အနွယ်တော်သည် ညစာစားပြီးနောက် ဖခင် ပေးထားသော စာအုပ်အား ထုတ်ကာ ဖတ်ကြည့်လိုက်သည်။ သိုင်းကွက် ကိုးကွက်စလုံးမှာ တစ်ဆင့်နှင့်တစ်ဆင့် ဆက်စပ်ကာ အကွက်များအား ကျော်ပြီး လေ့ကျင့်၍ မရပေ။ အရှိန်အဟုန်များမှာ ပထမအကွက်မှ စတင်ကာ နဝမအကွက်တွင် ဆုံးလေသည်။ ပထမအကွက်၏ အရှိန်ကို ယူကာ ဒုတိယအကွက်ဖြင့် တိုက်ခိုက်ရသဖြင့် တစ်ကွက်ပြီးတစ်ကွက် စွမ်းအားအဆင့်မှာ တိုးလာမည် ဖြစ်သည်။
အနွယ်တော်သည် ထိုဓားပညာကို အလွန် စိတ်ဝင်စားသွားသဖြင့် အာရုံ အပြည့်စိုက်လိုက်တော့သည်။ နောက်ဆုံး စာမျက်နှာအား ဖတ်ပြီးသည်တွင် အနွယ်တော် အသက်ပြင်းပြင်း ရှူမိသည်။ ဤပညာရပ်မှာ အလွန် အစွမ်းထက်လှချေသည်။
အနွယ်တော်သည် စာအုပ်ကို ခုံပေါ်တွင် အသာချကာ အခန်း အပြင်ဘက် ထွက်လာခဲ့သည်။ အပြင်သို့ ရောက်လာသည်တွင် ထင်းပုံထဲမှ ဓားနှင့်တူသော သစ်သားချောင်း တစ်ချောင်းကို ကောက်ယူလိုက်သည်။ ထို့နောက် အနွယ်တော်သည် သူဖတ်ထားသည့် ပထမဓားကွက်အကြောင်းကို ပြန်လည် ဆင်ခြင်လိုက်သည်။
ပထမဓားကွက်မှာ အလင်းဖွင့် ဖြစ်သည်။ ဓားသိုင်းကို စတင် လေ့ကျင့်ရန်အတွက် ပထမဆုံး လိုအပ်ချက်မှာ မိမိ၏ အရှိန်အဝါ ဖြစ်သည်။ အနွယ်တော်သည် သည်းခံခြင်း စွမ်းအားကို သုံးကာ အရှိန်အဝါအား အာရုံစိုက်ပြီး ဖွင့်လိုက်သည်။
"ဟုန်း..." အနွယ်တော်ဆီမှာ အဖြူရောင် အလင်းတန်းက ပွင့်ထွက်လာတော့သည်။
အဖြူရောင် အလင်းတန်း ထွက်ပေါ်လာသည်နှင့် အနွယ်တော်သည် ဓားချက်အား ရှေ့သို့ ပိုင်းချလိုက်သည်။ ဓားချက်ဆီမှ အလင်းစဖျော့ဖျော့မှာ ရှေ့သို့ ပြေးထွက်သွားကာ သစ်ရွက်လေးများကို လှုပ်ခတ်သွားစေသည်။ ဤသည်မှာ ပထမဓားကွက် အလင်းဖွင့် ဖြစ်ပေသည်။
အနွယ်တော်သည် ဒုတိယအကွက်ကို ဆက်လက် လေ့ကျင့်လိုက်သည်။ ဒုတိယ ဓားကွက်မှာ လေဟုန်စီး ဖြစ်သည်။ ဓားကွက်တွင် အရှိန်အဟုန်က အဓိက ဖြစ်သည်။ အနွယ်တော်သည် ပထမဓားကွက်ကို အဆုံးသတ်ထားသည် ဓားဦးအတိုင်း ပြန်ဝိုက်ကာ ဆက်ခုတ်လိုက်သည်။ ဤဓားသိုင်း၏ အနှစ်သာရမှာ ဓားချက်အား လုံးဝ မရုတ်သိမ်းရခြင်း ဖြစ်သည်။ နောက်ဆုတ်ကွက်၊ ကာကွယ်ကွက် လုံးဝ မရှိဘဲ ရှေ့သို့သာ တိုက်ခိုက်ရသည့် ဓားရေးမျိုး ဖြစ်လေသည်။
ထိုသည်မှာ အလွန်အမင်း လွှမ်းမိုးခြင်းအား ကိုယ်စားပြုပေသည်။ အကောင်းဆုံး တိုက်စစ်သည် အကောင်းဆုံး ခံစစ် ဖြစ်သည်။ သို့ဖြစ်ရာ မည်သို့ကြောင့် ခုခံရန် လိုမည်နည်း။
အနွယ်တော်သည် သိုင်းကွက်များအား ဆက်လက် လေ့ကျင့်ရင်း ပတ်ဝန်းကျင်အား သတိမမူမိတော့ပေ။ သူသိသည်မှာ ဓားအရှိန်အဟုန် မပျောက်မီ နဝမဓားကွက်ထိ လေ့ကျင့်ရန် ဖြစ်သည်။
