အနွယ်တော်သည် ထိုလူ ကြည့်နေသော နေရာအား လှမ်းကြည့်လိုက်သည်တွင် မြင်းမိုရ်တောင်ကို ဝန်းရံကာ ဘုံများ တည်ရှိနေသည့် စကြဝဠာတစ်ခုအား မြင်လိုက်ရသည်။ ထိုအရာမှာ သူတို့ စကြဝဠာပင် ဖြစ်သည်။ စာပေထဲက မြင်းမိုရ်တောင်ကို အပြင်တွင် မြင်လိုက်ရသဖြင့် အနွယ်တော် တအံ့တဩ ဖြစ်နေသည်။
အနွယ်တော် ထိုလူအား ပြန်ကြည့်လိုက်သည်တွင် ထိုလူက လက်ဟန်တစ်မျိုးဖြင့် စကြဝဠာတစ်ပိုင်းတစ်စအား ဆွဲဆုတ်နေကို မြင်လိုက်ရသည်။ အနွယ်တော်မှာ ဖြစ်ရပ်များကို ဆက်၍ မအံ့ဩနိုင်တော့ပေ။ အဆင့်အတန်းချင်းက မရေမတွက်နိုင်အောင် ကွာခြားလှသဖြင့် သူ မြင်ကွင်းများကို မမှိတ်မသုန်ဖြင့်သာ စိုက်ကြည့်နေမိတော့သည်။
ထိုလူသည် စကြဝဠာ အပိုင်းအစအား လက်နှစ်ဖက်ဖြင့် ဖိသိပ်ကာ စာရွက်အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် စာရွက်ပေါ်တွင် တစ်စုံတစ်ခုအား လက်ညှိုးဖြင့် ချရေးနေသည်။
သူသည် ရေးချပြီးသည်နှင့် စာရွက်ကို ခေါက်ကာ အနွယ်တော်တို့ စကြဝဠာထဲသို့ အရေးမပါသည့် အရာတစ်ခုအလား ပစ်ချလိုက်သည်။ ထိုလူသည် စာရွက်ကို ပစ်ချပြီးသည်နှင့် အဝေးသို့ တရွေ့ရွေ့ ထွက်ခွာသွားတော့သည်။
ထိုလူ ထွက်သွားသည်နှင့် မြင်ကွင်းများမှာ အမှောင်အတိကျကာ ပျောက်ကွယ်သွားတော့သည်။ အနွယ်တော် မျက်လုံး ဖွင့်လိုက်သည်တွင် ကျောင်းဆောင်ထဲသို့ ပြန်ရောက်နေကြောင်း သိလိုက်ရသည်။ မနက်ခင်း မိုးစင်စင်လည်း လင်းနေပြီ ဖြစ်သည်။
"ငါ အိပ်မက် မက်နေတာပဲ။ တော်တော် ထူးဆန်းတဲ့ အိပ်မက်ပဲ။ ဟာ... မိုးတောင် လင်းနေပြီပဲ" အနွယ်တော် အချိန်ကို သတိရသွားသဖြင့် အလောတကြီး ဖြစ်သွားသည်။
သို့ဖြင့် အနွယ်တော်သည် အိပ်မက်အကြောင်း ပြန်မတွေးအားဘဲ အိပ်ရာမှ အလျင်အမြန် ထကာ ကျောင်းပြင်ထွက်၍ မျက်နှာသစ်လိုက်သည်။
"သား နိုးလာပြီလား။ နေရာတာ သက်သာရဲလား" စောရဝိဇ္ဇာသည် မီးဖိုထဲမှ ထွက်လာကာ အနွယ်တော်အား မေးလိုက်သည်။
အနွယ်တော်သည် မျက်နှာသုတ်ကာ ဖခင်အား ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"သက်သာပါတယ် အဖေ။ ဒါနဲ့ ညက သား ဘာဖြစ်တာလဲ။ ရုတ်တရက်ကြီး အားအင်တွေ အကုန် ကုန်ဆုံးသွားတယ်" အနွယ်တော် နားမလည်နိုင်စွာ မေးသည်။
"ငါ့သား လေ့ကျင့်နေတာ တစ်ညလုံးနီးပါးပဲလေ။ အားအင်ကုန်ဆုံးတာ ဘာဆန်းလဲ။ သား ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ကြည့်ပါဦး။ ဘာတွေ ထူးခြားနေလဲ သားသိလိမ့်မယ်" စောရဝိဇ္ဇာ ပြုံးကာ ပြောသည်။
