာသောအခါ တအံ့တဩ ဖြစ်သွားလေသည်။
"သည်းခံခြင်း အဆင့်ကို ရောက်တော့မှာပဲ။ လောကဦး ကြာပန်းက မွေးဖွားပေးလိုက်တဲ့ ကလေးလို့ မပြောရဘူး တကယ် ပါရမီ ရှိတာပဲ" စောရဝိဇ္ဇာ အံ့အားသင့်စွာ ရေရွတ်မိသည်။
သူသည်လည်း အထက်ဘုံတွင် ပါရမီရှင်စာရင်း၌ ထိပ်ဆုံးက ပါရှိလေသည်။ သူပင် သည်းခံခြင်း အဆင့်သို့ ရောက်ရန် ဆယ်ရက်ခန့် ကြာခဲ့သည်။ ကွာခြားချက်က ကြီးမားလွန်းပေသည်။ စောရဝိဇ္ဇာ တစ်ချက် ပြုံးကာ ခေါင်းယမ်းရင်း နေရာတွင် ထိုင်ကာ အနွယ်တော်အား စောင့်နေလိုက်သည်။
နောက်ထပ် တစ်နာရီခန့် အကြာတွင် အနွယ်တော် မျက်လုံးဖွင့်လာခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်သည်နှင့် မျက်ဝန်းထဲမှ ရွှေရောင့်ဖျော့ဖျော့လေး တစ်ချက် လက်သွားသည်။ ထိုအရာမှာ သိသာအောင် မရှိသဖြင့် မည်သူမျှ သတိမထားမိလိုက်ပေ။
"သား ကျင့်စဉ်ဖြုတ်လိုက်ပြီပဲ။ သည်းခံခြင်း အဆင့် ရောက်တာ ဘယ်လိုလဲ" စောရဝိဇ္ဇာ အပြုံးဖြင့် မေးလိုက်သည်။
"သားတစ်ကိုယ်လုံး ငြိမ်ကျသွားတယ် အဖေ။ အရင်က မမြင်တာတွေကို အခု မြင်နိုင်သွားတယ်။ လောကကြီးက ပိုပြီး အဓိပ္ပါယ်ရှိသွားသလိုပဲ" အနွယ်တော် သူ့ခံစားချက်များကို ပြောပြလိုက်သည်။
"သည်းခံခြင်းဆိုတာ ဒါပဲ။ စိတ်က ငြိမ်သွားရင် တစ်ခုချင်းကို သေချာ အာရုံစိုက်နိုင်တာမို့ အရင်က မမြင်ခဲ့တာတွေကို မြင်လာတာပေါ့" စောရဝိဇ္ဇာက သေချာ ရှင်းပြလိုက်သည်။
အနွယ်တော် ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။ သူသည်လည်း ထိုအရာကို သတိထားမိပေသည်။
"ဒါဆို နောက်တစ်ဆင့်အတွက် သား ရွေးချယ်ရတော့မယ်။ လောကကြီးဆီက စွမ်းအင်တွေကို စုပ်ယူပြီး အဆင့်တက်မလား၊ ကိုယ်တိုင် စွမ်းအင်လုပ်ပြီး အဆင့်တက်မလားဆိုတာ သား ရွေးချယ်ရတော့မယ်။ သူ့လမ်းနဲ့သူတော့ အကောင်း အဆိုး ရှိတယ်။ ဒီရွေးချယ်မှုက သားဘဝကို အဆုံးအဖြတ် ပေးမှာမို့ သား အချိန်ယူပြီး စဉ်းစားသင့်တယ်" စောရဝိဇ္ဇာက အလေးအနက် ရှင်းပြသည်။
"စဉ်းစားစရာ မလိုတော့ပါဘူး အဖေ။ သား ကိုယ်တိုင်ပဲ စွမ်းအားလုပ်မယ်၊ သိဒ္ဓိတင်မယ်။ ဒါက အကောင်းဆုံး လမ်းကြောင်းဆိုမှတော့ အကောင်းဆုံးကို ရွေးချယ်မယ်" အနွယ်တော် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
