နောက်တစ်နေ့တွင် အနွယ်တော်သည် ပုံမှန်အတိုင်း စာသင်ကျောင်းဆောင်သို့ သွားသည်။ စာသင်ချိန် ပြီးသောအခါ အနွယ်တော်သည် ရသေ့ငယ်အတွက် ဇာတ်ကြီးဆယ်ဘွဲ့ ကျမ်းစာအား သွားယူကာ ထိုရသေ့ငယ် နေသည့် ကျောင်းဆောင်သို့ သွားပေးလိုက်သည်။
ကိစ္စများ အားလုံးပြီးသည်နှင့် အနွယ်တော် ဂိုဏ်းနှင့် အတန်ငယ် ဝေးကွာသော တောစပ်တစ်နေရာသို့ သစ်သားဓားလေးကို ကိုင်၍ လျှောက်လာခဲ့သည်။
ထိုနေရာလေးက လူသူကင်းရှင်းပြီး တိတ်ဆိတ်လှသဖြင့် သိုင်းလေ့ကျင့်ဖို့ အလွန် သင့်တော်ပေသည်။
အနွယ်တော်သည် နှောင်ကြိုးမဲ့ဓားသိုင်းကို စတင် လေ့ကျင့်လိုက်သည်။ ဓားချက် ဝေ့ယမ်းလိုက်သည်နှင့် အဖြူရောင် အလင်းတန်းမှာ တောက်ပစွာ ဖြာထွက်လာလျက် ရှေ့သို့ ပြေးထွက်သွားသည်။ ဒုတိယဓားချက်မှာလည်း ရှေ့သို့သာ ဦးတည်သဖြင့် အလင်းတန်းမှာ ရှေ့က အလင်းတန်းနောက် လိုက်ပါသွားသည်။ ထိုသို့ဖြင့် အလင်းတန်းမှာ ရေကန်ထဲ လှိုင်းထနေသကဲ့သို့ ရှေ့သို့ တရိပ်ရိပ် ပြေးထွက်နေတော့သည်။
အနွယ်တော်သည် သိုင်းကွက်မှာ လေ့ကျင့်လေ ပိုတိုးတက်လေ ဖြစ်နေသဖြင့် မနားတမ်း ဆက်တိုက် လေ့ကျင့်နေသည်။ နှစ်နာရီခန့် အကြာတွင် အနွယ်တော် ခဏ ရပ်နားကာ ချွေးများ သုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှာ သာမန်လူများထက် များစွာ သန်မာသော်လည်း အကန့်အသတ်တော့ ရှိသည်။
အကယ်၍ သူသာ မာကျောခြင်း အဆင့်သို့ ရောက်နေလျှင် ထိုထက်ပို၍ သန်မာကာ လေ့ကျင့်ချိန်လည်း ပိုလာမည် ဖြစ်သည်။ အနွယ်တော် ထိုအဆင့်ကို လျင်မြန်စွာ ရောက်လိုသော်လည်း တစ်ဆင့်ချင်း သွားသည်က အကောင်းဆုံးပင် ဖြစ်ကြောင်း သိလေရာ သူ အလောတကြီး မဖြစ်မိပေ။
နာရီဝက်ခန့် အနားယူပြီးနောက် အနွယ်တော်သည် တဖန် ပြန်ထကာ နင်းခြေခြင်း ခြေလှမ်းကို လေ့ကျင့်လိုက်သည်။ မနေ့ညက သူ လမ်းစဉ်ပေါ် ရောက်နေပြီ ဖြစ်၍ ယနေ့တွင် အသားကျအောင် လေ့ကျင့်ရမည် ဖြစ်သည်။
အနွယ်တော် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ မနေ့ညက အလင်းရောင်မှာ ခပ်မှိန်မှိန်သာ ထွက်လာသဖြင့် သိပ်မသိသာပေ။ ယခုတွင် ခရမ်းရောင် အလင်းမှာ အနည်းငယ် ပြတ်သားလာပြီ ဖြစ်သည်။ ခရမ်းရောင် အလင်းမှာ ဝိဇ္ဇာသခင်ကို ကိုယ်စားပြုပေသည်။ ဤသည်မှာ ပညာရပ်ကို ကိုယ်တိုင် ဖန်တီးသည့် မူပိုင်ရှင်များသာ ရရှိသည့် အလင်းတန်းပင် ဖြစ်သည်။
စောရဝိဇ္ဇာက အနွယ်တော် ဝိဇ္ဇာသခင် ဖြစ်ကြောင်း သေချာ ပြောနိုင်သည်မှာ ထိုခရမ်းရောင် အလင်းတန်းကြောင်း ဖြစ်သည်။ အလင်းရောင်မှာ မပြောပလောက်သည့်တိုင် မဟာပုဂ္ဂိုလ်နီးနီးရှိသော လူတစ်ယောက်၏ အမြင်အား မဖုံးကွယ်နိုင်ပေ။
