အနွယ်တော်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကြည့်လိုက်သည်။ သို့သော် မည်သည်မျှ မထူးခြားပေ။ ပုံမှန် ခြေလှမ်းများကဲ့သို့ပင် ရှိသည်။ သို့ဖြစ်ရာ အနွယ်တော်သည် သူ့ခြေလှမ်းများမှာ လိုအပ်ချက်များ ရှိနေကြောင်း သိသွားသည်။ အနွယ်တော် မျက်လုံးမှိတ်ကာ ထိုလူ၏ခြေလှမ်းများအား ပြန်တွေးကြည့်သည်။
အနွယ်တော်သည် မျက်လုံး မှိတ်ထားရင်း ထိုလူ၏ ခြေလှမ်း တစ်လှမ်းချင်းစီအား အသေးစိတ် ပြန်တွေးနေသည်။ တစ်နာရီ၊ နှစ်နာရီ စသဖြင့် လေးနာရီခန့် ကြာသွားသည်တွင် အနွယ်တော် မျက်လုံးပွင့်လာခဲ့သည်။
"ဟိုလူ ငါ့အိပ်မက်ထဲမှာ ခြေလှမ်း ၇ လှမ်း လျှောက်သွားခဲ့တယ်။ အဲဒီ ၇ လမ်းက စကြဝဠာတွေ အများကြီးကို ကျော်ဖြတ်သွားတယ်။ သူ့ခြေလှမ်းတွေက လေပေါ်မှာ ရှိတာလည်း မဟုတ်သလို ဟင်းလင်းပြင်ပေါ်မှာလည်း ရှိတာ မဟုတ်ဘူး။ သူက ဘယ်ပေါ် နင်းပြီး လမ်းလျှောက်နေတာလဲ" အနွယ်တော် တစ်စုံတစ်ခုအား သဘောပေါက်သွားသည်။
"သူက အမြင့်ဆုံး နယ်ပယ်ပေါ်မှာ နင်းပြီး လမ်းလျှောက်တာ ဖြစ်ရမယ်။ ငါကတော့ အဲဒီအဆင့်ကို ကြည့်ပြီး လေ့ကျင့်လို့ မရဘူး။ အစကနေ စရမယ်။ ငါက မြေကြီးပေါ်မှာ နင်းပြီး စရမယ်။ ဒါပေမဲ့ ဘယ်လို စရမှာလဲ။ သူက ပုံမှန်အတိုင်း လမ်းလျှောက်နေတာပဲ" အနွယ်တော် အတွေးနက်သွားသည်။
ထိုသို့ဖြင့် အနွယ်တော်သည် မည်သည့်အရာ လိုအပ်နေသနည်းဟု စဉ်းစားနေချိန်တွင် စောရဝိဇ္ဇာက ပြန်ရောက်လာသည်။
"သား အဲဒီမှာ ငူငူကြီး ရပ်ပြီး ဘာလုပ်နေတာလဲ။ ဓားသိုင်း လေ့ကျင့်ရတာ အဆင်မပြေဘူးလား" စောရဝိဇ္ဇာ ပြုံးကာ မေးလိုက်သည်။
အနွယ်တော် နောက်လှည့်ကြည့်လိုက်ရာ ပလိုင်းထဲတွင် သီးနှံများ ထည့်ကာ လွယ်ထားသည့် ဖခင်အား မြင်လိုက်ရသည်။
"အဖေ ဘယ်သွားနေတာလဲ။ သား ရောက်ကတည်းက အဖေ့ကို မတွေ့ရဘူး" အနွယ်တော် ဖခင်အား မြင်လိုက်ရသဖြင့် မေးလိုက်သည်။
"ဂိုဏ်းက လယ်တောဆီ သွားတာပါ။ ကပ္ပိယ အဖွဲ့အစည်းက လူတွေ အဲဒီမှာ သီးနှံ ရိတ်သိမ်းနေကြတယ်။ ဒါကြောင့် အဖေတို့ ခရီးထွက်ဖို့အတွက် လိုအပ်တဲ့ ရိက္ခာတွေ သွားယူနေတာ" စောရဝိဇ္ဇာက ကျောင်းဆောင်ဆီ လျှောက်သွားကာ ပလိုင်းအား ချလိုက်သည်။ ထို့နောက် လည်ပင်းက တဘက်ဖြင့် ချွေးသုတ်ပြီး ကုလားထိုင်တွင် ဝင်ထိုင်ကာ ဆေးတံဖွာလိုက်သည်။