"ကောင်းပြီ သား။ ငါ့သားဖြစ်ချင်တာကို အဖေက ဘေးကနေ ပံ့ပိုးပေးမှာပါ။ သား ရှေ့ဆက်မယ့် လမ်းကို ရဲရဲသာ လျှောက်လမ်းပါ" စောရဝိဇ္ဇာ စကားပြောပြီးသည်နှင့် ရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်အား ထုတ်ယူလိုက်သည်။
"ဒါက အဖေ လျှို့ဝှက်နေရာက တွေ့ခဲ့တဲ့ သိုင်းပညာပဲ။ အဖေကိုယ်တိုင်တော့ ပညာရပ်ရဲ့ လိုအပ်ချက်ကြောင့် လေ့ကျင့်လို့ မရခဲ့ဘူး။ ဒါကြောင့် အဖေ ပညာရပ်တစ်ခုလုံးကို အလွတ်ကျက်ထားခဲ့တာ။ ဒါက အဖေ ကျက်ထားတာတွေ ချရေးထားတဲ့ စာအုပ်ပဲ။ ရော့... သား ယူလိုက်" စောရဝိဇ္ဇာက သိုင်းပညာကို အနွယ်တော်အား ပေးလိုက်သည်။
အနွယ်တော် စာအုပ်ကို ယူကာ မျက်နှာဖုံးတွင် ရေးထားသည့် နာမည်အား ဖတ်ကြည့်လိုက်သည်။
"နှောင်ကြိုးမဲ့ ဓားသိုင်း ၉ ကွက် ဆိုပါလား။ စိတ်ဝင်စားစရာပဲ" အနွယ်တော် ဓားပညာရပ် နာမည်အား ရေရွတ်ကာ စာအုပ်ကို လှန်ကြည့်လိုက်သည်။
မိတ်ဆက်တွင် ဖော်ပြထားသည်မှာ ဤပညာရပ်အား လေ့ကျင့်ရန်အတွက် အလင်းရောင်ကို ကိုယ်စားပြုသည့် အရှိန်အဝါ ရှိရမည်ဟု ဆိုထားသည်။ ကိုယ်စားပြု အရှိန်အဝါဆိုသည်မှာ လူတစ်ယောက်၏ စိတ်ဓာတ်အပေါ် မူတည်၍ ထွက်ပေါ်လာသော အရှိန်အဝါပင် ဖြစ်သည်။
အလင်းရောင်ဆိုသည်မှာ အမှောင်ကို ခွင်းသည့် ဓာတ်တစ်မျိုး ဖြစ်သည်။ ဆိုလိုသည်မှာ ဤပညာရပ်အား လူကောင်းများသာ လေ့ကျင့်နိုင်မည် ဖြစ်သည်။ အနွယ်တော်အတွက် ထိုပညာရပ်မှာ လွန်စွာ ကိုက်ညီပေသည်။
"အဖေက သားကို အတော် အထင်ကြီးနေတာပဲ။ သားက တကယ်ပဲ လူကောင်းဖြစ်မှာလားဆိုတာ မသေချာဘူးလေ။ အနာဂတ်ဆို ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ တချိန်ချိန်ရောက်ရင် သားလည်း ဆိုးချင်း ဆိုးသွားနိုင်တာပဲ" အနွယ်တော်က အပြုံးဖြင့် ပြောသည်။
"ကိုယ့်သားအကြောင်း ကိုယ်မသိရင် အဖေ လုပ်နေတာ အလကား ဖြစ်သွားမှာပေါ့။ အဖေက သား အဖေပါကွာ။ ငါ့သားက အမှောင်ထဲမှာ လုံးဝ နေမှာ မဟုတ်ဘူး" စောရဝိဇ္ဇာက သေချာစွာ ပြောသည်။
"အဖေ မျက်နှာပျက်အောင် သား မလုပ်ပါဘူး အဖေရယ်။ ဒီပညာရပ်ကို သား တန်ဖိုးထားပြီး သုံးပါ့မယ်" အနွယ်တော် ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကဲ... စကားပြောနေတာ တော်လောက်ပြီ။ ညစာ စားချိန်ရောက်ပြီ။ သား နေ့လယ်စာတောင် မစားရသေးဘူး မဟုတ်လား။ အဖေ ဒီည သားကြိုက်တဲ့ ကြက်သားဟင်း ချက်ထားတယ်။ လာ ပြန်ရအောင်" စောရဝိဇ္ဇာ ထရပ်ကာ ဂိုဏ်းဆီ ဦးတည်လိုက်သည်။
အနွယ်တော်သည်လည်း စာအုပ်ကို ရင်ဘတ်ထဲကာ ဖခင်နောက်မှ လိုက်လာခဲ့တော့သည်။
***