အနွယ်တော် အခေါက်ပေါင်း များစွာ လေ့ကျင့်လာသည်နှင့်အမျှ ခရမ်းရောင် အလင်းမှာ တဖြည်းဖြည်း ပြောင်လက်လာသည်။ နှစ်နာရီခန့် အကြာတွင် ခရမ်းရောင် အလင်းမှာ တည်ငြိမ်သွားပြီ ဖြစ်သည်။
အနွယ်တော်သည်လည်း မောပန်းလာသဖြင့် ခဏ ရပ်နားလိုက်ရသည်။ ထို့နောက် မြစ်ငယ်ဘက် ထွက်လာခဲ့သည်။ မြစ်ကမ်းဘေးသို့ ရောက်လာသည်တွင် ရေဆန်ဘက်တွင် ရေအား လက်ခုပ်ဖြင့် ခပ်ကာ သောက်လိုက်သည်။ ထို့နောက် ရေစုန်သို့ သွားကာ အဝတ်အစားများ ချွတ်၍ ရေထဲ ခုန်ချလိုက်သည်။
မောပန်းနေချိန်တွင် ရေအေးအေးလေး သောက်ပြီး ရေချိုးလိုက်ရသည်မှာ လွန်စွာမှ အမောပြေလေသည်။ အနွယ်တော် ရေထဲတွင် ၁၅ မိနစ်ခန့် စိမ်ကာ ကမ်းပေါ်တက်လာပြီး အဝတ်အစားများ ပြန်ဝတ်လိုက်သည်။ ကမ်းပေါ် ရောက်လာသည်တွင် သူ အနားမယူတော့ဘဲ နင်းခြေခြင်း ခြေလှမ်းအား ပြန်လေ့ကျင့်လိုက်သည်။
ယခုတစ်ခေါက်တွင် သူ တကယ့် တိုက်ပွဲကဲ့သို့ အရှိန်အဟုန် ထည့်ကာ လေ့ကျင့်လိုက်သည်။ အနွယ် ခြေတစ်လှမ်း လှမ်းလိုက်သည်တွင် ခြေထောက်အောက်မှ မြေပြင်မှာ အက်ကွဲသွားသည်။ ဒုတိယ ခြေလှမ်းတွင် မြေပြင်မှာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားသည်။ တတိယ ခြေလှမ်းတွင် မြေပြင်မှာ အောက်သို့ ကျွံကျသွားလေသည်။ စတုတ္ထ ခြေလှမ်း အရောက်တွင် အနွယ်တော် ရှေ့ဆက်ဖို့ အင်အား မရှိတော့ပေ။ တတိယ ခြေလှမ်းက သူ့အတွက် အကန့်အသတ် ဖြစ်သည်။
အနွယ်တော် ပင်ပန်းသွားကာ ခြေလှမ်းအား ရပ်လိုက်ရသည်။ သူ နေရာတွင် ထိုင်ချကာ ဟောဟဲစိုက်နေတော့သည်။ အရှိန်အဟုန် ထည့်ရသည်က လွန်စွာ ပင်ပန်းလေသည်။ သိဒ္ဓိစွမ်းအားကိုသာ သုံးမည်ဆိုပါက သူ ပထမ ခြေလှမ်းကိုသာ လှမ်းနိုင်မည် ဖြစ်သည်။ အနွယ်တော် ထိုနေရာတွင် နာရီဝက်ခန့် အမောဖြေပြီးနောက် ကျောင်းဆောင်သို့ ပြန်လာခဲ့တော့သည်။
အနွယ်တော် ကျောင်းဆောင်သို့ ပြန်ရောက်လာသည်တွင် ဖခင်ဖြစ်သူက ကုလားထိုင်တွင် ထိုင်ကာ ဆေးတံဖွာနေကြောင်း မြင်လိုက်ရသည်။
"အဖေ" အနွယ်တော် ဖခင်အား လှမ်းခေါ်ကာ နှုတ်ဆက်လိုက်သည်။
"သား ဘယ်တွေ သွားနေတာလဲ။ အဖေ သားကို စောင့်နေတာ ကြာနေပြီ" စောရဝိဇ္ဇာက ဆေးတံကို ချကာ မေးသည်။
"သား ဂိုဏ်းပြင်နားမှာ လေ့ကျင့်နေတာပါ" အနွယ်တော် ပြောကာ ဘေးက ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။
"ကောင်းတယ်၊ ပါရမီ ဘယ်လောက်ပဲ ရှိရှိ လေ့ကျင့်ဖို့ ပျင်းနေရင်လည်း အလကားပဲလေ။ မှတ်ထားကွ သားရ။ ချွေးထွက်များမှ သွေးထွက်နည်းတာ" စောရဝိဇ္ဇာက သဘောကျစွာ ပြောသည်။
"အဲဒါ ဘာကို ဆိုလိုတာလဲ အဖေ" အနွယ်တော် မရှင်းသဖြင့် ပြန်မေးလိုက်သည်။