ကပ္ပိယ အဖွဲ့အစည်းဆိုသည်မှာ ဗုဒ္ဓဂိုဏ်းအတွက် လိုအပ်သည်များကို ဖြည့်စည်းပေးသည့် လက်အောက်ခံ အဖွဲ့အစည်းတစ်ဖွဲ့ ဖြစ်သည်။ ဗုဒ္ဓဂိုဏ်း၏ စီးပွားရေးများကို ထိုအဖွဲ့အစည်းကသာ ဦးစီး လုပ်ကိုင်ပေးကြသည်။ ထို့ကြောင့်လည်း ဗုဒ္ဓတပည့်များမှာ အပူအပင် မရှိဘဲ ကျင့်ကြံနိုင်ကြခြင်း ဖြစ်သည်။
"ဒါနဲ့ သား ဘာလို့ ဒီတိုင်း ရပ်နေတာလဲ မဖြေရသေးဘူးနော်" စောရဝိဇ္ဇာက ဆေးတံဖွာရင်း မေးသည်။
"ဒီလိုပါ အဖေ" အနွယ်တော်က သူ့အိပ်မက် အကြောင်းကို အစအဆုံး ပြောပြကာ သူ အဘယ်ကြောင့် ရပ်နေမှန်း ရှင်းပြလိုက်သည်။
"ခြေတစ်လှမ်းနဲ့ စကြဝဠာတွေကို ကျော်ဖြတ်တယ် ဟုတ်လား။ တော်တော် အဓိပ္ပါယ်မရှိတဲ့ ကိစ္စပဲ။ စကြဝဠာကို ဆွဲဆုတ်ပြီး စာရွက်ဖြစ်အောင် ဖိသိပ်လိုက်တယ်တဲ့လား။ ဟာသပဲ" စောရဝိဇ္ဇာ ထိုအကြောင်းကို မည်သို့မျှ လက်မခံနိုင်ပေ။ အထက်ဘုံက မဟာပုဂ္ဂိုလ်များပင် ထိုအဆင့်နှင့် မိုးနှင့်မြေပမာ ကွာခြားနေသည်။ လူတစ်ယောက်က ထိုမျှထိ တန်ခိုးကြီးနိုင်မည် မဟုတ်ပေ။
"သား အဓိပ္ပါယ် မရှိတာတွေနဲ့ အချိန်ကုန် မခံနဲ့။ ဓားသိုင်းလေ့ကျင့်ပြီးတော့ သိဒ္ဓိစွမ်းအား တင်ဖို့ပဲ အာရုံစိုက်ပါ။ နောက်တစ်ဆင့် မာကျောခြင်းက လူတိုင်းအတွက် အခက်ခဲဆုံးပဲ။ သားအတွက်လည်း ခြွင်းချက် ရှိမှာ မဟုတ်ဘူး" စောရဝိဇ္ဇာသည် သားဖြစ်သူအား သတိပေးကာ ရေချိုးရန်အတွက် မြစ်ငယ်ဘက်သို့ ထွက်သွားတော့သည်။
အနွယ်တော် တိတ်ဆိတ်ကာ ဖခင်အား ခေါင်းညိတ်ပြလိုက်သည်။ သူ လုပ်နေသည်က အဓိပ္ပါယ် မရှိသည်လော။ မဖြစ်နိုင်ပေ။ လုပ်မကြည့်ရသေးဘဲ မဖြစ်နိုင်ဟု ထင်ကာ လက်လျော့လိုက်လျှင် ထိုသည်က လုံးဝ ဖြစ်လာတော့မည် မဟုတ်ပေ။ သူ ကြိုးစားကြည့်ပြီး မဖြစ်မှ လက်လျော့လျှင်လည်း နောက်ကျမည် မဟုတ်ပေ။
အနွယ်တော်သည် ထိုခြေလှမ်းကို ဆက်လက် ဆင်ခြင်လိုက်သည်။ သို့သော် သူ မည်သည့်အရာ လိုအပ်နေမှန်း စဉ်းစားမရသေးပေ။
အနွယ်တော် မျက်လုံးကို ပြန်ဖွင့်ကာ ကောင်းကင်အား မော့ကြည့်လိုက်သည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ခြေလှမ်းကို တွေးနေရုံဖြင့် မသိလျှင် ကိုယ်တိုင် လှမ်းကြည့်ရပေမည်။
အနွယ်တော် ထိုသို့ တွေးကာ ပထမခြေလှမ်းကို လှမ်းလိုက်သည်။ ယခင်နှင့် မထူးစွာ ထိုသည်က သာမန် ခြေလှမ်းပင် ဖြစ်သည်။ အနွယ်တော် ထိုသည်ကို ဂရုမစိုက်ဘဲ ဒုတိယ ခြေလှမ်းကို လှမ်းလိုက်သည်။ ပထမခြေလှမ်းနှင့် အတူတူပင် ဖြစ်သော်လည်း အနွယ်တော် တတိယခြေလှမ်းကို လှမ်းလိုက်သည်။ သို့သော်ဖြင့် အနွယ်တော်သည် ထူးဆန်းသည့် ဟန်ပန်များပင် ကျောင်းဆောင်ဝင်းထဲ လျှောက်သွားနေတော့သည်။ ရှေ့တွင် လေ့ကျင့်ခဲ့သော နှောင်ကြိုးမဲ့ ဓားသိုင်းကဲ့သို့ အနွယ်တော်သည် အဆက်မပြတ်အောင်သာ လေ့ကျင့်နေတော့သည်။