အနွယ်တော် ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ကြည့်လိုက်သည်တွင် ခန္ဓာကိုယ်အတွင်း၌ သိဒ္ဓိစွမ်းအားများ လည်ပတ်နေသည်ကို သတိပြုမိလိုက်သည်။ ထိုသည်မှာ သူ သိဒ္ဓိစွမ်းအားကို ဆွဲငင်နိုင်ပြီး ဆွဲငင်ခြင်း အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သက်သေပင်။
"သား... သား ဆွဲငင်ခြင်း အဆင့်ကို ရောက်သွားပြီလား။ အဖေ ပြောတော့ ဒီအဆင့်ရောက်ဖို့က ခက်ခဲတယ်ဆို။ အခုကျ ဘာဖြစ်လို့ ဒီလောက် လွယ်နေတာလဲ။ အဖေ မှားနေတာလား" အနွယ်တော် အံ့ဩစွာ မေးလိုက်သည်။
စောရဝိဇ္ဇာ နှုတ်ခမ်းများ ရွဲ့သွားလေသည်။ ထိုသည်မှာ သူ မှားခြင်း မဟုတ်ဘဲ သားဖြစ်သူကသာ ပါရမီ အလွန် ကောင်းနေခြင်း ဖြစ်သည်။ စောရဝိဇ္ဇာ ထိုအကြောင်းများကို ဆက်မတွေးတော့ဘဲ လျစ်လျူရှုလိုက်သည်။ ထိုအကြောင်းအား ပြန်တွေးနေလျှင် သူက အသုံးမကျကြောင်း ပို၍ ပေါ်လွင်နေသည် မဟုတ်လော။
"ဒီအကြောင်းကို ထားလိုက်စမ်းပါ။ အခု သားက ဆွဲငင်ခြင်း အဆင့်ကို ထင်ထားတာထက် ပိုပြီး မြန်မြန် ရောက်နေတော့ အဖေတို့ ခရီးထွက်ဖို့ အဆင်သင့် မဖြစ်သေးဘူး။ သား လေ့ကျင့်စရာရှိတာ ဆက်လေ့ကျင့်ထား။ ဒီလကုန်ရင် အဖေတို့ ရှမ်းဗဲလား ကုန်းမြေကို သွားကြမယ်" စောရဝိဇ္ဇာ ထိုသို့ ပြောကာ ကျောင်းဆောင်ထဲ ဝင်သွားတော့သည်။
အနွယ်တော်သည် ဖခင်၏ နောက်ကျောအား ကြည့်ရင်း နားမလည်နိုင် ဖြစ်နေသည်။ ဖခင်ဖြစ်သူကို ကြည့်ရသည်မှာ တစ်ခုခုအား စိတ်ဆိုးနေသလိုပင်။ မည်သည်ကို စိတ်ဆိုးနေမှန်း သူ မသိပေ။ သူ စကားပြော မမှားကြောင်းလည်း သေချာပေသည်။
"လူကြီးတွေက နားလည်ဖို့ ခက်တာပဲ" အနွယ်တော် ခေါင်းယမ်းကာ အဖီတဲထဲသို့ မနက်စာ စားရန် သွားလိုက်တော့သည်။
မနက်စာ စားပြီးနောက် အနွယ်တော်သည် စာသင်ကျောင်းဆောင်သို့ ထွက်လာခဲ့သည်။ ယနေ့တွင် ဦးဒီပါက ပထမဆုံး စာစသင်မည် ဖြစ်သည်။ သူ ကျောင်းဆောင်သို့ ရောက်လာသည်တွင် လူစုံနေပြီ ဖြစ်သည်။ အနွယ်တော် နောက်နားတွင် ထိုင်ကာ ပတ်ဝန်းကျင်အား တစ်ချက် ကြည့်လိုက်သည်။
"ဟေ့ အနွယ်တော် ငါ ပြောတဲ့ စာအုပ် ယူလာခဲ့လား" မနေ့က စာအုပ်မှာလိုက်သော ရသေ့ငယ်က အနွယ်တော်အား လှမ်းမေးသည်။
"မနေ့က စာကြည့်တိုက် မသွားဖြစ်လို့ မယူခဲ့ရဘူး။ ရသေ့လေး အရေးကြီးရင် အခု ပြန်တာနဲ့ သွားယူပေးမယ်လေ" အနွယ်တော်က အားတုံ့အားနာ ပြောလိုက်သည်။
"ရတယ်၊ ရတယ် အရေးမကြီးဘူး။ သွားဖြစ်လို့ ကြုံရင်သာ ယူလာခဲ့ပေး" ရသေ့ငယ်က ခေါင်းယမ်းကာ ပြောသည်။
"ကောင်းပါပြီ" အနွယ်တော် ခေါင်းညိတ်ကာ ပြောလိုက်သည်။