"လေ့ကျင့်တာများရင် ချွေးထွက်တာ များမယ်လေ။ ဒါဆို တကယ့် တိုက်ပွဲမှာ ကိုယ်က ကျွမ်းကျင်နေတာကြောင့် ဒဏ်ရာရမယ့် နေရာမှာ မရတော့ဘူးပေါ့။ ဒါကို ဆိုလိုတာပါ" စောရဝိဇ္ဇာက ရေနွေးကြမ်း တစ်ငုံသောက်ကာ ရှင်းပြလိုက်သည်။
"ဪ... သား မှတ်ထားပါ့မယ် အဖေ" အနွယ်တော် ထိုစကားအား သေချာ မှတ်ထားလိုက်သည်။
"ဒါနဲ့ အဖေတို့ ထွက်သွားတော့မယ့် အကြောင်း အဖေ ဘရသေ့ကို ပြောပြီးပြီ။ သူက သဘောတူလိုက်တယ်" စောရဝိဇ္ဇာက ပြောသည်။
"ဒါက ဘရသေ့ သားအတွက် ပေးလိုက်တဲ့ လက်ဆောင်ပဲ" စောရဝိဇ္ဇာက ဣစ္ဆာသယအိတ်ထဲမှ လေးထောင်ပုံ သတ္ထုအိမ်လေး တစ်ခုအား ထုတ်ကာ အနွယ်တော်ကို ပေးလိုက်သည်။
"ဒါက ဘာလေးလဲ" အနွယ်တော် ထိုထူးဆန်းသော သံအိမ်လေးကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားသည်။
"ဒါက ငရဲလှောင်အိမ်ပဲ။ ရသေ့တွေ အပြင်သွားရင် ဆောင်သွားတတ်တဲ့ အရာပေါ့။ တအား ဆိုးတဲ့ မိစ္ဆာတွေ၊ ကိုယ့်ကို ရန်မူလာတဲ့ လူတွေကို သူတို့က ဒီထဲ ထည့်ပိတ်ထားတတ်ကြတယ်။ သူတို့က လူသတ်လို့ မရဘူးလေ" စောရဝိဇ္ဇာက ရှင်းပြလိုက်သည်။
"ဒါကို ဦးရသေ့တို့ ပြောနေတာ ကြားတော့ ကြားဖူးတယ်။ အခုမှပဲ မြင်ဖူးတော့တယ်။ သား သဘောကျတယ် အဖေ" အနွယ်တော် ငရဲလှောင်အိမ်ကို ခါးတွင် ချိတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ကာ သဘောကျနေတော့သည်။
"ဒါကတော့ ဣစ္ဆာသယအိတ်လို့ ခေါ်တယ်။ ဒီထဲမှာ သားရဲ့ ပစ္စည်းတွေ အကုန်လုံး ထည့်သိမ်းထားလို့ ရတယ်။ လမ်းစဉ် လျှောက်လှမ်းမယ့် သူတွေအတွက် မရှိမဖြစ် ပစ္စည်း တစ်ခုပဲပေါ့။ ရော့ ဒါ သားအတွက် အဖေ အတွင်းစည်းဂိုဏ်းမှာ သွားဝယ်ပေးထားတာ" စောရဝိဇ္ဇာက ဣစ္ဆာသယအိတ်လေးအား အနွယ်တော်ကို ပေးလိုက်သည်။
အနွယ်တော်သည် အိတ်ချုံ့လေးကို ကိုင်ကာ သေချာ စူးစမ်းကြည့်လိုက်သည်။ ထိုအရာကို ဘရသေ့ဆီတွင် သူ မြင်ဖူးသည်။ ထိုအရာကို ပိုင်ဆိုင်ဖို့ သူ အမျိုးမျိုး စိတ်ကူးယဉ်ကြည့်ဖူးသည်။ ယခုတော့ သူ အပိုင် ရလာပြီ ဖြစ်သည်။ အနွယ်တော် ဝမ်းသာစွာဖြင့် အိတ်ချုံ့လေးအား လည်ပင်းတွင် ဆွဲထားလိုက်သည်။
"လကုန်ဖို့က သိပ်မကျန်တော့ဘူး သား။ သား အပြင်လောကကို သွားဖို့ အသင့်ဖြစ်ပြီလား။ အပြင်လောကဆိုတာ ဒီနေရာလို အေးချမ်းနေတာ မဟုတ်ဘူး။ သားမှာ အခက်အခဲတွေကို ရင်ဆိုင်ဖို့ သတ္တိရှိပြီလား" စောရဝိဇ္ဇာက လေးနက်စွာ မေးသည်။
"သား အသင့်ဖြစ်ပါပြီ အဖေ။ ရှမ်းဗဲလား ကုန်းမြေကြီးဆီ သွားဖို့က သား အိပ်မက်ပါ။ အန္တရာယ်တွေကိုတော့ သား မကြောက်ပါဘူး အဖေ။ စိတ်ချပါ သား အဖေ့သား ပီသစေရပါမယ်" အနွယ်တော် လေးနက်စွာ ကတိပေးလိုက်တော့သည်။
"ဒါမှ လူဇော့်သားကွ။ ငါ့သားက သတ္တိနည်းနေရင် ရာဇဝင်ရိုင်းသွားမှာပေါ့ကွာ။ ဟားဟားဟား..." စောရဝိဇ္ဇာ သဘောကျသွားကာ တဟားဟား အော်ရယ်တော့သည်။
***