အနွယ်တော် ကျောင်းဝင်းထဲ လမ်းပတ်လျှောက်နေချိန်တွင် စောရဝိဇ္ဇာမှာ ရေချိုးပြီး ပြန်ရောက်လာသည်။ သူ ပြန်ရောက်လာသည်နှင့် အနွယ်တော်အား မြင်လိုက်ရာ ခေါင်းသာ ယမ်းမိတော့သည်။ ယခုခေတ် ကလေးများက လွန်စွာ ခေါင်းမာပေသည်။ သို့သော်လည်း စောရဝိဇ္ဇာ အပြစ်မတင်ဘဲ အနွယ်တော်အား လွှတ်ထားပေးလိုက်သည်။ နောက်မှ အဓိပ္ပါယ် မရှိမှန်း သိသွားလျှင် သူ ရပ်သွားမည် မဟုတ်လော။
စောရဝိဇ္ဇာသည် အဝတ်အစားလဲပြီးနောက် အပြင်သို့ ပြန်ထွက်သွားလေသည်။ သားဖြစ်သူအား လွှတ်ထားပေးချင်၍လော သို့မဟုတ် ကိစ္စ ရှိ၍လော မည်သူမျှ မသိနိုင်ပေ။
အနွယ်တော်သည် ခြေလှမ်းများက လှမ်းပါများလာသောအခါ အရှိန်အဟုန် တစ်ခု ပါလာသည်ကို သတိထားမိလာသည်။ ထိုသည်မှာ သူ မှန်ကန်ကြောင်း ပြသနေသည့် သက်သေပင် ဖြစ်သည်။ အရှိန်အဟုန် ရလာခြင်း ဆိုသည်မှာ သိဒ္ဓိဝင်တော့မည် လက္ခဏာပင် ဖြစ်သည်။
အနွယ်တော် စိတ်လှုပ်ရှားသွားကာ ပို၍ ဂရုတစိုက် လှုပ်ရှားတော့သည်။ မကြာမီ သူ့အာရုံမှာ ခြေလှမ်းပေါ်တွင် လုံးဝ နစ်မြုပ်သွားတော့သည်။
အချိန်များ ဆက်တိုက် ကုန်ဆုံးသွားသည်။ ညမိုးချုပ် အချိန်တွင် စောရဝိဇ္ဇာ ပြန်ရောက်လာသည်။ သူ ပြန်ရောက်လာသည်တွင် သားဖြစ်သူက လမ်းဆက်လျှောက်နေသည်ကို မြင်လိုက်ရာ အနည်းငယ် စိတ်ဆိုးသွားလေသည်။ ထိုသည်က အဓိပ္ပါယ် မရှိသည့် အိပ်မက်သက်သက်သာ ဖြစ်ကြောင်း သူ မည်သို့ ရှင်းပြရမည်နည်း။
စောရဝိဇ္ဇာ သားဖြစ်သူအား တားဆီးရန် အနားရောင်လာသည်တွင် ရုတ်တရက် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားလေသည်။ ထိုသည်က မည်သို့ ဖြစ်နိုင်မည်နည်း။ စောရဝိဇ္ဇာသည် မယုံနိုင်စရာ ကောင်းသော အရာတစ်ခုအား မြင်လိုက်ရသဖြင့် မျက်လုံးပြူးကာ ပါးစပ် အဟောင်းသား ဖြစ်သွားတော့သည်။
"ဝိဇ္ဇာသခင်... ဒါ ဝိဇ္ဇာသခင်ပဲ။ ငါ့သား ငါ့သားက..." စောရဝိဇ္ဇာမှာ စကားများပင် ဖြောင့်အောင် မပြောနိုင်တော့ပေ။