မကြာခင် ဦးဒီပါက စာအုပ် အထူကြီး ကိုင်ကာ ရောက်လာသည်။ သူသည် ရောက်သည်နှင့် ရှေ့ဆုံးသို့ လျှောက်သွားကာ ထိုင်လိုက်သည်။
"ကဲ... ဒီနေ့တော့ ရသေ့ငယ်တို့ကို ရှေ့က ဦးဇောတိ မပြတ်သေးတဲ့ သင်ခန်းစာကနေ ဆက်သင်ပေးမယ်။ အားလုံး သေချာ အာရုံစိုက်ပေးကြပါ" ဦးဒီပါက ထိုသို့ ပြောကာ စာအုပ်အထူကြီးကို ဖွင့်၍ စာစသင်တော့သည်။
အနွယ်တော်သည် ဦးဒီပါ သင်ပြသော သင်ခန်းစာများအား သေချာ လိုက်မှတ်ကာ သင်ယူသည်။ စာသင်ရာတွင် သူ မည်သည့် အချိန်မှ အာရုံမပျံ့လွင့်ပေ။
တစ်နာရီခန့် အကြာတွင် ဦးဒီပါက သင်ခန်းစာအား လက်စသတ်ကာ စာအုပ်အထူကြီးကို ပိတ်လိုက်သည်။
"ဒီနေ့တော့ ဒီလောက်ပဲ။ ကဲ... သင်ခန်းစာကို ကျောင်းဆောင်ရောက်ရင် ကျေညက်အောင် ပြန်နွှေးဖို့ မှာချင်ပါတယ်။ ပြန်လို့ရပါပြီ" ဦးဒီပါက ပြောပြီးသည်နှင့် အပြင်သို့ ပြန်ထွက်သွားတော့သည်။
ရသေ့ငယ်များသည်လည်း အလျှိုလျှိုဖြင့် ထွက်သွားကြသည်။ အနွယ်တော်လည်း နောက်မှ လိုက်လာရင်း အိပ်မက်အကြောင်း ပြန်သတိရသွားသည်။
အိပ်မက်ထဲက လူက အလွန် ထူးခြားပေသည်။ သူ လွင့်ပစ်လိုက်သော စာအုပ်က မည်သည့်နေရာသို့ ရောက်သွားသနည်း။ ထိုသို့သော ပုဂ္ဂိုလ်မျိုးက ဖန်တီးလိုက်သော ပညာရပ်မှာ လွန်စွာ တန်ခိုးကြီးမည် ဖြစ်ကြောင်း ပြောစရာပင် မလိုချေ။
အနွယ်တော်သည် ကျောင်းဆောင်သို့ ပြန်ရောက်လာသည်တွင် မနေ့ညက သူလေ့ကျင့်ခဲ့သော သစ်သားဓားကို ကောက်ကာ နှောင်ကြိုးမဲ့ ဓားသိုင်းအား ပြန်လေ့ကျင့်တော့သည်။ ဓားကွက်များမှာ ပိုမို ချောမွေ့လာသည်နှင့်အမျှ သိဒ္ဓိစွမ်းအားများက အလင်းရောင် ပိုထွက်လာသည်။ အစက ဖျော့ဖျော့လေးသာ ထွက်သော အလင်းရောင်းမှာ ယခုတွင် အလင်းတန်းအဖြစ် ပြောင်းသွားပြီ ဖြစ်သည်။
အနွယ်တော်သည် တစ်နာရီခန့် လေ့ကျင့်ပြီးနောက် ခဏ အနားယူလိုက်သည်။ သူသည် ကုလားထိုင်တွင် ဝင်ထိုင်ကာ အိပ်မက်အကြောင်းအား ပြန်တွေးမိသည်။
အိပ်မက်အကြောင်း ထပ်ခါထပ်ခါ စဉ်းစားနေသဖြင့် အနွယ်တော်သည် သူ အစက သတိမထားသော အရာတစ်ခုကို သတိထားမိသွားသည်။ ထိုလူ လမ်းလျှောက်နေသည်မှာ သူတို့ ပုံမှန် လမ်းလျှောက်နေသည်နှင့် မတူပေ။ ထိုလူ လမ်းလျှောက်ပုံမှာ လောကနှင့် တစ်သားတည်းကျနေသလို ဖြစ်ပြီး ခြေလှမ်းများမှာလည်း တစ်လှမ်းနှင့်တစ်လှမ်း မတူကြောင်း အနွယ်တော် သတိထားမိသွားသည်။
အနွယ်တော်သည် ထိုအကြောင်းကို သတိထားမိသည်နှင့် ချက်ချင်း ထကာ ထိုခြေလှမ်းများအတိုင်း အတုယူကာ လျှောက်ကြည့်လိုက်တော့သည်။
***