အနွယ်တော်သည် တစ်ကွက်ချင်း လေ့ကျင့်လာရင်းဖြင့် နဝမအကွက်ထိ ရောက်လာသည်။ သို့သော် နဝမအကွက် ပြီးသွားပေမည့် အနွယ်တော်မှာ သတိပြန်မဝင်သေးဘဲ ပထမအကွက်က ပြန်စက လေ့ကျင့်သည်။
အနွယ်တော်သည် ဓားကွက်များအား လေ့ကျင့်နေရင်း တဖြည်းဖြည်းနှင့် ဓားချက်များက ပိုမို ပြင်းထန်လာသည်ကိုပင် သတိမထားမိတော့ပေ။ တစ်ခေါက်ပြီးလျှင် နောက်တစ်ခေါက် ပြန်စကာ အခေါက်ခေါက် အခါခါ လေ့ကျင့်နေသဖြင့် ပတ်ဝန်းကျင်မှ လေထုမှာ တဟုန်းဟုန်း မြည်နေတော့သည်။
အနွယ်တော်သည် ညသန်းခေါင်တိုင်သည်ထိ အရူးအမူး လေ့ကျင့်နေသည်။ သူ လေ့ကျင့်နေသည်ကို စောရဝိဇ္ဇာပင် မနေနိုင်တော့ဘဲ ထွက်လာကြည့်မိတော့သည်။
"ဒီသိုင်းကွက်ကို ပထမဆုံး လေ့ကျင့်တာနဲ့ အောင်မြင်သွားတာလား။ တကယ်ကို ကြောက်စရာကောင်းတဲ့ ပါရမီပဲ။ သိုင်းကွက်ကသာ သိဒ္ဓိဝင်သွားရင် ငါ့သား လမ်းကြောင်းပေါ် ရောက်မှာပဲ။ ဒီသိုင်းပညာကို လေ့ကျင့်ဖို့က လိုအပ်ချက်တွေ များတာ နှမြောစရာပဲ။ မဟုတ်ရင် ငါလည်း လေ့ကျင့်မိမှာ" စောရဝိဇ္ဇာ ရေရွတ်ကာ ကုလားထိုင်တွင် ထိုင်ကာ စောင့်ကြည့်နေလိုက်သည်။
စောရဝိဇ္ဇာသည် အချိန်ကြာလာသည်နှင့်အမျှ အံ့ဩနေသည်မှ တုန်လှုပ်သည်ထိ ဖြစ်လာသည်။ မည်မျှကြာသည်ထိ သူ လေ့ကျင့်နေမည်နည်း။ ဤမျှ ခက်ခဲသော သိုင်းပညာအား တစ်ခါတည်း သိဒ္ဓိဝင်အောင် လေ့ကျင့်တော့မည်လော။ သူ မည်သို့သော မကောင်းဆိုးဝါးအား မွေးထားမိသနည်း။
အနွယ်တော်သည် စိတ်ကသာ ဆောင်နေသော်လည်း လူက မလိုက်နိုင်တော့ပေ။ သူ ခုတ်နေသည့် ဓားချက်များမှာ တဖြည်းဖြည်း နှေးလာနေသည် မဟုတ်လော။ သို့သော်လည်း သူသည် သတိမထားမိဘဲ လေ့ကျင့်ရာတွင်သာ နစ်မျောနေတော့သည်။
ထိုအချိန်တွင် ဓားကွက်မှာ အဖြူရောင် အလင်းများ ထွန်းလင်းစွာ တောက်ပလာပြီး သိဒ္ဓိဝင်လာတော့သည်။ အနွယ်တော်သည် ဆွဲငင်ခြင်း အဆင့်သို့ တရားဝင် ရောက်ရှိသွားတော့သည်။ ဆွဲငင်ခြင်းဆိုသည်မှာ သိဒ္ဓိစွမ်းအားကို မိမိထံ ဆွဲငင်ရခြင်း ဖြစ်သည်။ ယခုတော့ အနွယ်တော် ထိုအဆင့်သို့ ရောက်ပြီ ဖြစ်သည်။
စောရဝိဇ္ဇာသည်တော့ မျက်လုံး အဝိုင်းသားဖြင့် ကြည့်နေမိတော့သည်။ သူ အံ့ဩဖို့ကိုပင် မေ့နေပြီ ဖြစ်သည်။ ထိုမျှ ပါရမီရှိသော လူတစ်ယောက်အား သူ့တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်မျှ မမြင်ဖူးသလို ကြားလည်း မကြားဖူးပေ။ စောရဝိဇ္ဇာ သက်ပြင်းချကာ ခေါင်းယမ်းလိုက်မိသည်။ သူ့တုန်းက ထိုအဆင့်ရောက်ဖို့ ယူခဲ့ရသည့် အချိန်များကို တွေးရင်း စောရဝိဇ္ဇာ သားဖြစ်သူအား မနာလိုပင် ဖြစ်သွားရသည်။