စောရဝိဇ္ဇာ အံ့ဩ တုန်လှုပ်နေချိန်တွင် အနွယ်တော်သည် အာရုံထဲမှ နိုးထလာသည်။ ထိုခြေလှမ်းများကို သူ အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။ ယခုအချိန်တွင် ခြေလှမ်းများ စတင် သိဒ္ဓိဝင်လာပြီ ဖြစ်သည်။ သူ လမ်းကြောင်းပေါ်သို့ ရောက်သွားပြီဖြစ်ရာ ရှေ့ဆက်လျှောက်ဖို့သာ လိုတော့သည်။ အနွယ်တော် တစ်ချက် ပြုံးကာ နေရာတွင် ထိုင်ချလိုက်သည်။
"သား" စောရဝိဇ္ဇာက လှမ်းခေါ်လိုက်သည်။
"အဖေ" အနွယ်တော် ပြန်ထူးကာ ဖခင်အား ပြုံးပြလိုက်သည်။
"အဖေ့မျက်နှာက ဘာဖြစ်လို့ ထူးထူးဆန်းဆန်း ဖြစ်နေတာလဲ။ အပြင်မှာ တစ်ခုခု တွေ့ခဲ့လို့လား" အနွယ်တော် မေးလိုက်သည်။ ခုတလော ဖခင်က ထိုသို့သော ပုံစံများ ခဏခဏ ဖြစ်နေသည်အား သူ နားမလည်တော့ပေ။
"အပြင်မှာ ဘာမှ မတွေ့ဘူး။ ကျောင်းပြန်ရောက်မှ တွေ့လို့ အံ့ဩနေတာဟေး။ သား ဘယ်လို ဖြစ်ပြီး ဝိဇ္ဇာသခင် ဖြစ်သွားရတာလဲ။ ဒီခြေလှမ်းကရော ဘယ်လိုလုပ်ပြီး သိဒ္ဓိဝင်သွားတာလဲ။ ဒါက သား ပြောတဲ့ ဟိုအိပ်မက်ထဲက လူရဲ့ ခြေလှမ်းလား" စောရဝိဇ္ဇာ မယုံကြည်နိုင်စွာ မေးလိုက်သည်။
"ဟုတ်တယ်။ ဒါ သား ပြောတဲ့လူ လှမ်းသွားတဲ့ ခြေလှမ်းပဲ။ ဒါနဲ့ သားက ဘာဖြစ်လို့ ဝိဇ္ဇာသခင် ဖြစ်ရမှာလဲ။ ဝိဇ္ဇာသခင်ဆိုတာ ပညာရပ်တစ်ခုကို ကိုယ်တိုင် ဖန်တီးပြီး သိဒ္ဓိတင်ရတာ မဟုတ်လား။ ဒီခြေလှမ်းက အိပ်မက်ထဲက လူကြီးရဲ့ ခြေလှမ်းပညာပဲ ဥစ္စာ" အနွယ်တော် မရှင်းသည့် အချက်အား မေးလိုက်သည်။
"ဒါတွေတော့ အဖေ မသိဘူး။ သား ဆီက ထွက်လာတဲ့ အလင်းကတော့ ဝိဇ္ဇာသခင် အလင်းပဲ။ ဒါတော့ သေချာတယ် အဖေ မမှားဘူး။ ဒါက ဒီခြေလှမ်းကို သားဖန်တီးလိုက်တယ်ဆိုတာ ပြနေတဲ့ သက်သေပဲ။ အိပ်မက်ဆိုတာ အိပ်မက်ပါပဲ။ အိပ်မက်ထဲက အရာတွေက အပြင်မှာ လက်တွေ့ အသုံးချနိုင်ဖို့ဆိုတာ မဖြစ်ဘူး မဟုတ်လား" စောရဝိဇ္ဇာက ရှင်းပြလိုက်သည်။
အနွယ်တော် ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့အိပ်မက်က အပြင်တွင် တကယ် ဖြစ်ဖူးသည့် မြင်ကွင်းဖြစ်ကြောင်း သူခံစားနေရသည်။ ထိုအကြောင်းများကို ဖခင်အား ပြောပြလျှင် ဖခင် မယုံကြည်မည် ဖြစ်ကြောင်း သူ မပြောပြတော့ပေ။
"ဒါနဲ့ ဒီခြေလှမ်းကို ဘာနာမည် ပေးထားလဲ" စောရဝိဇ္ဇာက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"ဒီခြေလှမ်းရဲ့ အဓိက ရည်ရွယ်ချက်က ရန်သူကို နင်းခြေဖို့ပဲ။ ဒါကြောင့် သား ဒီခြေလှမ်းကို နင်းခြေခြင်း ခြေလှမ်းလို့ နာမည် ပေးလိုက်မယ်" အနွယ်တော်က တည်ကြည်စွာ ပြောလိုက်တော့သည်။
***