စောရဝိဇ္ဇာ သက်ပြင်းတချချ ဖြစ်နေချိန်တွင် အနွယ်တော်သည်လည်း အာရုံမှ နိုးထလာသည်။ အနွယ်တော်သည် နိုးလာသည်နှင့် သူ့တစ်ကိုယ်လုံး အင်အားတစ်စက်မျှ မရှိတော့သလို ခံစားလိုက်ရသည်။ ထို့နောက် သူသည် နေရာတွင်ပင် ပြိုလဲကာ သတိမေ့သွားတော့သည်။
"သားရေ" စောရဝိဇ္ဇာ ထိုင်ရာမှ အပြေးထလာကာ အနွယ်တော်အား ဖမ်းထားလိုက်သည်။ သူ စိုးရိမ်စွာဖြင့် အခြေအနေအား စစ်ဆေးကြည့်လိုက်ရာ လေ့ကျင့်ချိန် များသွားသဖြင့် ပင်ပန်းခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအရာကို သိလိုက်ရသဖြင့် သူ စိတ်သက်သာရာ ရသွားလေသည်။
စောရဝိဇ္ဇာသည် အနွယ်တော်အား ပွေ့ချီကာ ကျောင်းဆောင်ထဲသို့ ပြန်ဝင်လာခဲ့သည်။ အထဲရောက်သည်တွင် သူသည် အနွယ်တော်အား ခုတင်ပေါ်တွင် အသာ ချကာ အံဆွဲထဲမှ ဆေးပုလင်းကို ထုတ်ယူလိုက်သည်။ သူသည် ဆေးပုလင်းကို အဖုံးဖွင့်ကာ အနွယ်တော်အား တိုက်လိုက်သည်။ ထိုဆေးမှာ အနှစ်သာရဆေး ဖြစ်ပြီး သူ တောင်အောက်ဆင်းချိန်က ဝယ်လာခဲ့ခြင်း ဖြစ်သည်။
အနှစ်သာရဆေးသည် ခန္ဓာကိုယ်အတွင်းက ကုန်ဆုံးသွားသော အနှစ်သာရများကို ပြန်လည် ဖြည့်တင်းပေးသည့် ဆေးဖြစ်သည်။ ထိုဆေးက သိုင်းဝိဇ္ဇာများအတွက်သာမက လူတိုင်းအတွက်ပါ လိုအပ်သည်။ လူတိုင်းက ပညာရပ်များအား လေ့ကျင့်ရာတွင် အားစိုက်ရသဖြင့် ပင်ပန်းတတ်သည် မဟုတ်လော။
စောရဝိဇ္ဇာသည် အနွယ်တော်အား ဆေးတိုက်ပြီးနောက် စောင်လွှမ်းခြုံပေးကာ စောင့်ကြည့်နေသည်။ အခြေအနေက မစိုးရိမ်ရသော်လည်း သူ တစ်ခုခု မလွဲမခံနိုင်ပေ။
အနွယ်တော်သည် သူ မသိသော လေဟာနယ်ထဲတွင် ရောက်နေသည်။ အဝေးက နဂါးငွေ့တန်းကြီးမှာလည်း တဖျပ်ဖျပ် လက်နေလျက် လွန်စွာမှ ထည်ဝါနေလေသည်။ အနွယ်တော် အောက်သို့ ငုံ့ကြည့်လိုက်ရာ ဂြိုဟ်သေးသေးလေးများ ဟိုတစ်စု သည်တစ်စု ရှိနေကြောင်း မြင်လိုက်ရသည်။ ထိုဂြိုဟ်များမှာ နဂါးငွေ့တန်း တစ်လျှောက် တဖြည်းဖြည်း လည်ပတ်နေသည်။
ထိုအချိန်တွင် သူ လူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။ ထိုလူက သူနှင့် အလွန် ဝေးကွာနေသော်လည်း သူ မြင်နိုင်နေသည်မှာ ထူးဆန်းလှချေသည်။ ထိုလူသည် ဟင်းလင်းပြင် နယ်နိမိတ်များကို ကျော်ဖြတ်ကာ လမ်းလျှောက်နေသည်။ သူ ခြေလှမ်းလိုက်တိုင်း စကြဝဠာများမှာ နောက်တွင် တရိပ်ရိပ် ကျန်ခဲ့သည်။
အနွယ်တော်မှာ ထိုမြင်ကွင်းအား ကြည့်ကာ မည်သို့ အံ့ဩရမှန်းပင် မသိတော့ပေ။ လူတစ်ယောက်က ထိုမျှ မြန်ဆန်နိုင်သည်လော။ ထိုမျှ တန်ခိုးကြီးသော လူက မည်သို့ ရှိနေရသနည်း။
ထိုလူသည် စကြဝဠာများကြား ဖြတ်သန်းရင်း တစ်နေရာ အရောက်တွင် ရပ်သွားသည်။
"စိတ်ဝင်စားစရာပဲ" ထိုလူက စကြဝဠာတစ်ခုအား စိုက်ကြည့်ကာ ပြောလိုက်တော့သည်။
***